Friday, November 14, 2008

လုပ်ရက်ပါပေ့


တော်ကလဲ အေ---ခရီးသွားရင်း နေမကောင်းဖြစ်နေပြန်ပြီ။ ရှေ့ဆက်ရမည့်ခရီးက အဝေးကြီး ကျန်သေးတယ်။ အခုလို နေမကောင်းချည်း ဖြစ်နေရင် အချိန်မီ ဘယ်ရောက်တော့မလဲ။ စိတ်ညစ်လိုက်တာနော်။

ထိုင်းနယ်စပ် စစ်ဆေးရေး စခန်းတစ်ခုအနီးရှိ သစ်ပင်ကြီးတစ်ပင်အောက်မှာ အမျိုးသမီးကြီးတစ်ယောက်က ဂွန်းစောင်ထူထူကြီး ခြုံပြီး အိပ်နေတဲ့ အောက်ကလူကို နင်းပေးရင်း ဘေးကလူတွေကြားလောက်တဲ့ အသံမျိုးနဲ့ အထက်ပါအတိုင်း ညီးညူပြောဆိုနေတယ်။ သူနင်းနေတာ အတော်ကြာပြီဆိုတာကို သတိထားမိတဲ့ စစ်ဆေးရေးရဲဝန်ထမ်းတစ်ယောက်က မသင်္ကာလို့ အနားလာအကဲခတ်နေတယ်။ အဲဒီလိုလုပ်ကာမှ အမျိုးသမီးကြီးလဲ ချိုးပွဲချ ငိုတော့တာပဲ။

အမလေး ဒုက္ခပါပဲတော်၊ ဒီပုံစံနဲ့ဆိုရင်တော့ ဒီတောင်ကျော်နိုင်မည့်ပုံမရှိတော့ဘူး။ တော်-မပါရင် ကျမတစ်ယောက်တည်း ဒီခရီး ဘယ်လိုဆက်သွားရမလဲ၊ ဟိုမှာလဲ တော့်ကို အပါခေါ်ခဲ့မယ်လို့ပြောခဲ့တာ။ အခုတော့ ဒုက္ခပါပဲ၊ အီး----------ဟီး-----------၊ အီး--------------ဟီး-----------။ ငိုသကိုးဗျာ့။

သူကအဲလိုလုပ်လေ စစ်ဆေးတဲ့ပုလိပ်က မသင်္ကာပိုဖြစ်လေဖြစ်ပြီး အနားရောက်လာပြီးတော့ပြောလိုက်တယ်။
အဒေါ် အဲဒါ ခင်ဗျား အမျိုးသားလား။
ဟုတ်ပါတယ်၊ ငါ့တူလေးရယ်။
တော်တော် နေမကောင်းဖြစ်နေပုံရတယ်။
ဖြစ်နေလို့ အဒေါ်ငိုနေရတာပေါ့ကွယ်။
ဒါဆို ဆေးရုံပို့ပေးမယ်လေ။
အဲ--အဲ----မပို့ပါနဲ့ ငါ့တူရယ်၊ အတော်လေးကြာရင် ပျောက်သွားမှာပါ။
အဒေါ် ငိုနေတာက အောက်ကလူသေနေတဲ့ ပုံမျိုးနဲ့ဆိုတော့ သူ့အခြေအနေ တော်တော်မကောင်းလို့လားလို့။
အယ်---အဲလိုလဲ မဟုတ်ပါဘူး၊ ငါ့ တူရယ်။ အဒေါ်က စိုးရိမ်စိတ်ကြီးတတ်လို့ပါကွယ်။
ဘာပဲပြောပြောလေ။ နေမကောင်းရင်တော့ ဂရုစိုက်ပေးရမှာပေါ့။ ကျတော်တို့ စခန်းထဲခေါ်ခဲ့လေ။
အား---အား---မလုပ်ပါနဲ့ ငါ့တူရယ်။ ဒီမှာပဲ ကောင်းပါတယ်။ သူသက်သာတဲ့အခါ အဒေါ်တို့ဆက်သွားလို့ရပါပြီကွယ်။
အဒေါ့်အမျိုးသားကို ဘာဖြစ်လို့ ခြေဆုံးခေါင်းဆုံး စောင်နဲ့ခြုံပေးထားတာလဲ။ ပြီးတော့ သူက စကားလဲ တစ်ခွန်းမှ ပြန်မပြောပါလား။
သူက အဲလိုပဲ ငါ့တူရဲ့၊ နေမကောင်းဖြစ်ရင် စကားတစ်လုံးမှ မပြောတော့ဘူး။
ခေါင်းလေးတော့ ဖွင့်ထားဖို့ကောင်းတာပေါ့။ လေကောင်းလေသန့်လေး ရတာပေါ့။
ဖွင့်စရာမလိုပါဘူး ငါ့တူရယ်။ လေစိမ်းအတိုက်ခံရရင် ပိုနေမကောင်းဖြစ်မှာစိုးလို့ တစ်ကိုယ်လုံးခြုံပေးထားရတယ်လေ။
အဒေါ်ဆီ မှတ်ပုံတင်ပါတယ်နော်။
ပါပါတယ်ကွဲ့။ ဟောဒီမှာပါ။
အဒေါ်အမျိုးသားရဲ့မှတ်ပုံတင်လဲ ကျနော်တို့က ကြည့်ချင်ပါတယ်။ တဆိတ်လောက်ပြပါနော်။
အာ------အယ်---------သူ့မှာ မှတ်ပုံတင်ပါမလာဘူးကွဲ့။ ကမန်းကတမ်းနဲ့ထွက်လာတော့ အိမ်မှာ မေ့ကျန်ခဲ့တာ။
ဒါဆို သူ့နာမည်က ဘယ်လိုခေါ်ပါသလဲ ခင်ဗျား။
အင်း---------အဲ----ထွန်းအောင်ကွဲ့။ အမကတော့ ကိုထွန်းလို့ပဲခေါ်ပါတယ်။
မှတ်ပုံတင်ပါမလာဘူးဆိုတော့ ကျနော်သူ့မျက်နှာ တဆိတ်ကြည့်မယ်နော်။
အာ----------အယ်---------မကြည့်လို့မရဘူးလား ကလေးရယ်။
တာဝန်အရပါ အဒေါ်ကြီး ခင်ဗျား။
ဒါဆိုလဲ ငါ့တူတို့ သဘောပါကွယ်။

အဲလိုပြောပြီးနောက် စစ်ဆေးရေးအရာရှိက ခေါင်းပိုင်းခြုံထားတဲ့ စောင်စကို လှန်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထခုန်လိုက်တယ်။ သူမြင်တွေ့လိုက်ရတာက နေမကောင်းဖြစ်နေတဲ့ ဦးထွန်းအောင်ကြီး မဟုတ်ဘူး။ ရှေးဟောင်း သစ်သားဆင်းထု ဗုဒ္ဓရုပ်ပွါးတော်ကြီး တစ်ဆူ။ တစ်ဘက်နိုင်ငံထဲရှိ ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းနဲ့ဆက်ပြီး အနောက်ဘက်ပို့မယ့် ဆင်းထုကြီး။ အော်ရက်စက်ပါဘိတော့။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဆိုတဲ့ အဆိုလေးထဲက ငါ့ဝမ်းပူဆာမနေသာလို့ ကိုက်ရတယ် ဆိုတဲ့စကားအတိုင်း ၀မ်းရေးအတွက် ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘာသာရေးမှာ အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိုတောင် ခိုးထုတ်ရောင်းစားဖို့ကြံတဲ့ လူတွေ။

ကျနော်တို့ အညာဘက် ဘုရားဖူးသွားတဲ့အခါ ဘုရားအို ဘုရားပျက်တွေထဲရှိတဲ့ စကျင်ကျောက်နုဖြူ ဆင်းထုတော်လေးတွေ အများစုမှာ ဦးခေါင်းတော်မရှိတော့ဘူး။ ကျောင်းဆင်းထုတော်တွေကိုတော့ တစ်ဆူလုံးသယ်ယူရတာ လေးလံလွန်းတဲ့အတွက် ခေါင်းသက်သက်ကိုပဲ ဖြတ်ပြီး ခိုးယူရောင်းစားကြတယ်။ အဲဒီမြင်ကွင်းမျိုးတွေကို မြင်မိလေတိုင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျနော့်ရင်မှာ ဆို့နင့်စွာခံစားမိတယ်။ အော် လုပ်ရက်ကြပါပေ့။

အဲဒီလို Religious Icons လို့ခေါ်တဲ့ ဘာသာရေးရုပ်ပွါးတွေ၊ အမှတ်အသားတွေ ကိုခိုးတဲ့အဖြစ်အပျက်ဟာ ကျနော်တို့မြန်မာပြည်မှာသာ ရှိတာမဟုတ်ဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာမှာပဲ ရှိတာမဟုတ်ဘူး။ ကျန်တဲ့ ဘာသာတွေမှာလဲ ရှိပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မတော်လောဘတွေကို မနှိမ်နှင်းနိုင်သမျှတော့ ဒီလိုရာဇ၀တ်မှုမျိုးတွေဟာ ဘယ်အချိန် ဘယ်ဘာသာမှာမဆို ရှိနေဦးမှာပါပဲ။

ဒီနေ့ကျနော်ဖတ်လိုက်ရတဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ထဲမှာ အဲဒီလို ဘာသာရေးနဲ့ ပတ်သက်တဲ့ ခိုးမှုကြီးတစ်ခုပါလာတယ်။ ကျနော်တို့ဆီကလို့ သေးသေးကွေးကွေးခိုးမှုမဟုတ်ပါဘူး။ အတော်ကြီးကျယ်တဲ့ ခိုးမှုကြီး။ ဘယ်လောက်ကြီးကျယ်လဲ ဆိုရင် အဆောက်အဦး တစ်ခုလုံးကို ခိုးသွားတဲ့ ခိုးမှုကြီး။

ဖြစ်ပုံက ဒီလို တဲ့---
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမိတာ(၃၀၀)၊ မိုင် (၁၈၆) လောက်ဝေးတဲ့ နေရာမှာ Komarovo ကိုမရိုဗို လို့ခေါ်တဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲဒီရွာရဲ့အနီးနားမှာ ၁၈၀၉ ခုနှစ်ကတည်းက ဆောက်ထားခဲ့တဲ့ ရှေးဟောင်း နှစ်ထပ်အဆောက်အဦးကြီးတစ်ခုရှိတယ်။ အဲဒီအဆောင်အဦးကြီးဟာ နဂိုက စာသင်ကျောင်း၊ နောက်ပိုင်းမှ ခရစ်ယန်ဘုရားရှိကျောင်းအဖြစ် ပြောင်းလိုက်တာဖြစ်ပါတယ်။ ကားလမ်းနဲ့ အတော်လှမ်းကွာတဲ့ နေရာမှာ တည်ရှိတယ်လို့ သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းကထိ အကောင်းပကတိ ရှိနေသေးတဲ့ ဘုရားကျောင်းအဆောက်အဦးကြီးဟာ အောက်တိုဘာလလောက်မှာ ကျောင်းရဲ့ အုတ်ချပ်တွေကို တစ်ချပ်ချင်း ခိုးထုတ်ခံလိုက်ရပြီး နောက်ဆုံး အဆောက်အဦး တစ်ခုလုံး လက်ရှိနေရာက ပျောက်သွားပါလေရောတဲ့။ ဒါပေမဲ့ အခုထိ လက်သည်မပေါ်သေးလို့ ဒေသဆိုင်ရာ ဥပဒေ၀န်ထမ်းတွေ၊ ရုရှားမူလဘုရားကျောင်းအသင်းတော်ကလူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက်စုံးစမ်းနေတုန်းပါတဲ့။ သူခိုးတွေကလဲ ချီးကြူးစရာပဲလို့ ပြောရမလိုတောင်ဖြစ်နေပြီ။ ဒီလောက်ကြီးတဲ့ ဘုရားကျောင်းကြီးတစ်ခုလုံးကို အစပျောက်အောင် ခိုးနိုင်တယ်။ အံ့စရာပဲ။

အော် လောဘလောဘ။ အတော်ကြောက်စရာကောင်းတဲ့အရာပါဗျာ။ ကျနော် ဖတ်ရင်း ကြက်သီးတောင်ထမိတယ်။ တစ်နပ်စာကောင်းစားဖို့အရေး တစ်ဘ၀လုံး သို့မဟုတ် တစ်သံသရာလုံးနဲ့ ပေးဆပ်ဝံ့တဲ့လူတွေပါလားလို့ ကျနော်တွေးရင်း အောက်ပါကဗျာလေးကို ရေးစပ်မိတယ်။

လောဘ မောဟ၊ ကိလေသကား၊
ဘ၀ပျက်ဆုံး၊ ဂုဏ်ပျက်သုံးလဲ၊
အရှုံးမတွက်၊ အနိုင်ပဲထင်၊ စိတ်မည်းဝင်၏။

သံသာနောင်ရေး၊ သူ ဘယ်တွေးလိမ့်။
ဝမ်းရေးကိုမျှော်၊ အပြစ်သော်ရှိ၊
မတော်လောဘ၊ လိုဆန္ဒကြောင့်၊
ဗုဒ္ဓရုပ်မင်း၊ ဆင်းထုချင်းလဲ၊
အတင်းယူငင်၊ ဘီလူးဝင်သို့၊
မမြင်အကု၊ ပြစ်စုစုလဲ၊
တစ်ခုမကြောက်၊ သူလိုက်နှောက်သည်၊
ဘ၀နောက်ခါ၊ ဆိုးဖို့တည်း။

(http://news.bbc.co.uk/1/hi/world/europe/7728407.stm) ဘီဘီစီသတင်းကို ကိုးကားပါသည်။

No comments: