Saturday, December 20, 2008

အနှစ်လေးဆယ်က အကြွေး ငါးကျပ်


"In this day and age promises are made and promises are broken and you lose your faith in human nature".

Jim Webb

“ဒီခေတ်၊ ဒီခါကြီးထဲမှာ ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ပဲ ချိုးဖျက်တတ်ကြတယ်၊ ဒါကြောင့် လူတွေအပေါ် ယုံကြည်မှု မဲ့လာရတာ”
(ဂျင်ဝက်ဘ်)


ချေးတော့ပြုံးပြုံး၊
တောင်းတော့မုန်း၊
မတောင်းလဲခက်၊
တောင်း မိတ်ပျက်။

သူများဆီမှာ ချေးငှါးပြီးရင် ဖြစ်တတ်တဲ့ သဘောလေးပါ။ အားလုံးသိပြီးသား အဆိုလေးတစ်ခုပေါ့။ ကိုယ့်မှာ သုံးဖို့စွဲဖို့ အခက်အခဲရှိလာရှင် အဆင်ပြေလောက်တဲ့ လူတွေ၊ ရင်းနှီးတဲ့ အပေါင်းအသင်းတွေဆီက ချေးကြရ၊ ငှါးကြရတာ သဘာဝပါပဲ။ ဒါဆန်းကြယ်တဲ့ အဖြစ်တော့မဟုတ်ပါဘူး။ ကိုယ့်မှာ အခက်အခဲ ရှိလို့ ချေးငှါးမိပြီးရင် ပြန်ပေးဖို့တော့ သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ အချို့လူတွေဟာ ချေးတဲ့အခါ မျက်နှာတစ်မျိုး၊ အတောင်းခံရတဲ့အခါ မျက်နှာတစ်မျိုးနဲ့ နောက်ဆုံးတစ်ယောက်တစ်ယောက်နဲ့ အခင်အမင်ပျက်သွားတဲ့ အထိ ဖြစ်ကြတာ မကြာခဏဆိုသလို တွေ့ကြရမှာပါ။ လူတိုင်းလောက်နီးပါး အနည်းနဲ့အများ ချေးငှါးဖူးကြမယ်ထင်ပါရဲ့။ ကျနော်လဲ ချေးဖူးငှါးဖူးတာပါပဲ။ ဒါပေမဲ့ သူမတောင်းခင် ကိုယ်က အလိုက်တသိပေးနိုင်တာကတော့ အကောင်းဆုံးပါ။ တောင်းမှ ပေးရတာမျိုးဆိုရင် စိတ်ကသိကအောင့် အင်မတန်နိုင်ပါတယ်။

“အခက်အခဲရှိနေလို့ သူ့ပိုက်ဆံလေး နည်းနည်းပါးပါး ချေးမိပါတယ်။ တောင်းလို့ကို မပြီးနိုင်တော့ဘူး။ တကယ်တည်းမှပဲ၊ သူ့ပိုက်ဆံ တစ်သက်လုံး ပြန်မပေးတော့မှာ ကျနေတာပဲ။ သူဟာကျတော့ မြင်တတ်လိုက်တာ လွန်ပါရော” ဆိုတဲ့လေသံမျိုးနဲ့တောင် တောင်းတဲ့အခါ အပြောခံရတတ်ပါသေးတယ်။ ဖြစ်နိုင်သမျှတော့ မချေးမိ၊ မငှါးမိတာ အကောင်းဆုံးပဲလို့ ကျနော် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းနည်းချေးထားရင် ဒီလောက်နည်းနည်းလေးနဲ့ သူ့အတွက်လဲ အရေးမကြီးပါဘူးလေဆိုပြီး မပေးဖြစ်ပဲ နေမိတတ်တယ်။ များများချေးထားမိပြန်တော့ ကိုယ်ချေးထားသလောက် တစ်ခါတည်း ပြန်မပေးနိုင်တာနဲ့ မနက်ဖန်ပေါင်းများစွာ ရွှေ့ဆိုင်းရင်း ကိုယ်ကတိပြုထားတဲ့ ရက်မှာ ပေးနိုင်ဖို့ အတော့်ကို ခက်သွားတတ်ပါတယ်။

အကြွေးယူထားသူ (မြီစား)မှာလဲ ဘယ်နေ့ပေးနိုင်နိုးနိုးနဲ့ စိတ်စနိုးစနောက်တွေဖြစ်၊ အကြွေးရှင် (မြီရှင်)မှာလဲ ဘယ်နေ့ပြန်ရနိုးနိုးနဲ့ စိတ်ကသိကအောင့်တွေဖြစ်ပြီး ခင်မင်ရင်းနှီးနေတဲ့ သူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ခပ်တမ်းတမ်းဖြစ်သွားကြရတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဗုဒ္ဓဘုရားကလဲ အကြွေးကင်းခြင်းကို ချမ်းသာခြင်းတစ်မျိုးအဖြစ် ဟောကြားတော်မူခဲ့တာ ထင်ပါရဲ့။ ကျနော်ဒီပို့စ်လေးကို ရေးဖြစ်တဲ့အကြောင်းလေးတစ်ခုရှိပါတယ်။ မနေ့က ဘီဘီစီသတင်းတစ်ပုဒ်ထဲမှာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ယူထားတဲ့ စတာလင် (၅)ပေါင်၊(ကျပ် ကိုးထောင်လောက်) ကို အခုမှ ပြန်ဆပ်ရတဲ့ လူတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရတယ်။

မစ္စတာ Jim Webb အပြင်ကပြန်ရောက်ရောက်ချင်း အိပ်ပေါက်ဝမှာ ရောက်နေတဲ့ စာအိပ်လေးတစ်ခုကို ကောက်ယူဖတ်လိုက်တယ်။ စာအိပ်လေးအပေါ်မှာ အောက်ပါအတိုင်း စာတိုလေး နှစ်ကြောင်းရေးထားတာ တွေ့လိုက်ရတယ်။

To
Jim Webb, a good man

From
Gary Fenton, a tardy payer of debts

သို့/
သူတော်ကောင်းကြီး မစ္စတာ ဂျင်မ်ဝက်ဘ်

မှ/
အကြွေးပေးနောက်ကျသူ မစ္စတာ ဂယ်ရီဖဲန်တန်

စာအိပ်ထဲဖွင့်ကြည့်လိုက်တော့ ကဒ်လေးတစ်ခုနဲ့ ပေါင် (၂၀၀) ထွက်လာပါတယ်။ အဲဒီကဒ်မှာ မစ္စတာ ဂယ်ရီက လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က (၁၉၆၉ နှစ်က) Belgium နိုင်ငံ Ostend မြို့၊ သင်္ဘောဆိပ်မှာတွေ့တုန်း မစ္စတာ ဂျင်မ်ဆီက စတာလင်ငါးပေါင် ချေးခဲ့တာကို ပြန်ဆပ်တဲ့အကြောင်း စာတိုလေး ရေးထားပါတယ်။ မစ္စတာဂျင်မ်နဲ့ သူ့သူငယ်ချင်းတို့နှစ်ယောက်ဟာ ၁၉၆၉ နှစ်မှာ ဥရောပတစ်ခွင် ခရီးထွက်တုန်း Ostend သင်္ဘောဆိပ်ရောက်တော့ အသက်နှစ်ဆယ်ခန့်ရှိ Australia လူမျိုးတစ်ယောက်ဟာ လမ်းစရိတ်ပြတ်သွားလို့ သင်္ဘောခပေးဖို့ပိုက်ဆံမရှိတော့တာနဲ့ မစ္စတာဂျင်မ်ဆီက ငါးပေါင်ချေးခဲ့ရရှာပါသတဲ့။

အဲဒီလူငယ်လေးရဲ့နာမည်က ဂယ်ရီဖဲန်တန်ပါ။ သူက ပစ္စတာဂျင်မ်ရဲ့ အိမ်လိပ်စာတွေယူသွားပြီးတော့ တတ်နိုင်တဲ့နေ့ ချက်ချင်းပြန်ဆပ်မယ်ပြောပြီး Australia ကိုပြန်သွားပါတယ်။ ဒါပေမဲ့ ချေးထားတဲ့ငွေပမာဏကလဲ နည်းနည်းလေးဆိုတော့ အရေးမကြီးလို့ မေ့သွားဟန်တူပါရဲ့။ ဒီလိုနဲ့ မေ့မေ့လျော့လျော့ နေလာလိုက်တာ နှစ်ပေါင်းလေးဆယ်လောက်ကြာပြီးမှ ဆစ်ဒနီမြို့ရှိ သူနေတဲ့ အိမ်ထဲ ဟိုရှိဒီရှာလုပ်ရင်းနဲ့ အမှတ်တမဲ့ ပြန်တွေ့ရတဲ့ လိပ်စာကို မြင်ရမှ အကြွေးပေးဖို့ သတိရလာပါသတဲ့။

အဲဒါကြောင့် အင်္ဂလန်ကို လူကိုယ်တိုင်ရောက်လာပြီး ချေးထားတဲ့ ငွေငါးပေါင်ကို အတိုးပါတွက်ပြီး တစ်နှစ် ငါးပေါင်နှုံးနဲ့ ပေါင် (၂၀၀) တိတိ ပေးခဲ့ပါတယ်။ သူပေးခဲ့တဲ့ ပေါင်ငွေ (၂၀၀)နဲ့ စာအိပ်ကလေးကို ကိုင်ပြီးတော့မစ္စတာဂျင်မ်ဟာ အတော်လေး ခံစားသွားရတဲ့အကြောင်းကို အောက်ပါအတိုင်းပြန်ပြောပါတယ်။
"I was quite emotional when I read it. In this day and age promises are made and promises are broken and you lose your faith in human nature".
“သူ့စာဖတ်လိုက်ရတော့ ကျနော်အရမ်းကို ခံစားသွားရတယ်ဗျာ၊ ဒီခေတ်ဒီခါကြီးထဲ လူတွေဟာ လွယ်လွယ်ပဲ ကတိပေးပြီး၊ လွယ်လွယ်ပဲ ဖျက်တတ်ကြတယ်၊ ဒါကြောင့်လဲ လူတွေအပေါ် အယုံအကြည်မဲ့လာရတာပေါ့” တဲ့။

မစ္စတာ ဂျင်မ်က အဲဒီပေါင် (၂၀၀)ကို သူကိုယ်တိုင်မသုံးပဲနဲ့ Charity တစ်ခုကို လှူဒါန်းလိုက်ပါတယ်။ အမှတ်တမဲ့တွေ့ပြီး အမှတ်တရဖြစ်အောင် လုပ်သွားတဲ့ သူ့မိတ်ဆွေအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ကောင်းကင်ဘုံမှာ ပြန်လည်ဆုံစည်းခွင့်ရပါစေ လို့။

အကြွေးကင်းကွာ၊ ဘေးကင်းပါစေသော်။

(http://news.bbc.co.uk/1/hi/england/south_yorkshire/7791427.stm) ကို ကိုးကားရေးပါသည်။

1 comment:

အနမ်း said...

ဟုတ်တယ် ငွေမချေးတာအကောင်းဆုံးပဲမောင်လေးရေ။
အမတော့ ဘယ်တော့မှမချီးဘူး။ တတ်နိုင်ရင် တော့ပေးလိုက်တယ်။ :)