Saturday, September 5, 2009

အဲဒင်ဘရာတောလား (၄)

တောင်စဉ်တောင်တန်း၊ ကုန်းမြင့်နန်းနှင့်၊
ချိုက်ဝှမ်းနိပ်ကျ၊ စမ်းချောင်းလှနှင့်၊
ဘာဝပျော်ကြူး၊ ငှက်အရူးတို့၊
အော်ထူးခေါ်သံ၊ ချစ်တေးညံလျှက်၊
တောယံပတ်ကူး၊ သံစုံမြူးသည်၊
ဘီးလူးရယ်သို့၊ ဟဲဟဲတည်း။



တိုင်မြစ်ရဲတိုက်မှ စကော့တောင်တန်းများသို့

“တိုင်မြစ်ပေါ်က ရဲတိုက်ကြီး” ခေါ် နယူကာဆယ်လ်မြို့ရှိ ဂိတ်ရှက်ထောင်ပြည့်တံတားလေးပေါ်မှာ ရှေ့နောက်တောင်မြောက် ဓာတ်ပုံတွေ စုံစေ့အောင် တဖျတ်ဖျတ်ရိုက်ပြီးနောက် အဲဒင်ဘရာမြို့နန်းသို့ အရောက်လှမ်းဖို့ရာ ကျနော်တို့ခရီးသွားလေးဖေါ် ကားရပ်ထားရာ နေရာသို့ ပြန်လည်
လမ်းလျှောက်လာခဲ့ကြသည်။ ဂိတ်ရှက်ကြိုးတံတားလေးနှင့် ကျနော်တို့ကားရပ်ထားရာ နေရာတို့အကြားမှာ အဆောက်အဦး ထူးထူးဆန်းဆန်းကြီးတစ်ခုလဲ ရှိသေးသည်။ ဟိုတယ်ကြီးဖြစ်မည်ဟု ထင်မိသည်၊ ဆိုင်းဘုတ်ကို သေသေချာချာမဖတ်ဖြစ်ခဲ့။ ယင်းအဆောက်အဦးကြီးသည် ကမ္ဘာပေါ်ရှိ အရုပ်အဆိုးဆုံး အဆောက်အဦး (၁၀)ခုတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း ဘလော့ဂါ ကိုကိုမောင်က ပြောပြသည်။ အဆောက်အဦးကြီးမှာ တောင်ကုန်းမြင့်မြင့်ပေါ်တွင် ဘူးသီးခြောက်ကြီးတစ်လုံးကို လှဲထားသည့်နှယ် တည်ဆောက်ထားပြီး အဆောက်အဦးတစ်ခုလုံးကို အပြင်ဘက်က မှန်များဖြင့် ကပ်ထားသည်။

ယင်းအရုပ်ဆိုးဟိုတယ်ကြီးကို ကျော်လာသောအခါ တိုင်မြစ်ကို ဖြတ်ဆောက်ထားသော မိုးပျံတံတားကြီးတစ်ခုအောက်သို့ရောက်လာသည်။ တံတားကြီးမှာ ဟိုဘက်ဒီဘက်ကမ်းအရောက် ခုံးကြီးတစ်ခုတည်းဖြင့် တည်ဆောက်ထားသော်လဲ လွန်စွာကြီးမားလှသည်။ တံတားတစ်ခုလုံးကို အလွန်ကြီးမားသော သံချောင်း၊ သံပန်းကြီးများဖြင့် တည်ဆောက်ထားရာ တော်ရုံငလျှင်ဒဏ်လောက်ကို ကောင်းကောင်းခံနိုင်ရည်ရှိမည်ဟု ခပ်မှန်းရသည်။ ယင်းမြစ်ကျော်မိုးပျံသံတံတားကြီးအောက်မှ ကျနော်တို့ အတက်အဆင်းလုပ်ကြသည်။ ကျနော်တို့ရောက်သွားသောအခါ ဆောက်လုပ်ရေးအလုပ်သမားတစ်ချို့ တံတားအောက်တွင် တူးဆွ ပြင်ဆင်နေကြသည်ကိုလဲ တွေ့ခဲ့ရသည်။ ယင်းတံတားမှ ဟိုဘက်ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်သောအခါ တစ်မူးထူးခြားစွာ တည်ဆောက်ထားသော မိုးပျံတံတားကြီးတစ်ခုကိုလဲ တွေ့ရသေးသည်။ ကျနော်တို့ဖြတ်ကျော်ရမည့်တံတားကြီးတစ်ခုဖြစ်ကြောင်း နောက်မှ သိရသည်။

ကားရပ်ထားရာ နေရာသို့ရောက်သောအခါ ခေတ္တရပ်နားကြပြီး အရေးတကြီးကိစ္စတစ်ခုကို ဆောင်ရွက်ရန် စဉ်းစားကြရသည်။ ရှူရှူးလွှတ်ဖို့ နေရာရှာရခြင်းပင်တည်း။ ရှေ့ဆက်ရမည့်ခရီးမှာ ဝေးသည်။ လမ်းတွင်းရပ်နားနေလို့ မဖြစ်၊ အဲဒင်ဘရာသို့ ညနေလေးနာရီမထိုးခင်ရောက်မှ ဖြစ်မည်။ ယူကေတွင် ရာသီဥတုကလဲ ခန့်မှန်းရခက်သော အရာတစ်ခုတည်း။ ကံအားလျှော်စွာ ကျနော်တို့ကားလေးကို Car Parking ထောင့်စွန်းမှာ ရပ်ထားဖြစ်သည်။ အနားမှာ မည်သူမှမရှိ၊ ကားပါ့ခ်ကို ပတ်ပေါက်နေသော မြက်ချုံများသာရှိသည်။ ထို့ကြောင့် ရဲရဲဆုံးဖြတ်ကြသည်။ ဗမာလိုလုပ်ကြမည်ဟု။ ဘေးပတ်ဝန်းကျင်သို့ ဝေ့၀ိုက်ကြည့်လိုက်ကာ ပြဿနာကို ဖြေရှင်းလိုက်ကြသည်။ “Standing and Pissing” မတ်တန့်လွှတ်လိုက်ကြသည်။ အားပါးပါး၊ အောင့်ထားသမျှ၊ ပေါက်သွားမှ အတော်ဖြစ်တော့သကိုး။ စီစီတီဗွီနှင့် ဖမ်းရိုက်ထားပါက မြင်ရသူတို့ ပြုံးကြမှာ မြင်ယောင်မိသေးတော့၏။ ထို့နောက် ကားလေးကို မောင်းထွက်လာခဲ့ကြတော့သည်။ အဲဒင်ဘရာနန်းသို့ ဦးတည်လျှက်။

စန္ဒားလန်းမှ ထွက်လာပြီးကတည်းက ကားကို ဆီဖြည့်ခြင်း၊ လေချိန်ခြင်းများလဲ မလုပ်ရသေး။ ကားထဲမှာလဲ ဆီနည်းနေသည်။ လက်ရှိဆီဖြင့် အဲဒင်ဘရာသို့သွားပါက လမ်းမှာပင် ရပ်သွားမည်မှာ ကျိန်းသေ။ ထို့ကြောင့် မိုးပျံတံတားကြီးတစ်ခုကို ဖြတ်ကျော်ပြီးသောအခါ ဆီဆိုင်ကို ရှာကြရသည်။ ကားဆရာကိုနေလင်းက “ကိုယ့်လူတို့ တောင်မြောက်ဝဲယာ ကြည့်ရှုပြီး ဆီဆိုင်အမှတ်အသားများ ရှိလိုရှိငြားကြည့်ကြပါဦး”ဟု ခဏခဏပြောသည်။ နယူးကာဆယ်လ်မြို့ကမထွက်ခင် ပတ်မောင်းရင်း ဆီဆိုင်အမှတ်အသားများကို လိုက်ရှာကြသည်။ တစ်လမ်းဝင်/တစ်လမ်းထွက် မောင်းနှင်ပြီးနောက် တွေ့ပါပြီ။ ဆီဆိုင်သို့ဝင်ရောက်ကာ ဆီနှင့်လေကို ဖြည့်လိုက်ကြသည်။ ဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက် ထိုနေ့ထွက်မည့် ထီကိုလဲ လေးယောက်သား စုပေါင်းထိုးလိုက်ကြသေးသည်။ ဆယ်ပေါင်ဖိုး။ သို့သော် သို့သော်။ ခါတိုင်းလိုပင်ဖြစ်သည်။ မပေါက်။

နေ့လည် ၁၂-နာရီထိုးပြီးလေပြီ။ ကားလေးကို အဲဒင်ဘရာသွားရာလမ်းကြောင်းသို့ တင်လိုက်သည်။ ကားဆရာက သူ့ကားကို အရှိန်ပြင်းပြင်းနှင့် မောင်းနှင်နေသည်။ ကျနော်တို့ကလဲ အရှိန်ပြင်းပြင်းနှင့် အိပ်ချင်နေသည်။ နေ့လည်စာလဲ မစားကြရသေး။ ကားပေါ်မှာ ပါလာတဲ့ အစားအသောက်များကလဲ စားချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုမရှိ။ အဲဒင်ဘရာရောက်မှ စားကြမည်ဟု ဆုံးဖြတ်သည်။ ကျနော်တို့နည်းတူ အဲဒင်ဘရာသို့ ချီတက်နေသော ကားပေါင်းများစွာကိုလဲ လမ်းတန်းတစ်လျှောက်တွေ့ရသည်။ အင်္ဂလန်မှ စကော့တလန်ဘက်သို့သွားရာလမ်းကြောင်းသည် ကားနှစ်စီးရှောင်သာရုံသာရှိသည်။ နှစ်စီးပြိုင် မမောင်းနိုင်။ လမ်းကို ကျဉ်းကျဉ်းဖေါက်ထားသည်။ အသွားတစ်လမ်း၊ အပြန်တစ်လမ်း။ ဤမျှသာဖြစ်သည်။ ဟိုက်ဝေးလမ်းမဟု ခေါ်ရန်ပင် ခပ်ခက်ခက်။ သို့သော် လမ်းမကြီးမှာ အခြားယူကေလမ်းများနည်းတူ အဆင့်မီစွာ ဖေါက်လုပ်ထားသည်။ ချောမောပြေပြစ်၍ အဖုအထစ်မရှိ။ ကားကလေး တရိပ်ရိပ်ပြေးနေသည်။ ကျနော်လဲ တငြိမ့်ငြိမ့် အိပ်ချင်လာသည်။

မည်သို့ အိပ်ပျော်သွားမှန်းမသိ။ ကားဆရာအသံကြားသဖြင့် မျက်လုံးဖွင့်လိုက်သောအခါ တောင်ကုန်းကြီးတစ်ခုပေါ်မှ အောက်သို့ မောင်းဆင်းနေသည်ကို တွေ့ရသည်။ တောင်ကုန်းမှ မြင်ရသော မြင်ကွင်းသည် စာနှင့်ရေးပြ၍ မရနိုင်လောက်အောင် လှပလွန်းသည်ဟု ကျနော် ခံစားမိသည်။ ဟိုးအဝေးမှ တောင်စဉ်တောင်တန်းညို့ညို့ကြီးများ၊ အင်္ဂလန်မှာ တွေ့ရသောကွင်းပြင်ကြီးများထက် အဆပေါင်းများစွာ ကျယ်ဝန်းသော ဂျုံခင်းကြီးများ၊ ရာထောင်ချီရှိသော သိုးအုပ်ကြီးများနှင့် မှိုင်းပြပြ ထင်းရှူးတောကြီးများကို မျက်စိတစ်ဆုံးမြင်ရသည်။ ရှုခင်းအလှများကို ကြည့်ရင်း ကျနော်အိပ်ချင်စိတ်ပျောက်သွားသည်။ ကောင်းကင်သို့ ကြည့်လိုက်သောအခါ ရာသီဥတုမှာ လွန်စွာသာယာလျှက် တိမ်သားဖြူဖြူတို့အကြား ထိုးကျနေသော နေရောင်ချည်ကျဲကျဲကြောင့် မြင်ကွင်းမှန်သမျှသည် လက်ရာမြောက်ပန်းချီကားတစ်ချပ်ကို ခပ်လှမ်းလှမ်းမှ မြင်ရသည့်နှယ်ဖြစ်သည်။ အော်---လှပါဘိခြင်း။

အင်္ဂလန်နှင့် စကော့တလန်ဟူသော တိုင်းပြည်ကြီးနှစ်ခုတို့အကြားရှိ နယ်မြေဒေသသည် လှချင်တိုင်းလှနေသည်။ ကုန်းမြင့် အဆင့်ဆင့်၊ ချိုက်ဝှမ်း အရစ်ရစ်နှင့် အတက်အဆင်းလည်း များပြားလှသည်။ ကားဆရာကလဲ အရှိန်မလျှော့ပဲ လက်စွမ်းပြသည်။ ရှုခင်းတစ်လှည့်ကြည့်လိုက်၊ ကားဆရာတစ်လှည့်ကြည့်လိုက်နှင့် ရင်ထဲမှာ မီးစတစ်ဖက်/ရေမှုတ်တစ်ဖက် ဖြစ်နေသည်။ တစ်ခါတစ်ရံ နေ့လည်ကြောင်တောင် ငရုပ်သီးစပ်စပ်နှင့်သင်္ဘောသီးအသုပ် စားနေရသည့်အလား ရင်ထဲမှာ ရှူးရှူးရှဲရှဲနိုင်လှသည်။ အတော်အသင့်မောင်းနှင်ပြီးသောအခါ ခပ်မြင့်မြင့်တောင်ကုန်းကြီးတစ်ခုပေါ်သို့ ရောက်လာခဲ့သည်။ တောင်ကုန်းထိပ်တွင် ကားများစွာရပ်နားထားလျှက် အင်္ဂလိပ်လူမျိုးများနှင့် ခရီးသွားများ သဘာ၀၀န်းကျင်အလှကို ရှုစားနေကြသည်။ အေးအေးလူလူ ပန်းချီဆွဲနေသောသူများကိုလည်း တွေ့ခဲ့ရသေးသည်။ ထိုသူတို့ရေးဆွဲသော ပန်းချီးကားကို ကျနော်မြင်ချင်လှသည်။ ဤမျှလှပလွန်းသော မြင်ကွင်းကို သူတို့ စုတ်တံတွေက ရေးချယ်နိုင်ပါမည်တဲ့လော။ မြင်ရသော မြင်ကွင်းမှန်သမျှသည် ပန်းချီငိုမြင်ကွင်းချည်းဖြစ်သည်ဟု ကျနော့်ရင်ထဲက မှတ်ချက်ပြုမိသည်။

သဘာဝအလှနှင့်
ပကာသနရစ်တဲ့ စုတံ

ဟုတ်မှန်အောင် သူမဆွဲ

ခဲခက်လေဟန်။

မြင်ကွင်းရယ် ထည်

ချယ်တံက သေးကွေး

ဒီပန်းချီ ဘယ်ပုံဖြစ်မယ်
တွေးမိပေါ့လေး။


ကျနော့်ရင်ထဲမှာ ပန်းချီဆရာများကို အံတုသော ကဗျာတစ်ပုဒ် ခပ်တိုးတိုးရေရွတ်ဖြစ်သည်။ ဒီတော ဒီတောင် ဒီအလှတွေကို ဘယ်သူထုဆင့် ရေးချယ်ရစ်သလဲဟု ဘာသာရေးဆန်ဆန် မေးခွန်းတစ်ခုကိုလည်း ကိုယ့်ကိုယ်ကို မေးမိသည်။ တောင်ကုန်းကြီးကို ကျော်သောအခါ ချိုက်ဝှမ်းထဲ ဖြတ်စီးနေသော တောင်ကျချောင်းငယ်တစ်ခုကိုလဲ တွေ့ရသည်။ ကျနော်တို့ ကားလေးသည် ယင်းချောင်းငယ်လေးအတိုင်း အလိုက်သင့် ဖေါက်ထားသော လမ်းကလေးတောက်လျှောက် မောင်းနှင်နေသည်။ ငါးမိနစ်ခန့် မောင်းနှင်ပြီးသောအခါ သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော တောအုပ်လမ်းလေးတစ်ခုအတွင်းသို့ ၀င်ရောက်သွားသည်။ ဟိုဘက်ဒီဘက် ခက်လက်ရှက်ကာ အုပ်မိုးနေသော သစ်ပင်ကြီးများကြောင့် နေပျောက်မထိုးနိုင်ပဲ လမ်းကလေးမှာ ခပ်မှောင်မှောင်ဖြစ်နေသည်။ ကျနော့်ရင်ထဲမှာ အမည်မဖေါ်ပြတတ်သော ဝေဒနာတစ်ခု တိုးဆင့်လာသလို ခံစားမိသည်။ ၀မ်းသာသည်လော၊ ၀မ်းနည်းသည်လော ကျနော်မသိ။ အလင်းရောင်ပျောက်သောလမ်းကလေးကို ကြည့်ပြီး ရင်ထဲမှာ မှောင်သလိုလို ခံစားလိုက်မိတော့သည်။ အမှောင်ဝေဒနာပင်ဖြစ်မည်ထင့်။

No comments: