Monday, September 7, 2009

အဲဒင်ဘရာတောလား (၇)

ဝိသကြိုနတ်၊ ဖန်ဆင်းအပ်သည့်၊
ပြဿာဒ်ဗိမာန်၊ ဘုံသဏ္ဌာန်ပင်၊
အဲဒင်နှင့်ယှဉ်၊ ပြိုင်ပွဲဝင်သော်၊
အဲဒင်အနောက်၊ သူကရောက်လိမ့်၊
ထိုကြောင့်နတ်မင်း၊ ပြိုင်မခင်းပဲ၊
နေရင်းပြည်ကို၊ သူပြေးလိုသည်၊
ဘီလူးငိုသို့၊ ဖြိုင်ဖြိုင်တည်း။


ကယ်လ်တန်တောင်ကုန်း

ကျနော်တို့အဖွဲ့သားများ အဲဒင်ဘရာရဲတိုက်တောင်ကုန်းပေါ်ရောက်နေသည်မှာ တစ်နာရီကျော်ကျော်ရှိပေပြီ။ ညနေ (၆) နာရီထိုးလုပြီဖြစ်သောကြောင့် ခရီးသွားများ အလျှိုအလျှိုတောင်အောက်သို့ ပြန်ဆင်းနေကြပြီဖြစ်သည်။ ကျနော်တို့အဖွဲ့လည်း ရဲတိုက်ဝင်းအတွင်းရှိ ပြတိုက်ပေါ်လှည့်ပတ်ကြည့်ရှု၊ ဓာတ်ပုံများရိုက်ပြီးနောက် အများနည်းတူ တောင်အောက်သို့ ပြန်လည်လမ်းလျှောက်ဆင်းခဲ့ကြသည်။ တစ်နေ့တာ လောကအကျိုး သည်ပိုးပြီးသော နေမင်းရာဇာကား သူ့တာဝန်တစ်ရပ်ပြီးဆုံးပြီမို့ လူသားများကို လက်ပြနှုတ်ဆက်လျှက်ရှိသည်။ ၀င်လုဆဲနေရောင်ချည်၏ ထိုးဟတ်မှုကြောင့် ဆေးရောင်မချယ်သော အဲဒင်ဘရာတိုက်အိုကြီးများသည် နေအဟတ်တွင် တစ်မျိုးထွင်ကာ အလှဆင်လျှက်ရှိပြန်သည်။ ဆည်းဆာရောင်သည် အကျီးတန်သူကိုပင် အလှဆင်ပေးနိုင်သည် မဟုတ်လော။ ကျနော့်လက်ထဲက ကင်မရာလေးမှ မီးရောင်တစ်ချက် လင်းလက်သွားသည်။ ဒီလိုအလှမျိုးကို လက်လွှတ်ခံ၍ မဖြစ်။ မိမိရရ ရိုက်ယူလိုက်သည်။

တောင်ခြေကားရပ်ထားရာ နေရာမှ အောက်ဘက်သို့ ကြည့်လိုက်ပါက National Gallery of Scotland-စကော့တလန်းအမျိုးသားပန်းချီပြတိုက်ကြီးကို ထည်ဝါစွာ လှမ်းမြင်ရသည်။ နေ့တိုင်းဖွင့်သည်ဟုသိရသော်လဲ အချိန်မရသောကြောင့် မ၀င်ဖြစ်ခဲ့။ အဝေးကသာ လှမ်း၍ ဓာတ်ပုံရိုက်ခဲ့ရသည်။ လန်ဒန်မြို့၊ Trafalgar Square ရှိ ပန်းချီပြတိုက်ကြီးကို ပြေးသတိရလိုက်သည်။ ယင်းပြတိုက်အတွင်းရှိပန်းချီကားများ မည်မျှလက်ယာမြောက်သည်ကို ကျနော်တို့မြန်မာပြည်က ပန်းချီဆရာအကြီး/အသေးများကို မြင်စမ်းစေချင်သည်။ ကျွဲခြေရာခွက်ထဲ ကူးခပ်နေရသော ဖားသူငယ်ဘ၀မှ လွတ်မြောက်စေချင်လှသည်။

ကျနော်သည် မြန်မာလူမျိုးတစ်ယောက်ဖြစ်သည့်အလျှောက် မြန်မာ့အနုပညာကို ချစ်လည်းချစ်သလို တန်ဖိုးလည်းထားပါသည်။ သို့သော် ကျနော်တို့ အနုပညာသည် နိုင်ငံတကာနှင့် ဘယ်အဆင့်ထိ ရင်ဘောင်တန်းနိုင်ပါသနည်း? မြန်မာပြည်မှာ နေစဉ်တုန်းက ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရခြင်းအတွက် ဂုဏ်ယူမိသော်လဲ သူများနိုင်ငံတွင် နေရသောအခါ မြန်မာပြည်တွင် ဘယ်အစိတ်အပိုင်းသည် ဂုဏ်ယူစရာဖြစ်သနည်း? ဆိုသည့်မေးခွန်းကို ကျနော်မကြာခဏမေးမိသည်။ အဖြေမတွေ့တိုင်း ဟိုအ၀ှါမသားကြီးကို စိတ်တိုသည်။ ဒီကောင်ကြီး ရှိနေသမျှတော့-ဟု။ အင်း---ဒီကောင်ကြီးမရှိလဲ ဒီကောင်လေး တက်လာဦးမှာတော့ မြင်ယောင်မိသေး၏။ (တောလားရေးရင်းနဲ့ တောင်လားရောက်သွားပြီ၊ ရပ်ထားမှ။)

စကော့အမျိုးသားပန်းချီပြတိုက်ကြီးအတွင်းရှိ ပန်းချီကားများကို စိတ်ကူးနှင့်လှမ်းပုံဖေါ်ကာ ခံစားလိုက်မိသည်။ ဆီဆေး၊ ရေဆေးအစုံနှင့် အဝေး၊ အနီး၊ အလင်းအမှောင် ဟန်ချက်ညီညီရေးဆွဲထားသော ရောင်စုံပန်းချီကားတစ်ချပ်ကို အိမ်မက်မက်ကြည့်လိုက်သည်။ သို့မဟုတ် ကျနော်ကိုယ်တိုင်ပန်းချီဆရာဘ၀ကို ခေတ္တခံယူကာ ကျနော်အချစ်ဆုံးသူတစ်ယောက်၏ပုံကို အလှပဆုံးကိုယ်ဟန်အနေအထားဖြင့် ရေးဆွဲလိုက်သည်။ ထို့နောက် ယင်းပန်းချီကားကို စကော့ပန်းချီတိုက်အတွင်း မည်သူမှမမြင်နိုင်သော နေရာတွင် ကျနော်ကိုယ်တိုင် သိမ်းဆည်းထားခဲ့လိုက်သည်။ ချစ်သူရေ---နေခဲ့ပေတော့။ ကျနော့်စိတ်ကူးပန်းချီကားကို နှုတ်ဆက်ရင်း နောက်တစ်နေရာဆက်ဖို့ရာအတွက် ကားလေးပေါ်တက်လိုက်သည်။ ကားဆရာကိုနေလင်း ခေါ်ရာနောက်သို့ ကျနော်တို့ တိတ်ဆိတ်စွာ စီးနင်းလိုက်ပါလာခဲ့ကြသည်။ အချိန်မှာ ညနေ (၆) နာရီ ခွဲလုလု။ သို့သော် နေ့အလင်းရောင်ကား မကုန်သေး။

၁၅-မိနစ်ခန့် မောင်းနှင်ပြီးသောအခါ ကားလေးကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည်။ “ဒီနေရာကို Calton Hill လို့ခေါ်တယ်”ဟု ကိုနေလင်း ရှင်းပြသည်။ ကယ်တန်တောင်ကုန်းပေါ်သို့ ကားတက်လမ်းကြောင်းကို ပိတ်ထားသဖြင့် လမ်းလျှောက်တက်ခဲ့ကြရသည်။ ကျနော်တို့အတွက် ပိုကောင်းသည်။ အညောင်းပြေလမ်းလျှောက်ပြီး ဖြစ်သွားသည်။ တောင်ကုန်းပေါ်အတက်လမ်းတွင် ဓာတ်ပုံရိုက်ကြသည်။ ယင်းအချိန်တွင် မျက်နှာကို မိုးစက်သေးငယ်များ လာမှန်သဖြင့် မိုးရွာမည်လော စိတ်ပူလိုက်ရသေးသည်။ သို့သော် မိုးစက်တို့အားလုံး အဲဒင်ဘရာလေအဝှေ့တွင် အဝေးသို့ပြေးထွက်သွားခဲ့သောကြောင့် တောင်ကုန်းပေါ်တွင် အဆင်တပြေ လမ်းလျှောက်ကာ အဲဒင်ဘရာအလှကို ကောင်းစွာခံစားနိုင်ခဲ့ကြသည်။

ကယ်လ်တန်တောင်ကုန်းလေးသည် ၁၈-ရာစုစောစောပိုင်းက တည်ဆောက်ခဲ့သော National Monument, Nelson's Monument နှင့် Dugald Steward Monument တို့ တည်ရှိရာ ဒေသတစ်ခုဖြစ်ရုံမက မြန်မာနိုင်ငံ၊ ရခိုင် ဓည၀တီက သိမ်းလာသော ၁၅-ရာစုနှစ်ဦး ပေါ်တူဂီလုပ် ကြေးမြောက်ကြီးတစ်လက်ကို သိမ်းဆည်းထားရာ နေရာလဲ ဖြစ်သည်။ အမြောက်ကိုယ်ထည်တွင် မြန်မာစာများရေးထွင်းထားသည်။ ယင်းအမြောက်ကြီးကို တောင်အောက်မှ တောင်ပေါ်သို့တက်လာရာ လမ်းဝတည့်တည့်သို့ ချိန်ထားသည်။ ကြေးအမြောက်ကြီးမှာ မဟာမြတ်မုနိဘုရားဝင်းအတွင်းရှိ ကြေးရုပ်ကြီးများ၏ နှာခေါင်းကဲ့သို့ လာရောက်သူမှန်သမျှ ပွတ်ပွတ်သွားသဖြင့် ၀င်းဝင်းပြောင်လက်လျှက်ရှိခြေသည်။ ကျနော်တို့အဖွဲ့သားများ မြန်မာကွဟု အော်ဟစ်ကာ အမြောက်ကြီးကို ပွေ့ဖက်ကာ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်။ သို့သော် ကျနော်ခံစားမိပါသည်။ ကိုယ့်ပစ္စည်းသူတစ်ပါးလက်ထဲ ရောက်နေရခြင်းသည် ကိုယ့်အတွက် ဂုဏ်ယူစရာမဟုတ်။ ကိုယ်အသုံးမကျသောကြောင့်သာ (သို့) အင်းအားနည်းပါးသောကြောင့်သာ ယင်းသို့ဖြစ်ရကြောင်းကို တွေးမိပြန်သောအခါ ကျနော့်ရင်သည် ယင်းအမြောက်ကြီးကို မြန်မာပြည်သို့ ပြန်ထမ်းပြေးချင်စိတ်ပေါက်လောက်အောင် ပူလောင်လာခဲ့သည်။ သို့သော်---သို့သော်---။

ကယ်တန်တောင်ကုန်းဒေသသည် အထက်ပါ မြန်မာ့အမြောက်ကြီးနှင့် Monument သုံးခုတို့၏ တည်ရာသာမဟုတ်။ မြို့တော် အဲဒင်ဘရာ၏ ဗဟိုအချက်အချာလည်း ဖြစ်နေပြန်သည်။ တောင်ကုန်း၏ အောက်ခြေတောင်ဘက်တွင် စကော့တလန်အစိုးရဌာချုပ် (St Andrew's House) အဆောက်အဦးကြီးနှင့် လွှတ်တော်အဆောက်အဦးကြီးအပြင် ၁၁-ရာစုစောစောပိုင်းက တည်ဆောက်ခဲ့သော Holyrood Palace ကဲ့သို့သော နာမည်ကျော် အဆောက်အဦးကြီးများလဲ ၀န်းရံတည်ရှိလျှက်ရှိသည်။ ထို့ပြင် တောင်ကုန်းသည် နှစ်စဉ်နှစ်စဉ် ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် နှစ်စဉ် ဧပြီ (၃၀) တွင် ကျင်းပသော Beltane Fire Festival ခေါ် ဘဲလ်တိန်းမီးပွဲတော်သည် ရဲတိုက်တောင်ကုန်းတွင်ကျင်းပသော စစ်ရေးပြအခန်းအနားနှင့် မတူကွဲပြား တစ်မျိုးခြားကာ အဲဒင်ဘရာသားတို့၏ စိတ်နှလုံးကို ယူကြုံးသိမ်းထား ဖမ်းစားလျှက်ရှိချေတော့သည်။

ကယ်တန်တောင်ကုန်းပေါ်မှ ကြည့်လျှင် အဲဒင်ဘရာမြို့တော်၏ အလှသည် ရဲတိုက်တောင်ကုန်းပေါ်မှ ကြည့်ရသည်နှင့်မတူပဲ ကျက်သရေတစ်မျိုးဆင့်ကာ ပိုမိုအလှတိုးနေကြောင်း သတိပြုမိသည်။ ရဲတိုက်တောင်ကုန်းပေါ်ကကြည့်လျှင် အပေါ်စီးမှ ကြည့်ရသောကြောင့် အဆောက်အဦးတို့၏အလှသည် မပေါ်လွင်၊ ချောမောလှပသော မိန်းကလေးတစ်ယောက်ကို ခေါင်းပေါ်မှငုံ့ ကြည့်ရသည့်နှယ် များစွာသော အဆောက်အဦးတို့၏ အမိုးကိုသာ မြင်ရသည်။ ကယ်တန်တောင်ကုန်းပေါ်က ကြည့်လျှင်ကား မိန်းကလေးကို ရှေ့တူရှုမှ ကြည့်ရသည်နှယ် အဆောက်အဦးများသည် အလှကြွယ်လျှက်ရှိပေတော့သည်။ ထို့ကြောင့် အဲဒင်ဘရာမြို့တော်အလှဓာတ်ပုံနှင့် ပန်းချီကားအများစုသည် ယင်းကယ်လ်တန်တောင်ကုန်းပေါ်မှ ရိုက်ထား၊ ရေးဆွဲထားသည်ကများကြောင်း သိရပြန်လေသတည်း။

No comments: