Wednesday, December 10, 2008

သူတို့ဆီမှာတော့ ဒီလိုပဲ

We not only saved the world= ကျနော်တို့ဟာ ကမ္ဘာကြီးကိုသာ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ရဲ့စကားကြောင့် အောက်လွှတ်တော် ခန်းမကြီးတစ်ခုလုံး ၀ါးလုံးကွဲမျှ ရယ်သံတွေလွှမ်းသွားခဲ့တယ်။ အထူးသဖြင့် မစ္စတာဘရောင်းရဲ့ အမှားကို ချောင်းနေတဲ့ အတိုက်အခံ Conservative Party အဖွဲ့ဝင်တွေအတွက် ဟားဖို့ အကွက်ဝင်သွားခဲ့ရပါတယ်။ ဟားရုံတင်မကပါဘူး၊ တစ်ယောက်တစ်ပေါက်နဲ့ ၀န်ကြီးချုပ်ကို ၀ိုင်းတွယ်လိုက်ကြတာ ၀န်ကြီးချုပ်ခမျှာ မျက်နှာငယ်လေးနဲ့ သနားစရာပင် ကောင်းသေးတော့တယ်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ရတာကလဲ အတော်မသက်တဲ့ ဘ၀ထင်ပါရဲ့။ တော်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်သလို တင်္ခဏုပ္ပတ္တိဉာဏ်လဲ ကောင်းဖို့အတော်လိုအပ်ကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့အတိုက်အခံပါတီဘက်က အရည်အချင်းရှိပြီး သိပ်တော်နေတဲ့ခါ အပြောအဆိုကအစ အတော့်ကို ထိမ်းထိမ်းသိမ်းသိမ်းပြောရမယ့် အနေအထားပါ။ အခုပဲကြည့်လေ၊ လက်ရှိအင်္ဂလန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဘဏ်တွေရဲ့ အကြပ်အတည်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရတဲ့ အစည်းအဝေးမှာ ၀န်ကြီးချုပ်ခမျှာ ရှင်းပြချင်ဇောအားကြီးပြီး ကျနော်တို့ဟာ “ကမ္ဘာကြီးကိုသာ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး” တဲ့။

ဒီစကားကြောင့် နဂိုကမှ စကားကသွက်သွက်၊ ဉာဏ်ကထက်ထက်နဲ့ အကွက်ချောင်းနေတဲ့ အတိုက်အခံခေါင်းဆောင် David Cameron အတွက် ဟားစရာတင်မကဘူး၊ ထောက်ပြဝေဘန်စရာတွေ အများကြီးဖြစ်ခဲ့ရပါတယ်။ ကင်မရွန်းက "He's so busy talking about saving the world, he's forgotten about the businesses in the country that he's supposed to be governing." “၀န်ကြီးချုပ်ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အရေး အပူတပြင်းဆွေးနွေးနေရလို့ သူအုပ်ချုပ်နေရပါတယ်ဆိုတဲ့ တိုင်းပြည်အတွင်း စီးပွါးရေးကိစ္စကိုတောင် မေ့သွားရှာတယ်” လို့ချက်ချင်းပြန်တွယ်လိုက်တယ်။ Torry လို့ခေါ်တဲ့ Conservative အဖွဲ့သားတွေကတော့ တ၀ါးဝါးပေါ့။

ဘယ်လောက်ဟားကြသလဲဆိုရင် The Speaker သဘာပတိကြီးက အပေါ်ကနေပြီး Order--Order လို့အကြိမ်ကြိမ် လှမ်းအော်နေတာကိုတောင် ဂရုမစိုက်နိုင်ကြတော့ဘူး။ နောက်ဆုံးသဘာပတိကတောင် လက်လျှော့ပြီး ၀န်ကြီးချုပ်ကို ဆက်ပြောခိုင်းလိုက်ရတဲ့ အဖြစ်။ တကယ်တော့ ၀န်ကြီးချုပ်ပြောချင်တဲ့စကားက "We saved the banks and led the world" ကျုပ်တို့ဟာ ဘဏ်တွေကို ကယ်တင်ခဲ့ပြီး ကမ္ဘာကို ဦးဆောင်ဦးရွက် ပြုခဲ့ကြတယ်” လို့ဆိုချင်တာပါ။

ဝန်ကြီးချုပ်က သူ့စကားကိုဖာထေးရင်း ဆက်ပြောပါတယ် "The opposition may not like the fact that we led the world in saving the banking system, but we did." “အတိုက်အခံတွေကတော့ ကျုပ်တို့လေဘာအစိုးရဟာ ဘဏ်စနစ်ကို ကယ်တင်ပြီး ကမ္ဘာကို ဦးဆောင်ခဲ့တယ်ဆိုတဲ့အချက်ကို ကြိုက်ချင်မှ ကြိုက်မယ်၊ ဒါပေမဲ့ ကျုပ်တို့ကတော့ ကြိုက်တယ်ဗျာ” တဲ့။ ဒီလိုနဲ့ အတိုက်အခံဘက်က ဝေဘန်လိုက်၊ အစိုးရဘက်က ချေပလိုက်နဲ့ နိုင်ငံအတွက် အဖြေရှာကြပါတယ်။

အဲဒီလိုအစည်းအဝေးမျိုးကို အတိုက်အခံပါတီတွေနဲ့ လက်ရှိအာဏာရပါတီဟာ တစ်ပတ်မှာ တစ်ကြိမ်၊ တစ်လလေးကြိမ် ပုံမှန်လုပ်ပါတယ်။ လုပ်တဲ့အခါလဲ လူမသိ၊ သူမသိမဟုတ်ပါဘူး။ အတိုက်အခံဘက်က ပြောသမျှ၊ အစိုးရဘက်ကပြောသမျှတွေကို ချက်ချင်းထုတ်လွှင့်ပေးပါတယ်။ ပြည်သူလူထုတွေဟာ အုပ်ချုပ်သူတွေ ဘာတွေပြောဆိုဆွေးနွေးနေကြသလဲဆိုတာ နောက်နေ့သတင်းစာစောင့်ဖတ်စရာမလိုပါဘူး။ ချက်ချင်းကြည့်၊ ချက်ချင်းသိရပါတယ်။ ပြီးတော့ ဘယ်သူက ဘယ်သူ့ထက်ပိုတော်ပြီး၊ ဘယ်သူက ဘယ်သူထက်ပိုပြီး နိုင်ငံအတွက် အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ ဝေဘန်နိုင်ကြပါတယ်။

ကျနော်အကြိုက်ဆုံးကတော့ အစိုးရခေါင်းဆောင်နဲ့ အတိုက်အခံခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်ဆွေးနွေးပြီး မကြိုက်တာတွေ့ရင်လဲ အတိုက်ခံဘက်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောတာကို အစိုးရခေါင်းဆောင်က ပြုံးပြုံးလေးလုပ်ပြီး ပြန်ချေပတာတွေကိုပါပဲ။ တစ်ခါတစ်လေ အတိုက်အခံခေါင်းဆောင် ဒေးဗစ်ကင်မရွန်းပြောတဲ့စကားတွေဟာ ရစ်သီးလွန်းတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုအပြောခံရတဲ့အခါတိုင်း ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းရဲ့မျက်နှာဟာ ပြုံးနေတတ်ပါတယ်။

ကျနော်တစ်ခါတစ်လေ စိတ်ကူးယဉ်အိပ်မက်မက်မိတယ်။ “ဒီလို အစိုးရမျိုး ငါတို့နိုင်ငံမှာရှိရင်၊ သို့မဟုတ် ငါကိုယ်တိုင် ဒီလိုအစိုးရမျိုးအုပ်ချုပ်တဲ့ နိုင်ငံမှာ တင်းပြည့်ကျပ်ပြည့်နိုင်ငံသားတစ်ယောက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ” လို့။ တစ်နေ့နေ့တော့ ဖြစ်မှာပေါ့လေ။ ဟုတ်ဘူးလား။ လာမည်ကြာမည်၊ မျှော်-----။

သတင်းပါ မီးနင်းများ
(၁) gaffe = လူသိရှင်ကြား ချွတ်ချော်မှု၊
(၂) howls of laughter = ကျယ်လောင်ဆူညံတဲ့ ရယ်သံများ၊
(၃) verbal faux pas = စကားချော်လွဲမှု၊
(၄) The Speaker = သဘာပတိကြီး၊
(၅) jeered = ဟားတိုက်လှောင်ပြောင်သည်၊
(၆) detractors = တစ်ဘက်သားသိက္ခာကျအောင် အပြစ်ဝေဘန်သူများ၊

(http://news.bbc.co.uk/1/hi/uk_politics/7724210.stm) ကို ကိုးကားဖေါ်ပြပါသည်။



No comments: