Wednesday, November 19, 2008

ကမ္ဘာ့အိမ်သာများနေ့


Imagine life without a toilet. No toilets in your home or at work, no public toilets, no toilets anywhere. Imagine the mess. Imagine the disease.

အိမ်သာမရှိတဲ့ လူနေမှုဘ၀ကို စဉ်းစားကြည့်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်သာမရှိရင်၊ အများသုံးအိမ်သာမရှိရှင်၊ ဘယ်နေရာမှာမှ အိမ်သာမရှိရင်၊ ညစ်ပတ်လိုက်မည်ဖြစ်ခြင်း၊ ပြီးတော့ ဖြစ်လိုက်မယ့် ရောဂါ။ စဉ်းစားသာကြည့်ပေတော့။

တစ်ခါက ပညာရှိအမတ်ကြီး ဦးပေါ်ဦးကို ဘိုးတော်ဦးဝိုင်းက မေးလိုက်တယ်။ ငပေါ်ဦးရေ--ငါကိုယ်တော်ရှင်မြတ် နန်းသစ်ယာသစ်တည်ထောင်လိုတဲ့ စိတ်ရှိတော်မူသကွဲ့။ နန်းသစ်ယာသစ်တည်တဲ့အခါ ဘယ်အဆောက်အဦးကို တင်တည်ဆောက်သင့်သလဲ သံတော်ဦးတင်စမ်း ဆိုတော့၊ ဦးပေါ်ဦးက လျှောက်ထားလိုက်တယ်၊ မှန်လှပါ၊ ရေမြေ့ရှင်မင်းတရား၊ နန်းသစ်ယာသစ် တည်လိုပါလျှင် အိမ်သာကို အလျှင်စောစွာ တည်ဆောက်သင့်ကြောင်းပါဘုရား တဲ့။

အဲဒီလျှောက်ထားချက်ကို မကျေနပ်လို့ ဘုရင်ကြီးက၊ ဟဲ့ ငပေါ်ဦး ဒီလောက်အရေးကြီးပြီး ကျက်သရေရှိတဲ့ နန်းသစ်ယာသစ်တည်မည့်ကိစ္စမှာ ဘာမှ အရေးမပါ၊ ကျက်သရေမရှိတဲ့ အိမ်သာကို အလျှင်တည်ဆောက်ရမယ်ဆိုတဲ့မင်းစကားက မတော်မလျှော်လိုက်လေကွယ်။ မောင်မင်းစကားကို ပြန်ပြင်လျှောက်ရင် ကောင်းမယ်၊ လို့ စိတ်ဆိုးဆိုးနဲ့ အမိန့်ရှိလိုက်တယ်။ ဦးပေါ်ဦးကလဲ မှန်လှပါ မင်းကြီး၊ အကျွန်နုပ်လျှောက်ထားချက် မမှားကြောင်း အချိန်တန်ရင်သိလာပါလိမ့်မည်ဘုရား လို့ပြန်လျှောက်ထားလိုက်တယ်။ ဘုရင်ကြီးလဲ မကျေမနပ်နဲ့ ဆိတ်ဆိတ်ပဲနေတော်မူလိုက်ရတယ်။

ဒီလိုနဲ့ နောက်တစ်လနှစ်လလောက်ကြာတဲ့အခါကျတော့ ဘိုးတော်ဦးဝိုင်း ဧရာဝတီမြစ်ကြောင်းစုန်ပြီး ခရီးသွားစရာပေါ်လာတယ်။ ရေယာဉ်နဲ့ သွားရမှာမို့ ယာဉ်ပျံတော်ကို ပြင်ဆင်ဖို့ ဦးပေါ်ဦးကို တာဝန်ပေးလိုက်တယ်။ ဦးပေါ်ဦးလဲ မင်းတရားစီးနင်းလိုက်ပါမည့် ယာဉ်ပျံတော်ကို လှလှပပပြင်ဆင်ထားတယ်။ နောက်ပြီး ယာဉ်ပေါ်မှာရှိတဲ့ အကာကွယ်မှန်သမျှကိုလဲ ဖယ်ရှားပစ်ခိုင်းထားတယ်။ ခရီးထွက်မည့်နေ့ရောက်တဲ့အခါကျတော့ ခရီးရှည်မို့ ယာဉ်ပေါ်မှာပွဲတော်တည်နိုင်အောင် စားတော်ကဲကြီးကိုပါ ခေါ်လာခဲ့တယ်။

တိုတိုပဲပြောကြပါစို့။ ဒီလိုနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ပြီး ခရီးထွက်လာခဲ့ကြတယ်။ မြစ်ကြောင်းအလယ်လောက်ရောက်တဲ့အခါကျတော့ မင်းကြီးက ဗိုက်ဆာလာလို့ ပွဲတော်တည်မည့်အကြောင်း အမိန့်ရှိတော်မူတယ်။ ဦးပေါ်ဦးလဲ ဒီအခွင့်အရေးကို စောင့်နေတာဆိုတော့ စားတော်ကဲကြီးနဲ့လက်ဝါးရိုက်ပြီး မင်းကြီးစားတော်ခွက်ထဲမှာ အနံ့အရသာ မထင်ရှားတဲ့ ၀မ်းနှုတ်ဆေးအနည်းငယ်စီထည့်ထားလိုက်တယ်။မင်းကြီးလဲ မြစ်ကြောင်းအတိုင်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေးတွေကို ရှူရိုက်ရင်း ဗိုက်ဆာဆာနဲ့ အားပါးတရ သုံးဆောင်တော်မူတယ်။

ပွဲတော်တည်ပြီး အချိန်အတန်ကြာတဲ့အခါမှာတော့ မင်းကြီးဗိုက်ထဲရောက်နေတဲ့ ၀မ်းနှုတ်ဆေးတွေက အစွမ်းပြလာလို့ မင်းကြီးမနေနိုင်မထိုင်ဖြစ်ပြီး အိမ်သာတက်ချင်ကြောင်းအမိန့်ရှိတယ်။ ဦးပေါ်ဦးလဲ မင်းကြီးစီးတော်မူသည့် ကျက်သရေရှိလှတဲ့ မင်္ဂလာယာဉ်ပျံတော်ပေါ်မှာ ကျက်သရေမရှိတဲ့ အိမ်သာကို တည်ဆောက်ထားခြင်းမရှိကြောင်း လျှောက်ထားလိုက်တယ်။ ဘုရင်ကြီးလဲ ထွက်လုလုဖြစ်နေတဲ့အတွင်းပစ္စည်းတွေကြောင့် ဘာမှအငြင်းအခုံမလုပ်နိုင်ရှာတော့ပဲ အကာအကွယ်အမြန်လုပ်ဖို့ အမိန့်ရှိပြီး ၀မ်းတော်သွားလိုက်ရတယ်။ ပြီးတဲ့အခါမှ ဟေ့ ငပေါ်ဦး နန်းသစ်ယာသစ်တည်မည့်ကိစ္စမှာ အိမ်သာကို အရင်တည်ဆောက်ရမယ်ကွဲ့လို့ ရှုံ့မဲ့မဲ့နဲ့ အမိန့်တော်ရှိလိုက်ရတော့တယ်။

ကျနော်တို့မြန်မာလူမျိုးတွေရဲ့ပါးစပ်မှာ ခေတ်စားတဲ့ ဦးပေါ်ဦးရဲ့ လုပ်ကွက်လေးတစ်ခုပေါ့။ အိမ်သာအရေးကြီးကြောင်းလေးပါ။ ကျနော့်ပေးထားတဲ့ ခေါင်းစဉ်ကို ဖတ်ပြီးတဲ့စာဖတ်သူဟာ ကျနော်ဘာပြောမယ်ဆိုတာ နားလည်နေပါပြီ။ ကျနော် ကမ္ဘာ့အိမ်သာများနေ့အကြောင်းပြောမလို့ ကျနော်မှတ်သားခဲ့ဖူးတဲ့ ဦးပေါ်ဦးဇာတ်လမ်းနဲ့ချီလာတာ ဘလော့မှာ အတော်နေရာယူသွားတယ်။ ဒါကြောင့် ခန့်ကျဉ်းကျဉ်းပဲ ဆက်လက်တင်ပြပါ့မယ်။

WTO (World Toilet Organization) ကို ၂၀၀၁ ခုနှစ်မှာ၊ အဖွဲ့ဝင် (၁၅)ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အခုချိန်မှာတော့ နိုင်ငံပေါင်း (၄၇) နိုင်ငံမှာ အဖွဲ့ဝင်ပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပါပြီ။ ရည်ရွယ်ချက်ကတော့ ကျမ်းမာရေးအရ တစ်ကမ္ဘာလုံး ယင်လုံအိပ်သာသုံးစွဲရေးနဲ့ အိပ်သာတွေကို သန့်ရှင်းစွာထားရေးအတွက် ပညာပေးလှုံ့ဆော်ဖို့ပါ။ WTO အဖွဲ့ကြီးရဲ့ လှုံ့ဆော်မူကြောင့် ကမ္ဘာ့တစ်ဝှန်းရှိ မြို့ကြီး (၉)မြို့မှာ World Toilet Summits လို့ခေါ်တဲ့ ကမ္ဘာ့အိမ်သာထိပ်သီးညီလာခံ ရှစ်ကြိမ်နဲ့၊ World Toilet Expo & Forum လို့ခေါ်တဲ့ ကမ္ဘာ့အိမ်သာအစည်းအဝေး နှစ်ကြိမ် ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

နိုဝင်ဘာလ (၁၉)ရက်နေ့ဟာ WTO အဖွဲ့ကြီးကို စတင်ဖွဲ့စည်းထူထောင်တဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကို အစဉ်သဖြင့်အမှတ်ရပြီး ကမ္ဘာသူ ကမ္ဘာသားတွေ မိမိတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အများသုံးနေရာတွေမှာ သန့်ရှင်းအောင်ထားရေးဆိုတဲ့ စိတ်ဓာတ်တွေကို တိုးတက်မြင့်မားစေဖို့ ရည်ရွယ်ပြီးတော့ WTO ကို စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဥက္ကဋ္ဌ Mr. Spevack က နိုဝင်ဘာလ (၁၉)ရက်နေ့ကို ကမ္ဘာ့အိမ်သာများနေ့အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီနေ့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အဖွဲ့ဝင်တွေက ကျင်းပကြပါတယ်။

ဒါတင်မကသေးပါဘူး။ WTO အဖွဲ့ကြီးဟာ ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ကမ္ဘာ့အိမ်သာကောလိပ် (World Toilet College) WTC ကိုလဲ ထူထောင်ခဲ့ပါတယ်။ အဲဒီကောလိပ်မှာ အိမ်သာဒီဇိုင်းဆွဲပုံတွေ၊ ထိမ်းသိမ်းပုံနည်းစနစ်တွေ၊ စနစ်တကျသန့်ရှင်းရပုံတွေ စသည်စသည် အိမ်သာပိုင်းဆိုင်ရာဘာသာရပ် ပေါင်းများစွာကို လေ့လာပို့ချပေးတယ်လို့ သိရပါတယ်။

အထက်ပါ ကြိုးပန်းဆောင်ရွက်မှုတွေကြောင့် WTO အဖွဲ့ကြီးကို ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့စီးပွါးရေးဖိုရမ်မိသားစုဖြစ်တဲ့ Schwab Foundation က Outstanding Social Entrepreneur of the Year လို့ခေါ်တဲ့ ၂၀၀၆ခုနှစ် လူမှုစီးပွါးထူးချွန်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာလဲ လူမှုစီးပွါးရေးထူးချွန်တဲ့အတွက်ကြောင့်ပဲ Ashoka Global Fellow လို့ခေါ်တဲ့ ကမ္ဘာ့အသောကအဖွဲ့ဝင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

ဒီနှစ် ၂၀၀၈ ခု၊ နိုဝင်ဘာလ၊ (၁၉) ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိပ်သာများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော့်ဘလော့ရဲ့ (၁၀၀) ပြည့် ပို့စ်လေးကို တင်ဆက်လိုက်ရပါကြောင်း။

(http://en.wikipedia.org/wiki/World_Toilet_Organization) ကို မှီငြမ်းပြုရေးသားဖေါ်ပြပါသည်။

No comments: