Friday, December 19, 2008

သုညကမ္ဘာက သူငယ်ချင်းတစ်ယောက်

သူငယ်ချင်း
ဒို့နှစ်ယောက် ဆုံခဲ့ပုံလေး ပြန်တွေးနေမိတယ်
ငါ့ရဲ့ Gtalk Box ထဲမှာ စတွေ့တဲ့အချိန်ကပေါ့
(မင်းနဲ့ငါလို့ပဲ သုံးပါရစေ သူငယ်ချင်း)
မနက်မိုးလင်းတိုင်း အင်တာနက်မဖွင့်လိုက်ရရင်
မပြည့်စုံဘူးလို့ ခံစားရတတ်တဲ့ ငါ့ရဲ့အကျင့်လေးတစ်ခုကြောင့်
ငါပိုင်တဲ့ သုံးဆယ့်ငါးပြားတန်ကွန်ပျူတာအစုတ်လေးနဲ့
စိတ်ကောက်မှ လိပ်လောက်သွားတဲ့ အင်တာနက်ကွန်နက်ရှင်ကို
စိတ်အားထက်သန်စွာနဲ့ဖွင့်ကြည့်လိုက်မိတယ်
စိတ်ဝင်စားစရာကောင်းတဲ့ နာမည်လေးတစ်ခု
သူ့ကိုလက်ခံဖို့အတွက် Yes or No မေးလာတယ်
လက်ခံသင့်/လက်မခံသင့်တစ်ခါမှ မစဉ်းစားခဲ့ဘူးတဲ့ငါ
ဒီတစ်ခါတော့ စဉ်းစားလိုက်မိတယ်
ဘာ့ကြောင့်လဲဆိုတော့
နာမည်လေးက စိတ်ဝင်စားစရာသိပ်ကောင်းနေလို့ပဲ

အဲဒီနာမည်လေးက
သာယာတဲ့ချိုတေးသံနဲ့အတူ
ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေတဲ့

မြစ်တစ်ခုကိုလဲ ကိုယ်စားပြုတယ်
သန့်ရှင်းစဉ်ကြယ်မှုနဲ့အတူ
အေးမြခြင်းသဘောကိုဆောင်တဲ့

နှင်းပွင့်လေးတွေကိုလဲ ကိုယ်စားပြုတယ်
နူးညံ့သိမ်မွေ့မှုနဲ့အတူ
အာရုံသင်းပျံ့ မွှေးရနံ့ရှိတဲ့
နံ့သာရည်စက်လေးတွေကိုလဲ ကိုယ်စားပြုတယ်
ဒီလောက်လှပပြီး ဒီလောက်အဓိပ္ပါယ်ပြည့်ဝတဲ့ နာမည်ပိုင်ရှင်ဟာ
ငါ့လို အညတြ
ဘာမဟုတ်တဲ့လူတစ်ယောက်ရဲ့Boxထဲ လက်ခံရမှာ

မ၀ံ့မရဲဖြစ်သွားမိသလိုပဲ
ဒါပေမဲ့
အဲဒီနာမည်လေးကို အတွေးများစွာနဲ့အတူ
ငါ Yes ပေးလိုက်တယ်


သူငယ်ချင်း
ပထမဆုံး မင်းမိတ်ဆက်တဲ့ စကားတစ်ခွန်း မှတ်မိသေးလား
Hello တဲ့
ပြီးတော့ ဘာပြောရမှန်းမသိဘူးတဲ့
နာမည်ကို စိတ်ဝင်စားနေတဲ့ ငါ့အတွက်
အဲဒီပုံစံမျိုးနဲ့ ၀င်လာတာလေးကလဲ
စိတ်ဝင်စားစရာဖြစ်လာတယ်

ဒီလိုနဲ့ ငါတို့နှစ်ယောက်
မမြင်ဖူးပဲ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်

အဲဒီအချိန်ထိတော့
သာမန်အွန်လိုင်းပေါ်မှာတွေ့နေကျသူငယ်ချင်းတွေပါပဲ

ဒါပေမဲ့
ငါ့တို့နှစ်ယောက်ရဲ့ အတားဆီးမဲ့ ရင်းနှီးမှုကို
ဖြစ်စေတဲ့ အကြောင်းလေးတစ်ခုပေါ်လာတယ်

မင်းဟာ ငါရေးတဲ့ စာတွေကို အမြဲဖတ်ပြီး အမြဲအားပေးတယ်
သူများတွေ ဥပေက္ခာပြုထားတဲ့ ငါ့စာတွေကိုတောင်
တကူးတကဖတ်ပြီး ငါ့ကို မင်းအားပေးခဲ့တယ်
မင်းဟာ ငါ့ကို စိတ်ဓာတ်ရေးရာအရ
ဖြည့်ဆည်းပေးတတ်တဲ့ သူတစ်ယောက်လို့
ငါ့ရင်ထဲက မှတ်ယူလိုက်တယ်

အမြဲတန်းမချီးကြူးတတ်တာလဲ
မင်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ပါပဲ

ငါ့ရဲ့အားနည်းချက်တွေကို မြင်တတ်ကြည့်တတ်ပြီး
ငါ့ကို ပြုပြင်စေခဲ့တယ်

ငါ့ဘ၀ရဲ့ တစ်နေရာမှာ
မင်းရှိနေလို့ ငါတကယ်အားရှိတယ်ဆိုတာ ယုံပါ


သူငယ်ချင်း
ငါတို့နှစ်ယောက်ဟာ ဆုံမှတ်မရှိတဲ့ သုညဇုန်မှာ
မထင်မှတ်ပဲတွေ့ခဲ့ကြတယ်

ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ဂဏန်းချပြီးရေတွက်လို့ မရနိုင်ဘူး
အသင်္ချေဆိုတဲ့ ကိန်းဂဏန်းတွေဟာ
ဒို့နှစ်ယောက်ရဲ့ ဆုံမှတ်အောက်မှာ
တန်ဘိုးမရှိတဲ့ အရေအတွက်တွေဖြစ်သွားခဲ့ပြီ

ဒို့နှစ်ယောက်ရဲ့ခင်မင်မှုဟာ
မောင်နှမတို့ရဲ့ ချစ်ခြင်းနဲ့လဲ ကွဲပြားတယ်
ချစ်သူနှစ်ဦးရဲ့သံယောဇဉ်မျိုးနဲ့လဲ နှိုင်းယှဉ်လို့မရနိုင်ဘူး
ဇနီးမောင်နှံတို့ရဲ့မေတ္တာနဲ့လဲ ယှဉ်ပြလို့ မဖြစ်ဘူး
ငါတို့နှစ်ယောက်ရဲ့ခင်မင်မှုဟာ
အချစ်ဆိုတဲ့ ရောင်စုံခံစားချက်တစ်မျိုးလဲ မဟုတ်ဘူး
မေတ္တာဆိုတဲ့ သီးခြားအရောင်တစ်မျိုးလဲ မဟုတ်ဘူး
သံယောဇဉ်ဆိုတဲ့ နှောင်ဖွဲ့မှုမျိုးလဲမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့
ငါတို့နှစ်ယောက်ရဲ့ နှလုံးသားတွေဟာ
တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့အခါတွေမှာ
အေးမြနေသလို
တွေ့နေရတဲ့အခါမှာလဲ ဘာပူလောင်မှုမရှိဘူး
သုညကို အခြေခံပြီး ခင်မင်လာတဲ့အတွက်
သုညပြန်ဖြစ်သွားလဲ ခင်မင်မြဲ ခင်မင်နေဦးမှာပဲ
အရောင်မရှိတဲ့ ဟင်းလင်းပြင်မှာ ခင်မင်လာတဲ့အတွက်
အရောင်တွေ ပျက်ပျယ်သွားလဲ ခင်မင်မှုက တည်ရှိနေဆဲပဲ
ဂုဏ်မရှိတဲ့ဒြဗ်နဲ့ ခင်မင်လာတဲ့အတွက်
ဂုဏ်မဲ့သွားတဲ့ အချိန်မှာလဲ
ဒို့ရဲ့ခင်မင်မှုဟာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး
ဘာမှ မသိပဲနဲ့ ခင်မင်လာတဲ့ ဒို့နှစ်ယောက်ဟာ
ဘာကိုမှလဲ ထပ်ပြီး သိစရာမလိုတော့သလို
ဘာမှမရှိပဲနဲ့ ခင်မင်လာတဲ့ ဒို့နှစ်ယောက်အတွက်
ဘာများထပ်ပြီး ရှိဖို့လိုသေးလဲ
ရှိခြင်းသဘောကို အခြေပြုပြီး
ခင်မင်လာတဲ့ သူတွေအတွက်တော့

ရှိခြင်းသဘောတရားဆိုတာ
ခင်မင်မှုအတွက် လိုအပ်တဲ့ အထောက်အပံ့တစ်ခုပေါ့
ဒါပေမဲ့
ဒို့နှစ်ယောက်အတွက်တော့
ရှိခြင်းသဘောတရားဟာ မရှိမဖြစ်အရာမဟုတ်ခဲ့ဘူး

မရှိခြင်းဆိုတဲ့ ကမ္ဘာထဲမှာတောင်
ခင်မင်မှုကို ထူထောင်နိုင်သေးတဲ့ ဒို့နှစ်ယောက်ဟာ
ရှိခြင်းဆိုတဲ့ ကမ္ဘာထဲမှာ ဘာများပြောစရာလိုဦးမှာလဲ
ဒါပေမဲ့
ငါစိုးရိမ်မိတာ တစ်ခုရှိတယ်

အဲဒါကတော့ ငါတို့နှစ်ယောက်စလုံးရဲ့စိတ်ဟာ
ရှိခြင်းသဘော ဟန်ဆောင်ထားတဲ့
မရှိခြင်းသဘောတွေကို

အဟုတ်ထင်သွားမှာကိုပါပဲ
မင်းဆီမှာ ဘာပဲရှိရှိ
ငါ့ဆီမှာလဲ ဘာပဲရှိရှိ
အဲဒီရှိခြင်းသဘောတွေကို မျက်ကွယ်ပြုပြီး
အရောင်မရှိတဲ့ခင်မင်မှု
ဂုဏ်မရှိတဲ့ခင်မှု
သုညကို အခြေခံတဲ့ ခင်မှုမျိုးတွေနဲ့သာ
ရှေ့ဆက်နိုင်မယ်ဆိုရင်

ငါတို့ရဲ့ အနာဂတ်ဟာ
ငါယုံတယ်လေ
အမြဲတမ်းလှပနေမှာပဲလို့။


(ကျနော့်သူငယ်ချင်း နဒီအတွက် ဒီကဗျာကို ရေးပါသည်။)

No comments: