Monday, November 24, 2008

ကြည့်ပါများတော့ ယဉ်


Mount Isa မြို့တော်ဝန်က သူ့မြို့ဟာ ugly ducklings ကို beautiful swans ဖြစ်စေတဲ့ နေရာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အကျီးတန်အရုပ်ဆိုးမလေးတွေကို အလှနတ်သမီးလေးဖြစ်အောင် ဖန်တီးပေးတဲ့မြို့လို့ ဆိုလိုပါတယ်။ ဘာဖြစ်လို့ သူဒီလိုဆိုတယ် ဆိုတာကို ပြီးခဲ့တဲ့ပို့စ်မှာ ကျနော်ရေးခဲ့ပြီးပါပြီ။ ဒါဖြင့် သူ့အဆိုဟာ တကယ်လက်ခံနိုင်စရာကောင်းတဲ့ အဆိုကော ဟုတ်ရဲ့လား။ ကျနော်တို့ ဆွေးနွေးကြည့်ရအောင်ပါ။

ကျနော်အချစ်ဆုံးသူငယ်ချင်းတွေထဲမှာ ကျနော့်အတွက် ဘာမဆိုလုပ်ပေးပြီး ကျနော့်ကို ချိုးချိုးဖဲ့ဖဲ့ပြောတဲ့နေရာမှာ ရှေ့တန်းကအမြဲပါတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျနော်မန္တလေးမှာ နေတုန်းက ကောင်မလေးတစ်ယောက်ကို သွားသွားရှိတ်ဖူးတယ်။ မန္တလေးသူဆိုတော့ သိတဲ့အတိုင်းပဲ၊ အသားက ညိုညို၊ မျက်ဝန်းက စိုစိုနဲ့။ ရုတ်တရက်ကြည့်ရင်တော့ လှတယ်လို့ ရေစစ်နဲ့ စစ်ပြီးပြောရမယ့် ဟာလေးတွေပါ။ ကျနော်တို့ နေတဲ့ အနီးတစ်ဝိုက်မှာလဲ လှလှပပလေးတွေသိပ်မရှိတော့ ရှိတာပဲ ပိုးနေရတဲ့အဖြစ်။

တစ်နေ့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ယောက်သား လမ်းလျှောက်ရင်း ကောင်မလေးနေတဲ့ နေရာအနီးနားရောက်သွားတယ်။ ကံကောင်းချင်တော့ ကျနော်မျက်စိကျနေတဲ့ကောင်မလေးလဲ စက်ဘီးတစ်စီးနဲ့ အပြင်ကပြန်လာတယ်။ ကျနော့်သူငယ်ချင်းကို ပြောလိုက်တယ်။ ကိုယ့်လူ ဟိုမှာကြည့်စမ်း။ အဲဒါ ကိုယ့်အိပ်မက်လေးပဲ လို့။ သူငယ်ချင်းက ပြောတယ်။ မင်းအိပ်မက်ကလဲ အိပ်မက်ဆိုးကြီးပါလား တဲ့။ ဒါနဲ့ ကျနော်က ကိုယ့်လူ ဒီလိုမပြောနဲ့၊ ကိုယ့်မျက်စိနဲ့လဲ ၀င်ကြည့်ဦး လို့ပြောလိုက်တယ်။ ကျနော့်သူငယ်ချင်းက ဘာပြန်ပြောလဲဆိုတော့ “ခွေးမျက်စိတပ်ကြည့်မှတော့ ချီးပုံတွေ့ရင် ဟတ်ချင်မှာပေါ့ကွ”တဲ့။ ရက်စက်ပါပေ့ဗျာ။

အင်း၊ သူ့အတွက်တော့ ဘယ်လှပါ့မလဲ။ သူက အခုမှတွေ့တာကိုး။ ကျနော်က မြင်နေရတာကြာတဲ့အပြင် ဟိုစိတ်ဒီစိတ်တွေလဲ အနည်းငယ်ထည့်ပြီး ကြည့်တော့ ကျနော့်မျက်လုံးထဲတော့ အိမ်မက်လှလှလေးတစ်ခုဖြစ်နေတော့တာပေါ့။

ကျနော် ငယ်ငယ်က ရန်ကုန်မှာနေတယ်။ တစ်နေ့ မှတ်ပုံတင်လုပ်ဖို့အတွက် ဓာတ်ပုံဆိုင်သွားပြီး ဓာတ်ပုံသွားရိုက်တယ်။ ရလာတဲ့ဓာတ်ပုံကြည့်ပြီး ကိုယ့်ပုံကိုယ်မကြိုက်တာနဲ့ ဓာတ်ပုံဆိုင်ကလူကြီးကို ပြောတယ်။ ဦးလေးရိုက်ပေးတဲ့ ဓာတ်ပုံကလဲ ကောင်းလဲမကောင်းဘူးလို့။ အဲဒီလူကြီးမေးတယ်၊ ဘာဖြစ်လို့လဲ ကောင်လေးရ တဲ့။ ကျနော်က ပြောတယ်၊ ဦးလေးကြည့်ကြည့်ပါလား၊ ကျနော့်ပုံက အပြင်မှာလောက်တောင် မချောဘူး လို့။ ဒါနဲ့ ဓာတ်ပုံရိုက်တဲ့လူကြီးလဲ တဟားဟားနဲ့ ရယ်ပြီးပြောတယ်။ “အပြင်ကလူပုံနဲ့ ချွတ်စွတ်ကို တူပါတယ်ကွ၊ တစ်ခုတော့ရှိတယ်ကောင်လေးရ၊ မင်းဓာတ်ပုံကို ဒီထက်ပိုချောစေချင်ရင် ခဏခဏကြည့်ပေးကွ။ ကြည့်ပါများရင် အရုပ်ဆိုးတဲ့လူတောင် ချောသွားတယ်” တဲ့။ ဒါနဲ့ ကျနော်လဲ ဘာမှ မပြောတတ်တော့ပဲ မကျေမချမ်းနဲ့ ပြန်လှည့်ခဲ့ရတယ်။

ကျနော်ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုရှိတယ်။ တခါတုန်းက ရွာတစ်ရွာမှာ အလွန်အရုပ်ဆိုးပြီး သားအလွန်မဲတဲ့ ကုလားမကြီးတစ်ယောက်ရှိတယ်။ အရုပ်ဆိုး အသားမဲတဲ့အပြင် ခါးကုန်းပြီး ကျောမှာ ဘုကြီးတစ်ခုပါထွက်နေသေး သတဲ့။ အဲဒီကုလားမကြီးဟာ ဆင်းရဲလွန်းလို့ မြက်ရိတ်ပြီး ကျွဲနွားမွေးတဲ့ လူတွေဆီ ပြန်ပြန်ရောင်းစားရင်း ရတဲ့ငွေတို ငွေစလေးတွေနဲ့ပဲ အသက်မွေးရရှာတယ်။

တစ်နေ့ ကုလားမကြီးဟာ မျက်ရိတ်ရာကအပြန် ရွာဦးကျောင်းဝင်းထဲ လှမ်းကြည့်လိုက်မိတယ်။ စိမ်းစိုနေတဲ့ မြက်ခင်းကြီးကို တွေ့လိုက်ရလို့ စိတ်ထဲပျော်သွားတယ်။ နောက်နေ့ ဆရာတော်ကို လျှောက်ထားပြီး မြက်လာရိတ်ဦးမယ်ဆိုတဲ့စိတ်ကူးနဲ့ အိမ်ပြန်ခဲ့တယ်။ နောက်တစ်နေ့မနက်ကျတော့ မြက်ရိတ်တံစဉ်တစ်လက်နဲ့ အိပ်တစ်လုံးဆွဲပြီး သူ့အိမ်စုတ်လေးက ပျော်ရွှင်စွာထွက်လာခဲ့တယ်။ ဝေးဝေးသွားစရာမလိုပဲ ရွာဦးကျောင်းထဲမှာပဲ မြက်ရိတ်နိုင်တော့မယ် ဆိုပြီးပျော်နေတယ်။

ကျောင်းဝင်းထဲရောက်တော့ ကျောင်းထိုင်ဆရာတော်ကို သွားကန်တော့တယ်။ သူက အင်မတန်ဆင်းရဲလွန်းတဲ့အတွက် မျက်ရိတ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေရလို့ မြက်အင်မတန်ပေါတဲ့ ဆရာတော့်ကျောင်းဝင်းထဲမှာ မြက်ရိတ်ခွင့်ပြုစေလိုကြောင်း လျှောက်ထားလိုက်တယ်။ ကျောင်းထိုင်ဆရာတော်လဲ သနားလို့ ခွင့်ပြုတော်မူတယ်။ ဒီလိုနဲ့ ခါးကုန်းတဲ့ ကုလားမမဲကြီးဟာ နေ့တိုင်းနေ့တိုင်း ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး တပျော်တပါး မြက်ရိတ်တယ်။ မြက်မရိတ်ခင် ကျောင်းထိုင်ဆရာတော်ကိုလဲ ကျေးဇူးတင်တဲ့အနေနဲ့ နေ့တိုင်းသွားကန်တော့တယ်။

ကျောင်းထိုင်ဆရာတော်ကြီးလဲ ကျောင်းဝင်းထဲ ခါးကုန်းကုန်းနဲ့ ကုလားမကြီး မျက်ရိပ်နေတာကို နေ့တိုင်းမြင်နေရတယ်။ မြင်စတုန်းကတော့ ကုလားမကြီးဟာ အရုပ်ကဆိုးဆိုး၊ ခါးကကုန်းကုန်း၊ အသားကမဲမဲ၊ ကျောကုန်းမှာလဲ အဘုကြီးတစ်လုံးနဲ့မို့ ဆရာတော့် မျက်စိထဲမှာ အတော်ကြည့်ရဆိုးနေတယ်။ ရက်မှလ ကူးပြောင်းလို့ အချိန်ကြာလာတဲ့ အခါကျတော့ အရုပ်ဆိုးတဲ့ကုလားမကြီးဟာ ချောလာတယ်။ ခါးကုန်တာလဲ ကုန်းတယ်လို့ မမြင်တော့ဘူး၊ မဲနေတဲ့အသားလဲ ဖြူလာတယ်။ နောက်ဆုံးကျောကုန်းမှာ ထွက်နေတဲ့ အဘုကြီးလဲ မျက်လုံးထဲက ပျောက်သွားတယ်။

ဒီလိုနဲ့တစ်နေ့တော့ ဆရာတော်ကြီးဟာ သူ့စိတ်သူဆုံးမတယ်။ အင်း--အစတုန်းကတော့ ဒီကုလားမကြီးကို ငါက သနားလွန်းလို့ ဒီကျောင်းဝင်းထဲ မြက်ရိပ်ခွင့်ပြုလိုက်တယ်။ အရုပ်ဆိုးလွန်းလို့ ကြည့်မရလောက်အောင်ကို ဖြစ်ခဲ့ရသေးတယ်။ တစ်ဖြေးဖြေးနဲ့ ငါ့မျက်စိထဲမှာ ကုလားမကြီးဟာ ချောလာသလိုပဲ။ သူ့ခါးက ဘုကြီးလဲ ငါမမြင်တော့ဘူး။ ဒီအတိုင်းဆို မဖြစ်ချေဘူး။ ကြာရင် ငါးပါးမှောက်လိမ့်မယ်။ တစ်ခုခုတော့လုပ်မှ ဆိုပြီး စဉ်းစားရင် ကျက်သရေခန်းထဲဝင် ကျိမ်းလိုက်တယ်။ နောက်တစ်နေ့ ကုလားမကြီးရောက်လာတဲ့အခါကျတော့ ဆရာတော်က အောက်ပါအတိုင်း အမိန့်ရှိလိုက်တယ်။
“တကာမကြီး၊ ဟောဒီကျောင်းဝင်းထဲ မြက်ရိပ်လာတာလဲ ကြာလှပြီ၊ မြက်တွေလဲ ကုန်လုပါပြီ၊ တကာမကြီးရဲ့ ကျောကုန်းမှာရှိတဲ့ ဘုကြီးလဲ ပျောက်သွားပါပြီ။ အဲဒီတော့ ဒီနေ့ကစပြီး ဒီကျောင်းဝင်းထဲမှာ မြက်လာမရိပ်ဖို့ ဆရာတော်မေတ္တာရပ်ခံပါရစေ”၊ လို့။

ဒီလိုဖြစ်ရတာဟာ ဘာ့ကြောင့်လဲဆိုတော့---
(၁) တခြားရွေးချယ်စရာမရှိခြင်း၊
(၂) တခြားနှိုင်းယှဉ်စရာမရှိခြင်း၊
(၃) စိတ်ထဲမှာ တပ်မက်မှုတွေ ရောပြွမ်းနေခြင်း၊
(၄) အာရုံတစ်ခုတည်းကို ထပ်ခါတလဲလဲ ယူမိခြင်း၊
(၅) အာရုံယူမိတိုင်း ဟိုဟိုဒီဒီတွေးတောကြံစည်ခြင်း၊
ဆိုတဲ့ အချင်းအရာတွေကြောင့် မလှတဲ့အာရုံတွေဟာ သက်ဆိုင်ရာလူရဲ့မျက်လုံးထဲမှာ လှလာတတ်ပါတယ်။

မျက်စိဟာ ကြည့်ပါများရင် သက်ဆိုင်ရာအမြင်အာရုံအပေါ်မှာ အကျင့်ပါတတ်တဲ့ သဘောရှိပါတယ်။ အကြည့်ခံအာရုံဟာလဲ ကြည့်နေကျမျက်လုံးထဲမှာ တဖြေးဖြေးနဲ့ ယဉ်ပါးလာပြီး ကြာလာရင် အကြည့်သဘောနဲ့ အကြည့်ခံသဘောတရားတွေဟာ သဟဇာတ (အတူဖြစ်ခြင်း)၊ အညမည (အပြန်အလှန်ဖြစ်ခြင်း)သဘောအရ ပေါင်းဆုံသွားတတ်တယ်။ ကျနော်တို့ ၀မ်းဗိုက်ဟာလဲ စားနေကျအချိန် ဆာတာတို့၊ အစားကောင်းစားတဲ့ ဗိုက်ဟာ အစားကောင်းပဲ တောင်းတတာတို့၊ အကောင်းစားနေကျဖြစ်တဲ့ ဗိုက်ဟာ မကောင်းတာစားမိရင် အောင့်တာတို့ နာတာတို့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့်ချင့်ချိန်ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မြန်မာစာဆိုပညာရှိကြီး စိန္တကျော်သူ ဦးသြက သူ့နန်းတွင်းသူ၊ နန်းတွင်းသားတွေကို ဆုံးမတဲ့ သြ၀ါဒထူးပျို့မှာ---
“မျက်စိအကျင့်၊ ၀မ်းအချင့်ဟု၊ ယခင်ဝေါဟာ့၊ ဆိုခဲ့စွာ့ရှင့်” ဆိုပြီး စပ်ဆိုခဲ့ပါတယ်။
မျက်စိကို အကျင့်မလုပ်ဖို့နဲ့ မိမိဝမ်းဗိုက်ကိုလဲ ချင့်ချင့်ချိန်ချိန်လုပ်ပြီး စားသောက်ဖို့ ဆုံးမခဲ့ပါတယ်။ ဒါ့ကြောင့် အထက်မှာပြောခဲ့တဲ့ မြို့တော်ဝန် Mr. John Moloney ရဲ့ Ugly Ducklings လို့ခေါ်တဲ့ အကျီးတန်မလေးတွေဟာ မိန်းမရှားပြီး ယောက်ျားပေါများတဲ့ Mount Isa ရောက်ရင် Beautiful Swans လေးတွေဖြစ်သွားပြီး မိမိတို့လိုချင်လှတဲ့ ယောက်ျားရနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

1 comment:

byakga said...

ဟုတ်သလိုလိုတော့ ရှိသားဗျ။ ကျနော် စဉ်းစားမိသလောက်ကတော့ ၃ ချက်ကြောင့် ဖြစ်နိုင်တယ်။

ပထမအချက်က ဥပမာ မှန်ခဏခဏ ကြည့်လေ့ရှိသူတွေပေါ့။ ခဏခဏ ကြည့်ဖန်များတော့ ကိုယ့် မျက်နှာ ရဲ့ ချွတ်ယွင်းချက်လေးတွေ သတိထားမိလာမယ်။ ဒီကတဆင့် မျက်နှာပေး ဘယ်လိုလေး ထားရင် ပိုကြည့်ကောင်းလာမယ်။ ဆံပင်ကို ဘယ်လိုညှပ်လိုက်ရင် ပို ကြည့်ကောင်းသွားမယ် စသည်ဖြင့် သိလာပြီး ပြင်ဆင်ကြတဲ့ အတွက် အမှန်တကယ်ကို ပိုကြည့်ကောင်းသွားတာပါ။ တနေကုန်မှန်မကြည့်တဲ့ သူဆိုရင် မျက်ချေး ကပ်နေရင်တောင် သတိပြုမိမှာ မဟုတ်ဘူး။

ဒုတိယ အချက်ကတော့ လူတစ်ဦးနဲ့ တစ်ဦး စတွေ့ကြရင် အပေါ်ယံ ရုပ်ဆင်းအင်္ဂါပဲ ကြည့်ပြီး ရုပ်ဆိုးတယ် ချောတယ် စသည်ဖြင့် သတ်မှတ်ကြပါတယ်။ နောက်ပိုင်း ခဏခဏတွေ့ ရက်တွေကြာလာတဲ့ အခါကြမှ အပေါ်ယံ ရုပ်သွင်ကို ဖေါက်ထွင်းပြီး အတွင်း အဇ္တိတျ အလှကို မြင်လာတာကိုး။ (အဲဒီအကြောင်းဆန်ဆန်ရိုက်ထားတဲ့ ကလေးထိန်း ရုပ်ရှင် တကားတောင်ရှိတယ်။) ဒီသဘောတရားအတိုင်းပဲ ချောတယ်လို့ ထင်တဲ့ သူတွေ ကာလကြာလာရင် မချောတော့ ဘူးလို့လည်း ဖြစ်သွားတတ်ပါတယ်။

နောက်ဆုံးတစ်ချက်က ဆောင်းပါး ခေါင်းစဉ်မှာ ပါတဲ့ အတိုင်း ယဉ် သွားခြင်း ဖြစ်ပါတယ်။ ဥပမာ အိမ်သာတွင်းလိုက်ဆယ်နေသူတွေဟာ တော်ရုံတန်ရုံ မစင် အနံ့ကို မနံတတ်တော့ပါဘူး။ နှာခေါင်း ယဉ် နေကြပါတယ်။ ဒီတော့ အရုပ်ဆိုးတဲ့ သူကို ခဏခဏ မြင်ရာက မျက်လုံးယဉ် သွားတာ ဖြစ်နိုင်ပါတယ်။ ဆောင်းပါးထဲက ဘုန်းကြီးလိုဖြစ်ပါတယ်။

ဒီကိစ္စက ရူပါရုံတစ်ခုထဲ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ နားထောင်နေရင်း နောက်ဆုံးကြတော့ နား ယဉ် သွားပြီး ဟုတ်တုတ်တုတ် ဖြစ်လာတတ်ပါတယ်။

(စကားမစပ် ကျနော့် ဘလော့ဂ်ကို လာလည်တာ ကျေးဇူးပါပဲ။)