Friday, September 4, 2009

အဲဒင်ဘရာတောလား (၁)

“မြို့တော်လန်ဒန်၊ အင်္ဂလန်မှာ၊
နေရန်ရက်ပေါင်း၊ ရာထောင်သောင်းတွင်း၊
ကျောင်းတက် ကျောင်းပြေး၊ ကျောင်းနဲ့ဝေးရာ၊
ခုအခါတွင်၊ ဟိုရွာဒီမြို့၊
လျှောက်လည်ဖို့ကူး၊ စိတ်ရည်စူးသည်၊
ဘီလူးပျင်းသို့၊ မှိုင်မှိုင်တည်း။

Pre-sessional Course နှစ်လတက်ပြီး လန်ဒန်တက္ကသိုလ် ဆူးအက်စ်ကောလိပ်ကြီး ခေတ္တပြန်ပိတ်သွားပြန်ပါပြီ။ ကျနော် ယူကေ(အင်္ဂလန်) ရောက်နေတာ နောက်(၉)ရက်ဆို (၂) နှစ်တင်းတင်းပြည့်ပါတော့မည်။ လာမည့် စက်တင်ဘာ (၂၈) ရက်နေ့မှာ တက္ကသိုလ်ပြန်ဖွင့်ပြီး သက်ဆိုင်ရာ Course တွေစကြတော့မှာဖြစ်သည်။ တစ်နှစ်လုံးလုံး အားရက်၊ နားရက်မရှိလောက်အောင် စာကြည့်၊ စာဖတ်၊ အက်ဆေးရေး၊ Presentation ပေးနဲ့ ထုံးစံအတိုင်း အလွန်ပျင်းစရာကောင်းတဲ့ ကျောင်းသားဘ၀ကို ပြန်စရပေဦးတော့မည်။ အခုလောလောဆယ် အားလပ်ရက် ရတဲ့ကာလအတွင်း စိတ်ပြေလက်ပျောက် ဟိုလျှောက်ဒီလည်လုပ်ဖို့ စိတ်ကူးမိသည်။

သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး တစ်နေရာရာသွားလည်ကြဖို့ ဆုံးဖြတ်တဲ့အခါ Scotland နိုင်ငံရဲ့ မြို့တော် Edinburgh (/ˈɛdɪnb(ə)rə/)ကို သွားလည်ဖို့ သဘောတူကြသည်။ ဒီလိုနဲ့ ကျနော်ရဲ့ အဲဒင်ဘရာတောလားလေးများ ပေါက်ဖွါးလာခဲ့ရသည်။ ကျနော်တို့ဘကြီးကျေးဇူးကြောင့် စကော့တလန်သွားဖို့ ကားငှါးစရာမလိုပဲ အဆင်ပြေခဲ့သည်။ စကော့တလန် သုံးခေါက်လောက်ရောက်ဖူးသူ ဘာမင်ဂန်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က သူ့ Ph.D ကျမ်းရေးနေတဲ့ကာလအတွင်း မအားလပ်တဲ့ ကြားထဲက လိုက်ပို့ပေးရှာသည်။ ဒီခရီးစဉ်အတွက် ကားပေးတဲ့အဘနဲ့ ကားမောင်းပို့၊ ဂိုက်လုပ်ပေးတဲ့သူငယ်ချင်းဖြစ်သူ ကိုနေလင်းတို့ နှစ်ယောက်ကို ကျေးဇူးအထူးတင်ကြောင်း ဒီနေရာမှာ ကျနော်မှတ်တမ်းပြုပါသည်။

မသွားခင် သွားမည့်နေရာတွေမှာ ညအိပ်ဖို့ တည်းခိုခန်းတွေ ကြိုတင် Booking လုပ်ရသည်။ ရောက်တဲ့အခါမှ အိပ်ဖို့နေရာ လိုက်ရှာနေရရင် ခရီးသွားဧည့်သည်များပြားလှတဲ့ ဒီလိုနိုင်ငံမျိုးတွေမှာ နေရာအလွယ်တကူရဖို့ ခဲရင်းလှသည်။ ဒါတောင်မှ သွားမည့်ရက်တွေ ဟိုရွှေ့ဒီပြောင်းလုပ်နေလို့ ချက်ချင်းဘုတ်ကင်မလုပ်နိုင်ပဲ အတော်ကြာလိုက်သေးသည်။ မသွားခင်တစ်ရက် ကြိုတင်ပြီး အင်တာနက်ကတစ်ဆင့် အခန်းငှါးလိုက်ကြသည်။ သွားမည့်သူတွေက သူငယ်ချင်းလေးယောက်ဖြစ်တဲ့အတွက် ညအိပ်မည့်မြို့တွေမှာ နှစ်ယောက်အိပ်ခန်း နှစ်ခန်းစီငှါးရသည်။ ခန်းအငှါးခကတော့ ကိုယ်တည်းမည့်၊ ဟိုတယ် (သို့) တည်းခိုခန်းအဆင့်အတန်းအလိုက် ကွာခြားမှုရှိသည်။ ကျနော်တို့ကတော့ ရွှေမြန်မာကျောင်းသားတွေပီပီ ဈေးချိုတဲ့ တည်းခိုခန်းတွေ ရွေးခဲ့ကြသည်။

စက်တင်ဘာ (၁)ရက်၊ အင်္ဂါနေ့၊ မနက် (၁၀) နာရီမှာ လန်ဒန်ရှိ ကျနော်တို့နေတဲ့ အဆောင်ကထွက်ခဲ့ကြသည်။ ကားပေါ်မှာ လိုအပ်တဲ့ ပစ္စည်းအတိုအထွာ၊ စားသောက်စရာလေးတွေ အနည်းအကျဉ်းတင်ခဲ့ပြီး (၇) ယောက်စီးကားကြီးကို အလယ်ထိုင်ခုံနှစ်လုံးဖြုတ်ပြီး လေးယောက်တည်းနဲ့ ချောင်ချောင်ချိချိ စီးခဲ့ကြသည်။ ယူကေမှာ ခရီးဝေးဝေးသွားတာ ဒီတစ်ခါ ပထမဆုံးမို့ စိတ်ထဲ ပျော်သလိုဖြစ်မိသည်တော့ အမှန်။ လူကြီးတွေ တစ်ယောက်မှမပါပဲ ရွယ်တူသူငယ်ချင်းလေးယောက်တည်းမို့ စိတ်ထဲမှာ ပိုလွတ်လပ်သလိုလဲ ခံစားမိသည်။ လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့ ကျနော့်အတွက်တော့ ဒီခရီးဟာ ဘယ်သောအခါမှ မမေ့စရာ ခရီးတစ်ခုဆိုရင်လဲ မမှားပါဘူး။

အခုကျနော်တို့ လန်ဒန်က အထွက်လမ်းပေါ်ရောက်နေပါပြီ။ ကျနော်တို့ကားလေးက Sunderland မြို့လေးသို့ ဦးတည်မောင်းနှင်နေသည်။ ကားဆရာကိုနေလင်း၊ ဘလော့ဂါကိုကိုမောင်၊ ကိုခင်မောင်ဌေးနဲ့ ကျနော်တို့လေးဦးသား လမ်းတစ်လျှောက် မြင်ကွင်းကျယ် ရှုမျှော်ခင်းကြီးတွေကို ငေးမောကြည့်ရှုခံစားရင်း လိုက်ပါလာကြသည်။ ဒီနေ့မှ ဗြိတိရှရာသီဥတုကလဲ ထူးထူးခြားခြားလှပနေသလိုလို။ ကျိုးတိုးကျဲတဲ တိမ်လိပ်တိမ်သားတွေကို ထိုးဖေါက်ပြီး ကျရောက်နေတဲ့ နံနက်ခင်းနေရောင်ချည်အောက်က လန်ဒန်ရဲ့မြက်ခင်းကျယ်ကြီးတွေဟာ အစိမ်းရောင်ကမ္ဗလာကြီးတစ်ခုကို အုပ်ထားသလို မြင်ကွင်းတစ်ဆုံး ရှုမငြီးအောင် လှပလွန်းနေသည်။

ဒါပေမဲ့ တစ်ခါတစ်ခါမှာတော့ အဝေးပြေးလမ်းမအပေါ် အရှိန်ပြင်းပြင်းနဲ့ပြေးလွှားနေတဲ့ ရှေ့နောက်ဝဲယာ ရာထောင်ချီတဲ့ ကားတွေအကြားမှာ ကားဆရာကိုနေလင်းရဲ့ ပညာပြမှုကြောင့် မျက်လုံးတွေကို စိမ်းညို့ညို့မြက်ခင်းပြင်ကြီးတွေဆီက လွှဲဖယ်ပြီး အသာမှိတ်ကာ နဂိုရဖူးတဲ့ ဣတိပိသောလေးတွေ ပြန်အာရုံပြုနေရပါသေးသည်။ အော်---ပျော်ရွှင်မှုဆိုတာမျိုးကလဲ အကြောက်တရားနဲ့ ဝေးကွာနေတဲ့အခါမျိုးမှာမှ ပေါ်လာတတ်ပေတာကိုး။ အကြောက်တရားတစ်စုံတစ်ရာအလွှမ်းမိုးခံနေရရင်တော့ ဘယ်လောက်ကောင်းတဲ့ အာရုံမျိုးဖြစ်ပါစေ၊ ဘယ်သူမှ မခံစားနိုင်ကြောင်း ကျနော် ကြုံတုန်းလေး သံဝေဂယူမိသေးတော့သည်။

တစ်ချက်တစ်ချက် အပြင်ပရှုခင်းသာသာလေးတွေကို ကြည့်ရှုခံစားလိုက်၊ တစ်ခါတစ်ရံ ငယ်စဉ်ကျောင်းသားဘ၀တုန်းက ရခဲ့ဖူးတဲ့ ရှေးဟောင်းရော၊ ခေတ်ပေါ်ပါ သီချင်းမျိုးစုံ (တစ်ပုဒ်မှ ဟုတ်တိပတ်တိမရကြောင်း ၀န်ခံပါသည်) ဟစ်အော်လိုက်၊ တစ်ခါတလေတော့လဲ ကားဆရာ ကိုနေလင်း အိပ်ငိုက်မှာစိုးလို့ စကားလှမ်းပြောလိုက်နှင့် ကျနော်တို့ကားလေးဟာ ဟိုက်ဝေးပေါ်က Service Centre တစ်ခုထဲ နေ့လည်စာစားဖို့နဲ့ အညောင်းအညာဆန့်ဖို့ ၀င်ခဲ့ကြသည်။ ယူကေတစ်ခွင်ရှိ ဟိုက်ဝေးလမ်းမကြီးတွေပေါ်မှာ ခရီးဝေးသွားတဲ့လူတွေအတွက် ခေတ္တအနားယူစားသောက်နိုင် (အချို့ဆိုင်တွေမှာ ညပါအိပ်နိုင်သည်)၊ ကားဆီ၊ရေ၊လေ ဖြည့်နိုင်တဲ့ Service Centre ကြီးတွေကို O2 တို့လို ကုမ္ပဏီကြီးတွေက ဖွင့်လှစ်ပေးထားသည်။ မြို့တွင်းဆိုင်တွေထက် အတော်အသင့်ဈေးကြီးပေမဲ့ တကယ်လိုအပ်တဲ့နေရာတွေမှာ ဆောင်ရွက်ပေးထားတာမို့ သူတို့လဲ ကျေးဇူးတင်စရာကောင်းတဲ့လူတွေပဲလို့ ကျနော်မြင်မိသည်။

No comments: