Thursday, December 4, 2008

နှင်းဆီတစ်ခက်၊ သွေးတစ်စက်

အိမ်ပြန်ရောက်ရောက်ချင်း စားပွဲပေါ်ရောက်နေတဲ့ ကျနော့်အတွက် စာတစ်စောင်ကို ကောက်ဖတ်လိုက်တယ်။ ပြီးခဲ့တဲ့လက ကျနော့်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဒါရိုက်တာ မြနဒီဆီက စာ။ စာထဲမှာ မြနဒီက သူရိုက်မည့်ကားမှာ မင်းသားအဖြစ် ကျနော့်ကို ပါဝင်သရုပ်ဆောင်ပေးစေလိုကြောင်း၊ မင်းသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ ခံစားခွင့်ကိုလဲ အပြည့်အ၀ရစေ့မှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီစာနဲ့အတူ ဓာတ်ပုံတစ်ပုံကိုပါ သူက ထည့်ပေးလိုက်သေးတယ်။ သူရိုက်မည့်ရုပ်ရှင်ကားအတွက် ကြိုတင်ကြော်ငြာထားတဲ့ ပိုစတာတဲ့။ အဲဒီဓာတ်ပုံထဲမှာ မင်းသားလုပ်တဲ့ ကျနော်ဟာ နှင်းဆီပွင့်ကြီးတစ်ပွင့်နောက်ခံထားပြီး လက်ပိုက်ရပ်နေပါတယ်။ ပိုစတာကြီးအနားသွားပြီး ကျနော့်ပုံကို ပါးလျှက်၊ နားလျှက်လုပ်နေတဲ့ ကောင်မလေးနှစ်ယောက်ကတော့ အင်္ဂလန်က လို့သိရတယ်။ မြန်မာပြည်အလည်သွားရင်းနဲ့ ဗမာရုပ်ရှင်မင်းသားပုံနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ဒါရိုက်တာ မြနဒီရဲ့ခွင့်ပြုချက်နဲ့ ရိုက်ခဲ့ကြ သတဲ့။

ကားနာမည်က “နှင်းဆီတစ်ခက်၊ သွေးတစ်စက်” တဲ့။ ဒါရိုက်တာ မြနဒီက သူရိုက်မည့်ကားရဲ့ Plot ဇာတ်အိမ်ကို အောက်ပါအတိုင်း အကျဉ်းချုပ်ရေးထားပါတယ်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်လာကြတဲ့ မောင်မယ်သစ်လွင်တွေကို ကြိုဆိုတဲ့ပွဲမှာ အစပြုမျက်မှန်းတန်းမိပြီး ခင်မင်ခဲ့ကြတဲ့ အူကြောင်ကြောင်တောသားလေး မောင်မင်းထက်နဲ့၊ ပုသိပ်မှာမွေးပြီး ရန်ကုန်လူကုန်ထံအသိုင်းအ၀ိုင်ကြားမှာ ကြီးပျင်းလာရတဲ့ မိန်းမချောလေး နှင်းပွင့်ဖြူ တို့ရဲ့ မြင်သာမြင်၊ မကြင်ရတဲ့မေတ္တာကို သရုပ်ပေါ်အောင် ရိုက်မှာဖြစ်ပါတယ်။

မောင်မင်းထက်ဟာ တောသားဖြစ်ပေမဲ့ တက္ကသိုလ်ရောက်ပြီး သိပ်မကြာခင်မှာပဲ လူရည်လည်လာပါတယ်။ သူ့ကို လူရည်လည်အောင်လုပ်ပေးတာကတော့ နှင်းပွင့်ဖြူပါ။ နှင်းပွင့်ဖြူဟာ လူလည်တွေကြားမှာ ကြီးပျင်းခဲ့ရတဲ့အတွက် လူနပ်လူပါးဆိုတဲ့လူတွေကို သိပ်စိတ်မ၀င်စားတော့ပါဘူး။ ဒါကြောင့် တောသားလေး မောင်မင်းထက်ရဲ့ အူတိအူကြောင်နဲ့ ရိုးရိုးအအအမူအယာက သူ့စိတ်ကို များစွာဆွဲဆောင်လိုက်ပါတယ်။

ဒီလိုနဲ့ မြင်ရာမှခင်၊ ခင်ရာမှ ကြင်လာကြတဲ့ သူတို့နှစ်ယောက်ဟာ ပတ်ဝန်းကျင်အမြင်ကပ်လောက်အောင် ဟိုနားလည်း တတွဲတွဲ ဒီနားလည်းတတွဲတွဲဖြစ်နေပါတော့တယ်။ ဒါပေမဲ့ မောင်မင်းထက်စိတ်ထဲမှာတော့ နှင်းပွင့်ဖြူအပေါ် သံယောဇဉ်ကြီးရှာလွန်းပေမဲ့ တက္ကသိုလ်လာခါနီးမှာ သူ့အဖေ ဦးမြဒင်ရဲ့ “ငါ့သား ပညာတတ်ကြီးဖြစ်အောင် စာကျိုးစားကွဲ့” ဆိုတဲ့ စကားကို ကြားယောင်နေပြီး အချိန်ရတိုင်း စာအုပ်ပဲ ဖတ်နေတတ်ပါတယ်။

နှင်းပွင့်ဖြူကလဲ မောင်မင်းထက် စာဖတ်နေတာသိရင် အလိုက်တသိနေပေးတတ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးတတ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်သံယောဇဉ်ဟာ တနေ့တခြား ကြီးလာလေလေ၊ တက္ကသိုလ်ပြီးချိန်ဟာလဲ နီးလာလေလေ ဖြစ်လာပါတယ်။ ဘွဲ့ရပြီးတဲ့အခါ နှစ်ဘက်မိဘသဘောတူညီမှုအရ လက်ထပ်ဖို့ကိုလဲ တိုင်ပင်ထားကြပါတယ်။ နှစ်ဘက်မိဘတွေဆီ အသိမပေးကြရသေးပေမဲ့ မမြင်ရတဲ့အနာဂတ်ကို တွေးပြီး ပျော်ရွှင်ခဲ့ကြတယ်။

မောင်မင်းထက်ရဲ့ မိဘတွေက တောသားတွေ ဖြစ်ကြပေမဲ့ သူတို့သားကို ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပညာတတ်ဆိုတာလောက်နဲ့ မတင်းတိမ်ကြပါဘူး။ ဒါကြောင့် မောင်မင်းထက်ဘွဲ့ရပြီးတဲ့အခါ နိုင်ငံခြားမှာ ပညာသွားသင်နိုင်အောင် ဆက်လက်စီမံကြပါတယ်။ ဒီအခြေအနေမှာ အချစ်ကြီးချစ်မိလို့ ခွဲရမည့်အရေးတွေးပြီး ၀မ်းနည်းနေရတဲ့ နှင်းပွင့်ဖြူခမျှာ သူ့ချစ်သူနိုင်ငံခြားသွားပညာသင်မယ်ဆိုတာသိလိုက်ရတဲ့အခါ ၀မ်းသာရမည့်အစား လှပတဲ့မျက်ဝန်းက မျက်ရည်စတွေဟာ တသွင်သွင်စီးကျလာပါတော့တယ်။ ချစ်သူကိုလဲ အသည်းအသန်ချစ်၊ မိဘစကားကိုလဲ မြေ၀ယ်မကျ နားထောင်တတ်တဲ့ မောင်မင်းထက်ဟာ ချစ်သူ့မေတ္တာနဲ့ မိဘမေတ္တာအကြား ဗျာများရပါတော့တယ်။

နောက်ဆုံးမောင်မင်းထက်ဟာ မိဘမေတ္တာကို ရွေးချယ်လိုက်ပြီး မိဘသဘောအတိုင်း နိုင်ငံခြားသွား ပညာသင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နှင်းပွင့်ဖြူကိုလဲ နိုင်ငံခြားက ပြန်လာမှပဲ လက်ထပ်ကြဖို့ ဖျောင်းဖျပြောဆိုခဲ့ပါတယ်။ မောင်မင်းထက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆင်းမယ့်နေ့မှာ မိဘဆွေမျိုးတွေအားလုံးတောကတက်လာပြီး လိုက်ပို့ကြပါတယ်။ နှင်းပွင့်ဖြူလဲ သူ့မိဘတွေကို သူ့သူငယ်ချင်းနိုင်ငံခြားသွားခါနီး လိုက်ပို့ရအောင်ပူဆာပြီး သူ့မိဘတွေနဲ့အတူလေဆိပ်ဆင်းခဲ့တယ်။

လေဆိပ်ရောက်တဲ့အခါကျတော့ နှင်းပွင့်ဖြူက မောင်မင်းထက်နဲ့ သူ့မိဘတွေကို မိတ်ဆက်ပေးပါတယ်။ မောင်မင်းထက်လဲ နှင်းပွင့်ဖြူနဲ့သူ့မိဘတွေကို မိတ်ဆက်ပေးပါတယ်။ အဲဒီအချိန်မှာ နှင်းပွင့်ဖြူရဲ့အဖေ ဦးသာဇံက မောင်မင်းထက်ရဲ့အဖေကို ဘယ်သူဘယ်ဝါမှန်းသိသွားပြီးတော့ သူ့သမီးလက်ကိုဆွဲပြီး လေဆိတ်ထဲက ချက်ချင်းပြန်ထွက်သွားပါတယ်။

မောင်မင်းထက် နိုင်ငံခြားသွားပြီး ပညာသင်ဖြစ်သလား၊
မောင်မင်းထက်အဖေဦးမြဒင်နဲ့ မနှင်းပွင့်ဖြူအဖေဦးသာဇံတို့မှာ ဘာရန်ညှိုးတွေ ရှိခဲ့ကြသလဲ၊
ချစ်သူနှစ်ဦး လက်ထပ်ဖြစ်ကြရဲ့လား၊
စသည်စသည် ဇာတ်လမ်းအပြည့်အစုံကို သိချင်ရင် “နှင်းဆီတစ်ခက်၊ သွေးတစ်စက်”၊ မကြာမီ လာမည်၊ မျှော်။

ကျနော့်သူငယ်ချင်းနဒီ ကွန်ပျူတာနဲ့ ကလိထားတဲ့ ကျနော့်ပုံကြည့်ပြီး ရင်တွင်းဖြင့် ခံစားတင်ပြသည်။

2 comments:

mabaydar said...

ရင်တွင်းဖြစ်ခံစားတယ်ဆိုလဲ.. အဆုံးထိရေးသင့်တာပေါ့.. ဒါက ဖန်သားပြင်ပေါ်ရောက်လာမှာမှ မဟုတ်တာ... ဖြစ်ရပ်မှန်တွေတော့ ဟုတ်လောက်ပါဘူးနော်.. ကိုမင်းထက်ကြီး..

ပန်းနှင်းဆီ(ကြယ်ကလေး) said...

နှင်းဆီကို မင်းသမီး ခန့်ပါလားရှင့်...
ဟီး..ဒီကလည်း ရုပ်ရည်ရှိတယ် အိုက်တင်အပြည့်...
နုမလား ကြမ်းမလားကွယ် ရယ်ဒီ လက်စ်ဂိုး....
အို .....ကိုသွားမယ် ဟောလီဝုဒ်....
ဟားဟားဟား....သီချင်းတောင် ဆိုပြသွားသေး....း)