Saturday, September 26, 2009

G-talk ပေါ်မှ ရင်ဖွင့်သံများ (၅)


အွန်လိုင်းပေါ်ရှိ G-talk အဖွဲ့သားတွေရဲ့ ရင်ဖွင့်သံမဟုတ်တဲ့ ရင်ပွင့်သံတွေကတော့ မရပ်မစဲ တသဲသဲပဲ ဆရာတို့ရေ့။ ရေးရတာ လက်တောင် ညောင်းလာပြီ။ ဒါပေမဲ့ တစ်ဝက်သာလောက်လောက်တော့ ကုန်အောင်ရေးမယ်လို့ မှန်းထားတယ်ဗျာ။ အများကြီး ကျန်သေးတယ်။ အထူးသဖြင့် ကျနော့်နဲ့ တိုက်ရိုက်သိတဲ့ ညီလေး/ညီမလေးတွေရဲ့ ခံစားချက်ကို ရေးတာပါ။ မသိတဲ့လူရဲ့ ခံစားချက်တွေဆို မကျေနပ်ရင် လာအော်နေမှာ စိုးရသေးတယ်။ ညီမလေးတွေရဲ့ရင်ပွင့်သံတွေကိုတောင်မှ ရေးပြီးရင် ဒီလိုရေးထားတဲ့ အကြောင်း ပြရသေးတယ်။ သူတို့က ကျေနပ်တယ်ဆိုမှ ကျနော်က ဘလော့ပေါ်တင်တာပါဗျာ့။ သူတို့က ဆယ်ကျော်သက်လေးတွေမို့လား။ ပွင့်လာတဲ့ အသံတွေကလဲ သမုဒယနဲ့ အနုအရွလေးတွေက ခပ်များများ။ အခုလဲကြည့်။

သူလေးကတော့ သူ့ကိုယ်သူမိုးစက်ပွင့်လေးလို့ခေါ်တဲ့ ပိပိလေးပါ။ အသက်က ၁၈-နှစ်။ တက္ကသိုလ်တက်နေပါပြီ။ ဒီတော့လဲ ပင်လယ်ထဲကူးတော့ ငါးကြီးဖြစ် ဆိုသလို ပုဇွန်ဆိတ်ပေမဲ့ ပင်လယ်ထဲရောက်တော့ ငါးကြီးစိတ်ဝင်တာပေါ့။ ရည်းစားလေးနဲ့ တတွဲတွဲ၊ ဟိုနားဒီနား အမြဲပဲ။ တစ်ခါတလေ အော်ရသေးတယ်။ ဟေ့ ပိလေး စာလဲ ကျက်ဦး။ ဘဲဘဲနဲ့ချည်း လျှောက်လည်မနေနဲ့-လို့။ အဲလိုပြောတိုင်း “စာလဲ ကျက်ပါတယ် ကိုကိုရ၊ စာအတွက်ကတော့ ညီမလေးကို စိတ်ချပါ” လို့ အော်ပြန်သဗျား။ စကားပြောရင် ဘယ်တော့မှ စဉ်းစားမနေဘူး။ ပြန်ပြောစရာစကားလဲ အမြဲရှိနေတဲ့ ကောင်မလေးပေါ့။ အမြဲရှိဆို သူက ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမစွဲထားသေးတာကိုးဗျာ့။ စာတော်ပြီး စကားများတဲ့ ညီမလေးလဲ ပင်လယ်ထဲကူးတဲ့ ပုဇွန်ဆိတ်ကလေးတစ်ကောင်ဖြစ်နေပါပြီ။ ဒါကြောင့် သူ့ G-talkမှာ ဒီလို ရင်ဖွင့်ထားလေရဲ့။
“ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေကို ရိုးသားမှုနဲ့ အနားကွပ်ထားတယ်”

လှလိုက်တဲ့ စကားလေးဗျာ။ စာရေးနေတဲ့ ကျနော်တောင် ဒီလို တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီစကားလုံးတွေမှန်သမျှကို နားလည်ပေမဲ့ အဲဒီစကားလုံးတွေကို စုပြီး ဒီလိုမျိုးဝါကျလှလှလေးရေးတတ်အောင် ကျနော့်ရင်ထဲမှာ ခံစားချက်မရှိခဲ့လေရော့ထင့်။ သူပြောမှပဲ စဉ်းစားမိတယ်။ ဖြူစင်သန့်ရှင်းတဲ့ ဆိုတဲ့ အထူးပြုပုဒ်၊ အချစ်ဆိုတဲ့ နာမ်ပုဒ်၊ ရိုးသားမှုဆိုတဲ့ နာမ်ပုဒ်၊ ပြီးတော့ အနားကွပ်ခြင်းကိရိယာ။ ဒါတွေကို ပေါင်းစပ်လိုက်တော့ အချစ်ကို အလှပဆုံးပုံဖေါ်ပေးတဲ့ ၀ါကျလေး တစ်ကြောင်းဖြစ်လာတော့တာပေါ့။ ဒီလိုဖြစ်လာဖို့အတွက် ရင်ထဲမှာ တကယ်အချစ်ရှိတည်ရှိပြီး ရိုးသားမှုကိုလဲ ပိုင်ဆိုင်ထားမှ ဖြစ်မယ်လို့လဲ တွေးမိသေးရဲ့။ ညီမလေး ပိပိကတော့ အမြဲပြောတယ်။ “ညီမလေးကတော့ သူတစ်ယောက်တည်းကိုပဲ အမြဲချစ်မယ်”တဲ့။ သူတို့နှစ်ယောက် ဘယ်လောက်ချစ်ကြလဲတော့ မသိဘူး။ အီးမေးလ် လိပ်စာကိုတောင် နှစ်ယောက်ပေါင်းမှ တစ်ခုတည်း လုပ်ထားတယ်ဗျား။ ဆယ်ကျော်သက် အချစ်ဆိုတာ ဒါမျိုးပြောတာနဲ့တူပါရဲ့နော်။

နောက်တစ်ယောက်ကတော့ ပိပိလေးအိမ်ကထွက်သွားတိုင်း လိုက်လိုက်ရှာတတ်တဲ့ ပိလေးနဲ့ ဘယ်လိုပုံစံနဲ့ အမျိုးတော်မှန်းမသိတဲ့ အမတစ်ယောက်။ သူက စု။ အပြည့်အစုံပြောရရင်တော့ စုဝင်း။ အွန်လိုင်းတက်လာတိုင်း သူမေးတာက ပိပိလာသွားပြီလား-တဲ့။ သူ့ညီမလေးကို တော်တော်ချစ်ပုံရတယ်။ အမဆိုပေမဲ့ သူ့အသက်ကလဲ အချစ်ကို ပုံပြင်လို ခုံမင်နေရတဲ့ အရွယ်ထဲမှာပဲ ရှိသေးတော့ ရေးလိုက်တဲ့စာမှန်သမျှ ဘေးကလူကြားရင် သနားချင်စိတ်ပေါက်လောက်အောင် ရေးတာ။ အခုလဲ ရေးထားတာ ကြည့်ဦး။
“မျှော်လေတိုင်း လွမ်းလွန်းလို့ လက်ညှိုးညွှန်ရာ မင်းဖြစ်ပါစေနော်” တဲ့။

မနေ့ကတွေ့လို့ လှမ်းနောက်လိုက်ရသေးတယ်။ စုလေးရေ့---မင်းလက်ညှိုးကြီး ငါ့ဘက်တော့ ယောင်လို့များ မထိုးလိုက်နဲ့နော်”လို့။ တော်ကြာ သူ့လက်ညှိုးကြောင့် ကျနော် မင်းဖြစ်သွားရင် နအဖနဲ့ စစ်ဖြစ်နေရဦးမယ်။ အဲလေ မှားလို့၊ သူ့ကောင်လေးဖြစ်သွားရင်---၊ အဟီး။ မစဉ်းစားရဲဘူး။ ကြက်သီးထတယ်။ ပုဂံရာဇ၀င်ဖတ်ရင် ကုလားမင်းသား ပဋိက္ကယားဝင်စားတဲ့ အလောင်းစည်သူမင်းကြီးဟာ ဓာတ်လုံးရှင်ရဲ့တန်းခိုးသတ္တိကြောင့် လက်ညှိုးညွှန်ရာ ရေဖြစ်ပြီး သူ့ဖေါင်တော်ကို သွားချင်တဲ့ဆီ သွားစေနိုင်တယ်လို့ ကြားဖူးတယ်။ အခုတော့ စုလေးက သူ့ရင်ထဲက အချစ်ဆိုတဲ့ ဓာတ်လုံးရှင်ကြောင့်လားတော့ မသိဘူး။ လက်ညှိုးညွှန်ရာ မင်းဖြစ်ပါစေ-တဲ့။ တကယ်လို့များ မင်းဖြစ်ချင်တဲ့ လူရှိရင်တော့ သူ့လက်ညှိုးဦးလှည့်ရာမှာ သွားနေပေတော့ဗျို့။

ကျနော့် G-talk ထဲမှာ နောက်ထပ် စု-တစ်ယောက် ကျန်သေးတယ်။ အဲဒီစုကိုတော့ စုငယ်-လို့ပဲ ကျနော်ခေါ်လေ့ရှိတယ်။ ချစ်သူပစ်သွားလို့ မပဍာမြေလူးကိန်းဆိုက်နေရှာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ကျနော်လဲ တွေ့တိုင်းမေးဖြစ်တယ်။ စုလေး---အဆင်ပြေလား? လို့။ အဖြေကတော့ စိတ်မချမ်းသာစရာပဲ များတယ်။ ပြေပါဘူး ကိုကြီးရာ။ သူက နောက်တစ်ယောက်နဲ့ တွဲနေပြီ-တဲ့။ ဖြစ်ရလေ စုရယ်။ ဒါပေမဲ့ သူ့စိတ်တော့ မလျှော့သေးဘူး။ မျှော်လင့်နေဆဲပါပဲ။ အသိစိတ်က မုန်းဖို့ မေ့ဖို့ ကျိုးစားနေရင်းနဲ့တောင်မှ မသိစိတ်ကတော “အညာပြန်ချင်တယ်” ဖြစ်နေတုန်း။ ဒါပေမဲ့ သူ့ခမျှာ ကျိုးစား ပန်းစား သက်သာအောင် နေရှာပါတယ်။ သက်သာလို သက်သာညား စာတိုပေစလေးတွေလဲ ဖတ်ဖြစ်ပုံရရဲ့။ အထူးသဖြင့် အပူငြိမ်းစေတဲ့ ဘုရားအဆုံးအမတွေကို ဖတ်ဖြစ်တယ်ထင်ပါ့။ သူ့ G-talkမှာ ရေးထားတာက---
“တဏှာသည် မေတ္တာအယောင်ဆောင်ကာ သတ္တ၀ါတို့ကို လှည့်စားတတ်၏” တဲ့။

မှန်လိုက်တဲ့ စကားဗျာ။ မှန်ဆို ရှေးဋီကာဆရာကြီးတွေရဲ့ အဆိုအမိန့်တွေကိုးဗျာ့။ စုလေးကို မေးကြည့်ရတယ်။ စုလေး--အဲဒီစာ မင်း ဘယ်ကရတာလဲ လို့။ သူ့အဖြေက--သူများဆီက ရထားတာ-တဲ့။ သူ့စိတ်သူ ဆုံးမချင်လို့ တင်ထားတာနဲ့ တူပါရဲ့။ ကျနော်က ပြောရတယ်။ အဲဒီစကားက ဘဘဦးသုခရေးတဲ့ ၀ဉ္စနာဒီပနီ ဆိုတဲ့ စာအုပ်ငယ်လေးထဲ ပါတယ်-လို့။ ကျနော်လဲအဲဒီစာအုပ် ဖတ်ဖူးတာကြာပြီ။ ဘဘဦးသုခက ပါဠိစာပေဖြစ်တဲ့ အဋ္ဌကထာ၊ ဋီကာကျမ်းကြီးတွေထဲက ကောင်းနိုးရာရာတွေ စုပြီး ၀ဉ္စနာဒီပနီ ဆိုတဲ့ နာမည်နဲ့ စာအုပ်သေးသေးတစ်အုပ်ရေးထားတာ ရှိတယ်။ ဒါပေမဲ့ မူရင်း ပါဠိစာအုပ်တွေကတော့ သာမန်စာဖတ်သူတွေနဲ့ ဝေးလွန်းမယ် ထင်ပါရဲ့။ လိုက်ရှာကြည့်တော့ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ ပထမအုပ်ထဲမှာပါတာ သွားတွေ့ရတယ်။ မြန်မာပြည်မှာတောင် ၀ိသုဒ္ဓိမဂ္ဂဋ္ဌကထာ (ပ-ဒု) လောက်ပဲရှိတာ။ မဟာဋီကာ (ပ-ဒု) ကတော့ တော်တော့လူတွေတောင် မတွေ့ဖူးဘူး။ စာအုပ်ရှားတာပြောပါတယ်။ အဲဒီဋီကာထဲမှာ ဋီကာဆရာကြီးက ဒီလိုရေးထားလေရဲ့။
မေတ္တာမုခေန ဟိ ရာဂေါ ၀ဉ္စေတိ၊ ကရုဏာမုခေန သောကော ၀ဉ္စေတိ-ရာဂသည် မေတ္တာအယောင်ဆောင်၍ လှည့်ပတ်တတ်၏၊ သောကသည် သနားမှုအယောင်ဆောင်၍ လှည့်ပတ်တတ်၏ တဲ့။ ကျနော်လဲ စုလေးကို အားပေးတဲ့ အနေနဲ့ ဘဘဦးသုခရဲ့ စာအုပ်ကို ရှာဖတ်ပါ-လို့ ညွှန်းလိုက်ရသေးတယ်။ စိတ်သက်သာယာ ရအောင် ရှာဖတ်မယ်-ဆိုပဲသူက။ တစ်ခါတလေ စိတ်ဓာတ်တွေ ထွေပြားသမို့ ကုစားရခက်နေတဲ့ အခါမျိုးတွေနဲ့လဲ ကြုံရတတ်ပါတယ်။ အဲလို အခါမျိုးမှာ ကိုယ့်နားမှာရှိရမည့် အကောင်းဆုံးမိတ်ဆွေဆိုတာ ကိုယ့်စိတ်ကို သက်သာရာ ရစေတဲ့ စာလာပေလာစကားတွေပါပဲ။ စုလေး တစ်ယောက် စိတ်သက်သာရာ ရပါစေကြောင်း ကျနော်ဆုတောင်းပေးလိုက်ပါတယ်။

ငါးခုမြောက်ဖြစ်တဲ့ ဒီပို့စ်ကိုတော့ ပိပိ၊ စုဝင်းနဲ့ စုငယ်တို့ သုံးယောက်ရဲ့ ရင်ပေါက်သံလေးတွေနဲ့ အဆုံးသတ်လိုက်ပါပြီ။ မပျင်းရင် အွန်းလိုင်းပေါ်က ရင်ပွင့်သံတွေကို ဆက်လက်ကြားရဖို့ ရှိပါသေးတယ်။ ရှုစားကြပါကုန်။

No comments: