Sunday, November 30, 2008

မြန်မာပြည်နတ်ကိုးကွယ်မှုနှင့် ဘာသာရေးပြဿနာ


နိုဝင်ဘာလ (၂၆)ရက်နေ့က ကျနော့်ကို အင်တာဗျူးတဲ့ ဘီအေ ပထမနှစ်ကျောင်းသားကျောင်းသူ (၅)ယောက်ထဲက Sara ဆိုတဲ့ကျောင်းသူလေးရဲ့ ဆေးမှင်ကြောင်ထိုးခြင်းကိစ္စနဲ့ပတ်သက်တဲ့ ပြဿနာကို ကျနော်ရေးခဲ့ပြီးပါပြီ။ အခု ကျနော်ဒုတိယအကြိမ် ဆက်လက်တင်ပြချင်တဲ့ နောက်ပြဿနာတစ်ခုကတော့ Jenny ဆိုတဲ့ကျောင်းသူလေးရဲ့ပြဿနာ။

သူက ကျနော့်ကို မေးခွန်းတစ်ခုမေးတယ်။ “ရှင်တို့မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာနဲ့ ဘယ်လို ပတ်သက်ပါသလဲ”တဲ့။ အချိန် (၁၅)မိနစ်အတွင်း မေးခွန်း ငါးခု၊ ခြောက်ခုလောက်ကို ဖြေရမှာမို့ မေးခွန်းတစ်ခုအတွက် အချိန်အများကြီးမပေးနိုင်လို့ တိုကျဉ်းလိုရင်းလောက်ပဲ ဖြေခဲ့ရပါတယ်။ တကယ်တော့ ဒီမေးခွန်းကို အချိန်အတော်ယူပြီးဖြေမှ ပြည့်စုံမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ရှုပ်ထွေးလှလွန်းလို့ပါပဲ။

အခုလက်ရှိမြန်မာပြည်မှာ ကိုးကွယ်နေတဲ့ နတ်တွေကို ကြည့်လိုက်ရင် မူးရစ်ရမ်းကားပြီး အစိမ်းသေသေတဲ့ နတ်စိမ်းတွေက ခပ်များများ။ အိမ်နတ်အုန်းသီးလုပ်ပြီး အကိုးကွယ်ခံရတဲ့ ပန်းပဲမောင်တင့်တယ် တစ်ယောက်ပဲ နတ်ကျက်။ သူကတော့ ကျက်သလားမမေးနဲ့၊ တရုတ်စကားပင်မှာ ကြိုးတုတ်ပြီး မီးရှို့အသတ်ခံရတာ။ ဒါကြောင့်သူက တရုတ်စကားပွင့်နဲ့ မီးကို မုန်းသတဲ့။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ကို သုံးကြိမ်သုံးခါဆိုပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတစ်ယောက်ဟာ အရိယာဂိုဏ်းဝင်မဟုတ်တဲ့ နတ်တွေကို ရှိခိုးလိုက်တာနဲ့ သရဏဂုံပျက်သွားပါတယ်။ သရဏဂုံပျက်တယ်ဆိုတာ အဲဒီအမျိုးသား သို့မဟုတ် အမျိုးသမီးဟာ နောက်ထပ် သရဏဂုံမဆောက်တည်သရွေ့ ဗုဒ္ဓဘာသာဝင် မဟုတ်တော့ပါဘူး လို့ဆိုလိုပါတယ်။ ဒါကို အင်မတန်သတိထားရပါတယ်။

တကယ်တော့ ကျနော်တို့မြန်မာပြည်က (၃၇)မင်းဝင်နတ်တွေဟာ ဘယ်သူကစပြီး နတ်ဖြစ်အောင်လုပ်လိုက်လို့ နတ်ဖြစ်လာတယ်တော့ မသိပါဘူး။ သူတို့သေပုံသေနည်း လိုက်ကြည့်ရင် နတ်ဖြစ်စရာအကြောင်း နည်းနည်းမှကို မတွေ့ရပါဘူး။ ဖြစ်ကောင်းဖြစ်ရင် ငရဲသွားစရာရှိတယ်၊ အစိမ်းသရဲဖြစ်စရာရှိတယ်၊ ပြိတ္တာဖြစ်စရာရှိတယ်။ တိရစ္ဆာန်လဲ ဖြစ်သွားနိုင်တယ်။ ဘာ့ကြောင့် ဒီလိုပြောနိုင်သလဲ ဆိုတော့ ကျနော်တို့ ဘုရားမြတ်စွာဟောခဲ့တဲ့စကားတော်တွေ ရှိပါတယ်။ ကျနော် သေချာအောင် ဘုရားစာပါဠိတွေကို သက်ဆိုင်ရာစာအုပ်က ကူးယူပြီး မြန်မာပြန်နှင့်တကွ ဖေါ်ပြပေးပ့ါမယ်။

“ဣဓာဟံ ဘိက္ခဝေ ဧကစံ္စ ပုဂ္ဂလံ ပဒုဋ္ဌစိတံ္တ ဧ၀ံ စေတသာ စေတော ပရိစ္စ ဇာနာမိ၊ ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ၊ ယထာဘတံ နိက္ခိတ္တော ဧ၀ံ နိရယေ”။ “ချစ်သား ချစ်သမီးတို့၊ ဟောဒီလောကကြီးထဲ ဘယ်သူဘယ်ဝါတွေရဲ့ စိတ်ဟာ ရာဂစသည်ကြောင့် ပျက်စီးနေရတယ် ဆိုတာကို ငါဘုရားရဲ့စိတ်နဲ့ ဂဂနန သိတော်မူပါတယ်။ အဲလို စိတ်ဓာတ်ရေးရာပျက်ပြားနေတဲ့အခိုက်မှာ သေဆုံးသွားခဲ့မယ်ဆိုရင် အဲဒီသတ္တ၀ါဟာ ငရဲရောက်ရရှာမှာပဲ”။
(ပိုဒ်ရေ (၄၃)၊ အမှတ် (၅) ပဏီဟိတအစ္ဆ၀ဂ္ဂ၊ ဒုကနိပါတ၊ အင်္ဂုတ္တရနိကာယ)။

ဒီဘုရားစကားတော်အရ (၃ရ) မင်းဝင်နတ်တွေရဲ့ သေပုံသေနည်းကို လေ့လာလိုက်ရင် ကုသိုလ်စိတ်ဖြစ်ပြီး သေခွင့်မရပဲ၊ အကုသိုလ်စိတ် အတုံးလိုက် အတစ်လိုက်ဝင်ပြီး သေကြမှာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ နတ်ဖြစ်ဘွယ်လမ်းမမြင်ကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ဒီနတ်ဆိုတဲ့ အစိမ်းသရဲတွေကို ကိုးကွယ်သင့် မကိုးကွယ်သင့် စာဖတ်သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

အသက် (၉၅)နှစ်အရွယ်ရောက်မှ ကွယ်လွန်သွားတဲ့ ကျနော့် ဘေးကြီးက သူမသေခင်တုန်းက သတင်းကျွတ်ကာလ၊ ဆွေမျိုးတွေ စုပေါင်းကန်တော့တဲ့ ပွဲတစ်ခုမှာ ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းကို အခုထိ ကျနော့်နားထဲ စွဲနေသေးတယ်။ “ငါတို့အမျိုးထဲမှာ ဘယ်သူမှ နတ်ကို မကိုးကွယ်ကြဘူး၊ ဒီဖေသန်း ဆိုတဲ့ကောင်ရောက်လာမှ သူနဲ့အတူ အိမ်ပေါ် အုန်းသီးပါရောက်လာတာ၊ ငါ့အသက် အခု (၉၀)နားနီးပြီ။ တစ်ခါမှ နတ်ကို မကိုးကွယ်ဖူးဘူး၊ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလကို လုံအောင်စောင့်ထိမ်းနိုင်ရင် ဘာအန္တရာယ်မှ မကျရောက်နိုင်ဘူး၊ မင်းတို့လဲ မြဲမြဲမှတ်ထားကြ”။ ကျနော်ဘေးကြီးရဲ့စကားပါ။

အခုထိကျနော်ပြောခဲ့တဲ့အကြောင်းအရာတွေကို သုံးသပ်လိုက်ရင် မြန်မာပြည်သူတွေရဲ့ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာနဲ့ လားလားမျှ မသက်ဆိုင်ကြောင်း နားလည်နိုင်ပါပြီ။ ဒါဖြင့်ရင် ဘုရားဟောကျမ်းစာတွေထဲမှာရော နတ်ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး ဘာမှပြောထား၊ ဟောထားတာ မရှိဘူးလား။ ကျနော်ဖတ်ထားဖူးတဲ့ ဘုရားစာတွေထဲက အကြောင်းအရာလေးတစ်ခုကို ထုတ်ပြချင်ပါတယ်။

ကျနော်တို့မြန်မာစကားမှာ “သမင်မွေးဘိ၊ ကျားစား၏သို့” ဆိုပြီး စကားပုံထားခဲ့တာရှိပါတယ်။ အဲဒီစကားပုံဟာ ကာဠယက္ခိနီလို့ခေါ်တဲ့ ဘီလူးမ မညိုရဲ့ ဇာတ်လမ်းကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။ မညိုဘီလူးမဟာ အရင်ဘ၀တွေမှာ သူ့ရဲ့ရန်သူအမျိုးသမီးတစ်ယောက်အပေါ် အခဲမကျေဖြစ်ပြီး ဆုတောင်းမှားခဲ့ရာကနေ သူက ကြက်ဖြစ်လိုက်၊ ကိုယ်ကကြောင်ဖြစ်လိုက်၊ စားလိုက်။ ကိုယ်က သမင်ဖြစ်လိုက်၊ သူကကျားဖြစ်လိုက်၊ အစားခံလိုက်၊ နောက်ဆုံးဘုရားရှင်လက်ထက်မှာ သူက လူလာဖြစ်၊ ကိုယ်က ဘီးလူဖြစ်တော့ သူ့ကလေးတွေကို လိုက်စားရာကနေ ဘုရားရှင်နဲ့တွေ့၊ တရားနာပြီး သောတာပန်တည်သွားတဲ့ သူတစ်ယောက်ပါ။ ပြောမယ်ဆိုရင် အရိယာသံဃာဂိုဏ်းဝင်ဖြစ်သွားပါတယ်။

သောတာပန်အရိယာတစ်ယောက်ဖြစ်သွားတဲ့ မညိုဟာ သူများအသက်သတ်စားမှ အသက်ရှင်ရတဲ့ ဘီလူးဘ၀မှာ ဆက်လက်ရပ်တည်ဖို့ခက်သွားပါတယ်။ ဒါကြောင့် ဘုရားရှင်ရှေ့တော်မှောက်မှာပဲ မျက်ရည်ကလေးဝဲနေတာကို မြတ်ဘုရားက မြင်တော်မူလို့ မေးတော့ သူ့အသက်ရှင်ရေးအတွက် စဉ်းစားပြီး အဖြေမတွေ့လို့ ငိုမိကြောင်း လျှောက်ထားရှာတယ်။ ဘုရားမြတ်စွာကလဲ စိတ်မပူဖို့ပြောပြီး သူ့ရန်သူဟောင်း အမျိုးသမီးကို မညိုအတွက် အိမ်မှာ တစ်နေရာပေးပြီး ထမင်းစသည်ကျွေးမွေးဖို့ မှာကြားအမိန့်ရှိလိုက်တယ်။ အမျိုးသမီးလဲ သောတာပန်ဖြစ်သွားတဲ့ ဘီလူးမကို မကြောက်တော့ပဲ ဘုရားရှင်ပြောတဲ့အတိုင်း အိမ်ပေါ်တင်ကျွေးထားတယ်။ ဒါပေမဲ့ ကလေးတွေဆူလို့ မနေနိုင်တာနဲ့ ဟိုပြောင်းဒီပြောင်းလုပ်ရင်းက နောက်ဆုံးရွာ့အပြင်ဘက် ဆိပ်ငြိမ်တဲ့နေရာတစ်ခုမှာ နတ်ကွန်းငယ်လေးဆောက်ပြီး ထားလိုက်တယ်။

ထမင်းစသည်ကိုလဲ နေ့တိုင်းနေ့တိုင်း သွားပို့ပေးတယ်။ ဘီလူးမလဲ အရိယာပီပီ ကျေးဇူးသိတတ်တဲ့အတွက် သူ့အပေါ်ပြုစုနေတဲ့ အမျိုးသမီးကို ကျေးဇူးဆပ်ဖို့ စဉ်းစားတယ်။ ဒီလိုနဲ့ ဘယ်နှစ်တွေမှာ မိုးကောင်းမယ်၊ ကုန်းမြင့်ဒေသတွေမှာ စပါးစိုက်၊ ဘယ်နှစ်တွေမှာ မိုးခေါင်မယ်၊ နိပ်ရာအရပ်တွေမှာ စပါးစိုက် စသည် အကြံအဉာဏ်တွေ ပေးတယ်။ အမျိုးသမီးလဲ မညိုပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်တော့ သူများလယ်ယာတွေထက် စပါးထွက်အားကောင်းတယ်။ ဒီလိုနဲ့ သူများတွေကမေးလို့ အကြောင်းမှန်ကို ပြောပြလိုက်ရာကနေ အဲဒီနယ်ကလူတွေဟာလဲ မညိုဘီလူးမကို ထမင်းစသည် ဆက်သပူဇော်လာကြတယ်။ အဲဒီအစဉ်အလာကနေ စပါးစိုက်ရာသီတွေရောက်ရင် အချို့အရပ်တွေမှာ ပုန်းမကြည်နတ် သို့မဟုတ် ပုတ်မကျီနတ် (စကားချပ်။ ပုတ်မကျီ၊ အညာဒေသမှာ စပါးထည့်တဲ့ ကျီကို ပုတ်မလို့ခေါ်ကြောင်း မှတ်သားရပါတယ်။ စပါးထည့်တဲ့ ကျီကို စောင့်တဲ့နတ်လို့ ယုံကြည်ကြဟန်တူပါတယ်။) ပူဇော်ပွဲဆိုပြီး လုပ်ကြတာတွေ့ရတယ်။
(ကာဠယက္ခိနီဝတ္ထု၊ ယမက၀ဂ္ဂ၊ ဓမ္မပဒအဋ္ဌကထာ)

ဒါကတော့ ကျနော်လက်လှမ်းမီသလောက် ဘုရားစာပေထဲက အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကြည့်ရင် ဘုရားရှင်က သောတာပန်ဖြစ်နေတဲ့ အရိယာပုဂ္ဂိုလ်ဘီလူးမကိုတောင် ကိုးကွယ်ဖို့ပြောခဲ့တာမဟုတ်ဘူး၊ အစားအသောက်ဆင်းရဲရှာလို့ အိမ်ပေါ်တင်ကျွေးထားလိုက်လို့ပဲ မှာကြားတော်မူခဲ့တာ။ နောက်ပိုင်း လူတွေက မိမိတို့လယ်မှာ စပါးအထွက်ကောင်းဖို့ အလုအယက်ပူဇော်ကြရင်းနဲ့ မညိုခမျှာလဲ ပုန်းမကြည်နတ် ဖြစ်သွားရရှာတာ။

နောက်တစ်ခုက ဘိုးတော်သိကြား။ ဘိုးတော်သိကြားရုပ်တုဆိုပြီး ဘုရားစေတီတိုင်းလိုလိုမှာ တွေ့ရတတ်တယ်။ အဲဒီသိကြားလဲ သောတာပန်ပုဂ္ဂိုလ်ကြီးပဲ။ ဒါပေမဲ့ သူ့ကိုလူတွေက ရှိခိုးပူဇော်လို့ သူကပြန်မစလိုက်တယ်ရယ်လို့ ကျနော်လက်လှမ်းမီသလောက် ဘယ်စာထဲမှာမှ မတွေ့ရပါဘူး။ သူကပဲ လူတွေကို ရှိခိုးတဲ့အကြောင်း ဖတ်ရဖူးတယ်။ ဘိုးတော်သိကြားမင်းကြီးဟာ သူ့ဥယျာဉ်တော်ထဲထွက်ဖို့ သူနေတဲ့ ဝေဇယန္တာနန်းပြဿာဒ်ကြီးပေါ်က ဆင်းခါနီးတိုင်း အရပ်ဆယ်မျက်နှာကို လက်အုပ်ချီပြီး ရှိခိုးလေ့ရှိသတဲ့။ တစ်ခါမှာတော့ သိကြားမင်းကြီးဟာ နတ်ပြည်ကတွက်ရင် အောက်အရပ်ဖြစ်တဲ့ ကျနော်တို့ လူ့ပြည့်လူ့ရွာဘက် လက်အုပ်ချီမိုး ရှိခိုးနေတာကို သူ့ဒရိုင်ဘာ မာတလိနတ်သားကမြင်လို့ မေးတယ်။ ဒီလောက်တန်းခိုးထွားတဲ့ သိကြားမင်းလိုပုဂ္ဂိုလ်မျိုးက ရှိခိုးရတဲ့ လူရယ်လို့ ရှိသေးလား ဆိုပြီးတော့။ သိကြားမင်းက သူ့ဒရိုင်ဘာမောင်မာတလိကို အောက်ပါ အင်မတန်မှတ်သားစရာကောင်းတဲ့ စကားကို မိန့်ကြားလိုက်ပါတယ်။

ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။
မာတလိရေ၊ ငါကတော့ လူ့ပြည်လူ့ရွာက ကောင်းမှုပြုတဲ့လူတွေ၊ သီလရှိတဲ့လူတွေ၊ ရတနာသုံးပါးလေးစားတဲ့လူတွေ၊ ကိုယ့်ဇနီးမယားကို တရားသဖြင့် ပြုစုလုပ်ကျွေးတဲ့လူတွေဆို ရှိခိုးတာပါပဲ”။
(ဂဟဋ္ဌ၀န္ဒနာသုတ္တ၊ ဒုတိယ၀ဂ္ဂ၊ သက္ကသံယုတ္တ၊ သဂါထာဝဂ္ဂပါဠိ)

နတ်ပြည်နှစ်ပြည်ကို အစိုးရတဲ့ နတ်ဘုရင်ဖြစ်ရုံတင်မကဘူး၊ သောတာပန်အရိယာပုဂ္ဂိုလ်ပါဖြစ်နေတဲ့ သိကြားလို နတ်မင်းကတောင် ရှိခိုးရတဲ့လူတွေရဲ့အဆင့်အတန်းမျိုးနဲ့ ဘာမှမဟုတ်တဲ့ သေခါနီး အကုသိုလ် အတုံးလိုက်အတစ်လိုက်ဝင်ပြီး ငရဲဖြစ်မှန်းမသိ၊ အစိမ်းသရဲဖြစ်မှန်းမသိ ဖြစ်နေတဲ့ ဒီ (၃၇)မင်းဆိုတဲ့ နတ်တွေကို ရှိခိုးဦးတိုက် ပူဇော်ပသတယ်ဆိုတာ အလွန်အကျီးတန်တယ်လို့ ကျနော်ဆိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ (၃၇)မင်းအုပ်စုဝင် နတ်တွေကို ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာတရားတော်နဲ့ နည်းနည်းလေးမှကို မသက်ဆိုင်ကြောင်း တင်ပြရင်း Jenny ဆိုတဲ့ ကောင်မလေးမေးတဲ့ မွေးခွန်းအဖြေကို အဆုံးသတ်လိုက်ပါတယ်။

အောက်ပါ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ (၃၇) မင်းစာအုပ်ကို ဆက်လက်ဖတ်ရှုပါကုန်။

37 Spirits in Burma by U Phoe Kyar

ဖက်ရှင်



Fashion is a form of ugliness so intolerable that we have to alter it every six months.
(Oscar Wilde )

ဖက်ရှင်ဆိုတာ ခြောက်လတစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန်ပုံစံတစ်မျိုးပဲ။
(အော်စကာဝိုင်း)

ရက်(ထ်) နှင့် ရတ်(ထ်)


ကျနော်စနေနေ့တိုင်း Sophia လို့ခေါ်တဲ့ အင်္ဂလိပ်မလေးကို အရှေ့တိုင်းဒဿနတွေ သင်ပေးရတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ကျနော်ပြောတဲ့ ငါးပိသံဝဲ၀ဲအင်္ဂလိပ်ကို သူနားမလည်ဘူး။ မနေ့က စနေနေ့၊ ထုံးစံအတိုင်း သူရောက်လာတယ်။ စာမဆွေးနွေးခင် ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါး ပြောရင်းနဲ့ ကြွက်အကြောင်းရောက်သွားတယ်။

ကျနော်က သူ့ကို ပြောတယ်။ ငါတို့နေတဲ့ အဆောင်မှာ ကြွက်တွေရှိတယ် လို့။ Mouse ဆိုတဲ့စကားလုံးကို မသုံးပဲနဲ့ Rat ဆိုတဲ့စကားလုံးကို သုံးပြီးပြောလိုက်တယ်။ ကျနော်က Rat ကို ငယ်ငယ်က ထွက်နေကျ အသံတိုင်း ရက်(ထ်)လို့ပြောတော့ သူအကြာကြီး စဉ်းစားနေတယ်။ ကံကောင်းချင်တော့ သူအဲလို စဉ်းစားနေတုန်း ကြွက်တစ်ကောင်ဖြတ်ပြေးတာ တွေ့လိုက်ရတယ်။

ကျနော်ကလဲ ဘယ်ရမလဲ၊ ကမန်းကတန်း That one, that one ဆိုပြီး လက်ညှိုးထိုး ပြောလိုက်တယ်။ သူကလဲ ကျနော် လက်ညှိုးထိုးရာကြည့်လိုက်တော့ ကြွက်မှန်းလဲ သိရော Oh! That's rat. “အိုး သ(စ်) ရတ်(ထ်)” တဲ့။ အော် တစ်သက်လုံး ထွက်လာတဲ့ ရက်(ထ်)ဆိုတဲ့ အသံထွက် အသုံးမကျမှန်း အခုမှပဲ သိရတော့တယ်။ သူတို့က ရတ်(ထ်)လို့ ထွက်သကိုးဗျာ့။ ပြင်လိုက်ကြဦးစို့။ Rat ကို ရတ်(ထ်)လို့ထွက်နော်။ ရက်(ထ်) မဟုတ်ဘူး။ မဗေဒါရဲ့ (egg) အိပ်ခ် နဲ့ အက်ခ် လိုပေါ့။

Saturday, November 29, 2008

ဆေးမှင်ကြောင်ထိုးခြင်း


အိမ်ထောင်မှု၊ ဘုရားတည်၊
ဆေးမှင်ရည် စုတ်ထိုး၊
ဤသုံးခု ချက်မပိုင်လျှင်၊
နောင်ပြင်ရန် ခက်သည့် အမျိုး။

ကျနော်တို့ ရှေးဗမာလူမျိုးတွေ အလေးအနက်ထား၊ သေသေချာချာစီစဉ်ပြီးမှ လုပ်ရမယ်လို့ ယူဆထားတဲ့ အရာသုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့---
(၁) အိမ်ထောင်ပြုခြင်း၊
(၂) ဘုရားတည်ခြင်း၊
(၃) ဆေးမှင်ကြောင်ထိုးခြင်း တွေပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးထဲက အင်္ဂလိပ်လို့ Tattoo လို့ခေါ်တဲ့ အောက်ဆုံးက ဆေးမှင်ကြောင်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အနည်းငယ်ဆွေးနွေးမလို့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေးခံခဲ့ရလို့ပါပဲ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆)ရက်နေ့တုန်းက ကျနော့်စူပါဗိုက်ဆာ အကူအညီတောင်းထားတဲ့ ကိစ္စတစ်ခုကို သွားလုပ်ပေးရပါတယ်။ အဲဒါကတော့ သူတာဝန်ယူပြီး သင်နေရတဲ့ ဘီအေ၊ ပထမနှစ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားတွေက မြန်မာပြည် ဘာသာရေးနဲ့ပတ်သက်ပြီး အင်တာဗျူးချင်တဲ့ကိစ္စပါ။ ဆရာမလဲ လူရှာမတွေ့တာနဲ့ ကျနော့်ကိုပဲ အဗျူးခံခိုင်းပါတယ်။ ကျနော်လဲ အဗျူးခံချင်နေတာဆိုတော့ အတော်ဖြစ်သွားတယ်။ အင်္ဂလိပ်လူမျိုးကျောင်းသူနှစ်ယောက်၊ ကျောင်းသားနှစ်ယောက်နဲ့ စပိန်သူတစ်ယောက်ပါ။ စုစုပေါင်း ငါးယောက်တည်းပါ။ တစ်ယောက်ကို ၁၅ မိနစ်စီ ဗျူးချိန်ပေးထားပါတယ်။

အဲဒီငါးယောက်ထဲက ပထမဆုံးကျနော့်ကို ဗျူးတဲ့ကျောင်းသူကတော့ Sara တဲ့။ အသက် ၁၉ နှစ်လောက်ပဲရှိသေးတဲ့ အင်္ဂလိမ်မချောချောလေးတစ်ယောက်ပါ။ သူက ကျနော့်ကို မေးခွန်းတစ်ခုမေးတယ်။ ဆေးမှင်ကြောင်ထိုးတဲ့ကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ ဘယ်လိုပတ်သက်ပါသလဲ တဲ့။ ဂလု။ ရုတ်တရက် ကျနော် ဘယ်လိုဖြေရမှန်းမသိဘူး။ ဒါပေမဲ့ သိပ်စဉ်းစားမနေပဲနဲ့ ကျနော်အဖြေပေးလိုက်တယ်။ ဘာမှ မပတ်သက်ပါဘူး လို့။ ပြီးတော့ ကျနော့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာလဲ သိပ်မရှိတော့ ကိုယ့်ရှိတာနဲ့ ကိုယ်သိထားတာလေးတွေကို သူနားလည်အောင် ရှင်းပြလိုက်တယ်။ လူလိုချင်တဲ့အဖြေမျိုး ဖြစ်ကောင်းမှ ဖြစ်ပေမဲ့ သူ့မေးခွန်းဟာ ပြေလည်စွာပြီးဆုံးသွားပါတယ်။

ကျနော်က ဒဿနိကဘေဒကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဘာသာရေးကိုလဲ စိတ်ဝင်စားတတ်တဲ့အလျှောက် ကိုယ့်ဗုဒ္ဓဘာသာစာပေကိုလဲ လက်လှမ်းမီနိုင်သလောက် ဖတ်ရှုကျက်မှတ်ထားတာတွေလဲ မနည်းပါဘူး။ သူ့ကို ပြောရတယ်။ ကျုပ်သိသလောက်ဆိုရင်တော့ ဗုဒ္ဓစာပေထဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဟောထားတာမျိုးဘယ်မှ မရှိပါဘူး လို့။ ခန့်တည်တည်နဲ့ပေါ့။ ဘာသာရေးနဲ့ တိုက်ရိုက်မဆိုင်ပေမဲ့ ကျနော်တို့မြန်မာလူမျိုးတွေ ဒီအပေါ်မှာ ဘယ်လို သဘောထားတယ်၊ အချို့လူတွေ ဘာကြောင့်ထိုးကြတယ် ဆိုတာကို အနည်းအကျဉ်းရှင်းပြရတယ်။

ဥပမာ၊ ကျနော့်ညာလက်မှာ ကြယ်စင်လေးတစ်လုံး ထိုးထားတာရှိတယ်။ ပြီးတော့ ဘယ်/ညာလက်ကောက်ဝတ်တွေမှာလဲ အစက်အပြောက် တစ်ဘက်သုံးခုစီရှိတယ်။ အဲဒါကို ပြလိုက်တယ်။ ဟောဒီကြယ်ကိုတော့ အသက် ၁၁ နှစ်သားအရွယ်တုန်းက ဘုရားပွဲမှာ အလှထိုးခဲ့တာပဲ။ ဘာရည်ရွယ်ချက်မှ ထူးထူးခြားခြားမရှိဘူး။ သူများတွေထိုးတာမြင်လို့ ကျုပ်လဲ ၀င်ထိုးခဲ့တာပဲ၊ လို့။ ဟောဒီ လက်ကောက်ဝတ်မှာရှိတဲ့ အမည်းစက်လေးသုံးခုကတော့ ရည်ရွယ်ချက်ရှိတယ်။ ကျုပ်ငယ်ငယ်တုန်းက ရွာဦးကျောင်းဆရာတော်က အဆိပ်နိုင်တယ်ဆိုပြီး ထိုးပေးခဲ့တာပဲလို့။ ဘာသာရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဖြေလိုက်တယ်။ သူလဲ ဒီလောက်နဲ့ပဲ ကျေနပ်သွားတယ်။

ကျနော်တို့ ဗမာလူမျိုးတွေမှာ အထူးသဖြင့် ရှေးကျတဲ့ လူကြီးတွေမှာ အဲဒီဆေးမှင်ကြောင်ထိုးတာတွေ တွေ့ရတာများတယ်။ ကျနော့်ဘေးရဲ့ ပေါင်နှစ်ဘက်မှာဆို အကွင်းလိုက်၊ အကွင်းလိုက်ထိုးထားတာတွေ့ရတာ။ သူ့သားသုံးယောက်ဖြစ်တဲ့ ကျနော့်ဘိုးလေး ဦးစောဟန်၊ အဘိုးလတ် ရှင်ရှင်၊ အဘိုးအရင်း ဦးတင်း တို့ပေါင်တွေမှာလဲ ထိုးကွင်းတွေနဲ့ချည်းပဲ။ ကျနော့်ဘေးက အသက် (၉၅) နှစ်မှာ ဆုံးသွားတယ်။ ကျနော့်အဘိုး ညီအကိုသုံးယောက်ကတော့ အခုတိုင် သက်ရှိထင်ရှားရှိတုန်း၊ အသက်ရှစ်ဆယ်ကျော်တွေချည်းပဲ။ ကျနော်တို့အမျိုး အသက်ရှည်ကြောင်းလဲ ကြုံလို့ကြွားလိုက်ရသေးတယ်။

သူတို့ခေတ်သူတို့အခါက ယောက်ျားတွေဟာ ပေါင်တံတစ်ခုလုံး ထိုးကွင်းမရှိရင် မိန်းမတောင်မရနိုင်ဘူး တဲ့။ ထိုးကွင်းအပြည့်ထိုး၊ တင်ပါးနှစ်ဖက်ပြူးနေအောင်ခါးတောင်းကျိုက်ပြီး ရွာထဲလျှောက်လည်ရင် အပျိုချောတွေ ကြည့်မှကြည့်ဆိုပဲ။ ကျနော်လဲ ဘမျိုးဘိုးတူဖြစ်အောင်လို့ လက်မှာ ကြယ်သေးသေးလေးတစ်လုံး ထိုးထားရသေးတယ်။ အဲဒါကြောင့်လားတော့ မသိဘူး။ တစ်ခါက ကျနော့်လက်မောင်းမှာထိုးထားတဲ့ ကြယ်ကိုမြင်ပြီး ပြင်သစ်သူတစ်ယောက်က မေးတယ်။ မင်း ထောင်ကျဖူးလား တဲ့။ ကျောချမ်းတယ်ဗျာ။ မနည်းရှင်းပြလိုက်ရတယ်။ မဟုတ်ကြောင်း။

ဒီ Tattoo လို့ခေါ်တဲ့ ဆေးမှင်ကြောင်ထိုးတဲ့ ဓလေ့ဟာ သမိုင်းကျောင်းအရ ဟောဒီကမ္ဘာမြေပေါ် ယနေ့ခေတ်သိနေတဲ့ ဘာသာတရားတွေ မထွန်းကားခင်ကတည်းက ရှိနှင့်ပြီးသားပါ။ Eurasian သို့မဟုတ် Euroasian သို့မဟုတ် Euro-Asian လို့ စာမှာသုံးတဲ့ ဥရောပ အာရှသားတွေရဲ့ ဓလေ့တစ်မျိုးလို့ ဆေးမှင်ကြောင်သမိုင်းပညာရှင်တွေက ဆိုပါတယ်။ လွန်ခဲ့တဲ့ ဘီစီနှစ် ငါးထောင်ခန့် Neolithic လို့ခေါ်တဲ့ ကျောက်ခေတ်သစ် (New Stone Age) ကတည်းက ရှိနေပါပြီတဲ့။ ဒါပေမဲ့ သက်သေအဖြစ် တကယ်တွေ့ရတာကတော့ AlPs တောင်တန်း၊ Ötz ချိုက်ဝှန်းထဲက ရတဲ့ Ötzi the Iceman လို့ခေါ်တဲ့ မမ်မီရုပ်ကြွင်းမှာပါ။ အဲဒီမမ်မီရုပ်သက်တမ်းကို ဘီစီ လေးထောင်နဲ့ ငါးထောင်အကြားလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

အဲဒီရုပ်လောင်းရဲ့ ညာဘက်ခြေမျက်စိ၊ ဘယ်ဘက်ဒူးခေါင်းနဲ့ ကျောကုန်းအောက်ပိုင်းတွေမှာ ဆေးမှင်စက်တွေနဲ့ မျဉ်းကောက်လိုင်းတွေ စုစုပေါင် (၅၇) ခုလောက်တွေ့ရှိရတယ် လို့ဆိုပါတယ်။ ဘီစီနှစ်ထောင်ခန့် Amunet လို့ခေါ်တဲ့ အီဂျစ်မမ်မီရုပ်နဲ့ ဆိုက်ဗေးရီးယားနိုင်ငံ၊ အနောက်တောင်ပိုင်း၊ Ukok လွင်ပြင်မှာနေထိုင်ကြတဲ့ Pazyryk လို့ခေါ်တဲ့ နော်မန်လူမျိုးရုပ်ကြွင်းတွေမှာလဲ ထပ်တွေ့ရတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ဘီစီနှစ်ပေါင်း တစ်သောင်းခန့် Paleolithic လို့ခေါ်တဲ့ ကျောက်ခေတ်ဟောင်း (Old Stone Age) ကတည်းက ဆေးမှင်ကြောင်ထိုးတဲ့အလေ့ရှိတယ်လို့ သမိုင်းပညာရှင်တွေကဆိုပါတယ်။
အနောက်တိုင်းတွေမှာတော့ ဒီဓလေ့ဟာ Polynesia လို့ခေါ်တဲ့ ကျွန်းစုနေလူမျိုးတွေဆီက ကူးစက်လာတယ်လို့ မှတ်တမ်းပြုထားပါတယ်။

မှတ်တမ်းများအရပြောရရင်တော့ ဆေးမှင်ကြောင်ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိုးကြတာပါပဲ။ အချို့က အလှဆင်ဖို့၊ အချို့က ကိုယ့်ကိုယ်ကို အကာအကွယ်ပြုဖို့၊ အချို့က ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာပြဖို့ စသည်စသည် ရည်ရွယ်ချက်တွေနဲ့ ထိုးကြတာပါ။ အဲဒီရည်ရွယ်ချက်မြောက်များစွာထဲမှာ ဗုဒ္ဓဘာသာနဲ့ဆက်စပ်ပြီးရေးထားတဲ့ အကြောင်းအရာရယ်လို့ တစ်ခုမှ မတွေ့ရပါဘူး။ ဒါကြောင့် အထက်မှာ ကျနော် ဆာရာလို့ခေါ်တဲ့ အင်္ဂလိပ်မလေးမေးတဲ့ မေးခွန်းကို ခန့်တည်တည်နဲ့ ဖြေခဲ့တာ မမှားပါဘူးဆိုတာ သိရပါတယ်။ ထိုးပြီးရင် ဖျက်ဖို့အတော်ခက်တဲ့အတွက် မထိုးရင်တော့ အကောင်းဆုံးပါပဲ။
ထိုးကြဦးမလားဗျို့-- မှင်ကြောင်----။
(http://en.wikipedia.org/wiki/Tattoo#Cosmetic) ကိုအခြေပြု တင်ပြပါသည်။

အပျိုကြီးဖြစ်ကြောင်း (၁၁)ပါး


Spinster လို့ခေါ်တဲ့ အပျိုကြီးရဲ့အဓိပ္ပါယ်ကို “အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပါလျှက် မပြုဘဲ တစ်ကိုယ်တည်းနေသူ” လို့ဖွင့်ဆိုကြပါတယ်။ ဘာဖြစ်လို့ အပျိုကြီးဖြစ်နေရသလဲ ဆိုတဲ့မေးခွန်းအတွက် အဖြေဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ယေဘုယျ အဖြေတစ်ခုကတော့ “အခြေအနေအရပေါ့” တဲ့။ ဒါမလွဲနိုင်တဲ့အဖြေလေ။ ကျနော်အပျိုကြီးဆိုသူတွေနဲ့ အတော်များများ တွေ့ဖူး၊ သိဖူး၊ ရင်းနှီးဖူး၊ ရန်ဖြစ်ဖူးတယ်။

တစ်ခါက ကျနော်စစ်ကိုင်းဆေးရုံကြီးရောက်နေတုန်း ဆေးရုံက ကျနော်ထက် အသက် ငါးနှစ်လောက်ကြီးတဲ့ သူနာပြုဆရာမတစ်ယောက်နဲ့ ဧည့်ခန်းထဲ ထိုင်စကားပြောနေတယ်။ အဲဒီခန်းထဲမှာ အသက်ခြောက်ဆယ်ကျော် အဘွားကြီးတစ်ယောက်လဲ ကုလားထိုင်တစ်လုံးပေါ်ထိုင်ပြီး ပန်းချီဆွဲနေတယ်။ ကျနော်လဲ ကျနော်နဲ့မောင်နှမလို ရင်းနှီးနေတဲ့ သူနာပြုဆရာမနဲ့ ဟိုရောက်လိုက်၊ ဒီရောက်လိုက် စကားပြောရင်း တစ်ခါတော့ ဘာကိုအကြောင်းပြုပြီး ပြောမိလိုက်တယ် ဆိုတာ မမှတ်မိတော့ဘူး။ အောက်ပါအတိုင်း ကျနော့်ပါးစပ်ကထွက်သွားတာတော့ မှတ်မိနေသေးတယ်။
“အဲဒါကြောင့် အမယောက်ျားမရပဲ အခုထိ အပျိုကြီးဖြစ်နေရတာပေါ့ဗျာ”။

“ဘာ၊ ဘာပြောတယ်၊ ဒီမှာ ဟဲ့ကလေး၊ မင်းအဲလိုမပြောနဲ့၊ ငါက ယောက်ျားမယူချင်လို့ကို မယူခဲ့တာ၊ ငါ့ယူချင်တဲ့လူတွေ ပေါလွန်းလို့၊ ရိုက်သတ်လို့ကို မကုန်ဘူး၊ အိမ်ထောင်သည်ဘ၀ကို မလိုချင်လို့ အေးအေးဆေးဆေး အပျိုကြီးလုပ်နေတာ၊ လာမစော်ကားနဲ့၊ မီးပွင့်သွားမယ်မှတ်”။
အဲဒီလို ကောက်ကာငင်ကာ ထအော်လိုက်သူကတော့ ကျနော်နဲ့စကားပြောနေတဲ့ သူနာပြုဆရာမလေးမဟုတ်ပါဘူး။ အခန်းထောင့်မှာ တစ်ယောက်တည်းထိုင်ပြီး ပန်းချီဆွဲနေတဲ့ အဘွားကြီး။ ကျနော့်ခမျှာ ရင်တုန်ပန်းတုန်ပင် ဖြစ်မိသေးတော့၏ လို့ ပြောရမလိုဖြစ်သွားတယ်ဗျာ။

ဘယ်နှယ့် ပစ်တာက တစ်ခြား၊ မှန်တာက တစ်ခြား။ ကျနော်လဲ သူစိတ်ဆိုးဆိုးနဲ့ အော်နေတော့ ချက်ချင်း ဘာပြန်ပြောရမှန်းမသိဘူး။ အေးအေးဆေးဆေးပဲ သူစိတ်ကျေနပ်ပါစေတော့ဆိုပြီး ပြောရတယ်။ ကျနော် အန်တိပြောတာမဟုတ်ပါဘူးဗျာ၊ ကျနော့်အမကို စနေတာပါ လို့။ သူကမကျေနပ်ဘူး။ မင်းအမကိုပဲ စစ၊ ဘယ်သူ့ကိုပဲ စစ ဒီပုံစံမျိုးနဲ့တော့ လာမစနဲ့၊ ငါတို့မကြိုက်ဘူး၊ တဲ့။ ဖြစ်ပြန်ရော။ ငါတို့ တဲ့။ ဗဟုဝုစ်နဲ့ ပြောလိုက်တယ်။ ကြည့်ရတာ အပျိုကြီးလောကတစ်ခုလုံးကို ဆိုလိုချင်ပုံရတယ်။ သူ့ကိုယ်သူ နိုင်ငံတကာအပျိုကြီးများအသင်းဥက္ကဌရာထူးရထားသူလို့ အောင့်မေ့နေတာလား မပြောတတ်ဘူး။

ကျနော်တို့လဲ ပြောလက်စ စကားအနည်းအပါးကို ပြီးအောင်အမြန်ပြောပြီး အဲဒီအဘွားကြီးပန်းချီဆွဲနေတဲ့ အခန်းထဲက အမြန်လစ်ခဲ့ရတယ်။ လမ်းရောက်တော့ စဉ်းစားမိတယ်။ အော် ဒီနေ့ ကတွတ်ပီ ကံမကောင်းပါလားနော်၊ ဆိုပြီးတော့။ အဲဒီကတည်းက ကျနော့်စိတ်ထဲမှာ အပျိုကြီးတွေနဲ့ပတ်သက်ပြီး စူးစမ်းချင်တဲ့စိတ်ဖြစ်လာတယ်။ သူတို့ ဘာ့ကြောင့် အပျိုကြီးဖြစ်ရသနည်း၊ ပေါ့။ ပန်းချီဆွဲတဲ့ အဘွားကြီးပြောသလို အိမ်ထောင်မပြုချင်လို့ဆိုတဲ့ အကြောင်းပြချက်ဟာ တကယ်ခိုင်လုံတဲ့ အကြောင်းပြချက်ဖြစ်ပါသလား။

တစ်ခါတုန်းက သမီးဖြစ်သူကို မိဘနှစ်ပါးက အိမ်ထောင်ပြုဖို့ နားချတယ်၊ သမီးကလဲ နားချတိုင်း ငြင်းတယ်။ ဒီလိုနဲ့ အိမ်ထောင်ပြုရမည့် အရွယ်လွန်ပြီး အပျိုကြီး စာရင်းဝင်သွားတယ်။ အသက် သုံးဆယ့်ငါး လေးဆယ်လောက်ရောက်မှ တစ်ကိုယ်တည်းနေရတဲ့ ဘ၀ကို ငြီးငွေ့ပြီး အရပ်ထဲက သူ့ကို ပိုးပန်းနေတဲ့ လူပျိုကြီးတစ်ယောက်ကို လက်ခံပြီး လက်ထပ်လိုက်တယ်။ မင်္ဂလာဆောင်ပြီး နောက်နေ့မနက်ကျတော့ အိမ့်အပြင်ဘက်ဝရံတာထွက်ပြီး တရှုတ်ရှုတ်နဲ့ ငိုနေပါလေရော။ ယောက်ျားက အိပ်ယာက နိုးလာတော့ အလန့်တကြားဖြစ်ပြီး မေးတယ်။ “ခင်ခင်ရယ် ခင့်အပေါ် ကို ဒီလောက်ကောင်းတာ ဘာဖြစ်လို့ ငိုနေရသလဲကွယ်” လို့။

ဒါနဲ့ အပျိုကြီးဘ၀ကကျွတ်ကာစ မိန်းမကဖြေသတဲ့။ “ရှင် အဲဒီလောက်ကောင်းလို့ ငိုနေရတာပေါ့လို့၊ အမေတို့ကလဲ ဘာမှန်းမသိဘူး၊ ဒီလောက်ကောင်းတာကို စောစောက မပြောဘူး၊ အီး---ဟီး-ဟီး--အီး----ဟီး-ဟီး----”။ (အာ--တော်ပါတော့)။ ဒါနဲ့ ယောက်ျားကလဲ သဘောပေါက်သွားတယ်။ ပြီးတော့ပြောလိုက်တယ်။ ခင်ရယ်--တိတ်ပါတော့ကွယ်၊ ကိုယ်တို့ရှေ့လျှောက် ဒီထက်ကောင်းကြဦးမှာပဲဟာ။ အဲလိုပြောလိုက်ကာမှ၊ မိန်းမခမျှာ နဂိုငိုနေတာထက် နှစ်ဆလောက်ပိုတိုး ငိုနေလို့ ပတ်ဝန်းကျင်ကလူတွေ လင်မယားရန်ဖြစ်တယ် ထင်ပြီး လာမေးကြရသောဟူ၏။

ကျနော်နဲ့ သိတဲ့ အပျိုကြီးဖြစ်နေသူတွေကို ကြည့်ပြီး စဉ်းစားရသလောက် အကြောင်းတွေကို တွက်ကြည့်ရင်---
(၁) ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်အားကြီးမှုဆိုတဲ့ အစွန်းထွက်ခြင်း၊
(၂) ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်အားကြီးမှုဆိုတဲ့ အစွန်းထွက်ခြင်း၊
(၃) မိမိတို့သတ်မှတ်ထားတဲ့ စံနဲ့ကိုက်ညီသူကို မရှာဖွေနိုင်ခြင်း၊
(၄) အပျိုဘ၀က ရည်းစားအထည်လဲတွဲခဲ့ခြင်း၊
(၅) တစ်ဦးတစ်ယောက်တည်းကို အသဲစွဲချစ်မိပြီး ချစ်သူရဲ့ စွန့်ပစ်မှုအပေါ်စိတ်နာကာ ကျန်တဲ့ယောက်ျားတွေကိုပါ မုန်းတီးခြင်း၊
(၆) အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘနှစ်ပါး အကြားကြီးပြင်းလာရတဲ့အတွက် အိမ်ထောင်မပြုရဲခြင်း၊
(၇) လိမ်စိတ်ဖြစ်ပေါ်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ပုံကို သိပြီး ယောက်ျားယူစရာမလိုဟု မှတ်ယူခြင်း၊
(၈) ယောက်ျားတစ်ယောက်ကို ဘယ်အချိန်မဆိုကောက်ယူနိုင်တယ်လို့ ထင်ပြီး စီးပွါးရေး၊ ပညာရေးစသည်မှာ ကိုယ့်ကိုယ်ကို နှစ်မြှုတ်ထားခြင်း၊
(၉) ငန်းငန်းတက်ယောက်ျားယူချင်ရှာပါလျှက် မိဘဆွေမျိုးစသည်ကို ကြောက်ရတဲ့အတွက် ဟန်ဆောင်အောင့်အီးနေရင်း လိမ်စိတ်ကုန်ခန်းသွားခြင်း၊
(၁၀) အိမ်ထောင်ကွဲနေကြတဲ့ မိဘနှစ်ပါးကြောင့် ကိုယ့်အောက်က ညီမတွေ၊ မောင်တွေကို စောင့်ရှောက်ရင်း အရွယ်လွန်သွားခြင်း၊
(၁၁) ဖူးစာရေးနတ်ဆိုတာကြီးကို အားကိုးပြီး မိုးကျရွှေကိုယ်ဖြစ်တဲ့ မိမိဖူးစာကို အိမ်ထဲထိုင်စောင့်ရင်း အရွယ်ဟိုင်းသွားခြင်း၊

စသဖြင့် စသဖြင့် အကြောင်းတရား အမြောက်အများကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီအကြောင်းတရားတွေထဲက တစ်ခုခုသည်ပင် အထက်မှာ ကျနော်ပြောခဲ့တဲ့ ဘာ့ကြောင့်အပျိုကြီးဖြစ်ရသလဲ ဆိုတဲ့ မေးခွန်းရဲ့ အခြေအနေအရပေါ့ ဆိုတဲ့အဖြေအတွက် ရည်ညွှန်းစရာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ပါတယ်။ ကွဲလွဲတဲ့ အကြောင်းတွေလဲ အများကြီးရှိမှာပေါ့လေ။ တကယ်လို့ စာဖတ်သူသိတဲ့ အခြားအကြောင်းတရားတစ်မျိုးမျိုး ရှိသေးရင်လဲ ကျနော့်ဆီ ပို့ပေးဖို့မေတ္တာရပ်ခံပါတယ်ဗျာ။ သူတို့ကို ကူညီကြရအောင်။ ကုသိုလ်ရပါတယ်ဗျာ။

Thursday, November 27, 2008

အနမ်း (၁၀) ပါး


အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါစေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။

(၁) ရေတံခွန်အနမ်း=
ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်းပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။

(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာအောင်လုပ်ပြီးမှ နမ်းခြင်း၊

(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိပေးလျှက် နမ်းခြင်း၊

(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်းများဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊

(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊

(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊

(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊

(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊

(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူတွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူအခြေအနေကြည့်လျှက် လစ်ရင်လစ်သလိုနမ်းခြင်း၊

ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်။ (မဆဲကြေးနော်)

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။


ငယ်ငယ်တုန်းက စာသင်ကျောင်းမှာကျက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ရဲ့ အောက်ဆုံးအပိုဒ်လေးပါ။ အားလုံးရကြပြီးသာပါပဲ။ ဒါပေမဲ့ ကျနော့်ဘလော့မှာ စာလုံးအရေအတွက် များလိုများငြား ပြန်ရေးထည့်လိုက်ပါဦးမယ်။

ဇွန်ပန်းရုံအနီး၊
နွံထဲ၌လှည်းဘီး ကျွံနေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ဒီကဗျာလေးဟာ ညီညွတ်ခြင်းရဲ့ ခွန်အားကြီးမားပုံကို သရုပ်ဖေါ်ပေးပါတယ်။ ညီညွတ်ခြင်းဟာ အလွန်အရေးကြီးတယ် ဆိုတာ ကျနော်တို့ အားလုံးနားလည်ကြပြီးသားပါ။ ဒါပေမဲ့ နားလည်ရုံသက်သက်နဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့အရေး တစ်ယောက်လက် တစ်ယောက်တွဲရမည့်အချိန်မျိုးမှာ သူတစ်လူငါတစ်မင်းလုပ်ပြီး တစ်ယောက်တစ်စင်ထောင်နေရင်တော့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ဟာ ဝေးသထက်ဝေးနေဦးမှာပါပဲ။

ကျနော်တို့ ဗမာလူမျိုးတွေဟာ စေတနာသဒ္ဓါတရားထက်သန်အားကြီးကြတဲ့အတွက် ဘာသာရေးနဲ့ပတ်သက်လာရင်ဖြစ်စေ၊ လူမှုရေးနဲ့ ပတ်သက်လာရင်ဖြစ်စေ၊ လှူဖို့တန်းဖို့ ပေးဖို့ကမ်းဖို့ ဘယ်သောအခါမှ လက်မနှေးတတ်ကြပါဘူး။ သို့သော်သို့သော်---နိုင်ငံရေးလောကမှာတော့ရော-----။ နှစ်ယောက်ရှိရင် နှစ်အုပ်စုဖြစ်နေတတ်တဲ့အကျင့်ဟာ ကျနော့်အထင်ပြောရရင်တော့ ကုလို့မရတဲ့ ရောဂါတစ်ခုဖြစ်နေပုံရပါတယ်။

ကျနော်ဘယ်သူ့ဘယ်သူကိုမှလဲ ထိခိုက်စောင်းချိတ်ပြီးပြောနေတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့အရေးဟာ ကိုယ့်အရေးဖြစ်တယ်ဆိုတာကိုတော့ ကျနော်နားလည်ထားပါတယ်။ ကျနော်တို့ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်ပြီး တွေ့နေရ၊ မြင်နေရ၊ ကြားနေရတဲ့ သတင်းမှန်သမျှ၊ အတင်းမှန်သမျှဟာလဲ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ကျနော်ကတော့ စိတ်ချမ်းသာချင်တာ တစ်ခုပါ။ တိုင်းပြည်ကောင်းစားတာကို မြင်ချင်တာ သက်သက်ပါ။

အဲဒီအတွက် ကျနော်တို့ ညီညွတ်ဖို့သိပ်လိုပါတယ်။ အခုလိုနိုင်ငံရဲ့ အပြင်ပရောက်နေရတဲ့အချိန်မှာ နိုင်ငံရေးလောကသားတွေရဲ့ ကွဲသတင်း၊ ပြဲသတင်းတွေဟာ နေ့စဉ်လိုလိုကြားသိနေရပါတယ်။ ကျနော်ပြောရဲပါတယ်။ ဒီပုံစံနဲ့တော့ ဘယ်တော့မှ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်ပါဘူး လို့။ အဆိုးဆုံးကတော့ ကိုယ့်လောကသားအချင်းချင်း ဖေးမကူညီမည့်အစား မလိုရင်မလိုသလို တွန်းတိုက် ထိုးနှက်နေကြတာပါပဲ။

တကယ်တော့ ကျနော်တို့တတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်ရေးသို့ ရှေးရှုနေကြတာချည်းပါပဲ။ ဒါပေမဲ့ လွတ်မြောက်မည့်အစား ကြပ်သထက်ကြပ်ကြပ်ပြီးပဲ လာပါတယ်။ ဒီလိုဖြစ်ရတာဟာ မညီညွတ်တဲ့ တော်လှန်ရေးရဲ့ ရလာဒ်တွေပါပဲ။ တောမီးလောင်၊ တောကြောင်လက်ကမောင်းခတ် ဆိုသလို အခုလိုတော်လှန်ရေးအင်အားစုအချင်းချင်း မီးလောင်နေကြရင် တစ်ဘက်ရန်သူက ပြုံးပြုံးကြီးလုပ်ပြီး လက်ကမောင်းခတ်နေမှာ သေချာပါတယ်။

ကျနော်မြင်နေရ တွေ့နေရတဲ့ နိုင်ငံရေးအင်းအားစုတွေထဲမှာ တကယ့်နိုင်ငံရေးစိတ်ဓာတ်နဲ့ လှုပ်ရှားနေတဲ့သူတွေကို အနည်းအကျဉ်းပဲ တွေ့ရပါတယ်။ အများစုဟာ ပွဲလန့်တုန်းဖျာခင်းလုပ်ပြီး ကိုယ့်ကောင်းစားရေးအတွက် ကြိုးပန်းနေကြတာ များပါတယ်။ နိုင်ငံအတွင်း ရုတ်ရုတ်သဲသဲ သတင်းဖြစ်ရင် သက်ဆိုင်ရာ မြန်မာသံရုံးရှေ့သွား ဆန္ဒပြအော်ဟစ်ပြီး ဓာတ်ပုံအရိုက်ခံ၊ ပြီးရင် သက်ဆိုင်ရာနိုင်ငံရဲ့အစိုးရဆီမှာ ခုံလှုံခွင့်တောင်း၊ ရတဲ့အခါ အဲဒီလူတွေဟာ တိုင်းပြည်ထဲ ဘာဖြစ်နေ၊ ဖြစ်နေ။ သူတို့နဲ့ မသက်ဆိုင်တော့သလို လုပ်နေကြတော့တာပါပဲ။ အားလုံးကို မဆိုလိုပေမဲ့ ကျနော်မြင်နေရ သိနေရတဲ့လူတွေကို ရည်ညွှန်းပါတယ်။ ဒီလိုပြောတာကို သက်ဆိုင်ရာပုဂ္ဂိုလ်များက မကျေနပ်လို့ ဆဲလာရင်တော့ အားရပါးရကြိုဆိုလက်ခံပါတယ်ခင်ဗျား။

ဒါတင်မကသေးပါဘူး။ တကယ်တော့နိုင်ငံခြားရောက်နေကြတဲ့ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေဟာ အားလုံးနိုင်ငံရေးသမားချည်းလဲ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရောက်လာကြပါတယ်။ ဥပမာ ကျနော်ဆိုရင် ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီနေ့ ကျောင်းပြီးရင် မနက်ဖန် ကိုယ့်တိုင်းပြည်ပြန်မှာပါပဲ။ ကျနော့်လို အခြားကျောင်းသူကျောင်းသားတွေလဲ အများကြီးရှိပါတယ်။ အဲဒီကျောင်းသူကျောင်းသားတွေဟာလဲ နိုင်ငံရေးလုပ်စားသူတွေအကြားမှာ နေရတာ မသက်သာလှပါဘူး။ သူတို့ဆန္ဒပြစရာရှိလို သံရုံးရှေ့သွားပြီး အော်ကြဟစ်ကြတော့မည့်အခါမျိုးဆို လိုက်လံစည်းရုံးလှုံ့ဆော်တတ်ပါတယ်။

လိုက်တဲ့လူတွေရှိသလို ကိုယ့်ရည်ချက်နဲ့ကိုယ် မလိုက်တဲ့လူတွေလဲ ရှိပါတယ်။ အဲလိုအခါမျိုးမှာ မလိုက်တဲ့လူတွေအပေါ်နားလည်မပေးနိုင်ကြပဲ တောင်ပြောမြောက်ပြောကြတာဟာ အတော်မခံချင်စရာပါ။ တကယ်တော့ စည်းရုံးရေးလုပ်တယ်ဆိုတာ နဂိုကတည်းကိုက အစည်းအရုံးခံချင်နေတဲ့လူတွေကို စည်းရုံးနိုင်တာထက် သူ့လူကိုယ့်ဖက်သားဖြစ်အောင် စည်းရုံးနိုင်မှသာ မိမိတို့အင်းအားဟာ ကြီးထွားလာမှာဖြစ်ပါတယ်။ မိမိတို့ဘက် မပါရုံနဲ့ ထင်ရာလျှောက်ပြောနေရင်တော့ ဘယ်တော့မှ တစ်ဘက်သားကို ကိုယ့်လူဖြစ်အောင် လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ တစ်ဘက်လူကို ကိုယ့်လူဖြစ်အောင်တောင် မစည်းရုံးနိုင်တဲ့လူဟာ တကယ်ကြီးကျယ်တဲ့ တိုင်းပြည်ကောင်းစားရေးကို ဘယ်နည်းနဲ့ လုပ်နိုင်မလဲ။ ကျနော်မေးချင်ပါတယ်။

ကျနော်ပြောချင်တာက သဘောထားကြီးကြဖို့ပါ။ သဘောထားကွဲလွဲမှုအပေါ်မှာ သဘောထားကြီးနိုင်ဖို့အရေးကြီးတယ် လို့ကျနော်မြင်ပါတယ်။ လူတစ်ယောက်စီရဲ့အခွင့်အရေး၊ ခံယူချက်အရ ကွဲလွဲခွင့်ရှိပါတယ်။ ကိုယ်နဲ့သဘောထားမတူရင်လဲ လိုက်လျှောညီထွေဆက်ဆံပြီး စည်းရုံးနိုင်ရပါ့မယ်။ ဒါမှ ကိုယ်လိုချင်တဲ့ အင်းအားကို ရမှာဖြစ်ပါတယ်။ အဲလိုအင်အားမျိုးကိုရမှသာ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီချီတက်နိုင်ကြမှာပါ။

ကျနော်တို့ရှေ့မှာ ကာဆီးနေတဲ့ အကာအရံကြီးဟာ အလွန်အင်အားကြီးမားလှပါတယ်။ မင်းတစ်ယောက်တည်းနဲ့လဲမတွန်းနိုင်ပါဘူး၊ ငါတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး၊ သူတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး။ “မင်းသူငါ၊ ညီညာစုံမှ၊ အလုံးစုံ အကုန်ပြီး၊ ဖွဲ့ကြစုစည်း” ဆိုသလို သဘောထားကွဲလွဲမှုတွေကို လျှစ်လျှူရှုပြီး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတွန်းမှသာ အဲဒီအားကြီးလှပါတယ် ဆိုတဲ့ အတားအဆီးကြီးဟာ ရွေ့လျားသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ညီညွတ်ကြပါစို့။ ညီညီညွတ်ညွတ်နဲ့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

Wednesday, November 26, 2008

ဘုရှ်အလွမ်း


တောပြန်ရတော့မယ်---အီး---------

ပေါလိုက်တဲ့ပိုက်ဆံ


ပေါတဲ့လူများကျတော့ ပိုက်ဆံထားစရာနေရာမရှိဘူးထင်ပါရဲ့။ ဟိုလေလံပွဲဝင်ဆွဲလိုက်၊ ဒီလေလံပွဲဝင်ဆွဲလိုက်နဲ့၊ ဟုတ်နေကြတာ။ ဒါသည်ပင် သူတို့ရဲ့ အပျော်တမ်းလုပ်တဲ့ စီးပွါးရေးတစ်မျိုးထင်ပါရဲ့။ ကျနော်တို့များကျတော့လဲ မွဲလိုက်တာမပြောနဲ့တော့။ အင်္ဂလန်ရောက်ပြီး ကျောင်းတက်ဖို့စရိတ်တောင် အနိုင်နိုင်။ တစ်ခါတလေစဉ်းစားမိတယ်။ ငါဘာဖြစ်လို့များ အဲဒီလူတွေနဲ့ ဆွေမျိုးမတော်မိတာပါလိမ့်လို့။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ပဲ ဖြေသိမ့်ရတယ်။ ငါ့ကံပေါ့ ဆိုပြီးတော့လေ။

ဒီနေ့အင်တာနက် သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ AFP (Agence Frence-Presse) လို့ခေါ်တဲ့ ပြင်သစ်သတင်းဌာနကလာတဲ့ သတင်းပါ။ ဒေါ်လာ (၇၁၀၀၀၀) ခုနှစ်သိန်း၊ တစ်သောင်းနဲ့ လေလံပွဲမှာ အဆွဲခံလိုက်ရတဲ့ ပစ္စည်းလေးတစ်ခုအကြောင်း။ သံတိုသံစလေးတစ်ခု။ (၂.၇) မီတာ၊ (၉)ပေလောက်ပဲရှိတဲ့ သံချောင်းလေးတစ်ခုပါ။ ကျနော့်ကိုပေးရင်တော့ အလကားတောင် မယူနိုင်ဘူး။ တကယ်ပြောတာပါဗျာ။ တန်ဖိုးမသိဘူးပြောလဲ ခံမှာပဲ။ ကျနော်က အဲဒီ ကိုးပေလောက်ရှိတဲ့ သံချောင်းအဟောင်းကြီးကို ဘာလုပ်ရမှာလဲဗျာ။

ဒါပေမဲ့ ရှေးဟောင်းပစ္စည်းကိုမြတ်နိုးတတ်တာလား၊ ပိုက်ဆံပေါလွန်းလို့ ထားစရာနေရာမရှိတာလား၊ မပြောတတ်ဘူး။ အမေရိကန် သူဌေးတစ်ယောက်ကတော့ အဲဒီသံတိုသံစ အဟောင်းအမြင်းလေးကို ဒေါ်လာခုနှစ်သိန်းကျော်ပေးပြီး ၀ယ်သွားလေရဲ့။ စီးပွါးရေးသမားဆိုတော့လဲ နောင်ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိချင်သိမှာပေါ့လေ။ ကျနော့်ပေးရင်တော့ မျောက်အုန်းသီးရသလိုနေမှာပဲ။ အဲဒီသံချောင်းလေးဟာ ကျနော်တို့မြန်မာတွေအသံထွက်နဲ့ (Eiffel Tower) အီဖဲလို့ခေါ်တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မျှော်စဉ်ကြီးတစ်ခုက မူရင်းအပိုင်းအစလေးတစ်ခုလို့ဆိုပါတယ်။ (အင်္ဂလိပ်က အိုင်ဖဲလ်၊ ပြင်သစ်က အဲဖဲလ် လို့ အသံထွက်ပါတယ်။ စကားချပ်။)

အီဖဲမျှော်စဉ်ကြီးကို ၁၈၈၇-၈၉ခုနှစ်တွေမှာ အပြီးတည်ဆောက်ခဲ့ပါတယ်။ မျှော်စဉ်ပုံစံကို အင်ဂျင်နီယာကြီး Gustave Eiffel (ဂုစတက် အီဖဲ) က ဆွဲခဲ့တာပါ။ ပြီးတော့ သူကိုယ်တိုင်ပဲ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ မျှော်စဉ်ကြီးရဲ့အမြင့်ဟာ (၃၂၄)မီတာ၊ ပေအားဖြင့် (၁၀၆၃) တိတိရှိပါတယ်။ တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါတယ်။ တစ်ခုက မြို့တော်ပါရီရဲ့ အလှအပကို ကြည့်ရှုခံစားဖို့၊ နောက်တစ်ခုကတော့ ရေဒီယိုအသံလှိုင်းတွေထုတ်လွှင့်ပေးဖို့ပါ။

မျှော်စဉ်ကြီးကို တည်ဆောက်ပြီးတဲ့အခါမှာ မြို့တော်ပါရီရဲ့အလှအပဟာ ပိုမိုထင်ရှားလာတဲ့အတွက် အီဖဲမျှော်စဉ်ကြီးဟာ ပါရီရဲ့သင်္ကေတသာမက၊ ပြင်သစ်နိုင်ငံရဲ့ အမှတ်အသားပါ ဖြစ်လာခဲ့ပါတယ်။ ပါရီမြို့ကို အလည်သွားကြတဲ့ နိုင်ငံခြားသားတွေအတွက် အီဖဲမျှော်စဉ်ကို နောက်ခံထားပြီး ဓာတ်ပုံမှ မရိုက်ခဲ့ရရင် မဖြစ်နိုင်လောက်အောင်ကို မျှော်စဉ်ကြီးဟာ အရှိန်ကြီးလှပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်းမှာ အီဖဲမျှော်စဉ်ဟာ The Seven Forgotten Modern Wonders of the World လို့ခေါ်တဲ့ ခေတ်သစ်ကမ္ဘာ့အံ့ဘွယ် ခုနှစ်ပါးထဲမှာ အပါအ၀င်ဖြစ်ခဲ့ပါတယ်။

အဲဒီလို ပါရီရဲ့ အလှ၊ ပြင်သစ်ရဲ့ သင်္ကေတ သာမကပဲ ခေတ်သစ်ကမ္ဘာ့အံ့ဘွယ်တစ်ပါးလဲဖြစ်တဲ့ အီဖဲမျှော်စဉ်ကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်လာသည်နှင့်အမျှ ဇရာထောင်းတဲ့ ဒဏ်ကို အများနည်းတူခံနေရပါပြီ။ ဟိုနေရာပြုတ်ကျလိုက်၊ အသစ်နဲ့အစားထိုးလိုက်၊ ဒီနေရာက ပြိုကျလိုက် ပြန်ပြင်ဆောက်လိုက်နဲ့ မူရင်းပုံစံမပျက်အောင် ကျိုးစားပန်းစားထိမ်းသိမ်းနေကြရပါပြီ။ နှစ်ပေါင်းတရာကျော်ခဲ့ပြီပဲ။ ဒါပေမဲ့ Old is Gold တဲ့။ ဟောင်းလေ ကောင်းလေ လို့ဆိုကြတယ်မို့လား။ ထူးဆန်းတယ်လေ။

ထူးဆန်းတဲ့ အရာတွေထဲမှာ အထူးဆန်းဆုံးအရာကတော့ ကျနော်တို့လူသားတွေရဲ့စိတ်ပါပဲ။ လူတွေရဲ့စိတ်ဟာ အင်မတန်ကို ထူးဆန်းပါတယ်။ ပြိုင်ဆိုလိုခြင်း၊ ကြွားဝါလိုခြင်း၊ သူများကျောတာမခံနိုင်ခြင်း ဆိုတဲ့ သဘောတရားတွေဟာ ထူးဆန်းတဲ့စိတ်ရဲ့ အခက်အလက်လေးတွေပေါ့။ တကယ်တော့ အီဖဲမျှော်စင်ရဲ့ အစအနလေးမပြောနဲ့ အီဖဲမျှော်စင်ကြီးတစ်ခုလုံးသည်ပင် မထူးဆန်းပါဘူး။ ထူးဆန်းတဲ့လူတွေရဲ့စိတ်ကြောင့် မထူးဆန်းတဲ့ သံတိုသံစလေးဟာ တန်ဖိုးကြီးသွားပြီးတော့ ဒေါ်လာ ခုနှစ်သိန်းကျော်နဲ့ အရောင်းထွက်သွားတာ။ ဒါကြောင့် ဒီသတင်းဟာ ထူးဆန်းသလိုလိုဖြစ်သွားတယ်။

ပစ္စည်းတစ်ခုအရောင်းထွက်အောင် လုပ်တဲ့နေရာမှာ ပွဲစားပါးစပ်ဟာလဲ အတော်အရေးပါတယ်။ ကြော်ငြာလဲ ကောင်းဖို့လိုတယ်။ အဲဒီလေလံပွဲကိုကျင်းပတဲ့ Sotheby's Paris အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Mr. Cecile Verdier ကဘာပြောလဲဆိုတော့ ကျနော်တို့ရောင်းနေတာဟာ ကြီးကျယ်ခန်းနားတဲ့ အမှတ်အသားတစ်ခု၊ သင်္ကေတ တစ်ခုပါ၊ သာမန်မထင်မရှား ပစ္စည်းလေးတစ်ခုမဟုတ်ပါဘူး။ ပါရီမြို့တော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုကို ရောင်းနေခြင်းပဲ ဖြစ်ပါတယ်၊ တဲ့။ အဲလိုနဲ့ အီဖဲရဲ့ အပဲ့အစလေးဟာ ဒေါ်လာခုနှစ်သိန်းကျော်တန်သွားလေတော့ သတည်း ပေါ့။ ပေါလိုက်ပါဘိတော့၊ ပိုက်ဆံရယ်။

(http://uk.news.yahoo.com/18/20081126/tod-eiffel-tower-staircase-fragment-fetc-f62056d.html) ကို အခြေခံရေးသားတင်ပြပါသည်။

Tuesday, November 25, 2008

ဆရာဝန်နားလည်ပုံ


I told the doctor I broke my leg in two places. He told me to quit going to those places.
(Henny Youngman)

ကျနော့်ခြေထောက်နှစ်နေရာမှာ ကျိုးသွားကြောင်း ဆရာဝန်ကို ကျနော်ပြောပြလိုက်တယ်။ ဆရာဝန်က ဘာပြန်ပြောလဲဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။
(ဟဲနီ ယန်းမန်း)

Monday, November 24, 2008

တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်ဖြစ်ဖို့


In order to be an immaculate member of a flock of sheep, one must above all be a sheep oneself.
(Albert Einstein)

သိုးအုပ်စုကြီးတစ်ခုအတွင်း တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တစ်ကောင်ဖြစ်ဖို့အတွက် အရေးကြီးဆုံးကတော့ သူကိုယ်တိုင် သိုးတစ်ကောင်ဖြစ်နေရမယ်။
(အိုင်စတိုင်း)

ကြည့်ပါများတော့ ယဉ်


Mount Isa မြို့တော်ဝန်က သူ့မြို့ဟာ ugly ducklings ကို beautiful swans ဖြစ်စေတဲ့ နေရာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အကျီးတန်အရုပ်ဆိုးမလေးတွေကို အလှနတ်သမီးလေးဖြစ်အောင် ဖန်တီးပေးတဲ့မြို့လို့ ဆိုလိုပါတယ်။ ဘာဖြစ်လို့ သူဒီလိုဆိုတယ် ဆိုတာကို ပြီးခဲ့တဲ့ပို့စ်မှာ ကျနော်ရေးခဲ့ပြီးပါပြီ။ ဒါဖြင့် သူ့အဆိုဟာ တကယ်လက်ခံနိုင်စရာကောင်းတဲ့ အဆိုကော ဟုတ်ရဲ့လား။ ကျနော်တို့ ဆွေးနွေးကြည့်ရအောင်ပါ။

ကျနော်အချစ်ဆုံးသူငယ်ချင်းတွေထဲမှာ ကျနော့်အတွက် ဘာမဆိုလုပ်ပေးပြီး ကျနော့်ကို ချိုးချိုးဖဲ့ဖဲ့ပြောတဲ့နေရာမှာ ရှေ့တန်းကအမြဲပါတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျနော်မန္တလေးမှာ နေတုန်းက ကောင်မလေးတစ်ယောက်ကို သွားသွားရှိတ်ဖူးတယ်။ မန္တလေးသူဆိုတော့ သိတဲ့အတိုင်းပဲ၊ အသားက ညိုညို၊ မျက်ဝန်းက စိုစိုနဲ့။ ရုတ်တရက်ကြည့်ရင်တော့ လှတယ်လို့ ရေစစ်နဲ့ စစ်ပြီးပြောရမယ့် ဟာလေးတွေပါ။ ကျနော်တို့ နေတဲ့ အနီးတစ်ဝိုက်မှာလဲ လှလှပပလေးတွေသိပ်မရှိတော့ ရှိတာပဲ ပိုးနေရတဲ့အဖြစ်။

တစ်နေ့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ယောက်သား လမ်းလျှောက်ရင်း ကောင်မလေးနေတဲ့ နေရာအနီးနားရောက်သွားတယ်။ ကံကောင်းချင်တော့ ကျနော်မျက်စိကျနေတဲ့ကောင်မလေးလဲ စက်ဘီးတစ်စီးနဲ့ အပြင်ကပြန်လာတယ်။ ကျနော့်သူငယ်ချင်းကို ပြောလိုက်တယ်။ ကိုယ့်လူ ဟိုမှာကြည့်စမ်း။ အဲဒါ ကိုယ့်အိပ်မက်လေးပဲ လို့။ သူငယ်ချင်းက ပြောတယ်။ မင်းအိပ်မက်ကလဲ အိပ်မက်ဆိုးကြီးပါလား တဲ့။ ဒါနဲ့ ကျနော်က ကိုယ့်လူ ဒီလိုမပြောနဲ့၊ ကိုယ့်မျက်စိနဲ့လဲ ၀င်ကြည့်ဦး လို့ပြောလိုက်တယ်။ ကျနော့်သူငယ်ချင်းက ဘာပြန်ပြောလဲဆိုတော့ “ခွေးမျက်စိတပ်ကြည့်မှတော့ ချီးပုံတွေ့ရင် ဟတ်ချင်မှာပေါ့ကွ”တဲ့။ ရက်စက်ပါပေ့ဗျာ။

အင်း၊ သူ့အတွက်တော့ ဘယ်လှပါ့မလဲ။ သူက အခုမှတွေ့တာကိုး။ ကျနော်က မြင်နေရတာကြာတဲ့အပြင် ဟိုစိတ်ဒီစိတ်တွေလဲ အနည်းငယ်ထည့်ပြီး ကြည့်တော့ ကျနော့်မျက်လုံးထဲတော့ အိမ်မက်လှလှလေးတစ်ခုဖြစ်နေတော့တာပေါ့။

ကျနော် ငယ်ငယ်က ရန်ကုန်မှာနေတယ်။ တစ်နေ့ မှတ်ပုံတင်လုပ်ဖို့အတွက် ဓာတ်ပုံဆိုင်သွားပြီး ဓာတ်ပုံသွားရိုက်တယ်။ ရလာတဲ့ဓာတ်ပုံကြည့်ပြီး ကိုယ့်ပုံကိုယ်မကြိုက်တာနဲ့ ဓာတ်ပုံဆိုင်ကလူကြီးကို ပြောတယ်။ ဦးလေးရိုက်ပေးတဲ့ ဓာတ်ပုံကလဲ ကောင်းလဲမကောင်းဘူးလို့။ အဲဒီလူကြီးမေးတယ်၊ ဘာဖြစ်လို့လဲ ကောင်လေးရ တဲ့။ ကျနော်က ပြောတယ်၊ ဦးလေးကြည့်ကြည့်ပါလား၊ ကျနော့်ပုံက အပြင်မှာလောက်တောင် မချောဘူး လို့။ ဒါနဲ့ ဓာတ်ပုံရိုက်တဲ့လူကြီးလဲ တဟားဟားနဲ့ ရယ်ပြီးပြောတယ်။ “အပြင်ကလူပုံနဲ့ ချွတ်စွတ်ကို တူပါတယ်ကွ၊ တစ်ခုတော့ရှိတယ်ကောင်လေးရ၊ မင်းဓာတ်ပုံကို ဒီထက်ပိုချောစေချင်ရင် ခဏခဏကြည့်ပေးကွ။ ကြည့်ပါများရင် အရုပ်ဆိုးတဲ့လူတောင် ချောသွားတယ်” တဲ့။ ဒါနဲ့ ကျနော်လဲ ဘာမှ မပြောတတ်တော့ပဲ မကျေမချမ်းနဲ့ ပြန်လှည့်ခဲ့ရတယ်။

ကျနော်ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုရှိတယ်။ တခါတုန်းက ရွာတစ်ရွာမှာ အလွန်အရုပ်ဆိုးပြီး သားအလွန်မဲတဲ့ ကုလားမကြီးတစ်ယောက်ရှိတယ်။ အရုပ်ဆိုး အသားမဲတဲ့အပြင် ခါးကုန်းပြီး ကျောမှာ ဘုကြီးတစ်ခုပါထွက်နေသေး သတဲ့။ အဲဒီကုလားမကြီးဟာ ဆင်းရဲလွန်းလို့ မြက်ရိတ်ပြီး ကျွဲနွားမွေးတဲ့ လူတွေဆီ ပြန်ပြန်ရောင်းစားရင်း ရတဲ့ငွေတို ငွေစလေးတွေနဲ့ပဲ အသက်မွေးရရှာတယ်။

တစ်နေ့ ကုလားမကြီးဟာ မျက်ရိတ်ရာကအပြန် ရွာဦးကျောင်းဝင်းထဲ လှမ်းကြည့်လိုက်မိတယ်။ စိမ်းစိုနေတဲ့ မြက်ခင်းကြီးကို တွေ့လိုက်ရလို့ စိတ်ထဲပျော်သွားတယ်။ နောက်နေ့ ဆရာတော်ကို လျှောက်ထားပြီး မြက်လာရိတ်ဦးမယ်ဆိုတဲ့စိတ်ကူးနဲ့ အိမ်ပြန်ခဲ့တယ်။ နောက်တစ်နေ့မနက်ကျတော့ မြက်ရိတ်တံစဉ်တစ်လက်နဲ့ အိပ်တစ်လုံးဆွဲပြီး သူ့အိမ်စုတ်လေးက ပျော်ရွှင်စွာထွက်လာခဲ့တယ်။ ဝေးဝေးသွားစရာမလိုပဲ ရွာဦးကျောင်းထဲမှာပဲ မြက်ရိတ်နိုင်တော့မယ် ဆိုပြီးပျော်နေတယ်။

ကျောင်းဝင်းထဲရောက်တော့ ကျောင်းထိုင်ဆရာတော်ကို သွားကန်တော့တယ်။ သူက အင်မတန်ဆင်းရဲလွန်းတဲ့အတွက် မျက်ရိတ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေရလို့ မြက်အင်မတန်ပေါတဲ့ ဆရာတော့်ကျောင်းဝင်းထဲမှာ မြက်ရိတ်ခွင့်ပြုစေလိုကြောင်း လျှောက်ထားလိုက်တယ်။ ကျောင်းထိုင်ဆရာတော်လဲ သနားလို့ ခွင့်ပြုတော်မူတယ်။ ဒီလိုနဲ့ ခါးကုန်းတဲ့ ကုလားမမဲကြီးဟာ နေ့တိုင်းနေ့တိုင်း ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး တပျော်တပါး မြက်ရိတ်တယ်။ မြက်မရိတ်ခင် ကျောင်းထိုင်ဆရာတော်ကိုလဲ ကျေးဇူးတင်တဲ့အနေနဲ့ နေ့တိုင်းသွားကန်တော့တယ်။

ကျောင်းထိုင်ဆရာတော်ကြီးလဲ ကျောင်းဝင်းထဲ ခါးကုန်းကုန်းနဲ့ ကုလားမကြီး မျက်ရိပ်နေတာကို နေ့တိုင်းမြင်နေရတယ်။ မြင်စတုန်းကတော့ ကုလားမကြီးဟာ အရုပ်ကဆိုးဆိုး၊ ခါးကကုန်းကုန်း၊ အသားကမဲမဲ၊ ကျောကုန်းမှာလဲ အဘုကြီးတစ်လုံးနဲ့မို့ ဆရာတော့် မျက်စိထဲမှာ အတော်ကြည့်ရဆိုးနေတယ်။ ရက်မှလ ကူးပြောင်းလို့ အချိန်ကြာလာတဲ့ အခါကျတော့ အရုပ်ဆိုးတဲ့ကုလားမကြီးဟာ ချောလာတယ်။ ခါးကုန်တာလဲ ကုန်းတယ်လို့ မမြင်တော့ဘူး၊ မဲနေတဲ့အသားလဲ ဖြူလာတယ်။ နောက်ဆုံးကျောကုန်းမှာ ထွက်နေတဲ့ အဘုကြီးလဲ မျက်လုံးထဲက ပျောက်သွားတယ်။

ဒီလိုနဲ့တစ်နေ့တော့ ဆရာတော်ကြီးဟာ သူ့စိတ်သူဆုံးမတယ်။ အင်း--အစတုန်းကတော့ ဒီကုလားမကြီးကို ငါက သနားလွန်းလို့ ဒီကျောင်းဝင်းထဲ မြက်ရိပ်ခွင့်ပြုလိုက်တယ်။ အရုပ်ဆိုးလွန်းလို့ ကြည့်မရလောက်အောင်ကို ဖြစ်ခဲ့ရသေးတယ်။ တစ်ဖြေးဖြေးနဲ့ ငါ့မျက်စိထဲမှာ ကုလားမကြီးဟာ ချောလာသလိုပဲ။ သူ့ခါးက ဘုကြီးလဲ ငါမမြင်တော့ဘူး။ ဒီအတိုင်းဆို မဖြစ်ချေဘူး။ ကြာရင် ငါးပါးမှောက်လိမ့်မယ်။ တစ်ခုခုတော့လုပ်မှ ဆိုပြီး စဉ်းစားရင် ကျက်သရေခန်းထဲဝင် ကျိမ်းလိုက်တယ်။ နောက်တစ်နေ့ ကုလားမကြီးရောက်လာတဲ့အခါကျတော့ ဆရာတော်က အောက်ပါအတိုင်း အမိန့်ရှိလိုက်တယ်။
“တကာမကြီး၊ ဟောဒီကျောင်းဝင်းထဲ မြက်ရိပ်လာတာလဲ ကြာလှပြီ၊ မြက်တွေလဲ ကုန်လုပါပြီ၊ တကာမကြီးရဲ့ ကျောကုန်းမှာရှိတဲ့ ဘုကြီးလဲ ပျောက်သွားပါပြီ။ အဲဒီတော့ ဒီနေ့ကစပြီး ဒီကျောင်းဝင်းထဲမှာ မြက်လာမရိပ်ဖို့ ဆရာတော်မေတ္တာရပ်ခံပါရစေ”၊ လို့။

ဒီလိုဖြစ်ရတာဟာ ဘာ့ကြောင့်လဲဆိုတော့---
(၁) တခြားရွေးချယ်စရာမရှိခြင်း၊
(၂) တခြားနှိုင်းယှဉ်စရာမရှိခြင်း၊
(၃) စိတ်ထဲမှာ တပ်မက်မှုတွေ ရောပြွမ်းနေခြင်း၊
(၄) အာရုံတစ်ခုတည်းကို ထပ်ခါတလဲလဲ ယူမိခြင်း၊
(၅) အာရုံယူမိတိုင်း ဟိုဟိုဒီဒီတွေးတောကြံစည်ခြင်း၊
ဆိုတဲ့ အချင်းအရာတွေကြောင့် မလှတဲ့အာရုံတွေဟာ သက်ဆိုင်ရာလူရဲ့မျက်လုံးထဲမှာ လှလာတတ်ပါတယ်။

မျက်စိဟာ ကြည့်ပါများရင် သက်ဆိုင်ရာအမြင်အာရုံအပေါ်မှာ အကျင့်ပါတတ်တဲ့ သဘောရှိပါတယ်။ အကြည့်ခံအာရုံဟာလဲ ကြည့်နေကျမျက်လုံးထဲမှာ တဖြေးဖြေးနဲ့ ယဉ်ပါးလာပြီး ကြာလာရင် အကြည့်သဘောနဲ့ အကြည့်ခံသဘောတရားတွေဟာ သဟဇာတ (အတူဖြစ်ခြင်း)၊ အညမည (အပြန်အလှန်ဖြစ်ခြင်း)သဘောအရ ပေါင်းဆုံသွားတတ်တယ်။ ကျနော်တို့ ၀မ်းဗိုက်ဟာလဲ စားနေကျအချိန် ဆာတာတို့၊ အစားကောင်းစားတဲ့ ဗိုက်ဟာ အစားကောင်းပဲ တောင်းတတာတို့၊ အကောင်းစားနေကျဖြစ်တဲ့ ဗိုက်ဟာ မကောင်းတာစားမိရင် အောင့်တာတို့ နာတာတို့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့်ချင့်ချိန်ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မြန်မာစာဆိုပညာရှိကြီး စိန္တကျော်သူ ဦးသြက သူ့နန်းတွင်းသူ၊ နန်းတွင်းသားတွေကို ဆုံးမတဲ့ သြ၀ါဒထူးပျို့မှာ---
“မျက်စိအကျင့်၊ ၀မ်းအချင့်ဟု၊ ယခင်ဝေါဟာ့၊ ဆိုခဲ့စွာ့ရှင့်” ဆိုပြီး စပ်ဆိုခဲ့ပါတယ်။
မျက်စိကို အကျင့်မလုပ်ဖို့နဲ့ မိမိဝမ်းဗိုက်ကိုလဲ ချင့်ချင့်ချိန်ချိန်လုပ်ပြီး စားသောက်ဖို့ ဆုံးမခဲ့ပါတယ်။ ဒါ့ကြောင့် အထက်မှာပြောခဲ့တဲ့ မြို့တော်ဝန် Mr. John Moloney ရဲ့ Ugly Ducklings လို့ခေါ်တဲ့ အကျီးတန်မလေးတွေဟာ မိန်းမရှားပြီး ယောက်ျားပေါများတဲ့ Mount Isa ရောက်ရင် Beautiful Swans လေးတွေဖြစ်သွားပြီး မိမိတို့လိုချင်လှတဲ့ ယောက်ျားရနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

အဆဲခံရလို့ ပေးတဲ့ဆု


"My town, where men vastly outnumber women, is a place for "ugly ducklings to flourish into beautiful swans".
(Mayor John Moloney)

“ကျွန်တော့်မြို့ကတော့ ယောက်ျားများပြီး မိန်းမရှားတဲ့အတွက် အကျီးတန်မလေးတွေကို အလှနတ်သမီးဖြစ်အောင် ဖန်ဆင်းပေးတဲ့နေရာပါပဲ”
(မြို့တော်ဝန် ဂျွန်မလိုနီ)

သြစ်ထရေးလိယနိုင်ငံ၊ ကွီးစ်လန်းဒ်မြို့ရဲ့ အနောက်မြောက်ဘက်မှာ Mount Isa လို့ခေါ်တဲ့ မိုင်းတွင်းမြို့ကလေးတစ်မြို့ရှိပါတယ်။ အဲဒီမြို့လေးဟာ လူဦးရေအင်မတန်နည်းပါးပါတယ်။ ၁၉၆၈ ခုနှစ်ကမှစပြီး လူဦးရေ ၁၈၀၀၀ လောက်နဲ့ မြို့ဖြစ်လာတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတောင် လူဦးရေဟာ သုံးသောင်းကျော်၊ လေးသောင်းအကြားမှာပဲရှိပါသေးတယ်။ မိုင်းတွင်းတူးရတဲ့အလုပ်ဆိုတာ အင်မတန်ကို ပင်ပန်းကြမ်းတမ်းလွန်းတဲ့အတွက် အမျိုးသားတွေလောက်သာ အများအားဖြင့် လုပ်ကြတာပါ။ ဒါကြောင့်လဲ Mount Isa ရဲ့လူဦးရေကို ကြည့်လိုက်ရင် အမျိုးသားအရေအတွက်က အမျိုးသမီးအရေအတွက်ထက် ငါးဆလောက်များနေပါတယ်။

အမျိုးသားအများစုဟာလဲ အလုပ်ကြမ်းလုပ်ရတဲ့ အားကောင်းမောင်းသန်လူရွယ်၊ လူလတ်ပိုင်းတွေ အများစုဖြစ်ဟန်တူပါတယ်။ နောက်ပြီး အမျိုးသမီးအရေအတွက်ကလဲ နည်းတဲ့အပြင် ရှိသမျှအမျိုးသမီးတွေဟာ အလုပ်ကြမ်းသမားအများစုရဲ့ မိသားစုဝင်တွေနဲ့ လမ်းဘေးဈေးသည်သာသာမျိုးတွေချည်းဆိုတော့ ရွက်ကြမ်းရေကျိုအနေအထားတွေချည်းနဲ့ တူပါတယ်။ ဒါကြောင့် ရှိသမျှအမျိုးသမီးတွေဟာ အိုနာကျိုးကန်းတွေတောင် အမျိုးသားတွေရဲ့မျက်စိထဲ လှနေကြမှာပါပဲ။ ဒါကြောင့်လဲ အခုလက်ရှိ အုပ်ချုပ်နေတဲ့ မြို့တော်ဝန် John Moloney က “Obese women could even lose weight under the gaze of Mount Isa males” “ဖက်တီးပုတ်မကြီးတွေတောင် ကျုပ်တို့ Mount Isa သားတွေရဲ့အကြည့်အောက်မှာ ၀ိတ်ကျသွားနိုင်တယ်” လို့ဆိုခဲ့တာပေါ့။

Mr. John Moloney က သူ့မြို့သူတွေနဲ့ ပတ်သက်ပြီးတော့ သူ့မြို့မှာ အရုပ်ဆိုးတဲ့အမျိုးသမီးအတော်များများကို တွေ့ရကြောင်း၊ သူတို့ဟာ Mount Isa မှာနေရတာကို ပျော်ရွှင်ပုံရကြောင်း၊ Mount Isa ဟာ သူတို့အတွက် အားတက်စရာဘုံနန်းတစ်ခုသဘွယ်ဖြစ်ကြောင်း၊ Mount Isa သူတွေဟာ အရုပ်ဆိုးကြပေမဲ့ အမျိုးသားတွေရဲ့ စိတ်ဝင်စားတာကို ခံရတဲ့အတွက် မကြာမီ တော်ကောက်ခံရလေ့ရှိကြောင်း ပြောခဲ့ပါသေးတယ်။

မြို့တော်ဝန် John Moloney ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က the New South Wales ပါလီမန်ထဲ နှစ်စဉ်အမျိုးသမီးတွေကသာရွေးချယ်ပြီးပေးတဲ့ Ernie Awards အာနီဆုတွေအနက် အမြင့်ဆုံးဖြစ်တဲ့ Golden Ernie ဆုကို လက်ခံရရှိခဲ့ပါတယ်။ အာနီဆုတွေ အမျိုးအစားများစွာရှိတဲ့အနက် မြို့တော်ဝန် John Moloney ကိုပေးတဲ့ဆုဟာ အမြင့်ဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အဲဒီ Mount Isa အပါအ၀င် အမျိုးသမီးထုကြီးတစ်ရပ်လုံးရဲ့ ဆဲဆိုရေရွတ်တာကို အများဆုံးခံလိုက်ရလို့ပါပဲ။ အဲဒီဆုကို ပေးရခြင်းရဲရည်ရွယ်ချက်တော့ လက်မခံနိုင်လောက်အောင် မိန်းမယောက်ျားလိမ်ခွဲခြားဆက်ဆံတဲ့ ယောက်ျားတွေကို အရှက်ရစေဖို့ ပေးတယ်လို့ဆိုပါတယ်။ ဒီအကြိမ်ဟာ (၁၆)ကြိမ်မြောက်ပေးတဲ့အကြိမ်ပါ။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Mr. John Moloney ဟာ သတင်းစာကနေအထက်ပါအတိုင်းပြောဆိုခဲ့ပါတယ်။ ပြီးတော့ အကျီးတန်တဲ့အမျိုးသမီးတွေ သူ့မြို့မှာ လာနေရင် ယောက်ျားရမှာ သေချာကြောင်းကိုလဲ ကြေညာခဲ့ပါသေးတယ်။ အဲဒီအပြောတွေကြောင့် Mount Isa ကမယ်မယ်တွေနဲ့ Assie သြစီက မမတွေက သူတို့ကိုစော်ကားပါတယ်ဆိုပြီး ဆဲဆိုရေရွတ်ခဲ့ကြပါတယ်။ ယောက်ျားမိန်းမခွဲခြားဆက်ဆံတယ်ဆိုပြီးတော့လဲ အစွပ်စွဲခံလိုက်ရပါတယ်။ အဲဒီဂုဏ်ပုဒ်တွေကြောင့် မြို့တော်ဝန် Mr. John Moloney ကို အာနီဆုချီးမြင့်ရေးအဖွဲ့ကြီးကနေ အမြင့်ဆုံးဖြစ်တဲ့ Golden Ernie ဆုကိုပေးအပ်ခဲ့ပါတယ် တဲ့။ အဲဒီဆုပေးပွဲမှာ Mr. John Moloney ဟာ ဒီလောက်အမျိုးသမီးတွေ သူ့ကို ရေရွတ်နေတဲ့ကြားထဲက “မကျေနပ်တဲ့သူတွေကတော့ သူတို့ကို အရုပ်ဆိုးတယ်ပြောလို့ ကျနော့်ကို အပြစ်တင်ကြလေရဲ့”ဆိုပြီး စောင်းခဲ့ပါသေးတယ်။
(http://uk.news.yahoo.com/22/20081121/tod-uk-australia-sexism-1a5e080.html) ကို အခြေခံရေးပါသည်။

Sunday, November 23, 2008

ကုရာနတ္ထိ ဆေးမရှိ


Selfishness must always be forgiven you know, because there is no hope of a cure.

Jane Austen (1775-1817)

အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့ ကုရာနတ္ထိ ဆေးမရှိဘူးလေ။

(ဂျိန်းအော်စတင်)


လူတစ်ယောက်ကို အတ္တဆန်တယ်လို့ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူနဲ့ပတ်သက်ပြီး ကြိုတင်တွေးထား၊ မြင်ထားတာတွေရှိပါတယ်။ ကြိုတင်တွေးတောထားခြင်းမရှိပဲ ဘယ်သောအခါမှ တစ်ဘက်သားကို အတ္တဆန်တယ်လို့ မပြောကြပါဘူး။ အဲဒါက ဘာလဲဆိုရင်--ဒီလူဟာ ကိုယ်ကျိုးအတွက်ပဲ အလုပ်လုပ်တယ်။ ကိုယ်ကျိုးသမား။ သူများကို မငဲ့ကွက်တဲ့လူ။ သူ့ကိုယ်ကျိုးအတွက်ဆိုရင် ဘနဖူးပင် သိုက်တူးဖို့ ၀န်မလေးသူ၊ စသည်စသည်အားဖြင့် ကျနော်တို့ ကြိုတင်တွေးထားတတ်ကြပါတယ်။

ကျနော့်အထင်ပြောရရင်တော့ အတ္တဆန်တယ်လို့ အပြောမခံရတဲ့လူရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လူတိုင်းဟာ အနည်းနဲ့အများဆိုသလို အတ္တဆန်နေတတ်ကြလို့ပါပဲ။ အတ္တမဆန်တဲ့လူ တစ်စုံတစ်ယောက်ကို စာဖတ်သူတွေ့ဖူးပါသလား။ စာဖတ်သူကိုယ်တိုင်ရော အတ္တမဆန်တဲ့လူဖြစ်ကြောင်း ၀န်ခံရဲပါသလား။ ခက်မယ်ထင်ပါတယ်။ ကျနော်ကတော့ ၀န်ခံပါတယ်ဗျာ။ ကျနော်ဟာ အတ္တဆန်ပေ့ဆိုတဲ့ လူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

ဒီလို လူတိုင်းလောက်နီးပါး အတ္တဆန်နေကြပါလျှက်နဲ့ ဘာ့ကြောင့်များ ကျနော်တို့ဟာ တစ်ဘက်သားကို အတ္တဆန်တယ်လို့ ပြောချင်ဆိုချင်ကြပါသလဲ။ ဘယ်လိုလူမျိုးတွေဟာ အဓိကအားဖြင့် အတ္တဆန်ကြပါသလဲ။ အတ္တဆန်တဲ့ရောဂါဟာ တကယ့်ကို ကုရာနတ္ထိ ဆေးမရှိ ဆိုရလောက်တဲ့ရောဂါကြီးဖြစ်ပါသလား။ ကျနော်တို့ ဒီပြဿနာတွေကို ခန့်ကျဉ်းကျဉ်းဆွေးနွေးကြရအောင်ပါ။

Self-Priority လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ လူတွေမှာရော၊ တိရစ္ဆာန်တွေမှာပါ အတူတူပါပဲ။ ဘာဖြစ်လို့တူရသလဲ ဆိုရင် ဒါဟာ သဘာဝတရားတစ်ခုဖြစ်နေလို့ပါ။ သဘာဝတရားဖြစ်တဲ့အတွက် လူမှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုနဲ့ တိရစ္ဆာန်မှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ အများကြီးကွာခြားတယ်လို့ဆိုရင် မှားပါတယ်။ လူဟာ တိရစ္ဆာန်ထက် အသိဉာဏ်သာပါတယ်။ အဲဒီအသိဉာဏ်ကြောင့် ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ ထင်းရှားမလာတာပါ။ အသိဉာဏ်ပျောက်သွားတဲ့အခါမှာတော့ အလိုလိုပေါ်လာတတ်ပါတယ်။ တိရစ္ဆာန်တွေမှာလဲ ကိုယ့်ကိုယ်ကို ဦးစားပေးမှုကို ကာကွယ်စေတဲ့သဘာဝတရားတစ်မျိုးရှိပါတယ်။ အဲဒါကတော့ မိခင်မေတ္တာပါပဲ။ တိရစ္ဆာန်ဟာ လူတွေလို အသိဉာဏ်မရှိပေမဲ့ အဲဒီမေတ္တာကြောင့် ကိုယ့်အသက်စွန့်ပြီး သူ့ကလေးတွေကို ကာကွယ်တတ်ပါတယ်။

ဒါပေမဲ့ အမြဲတမ်းတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့မြန်မာစကားမှာ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း ဆိုတဲ့စကားပုံကြားဖူးကြမှာပါ။ ဒီစကားပုံဟာ ကိုယ့်ကိုယ်ကိုဦးစားပေးမှုရဲ့အဆုံးစွန့်ပြယုဂ်တစ်ခုကို ဖေါ်ပြနေပါတယ်။ ကမ္ဘာပျက်ခါနီး မြေပြင်ကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေတဲ့အချိန် လက်ထဲကလေးငယ်ချီပြီး ဟိုပြေးဒီပြေးလုပ်နေရတဲ့ မိခင်တစ်ယောက်ဟာ မြေကြီးပေါ်မရပ်တည်နိုင်လောက်အောင်ကို ပူလွန်းလို့ လူသားရဲ့အသိဉာဏ်နဲ့ မိခင်ရဲ့မေတ္တာပါပျောက်ပြီး နောက်ဆုံးတော့ လက်ထဲချီထားတဲ့ ရင်သွေးငယ်ကို မြေချပြီး အပူသက်သာလိုသက်သာငြား တက်နင်းရတဲ့ အဖြစ်ကို ပုံဆောင်ထားပါတယ်။

စာပေမှာလာတဲ့ သာဓကလေးတစ်ခုကိုလဲ ပြောပြချင်ပါတယ်။ ရှေးအခါက လင်မယားနှစ်ယောက်ဟာ မွေးကင်းစကလေးငယ်တစ်ယောက်ကို ချီပြီး တခြားတိုင်းပြည်တစ်ပြည်သွားဖို့ ခရီးရှည်ထွက်လာခဲ့ကြတယ်။ ခရီးက ကန္တာရကြီးတစ်ခုကို ဖြတ်ကျော်သွားရမယ့် ခရီးဖြစ်လေတော့ ရေအပါအ၀င် လမ်းစာရိက္ခာတွေလဲ နိုင်သလောက်သယ်ယူခဲ့ကြတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မရောက်ခင်မှာပဲ စားစရာနဲ့ ရေတွေဟာ ကုန်သွားပါတယ်။ ပါလာတဲ့ကလေးငယ်ကို အမေတစ်ခါ၊ အဖေတစ်လှည့်ချီပိုးရင်း အားတင်းပြီး ဆာဆာနဲ့ ခရီးဆက်ခဲ့ကြတယ်။

မရှိတာကိုမှ ပိုတောင်းတတတ်၊ ပိုတန်ဖိုးထားတတ်တဲ့ လူသားတွေရဲ့စိတ်သဘောအရ အစာရေစာကုန်သွားကတည်းက နောက်ထပ်မရနိုင်တော့လို့ ပူပင်နေရတဲ့သူတို့စိတ်ဟာ ပင်ပန်းမှု၊ ဆာလောင်မွတ်သိပ်မှုဒဏ်တွေကြောင့် ချိနဲ့သထက် ချိနဲ့လာပါတယ်။ နောက်ထပ်အစားအစာတစ်ခုခုမှ မရရင် ဒီကန္တာရထဲမှာပဲ အားလုံးအသက်ဆုံးရှုံးကြတော့မယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ လူ့သားအရည်အချင်းတွေဟာ အလိုလိုပျောက်သွားပါတယ်။ ဒီလိုနဲ့ ပါလာတဲ့ ကလေးငယ်ကို လင်မယားနှစ်ယောက် နှစ်ချမ်းခွဲပြီး မိမိတို့အသက်ရှင်ရေးအတွက် ရင်ဆို့ဆို့နဲ့ စားပစ်လိုက်ရတယ်။

နောက် ဇာတ်လမ်းတစ်ခုကတော့ ရှေးခေတ်က မဟာဘာရတနိုင်ငံတော်ကြီးဖြစ်ခဲ့ဖူးတဲ့ အခုအင်ဒိယပြည်ကြီးမှာပါ။ ဘောဇဘုရင်မင်းမြတ်လက်ထက်တော်အခါ။ အခါတပါး ဘုရင်မင်းကြီးဟာ မွေးကင်းစသားတော်လေးကို ရင်ခွင်ထဲထည့်ပြီး ညီလာခံကျင်းပနေတယ်။ ညီလာခံကျင်းပပြီးတော့ ဘုရင်ကြီးက ပညာရှိအမတ်အမင်း ကာလီဒါသကို လှမ်းပြောလိုက်တယ်။

“အမတ်မင်း ကာလီဒါသ၊ ဟောဒီငါကိုယ်တော့်ရင်ခွင်ထဲရောက်နေတဲ့ သားတော်လေးထက်ပိုပြီး ချစ်ရမယ့်သူရယ်လို့ မရှိတော့ဘူး ကွဲ့” တဲ့။

ကာလီဒါသကလဲ “မှန်လှပါ၊ ရှိသေးကြောင်းပါဘုရား” လို့ပြန်လည်လျှောက်ထားလိုက်တယ်။ မင်းကြီးကလဲ “ဒါဆိုမောင်မင်း သက်သေပြနိုင်လား။ အဲဒါဘယ်သူလဲ” လို့ထပ်မေးလိုက်တယ်။ အမတ်ကြီးကလဲ “သက်သေပြနိုင်ပါတယ်။ အဲဒါ မင်းကြီးကိုယ်တိုင်ပါပဲ၊ မင်းကြီးဟာ မင်းကြီးကိုယ်တိုင်ထက် သားတော်လေးကို ပိုမချစ်နိုင်ကြောင်းပါ” လို့လျှောက်ထားလိုက်တယ်။ မင်းကြီးက “ဘယ်လိုသက်သေပြမလဲ” မေးတော့၊ ကာလီဒါသကလဲ ဒါဆိုမင်းဥယျာဉ်ထဲသွားပြီး သက်သေပြမည်ဖြစ်ကြောင်း ပြန်လျှောက်ထားတယ်။

ဥယျာဉ်ထဲရောက်တော့ အမတ်ကြီးကာလီဒါသက ရေကန်တော်ထဲက ရေတွေကို အကုန်ထုတ်ပစ်ခိုင်းလိုက်ပြီး ကလေးရှိတဲ့ မျောက်မတစ်ကောင်ကိုဖမ်းပြီး ရေကန်အလယ်ခေါင်မှာ ချထားစေလိုက်တယ်။ ပြီးတော့မှ ရေတွေကို ပြန်သွင်းစေတယ်။ ဘုရင်မင်းကြီးနှင့် မင်းပရိတ်သတ်လဲ ကာလီဒါသလုပ်တာကို စိတ်ဝင်တစားကြည့်ရှုနေကြတယ်။ ရေကန်အလယ်က မျောက်မလဲ ရေတွေဝင်လာတော့ အောက်ချထားတဲ့ သူ့ကလေးငယ်ကို ရေမစိုအောင် ကောက်ချီလိုက်တယ်။ ကြည့်နေတဲ့ မင်းပရိတ်သတ်လဲ မိခင်မေတ္တာကြီးမားကြောင်း ချီးကြူးလိုက်ကြတယ်။

ရေတွေဟာ ခြေသလုံးမှ ဒူးဆစ်၊ ပေါင်၊ ခါး၊ ရင် အထိ တဖြေးဖြေး မြင့်မြင့်တက်လာတော့ မျောက်မကြီးလဲ သူ့ကလေးငယ် ရေမထိအောင်ခေါင်းပေါ်မြှောက်ချီထားလိုက်တယ်။ ကြည့်ရှုနေတဲ့ ပရိတ်သတ်လဲ မိခင်မေတ္တာတရား အလွန်ကြီးကြောင်း ကောင်းချီးပေးလိုက်ကြပြန်တယ်။ ကာလီဒါသကလဲ ဆက်လက်ရှုစားကြရန် မေတ္တာရပ်ခံလိုက်တယ်။ ၀င်လာတဲ့ရေတွေဟာ ရင်မှ မေးဖျား၊ ပါးစပ် အထိတက်လာတယ်။ နှာခေါင်းအနားရောက်တဲ့အခါကျတော့ မျောက်မကြီးဟာ သူ့အသက်ရှင်ရေးအတွက် စတင်ကြိုးပန်းလိုက်တယ်။ ခုန်ဆွခုန်ဆွလုပ်ပြီး အသက်ရှူနေတယ်။ ခဏကြာတော့ ရေတွေဟာ သူ့နှာခေါင်းပေါ်ကျော်တက်လာတဲ့အတွက် ဘယ်လိုမှ အသက်ရှူလို့မရနိုင်တော့ဘူး။ ဒီအချိန်မှာ ဘာလုပ်လိုက်လဲဆိုတော့ ခေါင်းပေါ်မြှောက်ချီထားတဲ့ ကလေးငယ်ကို ရုတ်တရက်ရေအောက် နှစ်ပစ်လိုက်တယ်။ ပြီးမှ အဲဒီကလေးအပေါ်မှာ တက်နင်းပြီး အသက်ရှူလိုက်တယ်။

ဘုရင်ကြီးနဲ့ မင်းပရိတ်သတ်လဲ ဒီအခါမှာ ကောင်းချီးမပေးနိုင်ကြတော့ပဲ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။ သူတို့ကို ကာလီဒါသ အမတ်ကြီးက ပြောလိုက်တယ်။ သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးစားပေးတတ်တဲ့ သဘောရှိကြောင်း၊ တကယ့်တကယ်ဒုက္ခနဲ့ မရင်ဆိုင်ရခင်မှာသာ တစ်ဦးပေါ်တစ်ဦး ကြင်နာနိုင်ကြောင်း တရားနဲ့စပ်ယှဉ်တဲ့  သတိပြုဘွယ်တွေကို ပြောပြတယ်။ ကာလီဒါသရဲ့ သက်သေပြကွက်ကို ကြည့်ပြီး ဘုရင်ကြီးလဲ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဖြစ်ကြောင်း ၀န်ခံလိုက်တယ်။

ဒီဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့လူသားတွေရော၊ တိရစ္ဆာန်တွေပါ နောက်ဆုံးသေရေးရှင်ရေးနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးတတ်ကြောင်း နားလည်နိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲ ဆိုရင် အတ္တဆန်မှုဆိုတဲ့သဘောတရားဟာ ကျနော်တို့ရင်ထဲမှာ ဘ၀သံသရာအဆက်ဆက်က တည်ရှိခဲ့လို့ပါပဲ။ အဲဒီသဘောတရားဟာ အသိဉာဏ်နဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဆေးကောင်းဝါးကောင်း နှစ်မျိုးကို မသောက်သုံးမိတဲ့အခါ ပိုမိုထင်ရှားလာတတ်ပါတယ်။ အဲဒီလိုထင်ရှားလာပြီဆိုရင် သတိလက်လွတ်ဖြစ်ပြီး လုပ်ချင်တာလုပ်မိတတ်တဲ့အတွက် အတ္တဆန်တတ်တဲ့လူသားအချင်းချင်းကနေ အတ္တဆန်တဲ့လူရယ်လို့ သမုတ်တာကို ခံရတတ်ပါတယ်။ ဒါကြောင့် အတ္တဆန်တဲ့ လူသားအချင်းချင်း အတ္တဆန်တဲ့လူလို့ အခေါ်အဝေါ်၊ အပြောအဆိုမခံရလေအောင် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ ဆေးကို များများသောက်သုံးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Saturday, November 22, 2008

မကောင်းမှု


Evil is obvious only in retrospect.
Gloria Steinem

မကောင်းမှုဆိုတာ ပြန်တွေးမိတဲ့အခါမှသာ သိသာထင်ရှားလာတတ်တယ်။
(ဂလော်ရီယာ စတိန်းနဲမ်)

အမိုက်မဲဆုံးသောအရာ


One of the darkest evils of our world is surely the unteachable wildness of the Good.

H.G. Wells (1866-1946)

ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက် တစ်ခုကတော့ လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။
(အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)

“မင်းတို့သွားကြတော့၊ ငါတော့ မလိုက်တော့ဘူး။ ရာဝင်အိုးဘ၀ကနေ ကရားမဖြစ်ပါရစေနဲ့တော့၊ ပညာရှိတဲ့မင်းတို့က ပညာရှိတဲ့ ဂေါတမဆီပဲ သွားကြ၊ မိုက်တဲ့လူတွေကတော့ မိုက်တဲ့ငါ့ဆီ လာကြလိမ့်မယ်။ လောကမှာ လူလိမ်မာထက် လူမိုက်က ပိုပေါပါတယ်ကွ”။

ရှေ့မှာ ဒူးထောက်ကာ တောင်းတောင်းပန်ပန်ကန်တော့ရင်း ဘုရားထံပါးသွားတရားနာဖို့ ခေါ်ယူနေတဲ့ တပည့်နှစ်ယောက်ကို ကျောပေးရင်း အားတင်းပြီးပြောလိုက်တယ်။ သူ့နာမည်က သိဉ္စည်း။ လူတွေကတော့ သူ့ကို သိဉ္စည်းဆရာကြီးလို့ပဲ ခေါ်ကြတယ်။ ဆရာကြီးလို့အခေါ်ခံပြီး ဆရာကြီးလုပ်နေတဲ့အတွက် သူဟာ အထူးသဖြင့် သူ့နှလုံးသားဟာ အတ္တမာနတွေနဲ့ ရိုင်းစိုင်းလို့သာ နေပါတော့တယ်။

“ဥပတိဿနဲ့ ကောလိတ။ သိပ်တော်တဲ့ တပည့်နှစ်ယောက်။ ငါ့ဆီရောက်လာတာ မကြာသေးဘူး။ ငါသိသမျှတရားတွေကို မင်းတို့အကုန်သိသွားကြပြီ။ ငါတတ်ထားသမျှလဲ အကုန်သင်ပေးလိုက်ပြီးပြီ။ ငါ့ဆီက ရတဲ့အသိ၊ ငါသင်ပေးတဲ့ အတတ်နဲ့ မကျေနပ်နိုင်လို့ မင်းတို့ ဆရာအသစ် ထပ်ရှာခဲ့ကြတယ်။ အခုတော့ ငါ့ကို ခွါချင်ပြီပေါ့။ ငါ့ဆီက ခွါယုံနဲ့ အားမရလို့ ငါ့ကိုပါ မင်းတို့ဆရာအသစ်ဖြစ်တဲ့ ဂေါတမရဲ့တပည့်လုပ်ဖို့ ဆွယ်လိုက်သေးတယ်။ တော်တော် တော်တဲ့တပည့်တွေ။ သွားကြတော့။ သွားကြ။ သွားကြ”။

ပါးစပ်က ထွက်မလာဘဲ လည်ချောင်းဝမှာတင် ရပ်ပြီး အထဲပြန်ဝင်သွားတဲ့ စကားတွေပါ။ မျိုသိပ်လိုက်တာမဟုတ်ပါဘူး။ ပြောဖို့ကို အားကုန်သွားတဲ့ အဖြစ်ရယ်လေ။

“ကျုပ်ကို ဟောဒီ ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက သိဉ္စည်းဆရာကြီး၊ သိဉ္စည်းဆရာကြီးနဲ့ သိနေကြမှန်း သိပါလျှက်နဲ့ သူတို့ဆရာအသစ် ဂေါတမဆီမှာ တပည့်ခံရဦးမလို့တဲ့။ မခံဘူး။ ဘယ်တော့မှ မခံဘူး။ သူက မနေ့တစ်နေ့ကမှ တရားတွေဘာတွေသိပြီး ဘုရားဖြစ်လာတဲ့သူ။ ငါက ဘုရားဖြစ်နေတာ ကြာလှပြီ။ ဘုရားကြီးက ဘုရားလေးဆီ တပည့်ခံရမယ်ဆိုတာ ရှက်စရာပဲ ကောင်းသေးတော့တယ်။ မလိုက်ဘူး။ လုံးဝမလိုက်ဘူး”။

အရှင်အဿဇိထံပါး သွားရင်းဟန်လွဲ တရားနာကြားလိုက်ရတဲ့ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနဲ့ အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတတို့ သစ္စာတရားကို ကိုယ်စီသိမြင်ကြပြီး နောက်ပါတပည့်တပန်းတွေနဲ့အတူ ဘုရားရှိရာကျောင်းတော်သို့ ချီတက်သွားကုန်ကြပြီ။ ဆရာအသစ်ကို ဖူးမျှော်ဖို့။ တရားအသစ်ကို နာကြားဖို့။

နောက်ပြန်ငဲ့ကွက် လှည့်မကြည့်ကြတော့ပါ။ ဘာ့ကြောင့်လဲ၊ ထပ်ခါတလဲလဲ သံသရာလည်မည့် တရားတွေကို ဘယ်သူ့ဆီကမှ နာလည်းမနာယူလိုကြတော့ပြီ။ သူများကိုလဲ ထပ်ဆင့် ဟောလဲ မဟောကြားလိုကြတော့ပြီ။ ဒီလိုငဲ့ကွဲ့မှုတွေများခဲ့လို့လဲ ဘ၀ါဘ၀လည်ပတ်ရင်း သံသရာစက်ဝန်းထဲ မလူးသာမလွတ်သာနဲ့ ကျင်လည်ခဲ့ရပေါင်းများခဲ့ကြပြီကော။ ဒီတစ်ခါတော့ နောက်ဆုံးဖြစ်ပါစေတော့။ နှုတ်ဆက်ခဲ့ပါတယ် ဆရာ။ သံသရာဗွေ မြစ်ရေကျောမှာ ထပ်ထပ်ခါလည်ရင်းနဲ့ နေခဲ့ပေဦးတော့။

ထွက်ခွါသွားတဲ့ တပည့်တွေရဲ့ကျောပြင်ကို အခုမှပဲ ကြည့်လိုက်မိတယ်။
“ အိုး၊ အကုန်သွားကြတော့တာပါလား၊ တကယ့်ကိုပဲ ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့ရှာပြီကော”။
ဆရာကြီးရဲ့ရင်ထဲ မချိတင်ကဲပေါင်းများစွာဖြစ်ရင်း အသက်ရှုမ၀ဖြစ်လာခဲ့တယ်။ ရှက်ခြင်း၊ ဒေါသဖြစ်ခြင်း၊ သိမ်ငယ်ခြင်း၊ အထီးကျန်ခြင်းဆိုတဲ့ အသိတွေကြောင့် ရင်ခွင်တစ်ခုလုံးပူလောင်ပြီး မီးဟုန်းဟုန်းတောက်လောင်နေဘိအလား ခံစားနေရတယ်။ ပူလောင်တဲ့စိတ်ကြောင့် နှလုံးသားထဲမှာရှိတဲ့ သွေးတစ်သွေးခဲတွေဟာ ပွက်ပွက်ဆူလာတယ်။ ဆူလွန်းမကဆူလာတဲ့အချိန်ကျတော့ နူးညံ့တဲ့ နှလုံးသားနံရံတွေဟာ သွေးရဲ့အပူရှိန်ဒဏ်မခံနိုင်ရှာတော့ပဲ ဗျန်းကနဲ့ ကွဲထွက်ပြီး နီထွေးတဲ့ သွေးရည်တွေဟာ ပါးစပ်မှတစ်ဆင့် ထွက်ကျလာပြန်တော့တယ်။ ဒါကိုပဲ သွေးအံတယ် လို့ လူတွေက ပြောကြတယ်။ ဟုတ်တယ်။ ဒီအတိုင်းဆို သိဉ္စည်းဆရာကြီးသွေးအံခဲ့ပြီ။

ဘုရားမပွင့်ခင်ကတည်းက အခုအင်ဒိယနိုင်ငံလို့ခေါ်တဲ့ ဇမ္ဗူဒိပ်တစ်ခွင်မှာ ဘာသာရေးဂိုဏ်းပေါင်းများစွာထွန်းကားနေနှင့်ပါပြီ။ အဲဒီအထဲ ကိုယ့်ဝါဒကို မဏ္ဍိုင်ပြု၊ ကိုယ့်ကိုယ်ကို ဘုရားလို့ကြေညာပြီး ဘုရားလုပ်စားနေတဲ့လူခြောက်ဦးလဲ ရှိပါတယ်။ စာပေတွေမှာတော့ သူတို့ခြောက်ဦးကို တိတ္ထိဆရာကြီးခြောက်ဦးလို့ အသိများကြပါတယ်။ တိတ္ထိ ဆိုတာ အယူဝါဒကို ဖန်တီးတတ်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒိဋ္ဌိ (မှားယွင်းသောအယူ) နဲ့ မတူတာကို သတိပြုပါ။ အဲဒီဆရာကြီးခြောက်ဦးစလုံးဟာ သူတို့ရဲ့ အယူအဆတွေဟာ မှားယွင်းပြင်းထန်လွန်းအားကြီးလို့ ဘုရားနဲ့တွေ့ဖို့အခွင့်အလမ်းတောင် ပိတ်သွားခဲ့ကြတယ် လို့ဆိုပါတယ်။ တစ်ယောက်မှ ဘုရားနဲ့ တွေ့မသွားကြရရှာပါဘူး။

ဘုရားသတင်းကို အဝေးကပဲ နားစွင့်ပြီး ချို့ယွင်းချက်လို့ ယူဆမိတဲ့ ဘုရားဟောကြားချက်မှန်သမျှကိုလဲ သူတို့တပည့်တွေကိုပဲ လွှတ်လွှတ်ပြီး အငြင်းအခုံလုပ်စေပါတယ်။ လွှတ်လိုက်တဲ့တပည့်အသီးအသီးဟာလဲ ဘုရားဆီရောက်ရင် ဘုရားတပည့်တွေချည်းဖြစ်ကုန်လို့ နောက်တော့ မလွှတ်ရဲကြပြန်ဘူး။ သူတို့ကိုယ်တိုင်လဲ ဘုရားရှင်ထံပါး မလာရဲကြဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ဟာ--
(၁) သူတို့ကိုယ် သူတို့လဲ ဘုရားလို့ ၀န်ခံထားကြတယ်။
(၂) ဘုရားတပည့်မဟုတ်တဲ့ လူတွေကလဲ သူတို့ကို ဘုရားလို့ပဲ ထင်နေကြတယ်။

အဲဒီအကြောင်းနှစ်ချက်နဲ့ အတ္တမာနတွေ နင်းကန်ထူပြီး တကယ်လို့ သူတို့ဘုရားဆီသွားတာကို သူတို့တပည့်တွေထဲက တစ်ယောက်ယောက်ကများသိသွားခဲ့ရင် ခက်ရချည့် ဆိုတဲ့စိတ်နဲ့ ဗုဒ္ဓဘုရားဆီ သွားမတွေ့ဝံ့ကြဘူး။ ဒါပေမဲ့ ဘုရားမြတ်စွာကိုယ်တော်တိုင်ကလဲ ဒီဆရာကြီးခြောက်ဦးဟာ သစ္စာတရားကို ဟောပြရင်တောင် အတ္တဒိဋ္ဌိအားကြီးလွန်းလို့ တရားမရနိုင်ဘူးဆိုတာကို သိတော်မူတဲ့အတွက် တရားသွားမဟောပါဘူး။

သူတို့တတွေဟာ သစ္စာတရားကို သိတတ်နားလည်အောင် ဘယ်လိုမှကို ဟောကြားလို့မရ၊ သင်ကြားလို့မရတော့တဲ့ ရိုင်းစိုင်းမှုမျိုးနဲ့ ချည်နှောင်ခံနေရတဲ့ သူတွေပါ။ ဒီသဘောတရားဟာ အဲဒီခေတ် အဲဒီအခါမှာသာ ရှိခဲ့တာမဟုတ်ပါဘူး။ အခါခပ်သိမ်းရှိနေမည့် သဘောတရားတစ်ခုပါ။ လူသားတွေရဲ့ စိတ်ထဲမှာ အထူးသဖြင့် လူတော်လူကောင်းဆို သူတွေရဲ့သန္တာန်မှာ အတ္တမာနတွေ ထွန်းကားနေသမျှတော့ တစ်ဘက်သားပြောစကားကို မှန်သိတိုင် နားထောင်တတ်မှာ မဟုတ်ပါဘူး။ ဒါဟာ ဖြစ်မြဲသဘောတစ်ခုလို့ ကျနော်မြင်ပါတယ်။ အဲဒီသဘောကို အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်က (Unteachable Wildness) သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုလို့ သမုတ်ပါတယ်။

ကျနော်တို့မျက်မြင်လောကဖြစ်တဲ့ ယနေ့ခေတ်မှာ ကြည့်တတ်ရင် မြင်တွေ့ရမှာပါ။ ကိုယ့်ကိုယ်ကို လူကောင်း (သို့) လူတော်လို့ အထင်ရောက်နေတဲ့ လူအတော်များများဟာ သူများသင်ပြ၊ ပြောပြတာကို နားမထောင်ချင်တတ်ကြတော့ပါဘူး။ သူတို့ရင်ထဲမှာ ငါဆိုတဲ့ အတ္တနဲ့ ကိုယ့်ကိုယ်ကိုသူများထက်သာတယ်လို့ထင်တတ်တဲ့မာနက ရိုင်းစိုင်းစွာနေရာယူလိုက်ပါပြီ။ အဲဒါကြောင့် သူတို့တတွေဟာ သူတို့သိတဲ့အသိထက် ပိုပြီးတော့လဲ သိနိုင်စွမ်းမရှိကြတော့ပါဘူး။

ဟောဒီလောကထဲမှာ ဘာမှ မသိပဲနဲ့ မွေးဖွါးလာပြီး ဘာမှ မသိပဲနဲ့ သေသွားတဲ့ လူတွေဟာ ရေတွက်လို့မကုန်နိုင်ပါဘူး။ ကျနော်တို့ဟာ ဘာမှမသိပဲနဲ့ မွေးဖွါးလာတယ်ဆိုတာကိုတော့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒါမှ အသက်ရှင်နေရစဉ်မှာ သင်ကြားလိုတဲ့ စိတ်ပေါ်လာမှာဖြစ်ပါတယ်။ သင်ကြားလို့မကုန်ခန်းနိုင်တဲ့လောကကြီးထဲမှာ ကိုယ့်ကိုယ်ကို ဆရာကြီးလို့ အထင်ရောက်သွားရင်တော့ အဲဒီလူအတွက် သင်ကြားခွင့်ဟာ အလိုလိုပိတ်ဆို့သွားပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ အသိဉာဏ်ဆိုတာ ကိုယ့်ထက်သာတဲ့ လူတွေဆီကချည်း လာတာမဟုတ်လို့ပါပဲ

အချုပ်ဆိုရရင်တော့ ကျနော်တို့လူသားတွေဟာ ကိုယ့်ကိုယ်ကို ဘာမှမဟုတ်သေးပါလား ဆိုတဲ့အတွေးမျိုးကို တွင်တွင်တွေးပြီး တစ်စုံတစ်ခုကို သိရရေး၊ နားလည်နိုင်ရေးအတွက် ဘယ်သူ့ဆီကမဆို အယုတ၊် အလတ်၊ အမြတ်မရွေးပဲ လေ့လာနိုင်၊ သင်ယူနိုင်ကြရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဆရာကြီးလို့ယူဆပြီး အတ္တမာနတံခွန်ထူနေရင်တော့ အဲဒီလူဟာ အထက်မှာပြောခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ဦးလို ဒီဘ၀တွင်သာမက နောင်သံသရာအဆက်ဆက်ပါ သစ္စာတရားနဲ့ ဝေးသထက် ဝေးသွားဖို့ပဲရှိကြောင်း တင်ပြလိုက်ရပါတယ်။

Friday, November 21, 2008

သက်သေ ထပ်လိုချင်သေးတယ်


I remember the time I was kidnapped and they sent a piece of my finger to my father. He said he wanted more proof.

Rodney Dangerfield

တစ်ခါက ကျနော်ပြန်ပေးအဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားတွေက ကျနော့်လက်ချောင်းကလေးဖြတ်ပြီး အဖေ့ဆီပို့လိုက်တယ်။ အဲဒါကို အဖေက (မယုံလို့ ) နောက်ထပ်သက်သေ လိုချင်သေး သတဲ့။
(ရော့ဒ်နေ ဒိန်းဂျားဖီးလ်ဒ်)

ကာလဒေသနှင့် ကံကြမ္မာ သက်ဆိုင်ပါသလား


Never give up, for that is just the place and time that the tide will turn.

Harriet Beecher Stowe (1811-1896)

ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ မူတည်တယ်။
(ဟာရိုက်ဘီချာစတူး)

ကျနော်တို့မြန်မာဘာသာ၊ မြန်မာစကားဟာ စကားလုံးအရဖြစ်စေ၊ အသုံးအနှုံးအရဖြစ်စေ၊ ၀ါကျဖွဲ့စည်းပုံအရဖြစ်စေ၊ စာပေအရဖြစ်စေ အင်မတန်ကြွယ်ဝတဲ့ ဘာသာစကားတစ်ခုဖြစ်တယ်ဆိုတာ မြန်မာစာပေတတ်ကျွမ်းသူတိုင်း နားလည်ကြပါတယ်။ မှတ်သားစရာစကားပုံတွေ၊ ဆိုရိုးစကားတွေနဲ့ပြည့်နှက်နေတဲ့ လူမျိုးကြီးဘာသာစကားတစ်ခုပါ။ စကားပုံတွေဟာ ခေတ်ကာလအလိုက်အဖြစ်အပျက်ကိုဖြစ်စေ၊ ယေဘုယျအမှန်သဘောကိုဖြစ်စေ ဖေါ်ဆောင်ပေးတဲ့ ဆောင်ပုဒ်လေးတွေပါ။

အချို့စကားပုံတွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပါတယ်။ အဲဒီထဲက နှစ်ခုကို ကျနော် ဒီမှာ ဆွေးနွေးချင်ပါတယ်။
တစ်ခုက တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်
နောက်တစ်ခုက သေချင်တဲ့ကျား တောပြောင်း

ပြောင်းရွှေ့ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း သဘောနဲ့ပတ်သက်ပြီးမြင်တဲ့ အမြင်နှစ်မျိုးလို့ အကြမ်းဖျဉ်းဆိုနိုင်ပါတယ်။ ဒီအဆိုနှစ်မျိုးစလုံးဟာ သူ့နည်းသူ့ဟန်နဲ့သူ မှန်ကန်နေတဲ့အတွက် ကျနော်တို့မြန်မာစာပေလောက၊ မြန်မာစကားလောကမှာ ယနေ့ထက်တိုင် ရေးသား သုံးနှုံးပြောဆိုနေကြဆဲပါ။ အခုလို တိုင်းပြည်ဗရုတ်ဗယက်ဖြစ်နေတဲ့အတွက် ကောင်းနိုးရာရာနိုင်ငံ၊ ဒေသတွေကို ရွေးချယ်ပြီး ပြောင်းရွှေ့နေထိုင်နေကြတဲ့ခေတ်ကာလကြီးမှာ ဒီစကားပုံတွေကို ပိုလို့တောင် စကားအရ အသုံးများလာကြပါသေးတယ်။

ပြောင်းရွှေ့မှုကြောင့် အဆင်ပြေသွားတဲ့လူတွေ ရှိသလို၊ နဂိုအနေထက် ဆုတ်ယုတ်ပြီး နောက်ဆုံးအသက်ပါ ပေးဆပ်လိုက်ရတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အဆင်ပြေမှု/မပြေမှုတွေကို ကံကောင်းမှု/ကံဆိုးမှုလို့ ဝေါဟာရအရ ခေါ်ဆိုနိုင်တယ်ဆိုရင် ဟာရိုက်ဘီချာစတူးရဲ့ စကားဟာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကံကောင်းခြင်း/ကံဆိုးခြင်းတွေဟာ အချိန်ကာလ နေရာဒေသနဲ့ ပတ်သက်မှုရှိပါသလော

ဒီမေးခွန်းကို ဘာသာရေးစာပေရှုထောင့်ကဖြစ်စေ၊ လက်တွေ့လူလောကအဖြစ်အပျက်ကို သက်သေပြုပြီးဖြစ်စေ ဖြေဆိုနိုင်ပါတယ်။ သူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို စိတ်မလျှော့နဲ့၊ အားမငယ်နဲ့။ အချိန်တန်ရင် သို့မဟုတ် တခြားနေရာရောက်ရင် ကြီးပွါးလိမ့်မယ် လို့ ပြန်ဆိုနိုင်ပါတယ်။ ဒါဖြင့်ရင် အချိန်ကာလဟာ ကြီးပွါးရေးအတွက် ဘယ်လောက်အရေးပါသလဲ။ နေရာဒေသဟာ တိုးတက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ။ ဒီမေးခွန်းတွေကို ရှေးဦးစွာစာပေ ရှုထောင်နဲ့ ကြည့်ရအောင်ပါ။

ကျနော်တို့ ငယ်စဉ်ဘ၀က စာသင်ကျောင်းမှာ သင်အံကျက်မှတ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ အားလုံးရကြ၊ သိကြမယ်လို့ မျှော်လင့်ပါတယ်။ ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသားသည် စတဲ့ ကဗျာလေးပါ။ မိဘတွေက ကုဋေရှစ်ဆယ်လောက်ချမ်းသာတဲ့ ပုဏ္ဏားမျိုးသူဌေးတွေ။ တစ်ဦးတည်းသောသားလေးမို့ မျက်စိအောက်က အပျောက်မခံနိုင်အောင်ချစ်ရှာလွန်းလို့ ဘယ်မှမသွားခိုင်းဘူး။ ဘယ်တော့မှ မဆင်းရဲနိုင်ဘူးလို့တွေးပြီးတော့လဲ ပင်ပန်းမှာစိုးလို့ဆိုပြီး ပညာမသင်ခိုင်းဘူး။ မိဘနှစ်ပါးကွယ်လွန်တဲ့အခါကျတော့ သူဌေးသားဟာ သောက်စားမူးရစ်ပျော်ပါးရင်း ဥစ္စာပစ္စည်းထိမ်းသိမ်းနည်းပညာမတတ်တဲ့အတွက် ရှိသမျှ အကုန်ပြောင်ပြီး မကြာမီပဲ ခွက်လက်ဆွဲ တောင်းစားရတဲ့ သူတောင်းစားဘ၀ရောက်သွားရရှာတယ်။

အခါတစ်ပါး နေ့လည်စာသုံးဆောင်ပြီးတဲ့ကိုရင်လေးတွေဆီမှာ စားကြွင်းစားကျန်တောင်းနေရရှာတဲ့ သူဌေးသားသူတောင်းစားကို ဘုရားမြတ်စွာက မြင်လို့ပြုံးတော်မူတယ်။ အရှင်အာနန္ဒာက ဘုရားရှင်ဘာကြောင့်ပြုံးသလဲ မေးလျှောက်တော့ ဘုရားမြတ်စွာက အောက်ပါအတိုင်းဖြေတော်မူတယ်။

ချစ်သားအာနန္ဒာ၊ ဟိုးမှာတောင်းစားနေတဲ့ သူတောင်းစားအိုကြီးဟာ ပထမအရွယ်တုန်းက ပစ္စည်းဥစ္စာကို မဖြုန်းတီးပဲ စီးပွါးရေးလုပ်ခဲ့မယ်ဆိုရင် ဒီဗာရာဏသီမြို့မှာတင် ပထမတန်းစားသူဌေးကြီးဖြစ်နိုင်တယ်။ အဲဒီအရွယ်မှာ ရဟန်းပြုခဲ့မယ်ဆိုရင်လဲ ရဟန္တာဖြစ်မှာပဲ။ ဒုတိယအရွယ်၊ တတိယအရွယ်တွေမှာ စီးပွါးရေးလုပ်မယ်ဆိုရင်လဲ ဒုတိယတန်းစား၊ တတိယတန်းစားသူဌေးလောက်တော့ဖြစ်မှာပဲ။ ရဟန်းပြုခဲ့ရင်လဲ အနာဂါမ်၊ သကဒါဂါမ်လောက်တော့ ဖြစ်ဖို့ရှိတယ်။ အခုတော့ ဥစ္စာလဲပြုန်း၊ တရားလဲရှုံးနဲ့ ရေမရှိတဲ့ အင်းထဲမှာ ငါးရှာနေတဲ့ ကြိုးကြာငှက်အိုကြီးလို ဖြစ်နေရှာပြီ။

အထက်ပါ ဘုရားရှင်ရဲ့စကားတော်တွေဟာ လူတစ်ယောက်မှာ ကြီးပွါးနိုင်တဲ့အခွင့်အလမ်းဆိုတာ အချိန်ကာလနဲ့ လုံးဝသက်ဆိုင်နေတယ်ဆိုတာကို တိုက်ရိုက်အားဖြင့် ပြနေပါတယ်။ အချိန်မနှောင်းစေဖို့ သိပ်အရေးကြီးကြောင်း သတိပေးနေပါတယ်။ အချို့သစ်ပင်တွေဟာ ရာသီဆိုတဲ့အချိန်ကို အမှီပြုပြီး သီးကြပွင့်ကြသလို ကျနော်တို့လူသားတွေရဲ့ ကောင်းကံဆိုးကံတွေဟာလဲ အချိန်ကာလအားလျှော်စွာ အကျိုးပေးတတ်ကြောင်း စာပေတွေမှာ နေရာများစွာတွေ့နိုင်ပါတယ်။

နေရာဒေသဟာလဲ လူတစ်ယောက်ကြီးပွါးရေးမှာ အင်မတန်အရေးကြီးပါတယ်။ နေရာမှန်မှာ နေခွင့်ရဖို့အင်မတန်လိုအပ်ပါတယ်။ ကြီးပွါးနိုင်ပါလျှက်နဲ့ နေရာမှန်မရောက်လို မကြီးပွါးရရှာတဲ့လူတွေ အများကြီးပါ။ အဲဒီအတွက် ကာယကံရှင်ကိုယ်တိုင်က လုံးလစိုက်ထုတ်ဖို့တော့ လိုပါတယ်။ အဲဒီနေရာမျိုးကို မရောက်ရောက်အောင်သွားနိုင်တဲ့လုံးလနဲ့ ဉာဏ်စွမ်းရှိဖို့အရေးကြီးပါတယ်။

ကံကိုချည်းသက်သက်ပုံအပ်ထားပြီး ဘာမှအားထုတ်မှုရှိရင်လဲ ရသင့်ရထိုက်တဲ့အခွင့်အလမ်းတွေဟာ ဆုံးရှုံးသွားရတတ်ပါတယ်။ ဒါကြောင့်ရှေးပညာရှိ၊ နီတိဆရာကြီးတွေက--

သီဟမည်ခေါ်၊ ခြင်္သေ့သော်လည်း၊
အိပ်ပျော်၍သာ၊ နေတုံပါမူ၊
ဘယ်မှာစားဘွယ်၊ ခံတွင်းလယ်သို့၊
သားငယ်သမင်၊ လာ၍၀င်အံ့ ။
လို့စပ်ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မဃဒေ၀အလင်္ကာဆရာတော်ဘုရားကလဲ
ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊
ဟောပြသည်မှာ၊ အရင်းသာရှင့်။
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊
သုခပွါးရန်၊ ဤလူ့ထံ၌၊
ဉာဏ်ဝီရိယ၊ ပယောဂတည်း။
လို့ရေးသားစပ်ဆိုတော်မူခဲ့ပါသေးတယ်။

လက်တွေ့ဘ၀နဲ့ကြည့်မယ်ဆိုရင်လဲ နေရာဒေသပြောင်းရွှေ့မှုဟာ ကံကြမ္မာပြောင်းလဲမှုကို အထိုက်အလျှောက်ဖြစ်စေတယ်ဆိုတာတော့ လူတိုင်းနားလည်ကြမှာပါ။ အထူးသဖြင့် ကျနော်တို့လို နိုင်ငံရပ်ခြားရောက်နေကြတဲ့လူတွေက ဒီသဘောကို ပိုမိုသိခွင့်ရကြပါတယ်။ ကိုယ့်တိုင်းပြည်ထဲပဲနေပြီး ဘယ်မှမသွားဖူးမရောက်ဖူးရင်တော့ သူများတိုင်းပြည်တွေရဲ့ကြီးပွါးတိုးတက်နေပုံတွေကို တွေ့မြင်ခွင့်မရတဲ့အတွက် ကိုယ့်ကိုယ်ကိုဘယ်လိုကြီးပွါးအောင် လုပ်ရမယ်ဆိုတဲ့အသိကိုပေးတဲ့ မျက်လုံးဟာ ကန်းသွားနိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရောက်နေတိုင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်နေတိုင်း ကြီးပွါးပါသလား။ အဖြေကတော့ ရှင်းရှင်းလေးပါ။ မကြီးပွါးပါ လို့ပဲဖြေပါရစေ။ ကျနော်ပြောခဲ့တဲ့ ဉာဏ်နဲ့ဝီရိယဆိုတဲ့ အကူမပါရင်တော့ မကြီးပွါးပါဘူး။ ကျနော်မျက်စိနဲ့တွေ့နေမြင်နေရတဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေအကြောင်းတော့ မပြောတော့ပါဘူး။ ကျနော်ကိုယ်တိုင်တိုက်ရိုက်သိနေတဲ့ ကျနော့်အကိုနဲ့ ကျနော့်တူတွေအကြောင်းတော့ နည်းနည်းပါးပါးပြောချင်ပါတယ်။

ကျနော့်အကိုဟာ ရွာမှာနေတုန်းက သူ့လုပ်ငန်းနဲ့သူ အတော်အဆင်ပြေနေပါရက်နဲ့ ထိုင်းနိုင်ငံထွက်သွားခဲ့တယ်။ သူ့ဇနီးကို တစ်ပတ်လောက်ပဲပေါင်းပြီး ရွာမှာပဲပစ်ထားခဲ့တယ်။ ထိုင်းနိုင်ငံရောက်တော့ ငါးဖမ်းသင်္ဘောတစ်စီးမှာ အလုပ်ရတယ်။ အဲဒီမှာ သူအချိန်ဘယ်လောက်ကြာကြာလုပ်သလဲ ကျနော်လဲ မမှတ်မိဘူး။ အတော်ကြာကြာအဆက်ပြတ်သွားခဲ့တယ်။ ပြန်လဲမလာဘူး။ နောက်တော့ ကြားရတယ်။ သူလုပ်တဲ့ ငါးဖမ်းသင်္ဘောက မြန်မာ့ရေပိုင်နက်ထဲ ငါးဝင်ခိုးလို့ အစိုးရစစ်သင်္ဘောက လိုက်ဖမ်းတာမိသွားသတဲ့။ အကုန်လုံးဖမ်းပြီးထောင်ထဲထည့်ထားခံလိုက်ကြရတယ်။ နောက်ဆုံးထောင်ထဲမှာပဲ ဆုံးသွားရရှာတယ်။ သူ့လိုလူမျိုးအတွက်တော့ သေချင်တဲ့ကျား တောပြောင်းလို့ ပဲဆိုရမှာပါ။ ကိုယ့်နေရာမှာ ကိုယ်အဆင်ပြေနေပါရက်နဲ့ သူများဆီအထင်ကြီးသွားလုပ်တာ နောက်ဆုံး အသက်ပါပျောက်သွားရရှာတယ်။ ဒါလဲ ဉာဏ်နဲ့ဝီရိယချို့ယွင်းမှုကြောင့် ကံချို့ယွင်းသွားကြောင်း နားလည်နိုင်ပါတယ်။

နောက်တစ်အုပ်စုကတော့ ကျနော့်တူတွေနဲ့ ကျနော့်ယောက်ဖတွေ။ ရွာမှာနေရင် တစ်နေ့ ကိုယ့်လက်ဖက်ရည်ဖိုးတောင်ရအောင် ကောင်းကောင်းပိုက်ဆံမရှာနိုင်တဲ့ကောင်တွေ အခုမလေးရှားမှာ အလုပ်တွေဘာတွေရပြီး သူတို့အမေတွေ၊ ဇနီးတွေဆီ လစဉ်လိုလို ပိုက်ဆံပြန်ပို့နိုင်ကြတယ်။ အိမ်တွေဘာတွေလဲ ကောင်းသထက်ကောင်းအောင် ပြန်လည်တည်ဆောက်နိုင်ကြတယ်။ နေရာပြောင်းပြီးအလုပ်လုပ်တဲ့အတွက် အခွင့်အလမ်းတွေပိုရလာတဲ့သဘောကိုပြောတာပါ။ သူတို့အတွက်တော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံဟာ သင့်တော်တဲ့ အဆိုတစ်ခုပဲလို့ ဆိုရမှာပါ။ အခွင့်အလမ်းဟာ ဘယ်အချိန်ထိ သာနေဦးမလဲ။ ဉာဏ်၊ ၀ီရိယရဲ့နှိုးဆွမှုကြောင့် ကံကြမ္မာဟာ ဘယ်အချိန်ထိ ကောင်းကျိုးပေးနေဦးမလဲ ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

တစ်ခုသေချာတာကတော့ ဘယ်သူမဆို ကိုယ့်ကိုယ်ကို သုံးသပ်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။ လူတစ်ယောက် တစ်နေရာရောက်လို့ကြီးပွါးနေရင် ငါလဲ သူ့လိုကြီးပွါးအောင် အဲဒီနေရာသွားမယ် ဆိုပြီး မျက်ကန်းရုန်းထွက်လို့မဖြစ်ပါဘူး။ သူဘာကြောင့်ကြီးပွါးသလဲ။ သူ့မှာ ဘာအရည်အချင်းရှိသလဲ။ သူဘာကိုလုပ်သလဲ။ သူနဲ့ငါနဲ့ ကွာဟချက်ဘာရှိသလဲ စတဲ့ သုံးသပ်ချက်တွေကို လုပ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုသုံးသပ်လိုက်တဲ့အခါ သူ့မှာရှိတဲ့ မြင်သာတဲ့ အရည်အချင်းတွေ အားလုံးကိုယ့်မှာလဲ ရှိတယ်ဆိုရင်တောင် သူဟာ ကိုယ့်ထက်အရင်ရောက်နှင့်နေတဲ့အတွက် အချိန်ကာလရဲ့မျက်နှာသာပေးနေတာကို ခံနေရပြီဆိုတာကိုတော့ အမှန်အတိုင်းနားလည်ထားဖို့အရေးကြီးပါတယ်။ အဲလိုနားလည်ပြီးတဲ့အခါ သူ့ထက်ကိုယ်က နှစ်ဆလောက်ပိုကြိုးစားနိုင်မှ အချိန်ကာလတစ်ခုအပြီးမှာ ကိုယ်မျှော်လင့်ထားတဲ့ ကံကြမ္မာဖေးမမှုဆိုတာဖြစ်လာမှာ။ ဒါပေမဲ့ ဉာဏ်နဲ့ ၀ီရိယမရှိပဲ ကံကြမ္မာဟာ ဘယ်တော့မှ မျက်နှာသာမပေးဘူးဆိုတာကို မြဲမြဲမှတ်ထားဖို့ အရေးကြီးပါတယ်။

အထက်ပါ ဖြစ်စဉ်နှစ်ခုကို ကြည့်ရင် နေရာပြောင်းတာချင်းတူပေမဲ့ ဖြစ်စဉ်တစ်ခုက အနှုတ်ဖြစ်ပြီး၊ အခြားဖြစ်စဉ်တစ်ခုက အပေါင်းဖြစ်တယ်။ ဒါကြောင့် နေရာပြောင်းရုံနဲ့ ကံကောင်းခြင်းကို မဖြစ်စေဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် ကြီးပွါးနိုင်တဲ့အချိန်၊ ကြီးပွါးလောက်တဲ့နေရာမှာ ရောက်နေပေမဲ့ လုလ္လအစွမ်း၊ ဉာဏ်အစွမ်းကို အသုံးမပြုရင် ကံဟာ အကျိုးပေးခွင့်မသာနိုင်ဘူးလို့ဆိုလိုပါတယ်။ ဒါကြောင့် ကံအကျိုးပေးခွင့်သာရေးအတွက် သင့်တော်တဲ့အရွယ်မှာ ကောင်းမွန်တဲ့နေရာဒေသရောက်နေပေမဲ့ ဉာဏ်နဲ့ဝီရိယကို အသုံးပြုဖို့အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

ခိုင်းတတ်ရဲ့လား


Never do anything yourself that others can do for you.

(Agatha Christie)

ကိုယ့်အတွက် သူများလုပ်ပေးနိုင်တဲ့ကိစ္စမျိုးကို ဘယ်တော့မှ ကိုယ်တိုင်မလုပ်နဲ့။
(အဂါသာ ခရစ္စတီ)

ကျနော် လူတွေအများကြီးတွေ့ဖူးတယ်။ ကိုယ်တိုင်လုပ်မှ အားရတယ် ဆိုတဲ့လူတွေပေါ့။ ကိုယ်တိုင်လုပ်မှ အားရတဲ့အတွက် သူတို့ခမျှာ ဘယ်အလုပ်မှာမဆို ၀င်ပါနေရရှာတယ်။ ဒါကို မကောင်းဘက်က ကြည့်ရင်တော့ တစ်ဘက်သားကို မယုံရဲတာလို့ ဆိုနိုင်တယ်။ ကိုယ့်ကိုယ်ကိုပဲ သူများထက်ကောင်းအောင် လုပ်နိုင်တယ်လို့ ထင်တတ်တဲ့ အလေ့ရှိတာလို့ ကျနော်မြင်ပါတယ်။

ခေါင်းဆောင်နေရာမှာ ရှိတဲ့လူဖြစ်စေ၊ လက်အောက်ခံနေရာမှာ ရှိတဲ့လူဖြစ်စေ သူများလုပ်လို့ရတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင် လုပ်နေရရင် အဲဒီလိုလုပ်နေရတဲ့အတွက် ကုန်သွားတဲ့အချိန်တွေဟာ သိပ်နှမျောဖို့ကောင်းပါတယ်။ အထူးသဖြင့် အဂါသာ ခရစ္စတီရဲ့စကားဟာ ခေါင်းဆောင်လုပ်တဲ့ လူတွေကို ရည်ညွှန်းတာလို့ ကျနော်ဆိုချင်ပါတယ်။ ခေါင်းဆောင်ရဲ့အလုပ်ဟာ စနစ်တကျ တာဝန်ခွဲဝေပေးတတ်ပြီး ကောင်း၏/မကောင်း၏ ဆုံးဖြတ်ပေးဖို့ပါ။ အောက်လက်ငယ်သားလုပ်နေတဲ့အလုပ်ကို အားမရလို့ ကိုယ်တိုင်ပါဝင်လုပ်နေရရင် ကိုယ့်အတွက်လဲ အချိန်ကုန်လူပန်းဖြစ်သလို၊ အောက်လက်ငယ်သားအတွက်လဲ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းတက်လာမှာ မဟုတ်ပါဘူး။

ကျနော်ငယ်ငယ်က ရွာမှာ အတော်ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က အလှူလုပ်တယ်။ အဲဒီအလှူမှာ မုန့်ဟင်းခါးကျွေးမလို့ဆိုပြီး တစ်ညလုံး ချက်ကြပြုတ်ကြနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်နေကြတယ်။ အလှူ့ရှင် အမျိုးသမီးကြီးဟာ သူ့ကို ၀ိုင်းကူလုပ်ပေးနေတဲ့သူ့အလုပ်သမားတွေ အများကြီးရှိနေပါရက်နဲ့ မနေနိုင်မထိုင်နိုင် အတော်ကြာကြက်သွန်နီအခွံနွှာနေတဲ့ကောင်မလေးတွေအနားသွားပြီး ကြက်သွန်နွှာနေပြန်ပြီ။ အတော်ကြာ ငါးအရိုးသွားနွှင်နေပြန်ပြီ။ အတော်ကြာ ငှက်ပျောအူသွားလှီးနေပြန်ပြီ။ ဒါတင်မပြီးသေးဘူး။ နောက်ဆုံး နာနံပင်သင်နေတဲ့ အမျိုးသမီးတစ်ယောက်ဆီသွားပြီး ဟဲ့ အဲလိုမသင်ရဘူး။ ဒီလိုသင်ရတယ်နဲ့ သွားအော်နေပြန်ပြီ။ ပြီးတော့ သူကိုယ်တိုင် ၀င်သင်နေလိုက်သေးတယ်။

သူ့ကြည့်ရတာ ဘယ်သူလုပ်တာမှ စိတ်တိုင်းမကျနိုင်ဖြစ်ပြီး အလုပ်အားလုံးကို သူ့တစ်ယောက်တည်းပဲ လိုက်လုပ်နေရရှာတယ်။ ဟိုအလုပ်လဲ သူပါ၊ ဒီအလုပ်လဲ သူပါနဲ့ တစ်ယောက်တည်း ချာချာကိုလည်နေတာပဲ။ တကယ်တော့ သူများလဲ သူလုပ်တတ်သလောက်လုပ်တတ်နေပါရက်နဲ့ ကိုယ်ကိုယ်တိုင်လုပ်တာကိုပဲ အားရတတ်တဲ့ ချွတ်ယွင်းချက်လို့ ကျနော်ကတော့ ဆိုချင်ပါတယ်။ တစ်နည်းပြောရရင်တော့ အဲလိုလူမျိုးဟာ ဘယ်လောက်ပဲ လုပ်ငန်းရှင်ဖြစ်နေပါစေ အလုပ်သမားဘ၀က ဘယ်တော့မှာ ကျွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ခေါင်းဆောင်ဆိုတာ သူများကို ခိုင်းတတ်ဖို့သိပ်အရေးကြီးတယ်လို့ပြောကြတာပေါ့။

နောက်တစ်ဦးကတော့ ကျနော့်ပါမောက္ခ။ ကျနော့်မှာ ဆရာသမားတွေများကြီးရှိတဲ့ အထဲက တစ်ဦးသောဆရာသမား။ သူကျပြန်တော့ ခိုင်းတတ်လွန်းအားကြီးတယ်လို့ ဆိုချင်တယ်။ ဘယ်လောက်ခိုင်းတတ်လဲဆိုရင် လက်အောက်ငယ်သားမလုပ်တတ်တဲ့ အလုပ်ကိုတောင် ရအောင်လုပ်ခိုင်းပြီး လှည့်မကြည့်ပဲ ပစ်ထားနိုင်တယ်။ တစ်ခါတုန်းက အမှတ်ရသေးတယ်။ ကျနော်မလုပ်တတ်တဲ့ အလုပ်ဖြစ်တဲ့ ဖိုတိုရှော့ပ်နဲ့ အသင်းတံဆိပ်တစ်ခုလုပ်ရမယ့် ကိစ္စပေါ်လာတယ်။ အဲဒါ ကျနော့်ကို လုပ်ခိုင်းတယ်။ အဲဒီအသင်းတံဆိပ်ဟာ သာမန်မဟုတ်ဘူး။ တော်တော့်ကို အရေးကြီးတဲ့ တံဆိပ်ပါ။ တကယ် ကျွမ်းကျင်တဲ့လူတွေဆီမှာပဲ အံ့နှံပြီး လုပ်စေသင့်တဲ့ တံဆိပ်မျိုး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတံဆိပ်ဟာ Institute တစ်ခုကို ကိုယ်စားပြုမည့် တံဆိပ်ဖြစ်နေလို့ပါပဲ။

မင်းလုပ်တတ်သလားလို့တော့ ဘယ်တော့မှ မမေးတတ်ဘူး။ အဲဒါ သူ့အကျင့်။ လုပ်စရာပေါ်လာလို့ကတော့ အနားနေတဲ့လူ လုပ်တတ်တတ်/မလုပ်တတ်တတ် ထည့်မတွက်ဘူး။ ခိုင်းပြီးသားပဲ။ လုပ်တတ်တဲ့လူအတွက် အင်မတန်လွယ်ကူတဲ့ အလုပ်ဟာ မလုပ်တတ်တဲ့ ကျနော့်အတွက် အတော်လေးခက်နေတယ်။ မလုပ်တတ်ဘူး ပြောရင်လဲ ဘယ်တော့မှ မကြိုက်ပြန်ဘူး။ အဲဒါနဲ့ ပေပြီးလုပ်နေရတယ်။ အတော်လေးကြာတော့ လာမေးတယ်။ မပြီးသေးဘူးလားတဲ့။ မပြီးသေးဘူးလို့ ပြန်ပြောတော့ မင်းက ဒါလေးကို ဒီလောက်ကြာအောင်လုပ်နေရသလား တဲ့။ ဒါနဲ့ ဖိုတိုရှော့ပ်ကျွမ်းတဲ့ သူငယ်ချင်းဆီဖုန်းဆက်ပြီးလှမ်းအကူအညီတောင်းရတယ်။ နောက်ဆုံးပြီးသွားတယ်။

ကျနော့်ဆရာသမားရဲ့ မူဝါဒက ကျနော်သတိထားမိသလောက်ဆိုရင် ကြောင်ကိုက်လို့ပဲ ကြွက်သေသေ၊ ဒုတ်နဲ့ပစ်လို့ပဲ ကြွက်သေသေ၊ နောက်ဆုံး ကြွက်သေဖို့သာအဓိကဆိုတဲ့ မူဝါဒ။ ဒါလဲ ကျနော့်အထင် သိပ်မကောင်းသေးဘူးလို့ထင်တယ်။ ဒူးနေရာဒူး၊ တစ်တောင်နေရာတစ်တောင်ဆိုသလို သူ့အရည်းအချင်းနဲ့ အံဝင်တဲ့အလုပ်မျိုးပေးတတ်ရင်တော့ ပိုပြီး အချိန်ကုန်လဲသက်သာမယ်။ အပင်ပန်းလဲ သက်သာမယ်။ အလုပ်လဲ ချောချောမောမောရှိမယ်။ တစ်ဦးတည်းနဲ့ ဘက်စုံလုပ်နိုင်တယ်ဆိုတဲ့လူဟာ သိပ်ရှားပါတယ်။ လုပ်နိုင်တယ်ဆိုရင်လဲ ဟိုနည်းနည်း ဒီနည်းနည်းပဲရှိမှာပေါ့။ ထူးချွန်ဖို့တော့ မလွယ်လှဘူး။

ဒါကြောင့် ခေါင်းဆောင်လုပ်တဲ့လူဟာ ကျနော်တို့ရွာက မုန်းဟင်းခါးချက်တဲ့ သူဌေးမကြီးလိုလဲ သူမပါမပြီးထင်ပြီး နေရာတကာဝင်လုပ်နေဖို့မလိုသလို ကျနော့်ပါမောက္ခလိုလဲ တစ်ဖက်သားမလုပ်တတ်တဲ့အလုပ်ကို အတင်းလုပ်ခိုင်းပြီး လှည့်မကြည့်ပဲ ပစ်ထားတာမျိုးမဖြစ်သင့်ဘူး။
(၁) အလုပ်နဲ့သင့်တော်တဲ့ အရည်အချင်းရှိသူကို ရွေးချယ်တတ်ရမယ်။
(၂) အလုပ်ပေးပြီးရင်လဲ စိတ်ချလက်ချ လုပ်ပိုင်ခွင့်ပေးထားနိုင်ရတယ်။
(၃) ကောင်းရင်ကောင်းသလို ချီးကြူးပြီး၊ မကောင်းရင်တော့ ဘယ်နေရာမှာ ဘာလိုကြောင်း မငေါက်ငန်းပဲ ပြောပြနိုင်ရမယ်။
(၄) နေရာတကာ ၀င်ပါနေစရာမလိုဘူး။
(၅) မကျွမ်းကျင်တဲ့လူကို ခိုင်းထားမိရင်တော့ လုံးဝလှည့်မကြည့်ပဲ ပစ်ထားတာမျိုးလဲ မဖြစ်ရဘူး။

အဲဒီအချက်အလက်တွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အချက်အလက်တွေလို့ ကျနော်ယူဆပါတယ်။ ခေါင်းဆောင်ရဲ့တာဝန်ဟာ အောက်ကလူ လုပ်တဲ့အလုပ်ကို လိုက်လုပ်နေဖို့မဟုတ်ပါဘူး။ ကောင်းကောင်းစီမံတတ်ဖို့ပါ။ ပြီးတော့ ခေါင်းဆောင်ဟာ တာဝန်ကြီးပါတယ်။ တခြားလုပ်စရာတွေ အများကြီးရှိနေတတ်ပါတယ်။ သူ့မှာ အချိန်လုံလုံလောက်လောက်ရှိဖို့အရေးကြီးပါတယ်။ စီမံခန့်ခွဲရေးအတွက် အကွက်ချစဉ်းစားရတဲ့အလုပ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်မနေလုပ်ရတဲ့ အလုပ်ပါ။ ဒါကြောင့် အဂါသာ ခရစ္စတီရဲ့စကားနဲ့ပဲ ကိုယ့်အတွက် သူများလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးကို ဘယ်တော့မှ ကိုယ်တိုင်မလုပ်ပါနဲ့ လို့ တင်ပြလိုက်ရပါတယ်။

Wednesday, November 19, 2008

ကမ္ဘာ့အိမ်သာများနေ့


Imagine life without a toilet. No toilets in your home or at work, no public toilets, no toilets anywhere. Imagine the mess. Imagine the disease.

အိမ်သာမရှိတဲ့ လူနေမှုဘ၀ကို စဉ်းစားကြည့်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်သာမရှိရင်၊ အများသုံးအိမ်သာမရှိရှင်၊ ဘယ်နေရာမှာမှ အိမ်သာမရှိရင်၊ ညစ်ပတ်လိုက်မည်ဖြစ်ခြင်း၊ ပြီးတော့ ဖြစ်လိုက်မယ့် ရောဂါ။ စဉ်းစားသာကြည့်ပေတော့။

တစ်ခါက ပညာရှိအမတ်ကြီး ဦးပေါ်ဦးကို ဘိုးတော်ဦးဝိုင်းက မေးလိုက်တယ်။ ငပေါ်ဦးရေ--ငါကိုယ်တော်ရှင်မြတ် နန်းသစ်ယာသစ်တည်ထောင်လိုတဲ့ စိတ်ရှိတော်မူသကွဲ့။ နန်းသစ်ယာသစ်တည်တဲ့အခါ ဘယ်အဆောက်အဦးကို တင်တည်ဆောက်သင့်သလဲ သံတော်ဦးတင်စမ်း ဆိုတော့၊ ဦးပေါ်ဦးက လျှောက်ထားလိုက်တယ်၊ မှန်လှပါ၊ ရေမြေ့ရှင်မင်းတရား၊ နန်းသစ်ယာသစ် တည်လိုပါလျှင် အိမ်သာကို အလျှင်စောစွာ တည်ဆောက်သင့်ကြောင်းပါဘုရား တဲ့။

အဲဒီလျှောက်ထားချက်ကို မကျေနပ်လို့ ဘုရင်ကြီးက၊ ဟဲ့ ငပေါ်ဦး ဒီလောက်အရေးကြီးပြီး ကျက်သရေရှိတဲ့ နန်းသစ်ယာသစ်တည်မည့်ကိစ္စမှာ ဘာမှ အရေးမပါ၊ ကျက်သရေမရှိတဲ့ အိမ်သာကို အလျှင်တည်ဆောက်ရမယ်ဆိုတဲ့မင်းစကားက မတော်မလျှော်လိုက်လေကွယ်။ မောင်မင်းစကားကို ပြန်ပြင်လျှောက်ရင် ကောင်းမယ်၊ လို့ စိတ်ဆိုးဆိုးနဲ့ အမိန့်ရှိလိုက်တယ်။ ဦးပေါ်ဦးကလဲ မှန်လှပါ မင်းကြီး၊ အကျွန်နုပ်လျှောက်ထားချက် မမှားကြောင်း အချိန်တန်ရင်သိလာပါလိမ့်မည်ဘုရား လို့ပြန်လျှောက်ထားလိုက်တယ်။ ဘုရင်ကြီးလဲ မကျေမနပ်နဲ့ ဆိတ်ဆိတ်ပဲနေတော်မူလိုက်ရတယ်။

ဒီလိုနဲ့ နောက်တစ်လနှစ်လလောက်ကြာတဲ့အခါကျတော့ ဘိုးတော်ဦးဝိုင်း ဧရာဝတီမြစ်ကြောင်းစုန်ပြီး ခရီးသွားစရာပေါ်လာတယ်။ ရေယာဉ်နဲ့ သွားရမှာမို့ ယာဉ်ပျံတော်ကို ပြင်ဆင်ဖို့ ဦးပေါ်ဦးကို တာဝန်ပေးလိုက်တယ်။ ဦးပေါ်ဦးလဲ မင်းတရားစီးနင်းလိုက်ပါမည့် ယာဉ်ပျံတော်ကို လှလှပပပြင်ဆင်ထားတယ်။ နောက်ပြီး ယာဉ်ပေါ်မှာရှိတဲ့ အကာကွယ်မှန်သမျှကိုလဲ ဖယ်ရှားပစ်ခိုင်းထားတယ်။ ခရီးထွက်မည့်နေ့ရောက်တဲ့အခါကျတော့ ခရီးရှည်မို့ ယာဉ်ပေါ်မှာပွဲတော်တည်နိုင်အောင် စားတော်ကဲကြီးကိုပါ ခေါ်လာခဲ့တယ်။

တိုတိုပဲပြောကြပါစို့။ ဒီလိုနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ပြီး ခရီးထွက်လာခဲ့ကြတယ်။ မြစ်ကြောင်းအလယ်လောက်ရောက်တဲ့အခါကျတော့ မင်းကြီးက ဗိုက်ဆာလာလို့ ပွဲတော်တည်မည့်အကြောင်း အမိန့်ရှိတော်မူတယ်။ ဦးပေါ်ဦးလဲ ဒီအခွင့်အရေးကို စောင့်နေတာဆိုတော့ စားတော်ကဲကြီးနဲ့လက်ဝါးရိုက်ပြီး မင်းကြီးစားတော်ခွက်ထဲမှာ အနံ့အရသာ မထင်ရှားတဲ့ ၀မ်းနှုတ်ဆေးအနည်းငယ်စီထည့်ထားလိုက်တယ်။မင်းကြီးလဲ မြစ်ကြောင်းအတိုင်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေးတွေကို ရှူရိုက်ရင်း ဗိုက်ဆာဆာနဲ့ အားပါးတရ သုံးဆောင်တော်မူတယ်။

ပွဲတော်တည်ပြီး အချိန်အတန်ကြာတဲ့အခါမှာတော့ မင်းကြီးဗိုက်ထဲရောက်နေတဲ့ ၀မ်းနှုတ်ဆေးတွေက အစွမ်းပြလာလို့ မင်းကြီးမနေနိုင်မထိုင်ဖြစ်ပြီး အိမ်သာတက်ချင်ကြောင်းအမိန့်ရှိတယ်။ ဦးပေါ်ဦးလဲ မင်းကြီးစီးတော်မူသည့် ကျက်သရေရှိလှတဲ့ မင်္ဂလာယာဉ်ပျံတော်ပေါ်မှာ ကျက်သရေမရှိတဲ့ အိမ်သာကို တည်ဆောက်ထားခြင်းမရှိကြောင်း လျှောက်ထားလိုက်တယ်။ ဘုရင်ကြီးလဲ ထွက်လုလုဖြစ်နေတဲ့အတွင်းပစ္စည်းတွေကြောင့် ဘာမှအငြင်းအခုံမလုပ်နိုင်ရှာတော့ပဲ အကာအကွယ်အမြန်လုပ်ဖို့ အမိန့်ရှိပြီး ၀မ်းတော်သွားလိုက်ရတယ်။ ပြီးတဲ့အခါမှ ဟေ့ ငပေါ်ဦး နန်းသစ်ယာသစ်တည်မည့်ကိစ္စမှာ အိမ်သာကို အရင်တည်ဆောက်ရမယ်ကွဲ့လို့ ရှုံ့မဲ့မဲ့နဲ့ အမိန့်တော်ရှိလိုက်ရတော့တယ်။

ကျနော်တို့မြန်မာလူမျိုးတွေရဲ့ပါးစပ်မှာ ခေတ်စားတဲ့ ဦးပေါ်ဦးရဲ့ လုပ်ကွက်လေးတစ်ခုပေါ့။ အိမ်သာအရေးကြီးကြောင်းလေးပါ။ ကျနော့်ပေးထားတဲ့ ခေါင်းစဉ်ကို ဖတ်ပြီးတဲ့စာဖတ်သူဟာ ကျနော်ဘာပြောမယ်ဆိုတာ နားလည်နေပါပြီ။ ကျနော် ကမ္ဘာ့အိမ်သာများနေ့အကြောင်းပြောမလို့ ကျနော်မှတ်သားခဲ့ဖူးတဲ့ ဦးပေါ်ဦးဇာတ်လမ်းနဲ့ချီလာတာ ဘလော့မှာ အတော်နေရာယူသွားတယ်။ ဒါကြောင့် ခန့်ကျဉ်းကျဉ်းပဲ ဆက်လက်တင်ပြပါ့မယ်။

WTO (World Toilet Organization) ကို ၂၀၀၁ ခုနှစ်မှာ၊ အဖွဲ့ဝင် (၁၅)ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အခုချိန်မှာတော့ နိုင်ငံပေါင်း (၄၇) နိုင်ငံမှာ အဖွဲ့ဝင်ပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပါပြီ။ ရည်ရွယ်ချက်ကတော့ ကျမ်းမာရေးအရ တစ်ကမ္ဘာလုံး ယင်လုံအိပ်သာသုံးစွဲရေးနဲ့ အိပ်သာတွေကို သန့်ရှင်းစွာထားရေးအတွက် ပညာပေးလှုံ့ဆော်ဖို့ပါ။ WTO အဖွဲ့ကြီးရဲ့ လှုံ့ဆော်မူကြောင့် ကမ္ဘာ့တစ်ဝှန်းရှိ မြို့ကြီး (၉)မြို့မှာ World Toilet Summits လို့ခေါ်တဲ့ ကမ္ဘာ့အိမ်သာထိပ်သီးညီလာခံ ရှစ်ကြိမ်နဲ့၊ World Toilet Expo & Forum လို့ခေါ်တဲ့ ကမ္ဘာ့အိမ်သာအစည်းအဝေး နှစ်ကြိမ် ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

နိုဝင်ဘာလ (၁၉)ရက်နေ့ဟာ WTO အဖွဲ့ကြီးကို စတင်ဖွဲ့စည်းထူထောင်တဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကို အစဉ်သဖြင့်အမှတ်ရပြီး ကမ္ဘာသူ ကမ္ဘာသားတွေ မိမိတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အများသုံးနေရာတွေမှာ သန့်ရှင်းအောင်ထားရေးဆိုတဲ့ စိတ်ဓာတ်တွေကို တိုးတက်မြင့်မားစေဖို့ ရည်ရွယ်ပြီးတော့ WTO ကို စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဥက္ကဋ္ဌ Mr. Spevack က နိုဝင်ဘာလ (၁၉)ရက်နေ့ကို ကမ္ဘာ့အိမ်သာများနေ့အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီနေ့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အဖွဲ့ဝင်တွေက ကျင်းပကြပါတယ်။

ဒါတင်မကသေးပါဘူး။ WTO အဖွဲ့ကြီးဟာ ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ကမ္ဘာ့အိမ်သာကောလိပ် (World Toilet College) WTC ကိုလဲ ထူထောင်ခဲ့ပါတယ်။ အဲဒီကောလိပ်မှာ အိမ်သာဒီဇိုင်းဆွဲပုံတွေ၊ ထိမ်းသိမ်းပုံနည်းစနစ်တွေ၊ စနစ်တကျသန့်ရှင်းရပုံတွေ စသည်စသည် အိမ်သာပိုင်းဆိုင်ရာဘာသာရပ် ပေါင်းများစွာကို လေ့လာပို့ချပေးတယ်လို့ သိရပါတယ်။

အထက်ပါ ကြိုးပန်းဆောင်ရွက်မှုတွေကြောင့် WTO အဖွဲ့ကြီးကို ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့စီးပွါးရေးဖိုရမ်မိသားစုဖြစ်တဲ့ Schwab Foundation က Outstanding Social Entrepreneur of the Year လို့ခေါ်တဲ့ ၂၀၀၆ခုနှစ် လူမှုစီးပွါးထူးချွန်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာလဲ လူမှုစီးပွါးရေးထူးချွန်တဲ့အတွက်ကြောင့်ပဲ Ashoka Global Fellow လို့ခေါ်တဲ့ ကမ္ဘာ့အသောကအဖွဲ့ဝင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

ဒီနှစ် ၂၀၀၈ ခု၊ နိုဝင်ဘာလ၊ (၁၉) ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိပ်သာများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော့်ဘလော့ရဲ့ (၁၀၀) ပြည့် ပို့စ်လေးကို တင်ဆက်လိုက်ရပါကြောင်း။

(http://en.wikipedia.org/wiki/World_Toilet_Organization) ကို မှီငြမ်းပြုရေးသားဖေါ်ပြပါသည်။

Tuesday, November 18, 2008

ခေတ်သစ်သောရေယျ



ဒီရဟန်း ငါ့မိန်းမဖြစ်ရင်၊ ဒါမှမဟုတ် ငါ့မိန်းမဟာ ဒီရဟန်းလောက်လှရင် သိပ်ကောင်းမှာပဲ၊ လို့ မအပ်မရာကြံစည် တွေးတောမိလိုက်တဲ့ အခိုက်မှာပဲ ယောက်ျား အင်္ဂါကွယ်ပျောက်ပြီး မိန်းမဘ၀ရောက်သွား ရရှာတဲ့ သူကတော့ သောရေယျမြို့စားမင်းရဲ့သားတော်မောင် သောရေယျသူဌေးသားလေးပါပဲ။ မိဘက ကျိကျိတက်ချမ်းသာပြီး ဘ၀မှာ လိုချင်တာမှန်သမျှ တောင့်တတိုင်းရခဲ့တဲ့ သူဌေးသားဟာ အခုတော့လဲ အဲဒီတောင့်တမှုကြောင့်ပဲ ရှက်စဖွယ် ဘ၀ပြောင်းသွားရရှာပြီကော။ ဒါကြောင့်လဲ ဗုဒ္ဓဘုရားရှင်က အာသာယ ဒုက္ခိ္ခတာ ပဇာ= သတ္တ၀ါတွေဟာ လိုလားမှုဆိုတဲ့တဏှာကြောင့် ဒုက္ခရောက်ကြရတယ်၊လို့ ဟောတော်မူခဲ့တာ ထင်ပါရဲ့။

နောက်ပါ အခြံအရံပေါင်းများစွာလိုက်ပါပြီး သိပ်ချစ်တဲ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ရေချိုးဆိတ်သွားဖို့အတွက် လှည်းယာဉ်ပေါ်အခန့်သားထိုင်လိုက်လာရင်း မြစ်ဆိတ်မှာ အရင်ရောက်နှင့်ပြီး မြို့ထဲဆွမ်းခံကြွမ၀င်ခင် ရေသပ္ပါယ်တော်မူနေတဲ့ ရဟန္တာအရှင်မြတ် အရှင်မဟာကစ္စာယနကို မြင်လိုက်မိတာနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း မအပ်မရာကြံလိုက်မိတယ်။ အလွန်အင်မတန် သီလဂုဏ်ကြီးမားတဲ့ ရဟန္တာလို ပုဂ္ဂိုလ်မျိုးကိုမှ သွားပြီး မနောကံနဲ့ ပြစ်မှားမိရှာတယ်။ ချက်ချင်းပဲ ယောက်ျားဘ၀ကနေ မိန်းမဘ၀ရောက်သွားရတယ်။

ကိုယ်အခြေအနေကို သိလိုက်တာနဲ့ လှည်းယာဉ်ပေါ်က အသာဆင်းလိုက်ပြီး တက္ကသိုလ်ပြည်သွားတဲ့ လှည်းယာဉ်တန်းနောက် တကောက်ကောက်လိုက်သွားတယ်။ ဒီလိုနဲ့ တက္ကသိုလ်မြို့(အခုပါကစ္စတန်နိုင်ငံအတွင်းရှိသည်၊ တက္ကသျှီလ ဟုခေါ်သည်။) ရောက်တော့ လှည်းသမားတွေက ဇနီးမရှိသေးတဲ့ တက္ကသိုလ်သူဌေးသားကို အကြောင်းကြားလို့ တက္ကသိုလ်သူဌေးသားနဲ့ ညားသွားတယ်။ အဲဒီမှာ ကလေးနှစ်ယောက်မွေးပြီးနောက် တက္ကသိုလ်ကို ခေတ္တအလည်ရောက်လာတဲ့ သူ့သူငယ်ချင်းနဲ့ပြန်တွေ့ပြီး အကြောင်းစုံပြောပြတော့ သူငယ်ချင်းက အရှင်မဟာကစ္စာယနဆီမှာ ပြန်လည်ဝန်ချ တောင်းပန်ဖို့ပြောတယ်။

သူငယ်ချင်းအကြံပေးတဲ့အတိုင်း ပြန်တောင်းပန်လိုက်မှပဲ သူလဲ သောရေယျသူဌေးသားဘ၀ပြန်ရောက်သွားရတယ်။ တစ်ဘ၀တည်းနဲ့ ယောက်ျားဖြစ်လိုက်၊ မိန်းမဖြစ်လိုက် ဖြစ်ရတာကို သံဝေဂရလွန်းလို့ အရှင်မဟာကစ္စာယနဆီမှာ ခွင့်တောင်းပြီး ရဟန်းဝတ်သွားတယ်။ တခြားရဟန်းတွေက ဟိုမေးဒီမေး မေးလွန်းလို့ ရှက်ပြီး တစ်ပါးတည်းတရားပဲ နင်းကန်အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာဖြစ်သွားတယ်။

ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ဒီဇာတ်လမ်းဟာ စိတ်ဖေါက်ပြန်ခြင်းကြောင်း ဘ၀ဖေါက်ပြန်တတ်ပုံ၊ သီလဂုဏ်သိက္ခာကြီးမားလွန်းသူကို ပြစ်မှားမိရင် ဘ၀မခြားပဲ အကျိုးပေးတတ်ပုံနဲ့ မိမိအပြစ်ကို သိပြီးတောင်းပန်ပါက အပြစ်ပြေပျောက်နိုင်ပုံတွေကို ကျနော်တို့ သင်္ခန်းစာယူနိုင်ကြမှာဖြစ်ပါတယ်။ မနောကံကို ဖြူစင်စွာထားဖို့ အလွန်အရေးကြီးကြောင်းကိုလည်း ထပ်ဆင့် နားလည်နိုင်ပါတယ်။ ဒီသောရေယျသူဌေးသားဇာတ်လမ်းနဲ့ ပုံစံချွတ်စွတ်မတူပေမဲ့ ခေတ်သစ်သိပ္ပံရဲ့ အံမခန်းတန်ခိုးအစွမ်းကြောင့် ယောက်ျားကနေ ကလေးမွေးတဲ့ သတင်းတစ်ပုဒ်ကို ITN (Independent Television Network) သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒီသတင်းဟာ သတင်းအသစ်တော့မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုမွေးမည့်ကလေးဟာ ဒုတိယမြောက်ဖြစ်လို့ပါပဲ။

Tracy LaGondino လို့ခေါ်တဲ့ ဟာဝိုင်ကျွန်းသူလေးဟာ သူ့နယ်ပယ်မှာတော့ အလှဘုရင်မလေးတစ်ပါးပါ။ ဟာဝိုင်ကျွန်းအလှမယ်ဘွဲ့ကို ရထားသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လိမ်တူအမျိုးသမီးချစ်သူ Nancy နဲ့ တရားဝင်လက်ထပ်ပေါင်းသင်းနိုင်ရေးအတွက် ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ အပြစ်တင်ရှုပ်ချသံတွေကို နားပိတ်ပြီး ခွဲစိပ်ဆရာဝန်တွေဆီမှာ လိမ်အင်္ဂါခွဲစိပ်ပြောင်းလဲတပ်ဆင်ခဲ့တယ်။ ယောက်ျားဟုမ်မုန်းအားဆေးတွေကိုလဲ အဲဒီကတည်းက အမြဲတမ်းသုံးစွဲခဲ့ရတယ်။ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွှေးတွေ ပေါက်လာပြီး ယောက်ျားအသွင်အပြင် လုံးဝပြောင်းသွားတဲ့အထိပါပဲ။

အဲဒီလို ယောက်ျားအသွင်ပြောင်းလိုက်ပေမဲ့ womb and ovaries (သားအိမ်နဲ့ မမျိုးဥထုတ်လုပ်တဲ့အင်္ဂါ) နှစ်ခုကိုတော့ ပကတိအတိုင်းပဲထားစေလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ သူ့ချစ်သူ နန်စီမှာ ကလေးမမွေးနိုင်တဲ့ပြဿနာနဲ့များ ကြုံခဲ့ရင် သူ့ဗိုက်ထဲမှာ ကလေးယူနိုင်လို့ပါ။ ဒီလိုနဲ့ သူတို့နှစ်ဦဟာ မထင်မရှားဇာတ်မြှုတ်နေခဲ့ကြပါတယ်။ သူ့ကိုယ်သူလဲ Thomas Beatie ဆိုပြီး ယောက်ျားနာမည်ပြောင်းလဲခဲ့တယ်။ သူ့တို့နေတဲ့ပတ်ဝန်းကျင်ကလူတွေ ဘယ်သူမှ သူ့ကို မိန်းမဘ၀က ပြောင်းလာတဲ့လူရယ်လို့ မသိကြပါဘူး တဲ့။

ဒီလိုနေလာရင်းက ဖြစ်ချင်တော့ နန်စီဟာ ကလေးမရနိုင်တဲ့ အမြုံမလေးဖြစ်နေပါရော။ အဲဒါကြောင့် ကလေးလိုချင်ကြတဲ့ လင်မယားနှစ်ယောက်ဟာ အမည်မဖေါ်တဲ့ သုက်သွေးအလှူရှင်တစ်ယောက်ကို ရှာဖွေပြီး မစ္စတာ ထောမတ်စ် ဘိတီရဲ့ ဗိုက်ထဲမှာ လွယ်ခဲ့တယ်။ အဲဒီကလေးကို ပြီးခဲ့တဲ့ June လ (၂၉) ရက်မှာ မွေးခဲ့တယ်လို့ဆိုပါတယ်။ မိန်းကလေးဖြစ်တဲ့အတွက် Susan လို့ပေးခဲ့ပါတယ်။ အခုလဲ နောက်ထပ် ကလေးတစ်ယောက်ကို လွယ်ထားပြန်ပါပြီတဲ့။ အခုကလေးကိုတော့ လာမည့် June (12) မှာမွေးမယ်လို့ ချိန်နေကြပါတယ်။

မစ္စတာထောမတ်စ်ခမျှာမှာလဲ ယောက်ျားဘ၀ကို ယူပြီးကာမှ ကလေးပြန်မွေးပေးနေရတဲ့အဖြစ်ပါ။ ဒါပေမဲ့ သူ့အရေးကတော့ ဘုရားစာထဲကအဖြစ်နဲ့ ပြောင်းပြန်ပါပဲ။ ဟိုမှာက လုံးရာက အပြားဖြစ်၊ ဒီမှာက ပြားရာက အလုံးဖြစ်။ သောရေယျက မိန်းမဘ၀နဲ့ ကလေးမွေးတယ်။ မစ္စတာထောမတ်စ်ကတော့ ယောက်ျားဘ၀နဲ့ ကလေးယူတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဒါဟာလဲ ဘာသာရေးရှုထောင့်ကကြည့်ရင် ကံဖေါက်ပြန်ခြင်း၊ စိတ်ဖေါက်ပြန်ခြင်းတစ်မျိုးလို့ ယူဆတဲ့အတွက် မစ္စတာထောမတ်စ်ကို ခေတ်သစ်သောရေယျလို့ပဲ ခေါ်ချင်ပါတယ်။
(http://www.google.co.uk/search?hl=en&q=Thomas+Beatie&btnG=Google+Search&meta=/http://uk.news.yahoo.com/4/20081113/twl-man-pregnant-with-second-child-41f21e0.html) သတင်းများကို ကိုးကားဖေါ်ပြပါသည်။

ဖြစ်သမျှအကြောင်း အကောင်းချည်း


ရှေးအခါက တိုင်းပြည်တစ်ပြည်ရဲ့ နန်းတွင်းမှာ ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲလို့ ပြောလေ့ရှိတဲ့ ပညာရှိအမတ်ကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့မှာ ကွမ်းစားဖို့ ကွမ်းသီးညှပ်ရင်းနဲ့ ဘုရင်ကြီးရဲ့လက်သန်းထိပ်ကလေးဟာ ပြတ်ထွက်သွားတယ်။ ဘုရင်ကြီးလဲ လက်နာလွန်းလို့ ညီးညီးညူညူလုပ်နေရရှာတယ်။ အဲဒါကိုတွေ့တော့ အမတ်ကြီးက သူ့ထုံးစံအတိုင်း ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ မင်းကြီး လို့လျှောက်လိုက်တယ်။ ဘုရင်ကြီးလဲ လက်သန်းထိပ်ပြတ်သွားတာတောင် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့ပြောရကောင်းလားဆိုပြီး စိတ်ဆိုးလွန်းလို့ အမတ်ကြီးကို ချက်ချင်း ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အမတ်ကြီးလဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့လျှောက်ပြီး နန်းတော်ထဲက အေးအေးဆေးဆေးပဲ ထွက်သွားတယ်။

နောက်တစ်လလောက်ကြာတော့ ဘုရင်ကြီးလက်နာပျောက်လို့ တောကစားထွက်ချင်စိတ်ပေါက်လာတယ်။ နောက်ပါ အခြံအရံအနည်းငယ်နဲ့ လေးမြှားတွေယူပြီး တောပစ်ထွက် လာခဲ့တယ်။ တစ်နေရာရောက်တော့ သမင်တစ်ကောင်ကို တွေ့ပြီး နောက်ကလိုက်ပစ်ရင်းနဲ့ သူ့လူတွေနဲ့ အုပ်စုကွဲသွားတယ်။ လိုက်ရင်းလိုက်ရင်းနဲ့ တောနက်ကြီးထဲရောက်သွားခဲ့တယ်။ သူလိုက်နေတဲ့ သမင်ကိုလဲ မျက်ခြေပြတ်သွားတယ်။ အဲဒီမှာတင် တောနက်ထဲနေတဲ့ လူရိုင်းတွေက တွေ့သွားပြီး ဘုရင်ကြီးကို ဖမ်းသွားတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ဟာ လူရိုင်းတွေ ယဇ်ပူဇော်တဲ့နေ့ဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ယဇ်ပူဇော်တဲ့အခါ လူကို သတ်ပြီးမှ ပူဇော်လေ့ရှိကြတယ်။

ဘုရင်ကြီးလဲ လှုပ်မရ၊ ရုန်းမရနဲ့ လူရိုင်းတွေ ခေါ်ရာနောက်လိုက်သွားရတယ်။ တောနက်တစ်နေရာရောက်တော့ ကွင်းပြင်ကြီး တစ်ခုတွေ့တယ်။ အဲဒီကွင်းပြင်ဟာ လူရိုင်းတွေ ယဇ်နတ်ပူဇော်တဲ့နေရာဖြစ်နေတယ်။ ကွင်းပြင်အလယ်မှာ ကားတိုင်ကြီးတစ်ခုစိုက်ထောင်ထားတယ်။ ဘုရင်ကြီးလဲ သူ့ကို သတ်တော့မယ် ဆိုတာ သိလိုက်တယ်။ အဲဒီအချိန်မှာပဲ အမတ်ကြီးကို သတိရလိုက်တယ်။ ဒီလိုအချိန်မျိုးမှာဆိုရင်တော့ အမတ်ကြီးငါ့ကို ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ ပြောမှာမဟုတ်တော့ ဘူးလို့လဲ တွေးလိုက်မိတယ်။ လူရိုင်းတွေလဲ ဘုရင်ကြီးကို ကားတိုင်မှာ လက်နှစ်ဘက်ကို ကြိုးတွေနဲ့ တုတ်ချည်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ ကြိုးချည်တဲ့လူရိုင်းက ဘုရင်ကြီး ရဲ့လက်သန်းလေးတစ်ချောင်း ထိပ်ပြတ်နေတာကို သတိထားလိုက်မိတယ်။

လူရိုင်းတွေဟာ ယဇ်ပူဇော်တဲ့အခါ ကိုယ်အင်္ဂါပြည့်စုံတဲ့လူကိုပဲ သတ်ပြီးပူဇော်လေ့ရှိကြတယ်။ အခုဘုရင်ကြီးက လက်သန်းကလေးပြတ်နေတော့ ပူဇော်ဖို့ ခက်သွားတယ်။ အဲဒါကြောင့် ကြိုးချည်တဲ့လူရိုင်းက လူရိုင်းခေါင်းဆောင်ကို အခုအဖမ်းခံထားရတဲ့လူဟာ ကိုယ်အင်္ဂါမပြည့်စုံတဲ့လူဖြစ်ကြောင်း ပြောလိုက်တယ်။ လူရိုင်းခေါင်းဆောင်လဲ ကိုယ်အင်္ဂါမပြည့်စုံတဲ့လူကို ယဇ်ပူဇော်ရင် သူတို့ကိုးကွယ်တဲ့နတ်ကြီး စိတ်ဆိုးမှာစိုးလို့ ဘုရင်ကြီးကို ကြိုးဖြေပေးပြီး လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်တယ်။ ဘုရင်ကြီးလဲ ၀မ်းသာအားရနဲ့ သူ့လူတွေ စောင့်နေတဲ့နေရာဆီ ပြန်လာခဲ့တယ်။ သူ့လူတွေနဲ့ တွေ့တဲ့အခါကျတော့ သူ့လူတွေက စိတ်ပူကြောင်းလျှောက်ထားကြတဲ့အခါမှာ ဘုရင်ကြီးပြောလိုက်တယ်။ မင်းတို့ငါ့အတွက် စိတ်မပူကြနဲ့။ အခုငါသိသွားပြီ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့။ နောက်ပါအမတ်တွေလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။ ပြီးကျမှ ပါးစပ်က ပြိုင်တူရေရွတ်လိုက်ကြတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ။

နန်းတော်ထဲပြန်ရောက်တဲ့အခါကျတော့ ဘုရင်ကြီးလဲ ပြည်နှင်ဒဏ်အပေးခံထားရတဲ့ ပညာရှိအမတ်ကြီးကို ပြန်ခေါ်စေလိုက်တယ်။ အမတ်ကြီးရောက်တဲ့အခါကျတော့ဘုရင်ကြီးက သူမှားသွားကြောင်း တောင်းပန်ပြီး အမတ်ကြီးကို နဂိုရာထူးထက် အဆင့်မြင့်တဲ့ အမတ်မင်းရာထူးမှာ ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို ပြည်နှင်ဒဏ်ခံရတာနဲ့ အခု နန်းတွင်းမှာ ပြန်ပြီး အမတ်မင်းရာထူးချီးမြှင့်ခြင်းခံရတာ ဘယ်လိုကွာသလဲ လို့မေးလိုက်တယ်။ အမတ်ကြီးလဲ ကျွန်တော်မျိုးအတွက်တော့ ဘာမှမထူးပါဘူး မင်းကြီး၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ လို့ပြန်လည်လျှောက်တင်လိုက်တယ်။ ဒီတစ်ခါတော့ ဘုရင်ကြီးလဲ စိတ်မဆိုးတော့ပဲ အိမ်း အမတ်မင်းပြောတာ ဟုတ်ပေတယ်ကွဲ့ လို့ အမိန့်တော်ရှိလိုက်သော ဟူသတတ်။

ကျတော်ငယ်စဉ်က အိပ်ယာဝင်တဲ့အခါ ဖွါးဖွါးပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ကျနော်တို့နေ့စဉ်ဘ၀မှာ မကောင်းဘူးလို့ထင်ရတဲ့အရာတွေဟာ တစ်ခါတစ်ရံကျတော့ မထင်မှတ်ပဲ ကောင်းနေတတ်တာကို တွေ့ရတတ်တယ်။ ဒီနေ့သတင်းဖတ်ရင်းနဲ့ Sky News ထဲမှာ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ပြောရမယ့် သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ကနေဒါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Quebec ပြည်နယ် ထဲက Montreal ဆိုတဲ့မြို့မှာဖြစ်ခဲ့တာပါ။

အပေါင်းအသင်းတွေက Big Kike မိုက်ကြီးလို့ခေါ်တဲ့ Michel Lapointe ကို မူးယဇ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ လျှို့ကြံစည်မှု၊ ရာဇ၀တ်ဂိုဏ်းနဲ့ပတ်သက်မှုတွေနဲ့ ထောင် (၂၅) လတိတိ အကျခံစေဖို့ တရားရုံးက အမိန့်ချထားလိုက်တယ်။ ဒါပေမဲ့ လွတ်ရက်မစေ့မီ သုံးလအလိုမှာ သူ့ကို ပြန်လွှတ်ပေးလိုက်တယ်။ လွှတ်လိုက်ရခြင်းအကြောင်းကတော့ မိုက်ကြီးဟာ ၀လွန်းတဲ့အတွက်ကြောင့်တဲ့။ သူ့ခမျှာ ထောင်ထဲမှာ သူများတွေလို ရေလဲကောင်းကောင်းမချိုနိုင်ရှာဘူး။ ထမင်းစားပွဲမှာလဲ ထိုင်လို့မရဘူး။ သူအိပ်ရတဲ့နေရာကလဲ သူ့ခန္ဓာကိုယ်နဲ့ဆို လှုပ်မရ၊ လှည့်မရလောက်အောင် ငယ်လွန်းနေလို့ သူ့ခမျှာကောင်းကောင်းလဲ မအိပ်ရရှာဘူးဆိုပဲ။

အဲဒါနဲ့ ထောင်အာဏာပိုင်တွေက မိုက်ကြီးကို ဒီအတိုင်းဆက်ထားရင် ထောင်ထဲမှာပဲ ကျမ်းမာရေးပျက်ပြီး သေသွားမှာစိုးလို့ထင်ပါရဲ့။ လွတ်ရက်မတိုင်ခင် သုံးလအလိုမှာ ၀လွန်းတဲ့အတွက်ကြောင့်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ၀တဲ့လူတွေနဲ့တွေ့တိုင်း ညီးသံကြားရတယ်။ ပိန်ချင်လိုက်တာ၊ ပိန်ချင်လိုက်တာဆိုပြီးတော့။ ၀တဲ့အတွက် စိတ်ညစ်နေကြရရှာတယ်။ အခု သတင်းထဲမှာ မိုက်ကြီးကတော့ ၀တဲ့အတွက် စောစောစီးစီး ထောင်ကလွတ်ပြီး ၀မ်းသာနေလေရဲ့။ ဒါလဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ ဆိုရမလားပဲ။ တစ်ခုတော့ရှိတယ်နော်။ ၀လွန်းရင် ကျမ်းမာရေးအတွက် စိုးရိမ်ရတယ်။ သိပ်မ၀ကြစေနဲ့။

ကျနော်တို့လူသားတွေရဲ့ဘ၀မှာ နေ့စဉ်တွေ့ရ ကြုံရတာတွေဟာ လူအတော်များများအတွက် လိုချင်တာထက်၊ မလိုချင်တာက ခန့်များများလို့ဆိုနိုင်ပါတယ်။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တိုင်း စိတ်ညစ်နေရရင် စိတ်ညစ်လို့ကို ဆုံးမှာမဟုတ်တော့ဘူး။ ဘယ်တော့မှလဲ စိတ်ချမ်းသာမှုဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ဒီတော့ ကောင်းတာနဲ့ပဲ ကြုံရ ကြုံရ၊ မကောင်းတာ၊ မလိုချင်တာနဲ့ပဲ ကြုံရ ကြုံရ၊ ပုံပြင်ထဲက အမတ်ကြီးပြောသလို ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့စိတ်ထားနိုင်ရင် ဘ၀မှာ ဖြေဆည်ရာတစ်ခုခုတော့ ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ဘ၀ရဲ့လောကဓံလှိုင်းတွေကို ကြံကြံခံနိုင်တဲ့ ခွန်အားတွေ ရကြပါစေ။
(http://uk.news.yahoo.com/5/20081113/twl-prisoner-freed-for-being-too-fat-3fd0ae9.html) ကို ကိုးကားရေးပါသည်။