တောဝင် တောင်တက်၊ ခရီးဆက်၍၊
မြို့ဘက်သို့ချီ၊ လမ်းဦးတည်ကာ၊
ခါမှီရောက်ရေး၊ စိတ်ဝယ်တွေးလျှက်၊
အပြေးမောင်းနှင်၊ လမ်းကြောင်းထွင်သည်၊
ဘီလူးဝင်သို့၊ ကြမ်းကြမ်းတည်း။
ခါမှီရောက်ရေး၊ စိတ်ဝယ်တွေးလျှက်၊
အပြေးမောင်းနှင်၊ လမ်းကြောင်းထွင်သည်၊
ဘီလူးဝင်သို့၊ ကြမ်းကြမ်းတည်း။
အဲဒင်ဘရာသို့ အ၀င်
တောစဉ်တောင်တန်းများကို ဆင်းကာတက်ကာနှင့် သုံးနာရီခန့်ကြာအောင် မောင်းနှင့်ပြီးနောက်မှာတော့ ခရီးသွားဖေါ်လေးဦးကို တင်ဆောင်မောင်းနှင်လာသော ကျနော်တို့ကားလေးသည် စကော့နယ်မြေအတွင်းသို့ တဖြေးဖြေးချင်း ၀င်ရောက်လာခဲ့သည်။ ဗြိတိရှလူမျိုးချင်း၊ အင်ပါယာချင်းတူသော်လည်း ကျေးလက်ဒေသရှိ စကော့လူမျိုးများနေထိုင်ပုံမှာ ရိုးသားမှုအမူအယာများပုံ ပေါ်လွင်လျှက် ရှိကြောင်း သတိထားလိုက်မိသည်။ အေးချမ်းသောဗြိတိရှဆောင်းရာသီဥတုတစ်ခုအတွင်း နယ်မြေချင်းစပ်ထိကပ်လျှက်ရှိသောကြောင့်
စကော့နယ်မြေသို့ ၀င်ရောက်လာသော်လည်း အဲဒင်ဘရာမြို့တော်နှင့် အတော်လှမ်းကွာသေးသည်။ လူနေအိမ် အနည်းအကျဉ်းတွေ့ပြီးနောက် နောက်ထပ် ၁၅-မိုင်လောက် ဆက်လက်မောင်းရသေးသည်။ ထုံးစံအတိုင်း ဂျုံခင်းကျယ်ကြီးများ၊ မြက်ခင်းစိမ်းစိမ်းများနှင့် ဆိတ်အုပ်၊
ယင်းအခင်းကျယ်ကြီးများကို ဖြတ်သန်း၍ ဆယ်မိုင်ကျော်ကျော် မောင်းနှင်ပြီးသောအခါ ကျနော်တို့ကားလေးသည် အဲဒင်ဘရာမြို့တော်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ မြို့တွင်းတိုက်တာ အဆောက်အဦးအတော်များများသည် ကျောက်တုံးကြီးများနှင့် ဆောက်ထားသည်ချည်းဖြစ်သည်။ ကျောက်သားများကို အုဌ်ခဲသဏ္ဌာန်ခွဲစိပ်ကာ သရွတ်ကိုင်၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။ ကျနော်နှင့်သိသော အင်္ဂလိပ်လူမျိုးတစ်ယောက်က စကော့လူမျိုးများသည် ကိုယ့်ကိုယ်ကို အထင်ကြီးသူများဖြစ်ကြောင်း ပြောဖူးသည်။ အဲဒင်ဘရာမြို့တော်ကို
ကားပေါ်မှ လှမ်းမြင်ရသော တိုက်တာအဆောက်အဦးများကို ကြည့်ရင်း အထက်ပါအတိုင်း တရေးရေးတွေးလာမိသည်။ ကားဆရာကိုနေလင်းက တည်းရမည့်ဟိုတယ်ဆိုင်းဘုတ်ကို တစ်လမ်းဝင်တစ်လမ်းထွက်လိုက်ရှာသည်။ လမ်းချိုးလမ်းကွေ့ရောက်သောအခါ ဟိုဘက်မောင်းရမည်လား ဒီဘက်မောင်းရမည်လား စဉ်းစားရင်း လမ်းရှာနေသောကြောင့် နောက်ကကပ်ပါလာသော ကားများ၏ ဟွန်းတီးခြင်းကိုလဲ မကြာခဏခံရသည်။ တခြားကားတစ်စီးစီး၏ ဟွန်းတီးခံရခြင်းသည် အဆဲခံရသည်နှင့်တူကြောင်း သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ အသို့ဆိုသော် ကိုနေလင်းတစ်ယောက် မကြာခဏအဆဲခံခဲ့ရကြောင်း ကျနော်တွေးမိသည်။ နောက်လမ်းချိုးတစ်ခုသို့ရောက်သောအခါ ကျနော်တို့တည်းမည့် Borough Hotel ဆိုင်းဘုတ်ကို တွေ့ရသည်။ အားပါးတရ အနားရတော့မည်ဟု အတွေးဝင်ကာ စိတ်ထဲ ဟင်းချလိုက်သည်။ သို့သော်သို့သော်---။
ဟိုတယ်ပြန်ကြားရေးသို့ရောက်သောအခါ ပြန်ကြားရေးမှူးက ကျနော်တို့လေးယောက်ကို မြင်ပြီး အံ့သြနေသည်။ မင်းတို့ဘုတ်ကင်လုပ်ထားတာက နှစ်ယောက်စာအတွက်ပဲ၊ ဘာဖြစ်လို့ လေးယောက်ဖြစ်နေရသလဲ-ဟု မေးသည်။ အမှန်အားဖြင့် ကျနော်တို့ဘုတ်ကင်လုပ်စဉ်က လေးယောက်အတွက်လုပ်ထားခြင်းဖြစ်သည်။ သို့သော် ဟိုတယ်ပြန်ကြားရေးက နှစ်ယောက်စာရကြောင်းကိုသာပြန်သည်။ ယင်းစာကို ကျနော်တို့မဖတ်မိ။ လေးယောက်စလုံးအတွက် အခန်းရသည်ဟုထင်ကာ အေးအေးဆေးဆေးလုပ်နေခဲ့ကြသည်။ နှစ်ယောက်အိပ်ခန်းအတွင်း လေးယောက်အိပ်ခွင့်မပေး။ အခန်းလွတ်လဲမရှိသဖြင့် အခက်တွေ့နေခဲ့သည်။
ကျနော်တို့လဲ တခြားရွေးချယ်စရာမရှိ။ အခန်းကို လိုက်ကြည့်သည်။ မကြိုက်။ သို့သော် အခြားနေရာသွားရှာပါက လည်ဖို့ပတ်ဖို့ အချိန်မလောက်ဖြစ်ဦးမည်။ ထို့ကြောင့် မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို ဟိုတယ်အလုပ်သမားများနေတဲ့အခန်းဖြစ်ပုံရသော အခန်းကျဉ်းလေးကိုပင် တစ်ညတာ အိပ်စက်အနားယူဖို့ရာ အောင့်သက်သက်နှင့် လက်ခံလိုက်ရသည်။ ယင်းအတွက် စတာလင်ပေါင် တစ်ရာပေးရသည်။ ကားပေါ်ပါလာသော ပစ္စည်းအနည်းအကျဉ်း အခန်းထဲထည့်၊ ခေတ္တခဏအနားယူ၊ အာဟာရလေး အနည်းငယ်စီဖြည့်တင်းပြီး ဟိုတယ်က ပြန်ထွက်ဖို့ စိုင်းပြင်းခဲ့ကြသည်။ အချိန်မှာ ညနေ လေးနာရီထိုးလုထိုးခင်ရှိချေပြီ။ မနက်ဖန်ပြန်ရက်။ ဒီတစ်ညနေပဲ လျှောက်လည်စရာရှိသည်။ ထို့ကြောင့် အစာစားပြီးသောအခါ ကျနော်တို့လေးယောက်သား ဟိုတယ်မှထွက်၊ ကားပေါ်တက်ကာ ကမ္ဘာကျော် အဲဒင်ဘရာရဲတိုက်ဘက်သို့ ဦးလှည့်ခဲ့ကြပေတော့သည်။
No comments:
Post a Comment