Thursday, December 4, 2008

ဘလော့ဂါဘဝ


အရှုံးအမြတ် ဆိုတာတွက်ပြီး၊
အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာလား သူငယ်ချင်း။
တို့ ဘလော့ဂါတွေရဲ့ ပန်းတိုင်ဟာ၊
တို့ရင်ထဲက ခံစားချက်ကို လွတ်လပ်စွာ ရေးသားဖို့ပါ။
ဘလော့ဆိုတာ ကိုယ်ပိုင်ဒိုင်ယာရီလေးတစ်ခုပဲလေ။
ကိုယ့်ရင်ထဲက ဆန္ဒလေးတစ်ခုကို၊
ကိုယ့်မျက်စိနဲ့ ပြန်မြင်အောင်ပြတဲ့ ကြည့်မှန်လေးတစ်ချပ် ဆိုပါတော့။
တွေးမိသမျှကို ရေးကြည့်မယ်။
ငေးမိသမျှကိုလဲ ရေးကြည့်မယ်။
ရေးမိသမျှကို ကိုယ့်ဖာသာပြန်ဖတ်ရင်း ငိုမယ်၊ ရယ်မယ်။
ကိုယ်ရေးတာကို သူများဖတ်မိလို့ ကောင်းတယ်ပြောရင်လဲ ပျော်လိုက်မယ်။
မကောင်းဘူးပြောရင်လဲ ကိုယ့်ချို့ယွင်းချက်ကို ပြန်ရှာမယ်။
ဘာမှမပြောရင်လဲ အသိအမှတ်အပြုမခံရတဲ့ အညတြဘ၀နဲ့ ရှင်သန်မယ်။
ဒီအတွက် ကိုယ့်မှာ ဘာမှ အရှုံးထွက်စရာမရှိဘူး။
ရေးမိသမျှကိုတော့ ချီးမွမ်းခံရသည်ဖြစ်စေ၊ ကဲ့ရဲ့ခံရသည်ဖြစ်၊ အမြတ်လို့ပဲမှတ်ယူမယ်။
တကယ်တော့ ဘလော့ဂါဘ၀ဟာ အမြတ်ချည်းပါပဲ။
တစ်ခုတော့ ရှိတယ်၊ ရိုးသားရမယ်။
သူများစာကို ကိုယ့်စာမလုပ်ကြေး။
ကိုယ့်ကိုယ်ကိုလဲ ရိုးသားရမယ်၊ ကိုယ့်စာဖတ်မိတဲ့ လူတွေအပေါ်လဲ ရိုးသားရမယ်။
ကိုယ်ကြိုက်တာ ကိုယ်ရေးမယ်။
ဒီလိုရေးချင်လို့ကို ဘလော့ဂါဖြစ်လာခဲ့တာပဲ။
ကိုယ်ရေးသမျှဟာ ကိုယ့်တာဝန် ဆိုတဲ့ စည်းကမ်းကိုတော့ လိုက်နာ။
ဒီတော့ ဒီတော့၊
သူငယ်ချင်းရေ၊
အရှုံးလဲ မတွက်နဲ့။
အရှုံးတွက်ရင် သိမ်ငယ်မယ်။
အမြတ်လဲ မတွက်နဲ့။
အမြတ်တွက်ရင် စိတ်ကြီးဝင်မယ်။
သင်တွေးသမျှကို သင်ရေး။
အထင်သေးမှာကိုလဲ ထည့်မတွက်ပါနဲ့။
တင်ပေးသင့်သမျှကို တင်ပေး။
ရင်လေးစရာဆိုလဲ မငဲ့ကွက်နဲ့။
ဒါဟာ တို့ရဲ့ လွတ်လပ်ရာနယ်မြေ။
သူများအပေါ်လဲ မနှိပ်ကွတ်နဲ့။
ကိုယ့်ကိုယ်ကိုလဲ မ၀ါကြွားနဲ့
ဒါသမားတွေနဲ့ တွေ့ရင် ဒုက္ခရောက်သွားမယ်။
အဲဒီတော့ သူငယ်ချင်းရေ့---၊
လမ်းကြောင်းမှန်ကို ရွေးချယ်၊
စမ်းချောင်းအသံကို တေးသဘွယ်ဆိုငြီးကာ၊
ရင်ခုန်သံလေးတွေ မရပ်တန့်ခင်၊
ရှေ့ဆက်ကြမယ် သူငယ်ချင်း။
(သူငယ်ချင်း ဒီဇင်ဘာကို ရည်စူးပါသည်။)

No comments: