Saturday, November 29, 2008

အပျိုကြီးဖြစ်ကြောင်း (၁၁)ပါး


Spinster လို့ခေါ်တဲ့ အပျိုကြီးရဲ့အဓိပ္ပါယ်ကို “အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပါလျှက် မပြုဘဲ တစ်ကိုယ်တည်းနေသူ” လို့ဖွင့်ဆိုကြပါတယ်။ ဘာဖြစ်လို့ အပျိုကြီးဖြစ်နေရသလဲ ဆိုတဲ့မေးခွန်းအတွက် အဖြေဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ယေဘုယျ အဖြေတစ်ခုကတော့ “အခြေအနေအရပေါ့” တဲ့။ ဒါမလွဲနိုင်တဲ့အဖြေလေ။ ကျနော်အပျိုကြီးဆိုသူတွေနဲ့ အတော်များများ တွေ့ဖူး၊ သိဖူး၊ ရင်းနှီးဖူး၊ ရန်ဖြစ်ဖူးတယ်။

တစ်ခါက ကျနော်စစ်ကိုင်းဆေးရုံကြီးရောက်နေတုန်း ဆေးရုံက ကျနော်ထက် အသက် ငါးနှစ်လောက်ကြီးတဲ့ သူနာပြုဆရာမတစ်ယောက်နဲ့ ဧည့်ခန်းထဲ ထိုင်စကားပြောနေတယ်။ အဲဒီခန်းထဲမှာ အသက်ခြောက်ဆယ်ကျော် အဘွားကြီးတစ်ယောက်လဲ ကုလားထိုင်တစ်လုံးပေါ်ထိုင်ပြီး ပန်းချီဆွဲနေတယ်။ ကျနော်လဲ ကျနော်နဲ့မောင်နှမလို ရင်းနှီးနေတဲ့ သူနာပြုဆရာမနဲ့ ဟိုရောက်လိုက်၊ ဒီရောက်လိုက် စကားပြောရင်း တစ်ခါတော့ ဘာကိုအကြောင်းပြုပြီး ပြောမိလိုက်တယ် ဆိုတာ မမှတ်မိတော့ဘူး။ အောက်ပါအတိုင်း ကျနော့်ပါးစပ်ကထွက်သွားတာတော့ မှတ်မိနေသေးတယ်။
“အဲဒါကြောင့် အမယောက်ျားမရပဲ အခုထိ အပျိုကြီးဖြစ်နေရတာပေါ့ဗျာ”။

“ဘာ၊ ဘာပြောတယ်၊ ဒီမှာ ဟဲ့ကလေး၊ မင်းအဲလိုမပြောနဲ့၊ ငါက ယောက်ျားမယူချင်လို့ကို မယူခဲ့တာ၊ ငါ့ယူချင်တဲ့လူတွေ ပေါလွန်းလို့၊ ရိုက်သတ်လို့ကို မကုန်ဘူး၊ အိမ်ထောင်သည်ဘ၀ကို မလိုချင်လို့ အေးအေးဆေးဆေး အပျိုကြီးလုပ်နေတာ၊ လာမစော်ကားနဲ့၊ မီးပွင့်သွားမယ်မှတ်”။
အဲဒီလို ကောက်ကာငင်ကာ ထအော်လိုက်သူကတော့ ကျနော်နဲ့စကားပြောနေတဲ့ သူနာပြုဆရာမလေးမဟုတ်ပါဘူး။ အခန်းထောင့်မှာ တစ်ယောက်တည်းထိုင်ပြီး ပန်းချီဆွဲနေတဲ့ အဘွားကြီး။ ကျနော့်ခမျှာ ရင်တုန်ပန်းတုန်ပင် ဖြစ်မိသေးတော့၏ လို့ ပြောရမလိုဖြစ်သွားတယ်ဗျာ။

ဘယ်နှယ့် ပစ်တာက တစ်ခြား၊ မှန်တာက တစ်ခြား။ ကျနော်လဲ သူစိတ်ဆိုးဆိုးနဲ့ အော်နေတော့ ချက်ချင်း ဘာပြန်ပြောရမှန်းမသိဘူး။ အေးအေးဆေးဆေးပဲ သူစိတ်ကျေနပ်ပါစေတော့ဆိုပြီး ပြောရတယ်။ ကျနော် အန်တိပြောတာမဟုတ်ပါဘူးဗျာ၊ ကျနော့်အမကို စနေတာပါ လို့။ သူကမကျေနပ်ဘူး။ မင်းအမကိုပဲ စစ၊ ဘယ်သူ့ကိုပဲ စစ ဒီပုံစံမျိုးနဲ့တော့ လာမစနဲ့၊ ငါတို့မကြိုက်ဘူး၊ တဲ့။ ဖြစ်ပြန်ရော။ ငါတို့ တဲ့။ ဗဟုဝုစ်နဲ့ ပြောလိုက်တယ်။ ကြည့်ရတာ အပျိုကြီးလောကတစ်ခုလုံးကို ဆိုလိုချင်ပုံရတယ်။ သူ့ကိုယ်သူ နိုင်ငံတကာအပျိုကြီးများအသင်းဥက္ကဌရာထူးရထားသူလို့ အောင့်မေ့နေတာလား မပြောတတ်ဘူး။

ကျနော်တို့လဲ ပြောလက်စ စကားအနည်းအပါးကို ပြီးအောင်အမြန်ပြောပြီး အဲဒီအဘွားကြီးပန်းချီဆွဲနေတဲ့ အခန်းထဲက အမြန်လစ်ခဲ့ရတယ်။ လမ်းရောက်တော့ စဉ်းစားမိတယ်။ အော် ဒီနေ့ ကတွတ်ပီ ကံမကောင်းပါလားနော်၊ ဆိုပြီးတော့။ အဲဒီကတည်းက ကျနော့်စိတ်ထဲမှာ အပျိုကြီးတွေနဲ့ပတ်သက်ပြီး စူးစမ်းချင်တဲ့စိတ်ဖြစ်လာတယ်။ သူတို့ ဘာ့ကြောင့် အပျိုကြီးဖြစ်ရသနည်း၊ ပေါ့။ ပန်းချီဆွဲတဲ့ အဘွားကြီးပြောသလို အိမ်ထောင်မပြုချင်လို့ဆိုတဲ့ အကြောင်းပြချက်ဟာ တကယ်ခိုင်လုံတဲ့ အကြောင်းပြချက်ဖြစ်ပါသလား။

တစ်ခါတုန်းက သမီးဖြစ်သူကို မိဘနှစ်ပါးက အိမ်ထောင်ပြုဖို့ နားချတယ်၊ သမီးကလဲ နားချတိုင်း ငြင်းတယ်။ ဒီလိုနဲ့ အိမ်ထောင်ပြုရမည့် အရွယ်လွန်ပြီး အပျိုကြီး စာရင်းဝင်သွားတယ်။ အသက် သုံးဆယ့်ငါး လေးဆယ်လောက်ရောက်မှ တစ်ကိုယ်တည်းနေရတဲ့ ဘ၀ကို ငြီးငွေ့ပြီး အရပ်ထဲက သူ့ကို ပိုးပန်းနေတဲ့ လူပျိုကြီးတစ်ယောက်ကို လက်ခံပြီး လက်ထပ်လိုက်တယ်။ မင်္ဂလာဆောင်ပြီး နောက်နေ့မနက်ကျတော့ အိမ့်အပြင်ဘက်ဝရံတာထွက်ပြီး တရှုတ်ရှုတ်နဲ့ ငိုနေပါလေရော။ ယောက်ျားက အိပ်ယာက နိုးလာတော့ အလန့်တကြားဖြစ်ပြီး မေးတယ်။ “ခင်ခင်ရယ် ခင့်အပေါ် ကို ဒီလောက်ကောင်းတာ ဘာဖြစ်လို့ ငိုနေရသလဲကွယ်” လို့။

ဒါနဲ့ အပျိုကြီးဘ၀ကကျွတ်ကာစ မိန်းမကဖြေသတဲ့။ “ရှင် အဲဒီလောက်ကောင်းလို့ ငိုနေရတာပေါ့လို့၊ အမေတို့ကလဲ ဘာမှန်းမသိဘူး၊ ဒီလောက်ကောင်းတာကို စောစောက မပြောဘူး၊ အီး---ဟီး-ဟီး--အီး----ဟီး-ဟီး----”။ (အာ--တော်ပါတော့)။ ဒါနဲ့ ယောက်ျားကလဲ သဘောပေါက်သွားတယ်။ ပြီးတော့ပြောလိုက်တယ်။ ခင်ရယ်--တိတ်ပါတော့ကွယ်၊ ကိုယ်တို့ရှေ့လျှောက် ဒီထက်ကောင်းကြဦးမှာပဲဟာ။ အဲလိုပြောလိုက်ကာမှ၊ မိန်းမခမျှာ နဂိုငိုနေတာထက် နှစ်ဆလောက်ပိုတိုး ငိုနေလို့ ပတ်ဝန်းကျင်ကလူတွေ လင်မယားရန်ဖြစ်တယ် ထင်ပြီး လာမေးကြရသောဟူ၏။

ကျနော်နဲ့ သိတဲ့ အပျိုကြီးဖြစ်နေသူတွေကို ကြည့်ပြီး စဉ်းစားရသလောက် အကြောင်းတွေကို တွက်ကြည့်ရင်---
(၁) ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်အားကြီးမှုဆိုတဲ့ အစွန်းထွက်ခြင်း၊
(၂) ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်အားကြီးမှုဆိုတဲ့ အစွန်းထွက်ခြင်း၊
(၃) မိမိတို့သတ်မှတ်ထားတဲ့ စံနဲ့ကိုက်ညီသူကို မရှာဖွေနိုင်ခြင်း၊
(၄) အပျိုဘ၀က ရည်းစားအထည်လဲတွဲခဲ့ခြင်း၊
(၅) တစ်ဦးတစ်ယောက်တည်းကို အသဲစွဲချစ်မိပြီး ချစ်သူရဲ့ စွန့်ပစ်မှုအပေါ်စိတ်နာကာ ကျန်တဲ့ယောက်ျားတွေကိုပါ မုန်းတီးခြင်း၊
(၆) အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘနှစ်ပါး အကြားကြီးပြင်းလာရတဲ့အတွက် အိမ်ထောင်မပြုရဲခြင်း၊
(၇) လိမ်စိတ်ဖြစ်ပေါ်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ပုံကို သိပြီး ယောက်ျားယူစရာမလိုဟု မှတ်ယူခြင်း၊
(၈) ယောက်ျားတစ်ယောက်ကို ဘယ်အချိန်မဆိုကောက်ယူနိုင်တယ်လို့ ထင်ပြီး စီးပွါးရေး၊ ပညာရေးစသည်မှာ ကိုယ့်ကိုယ်ကို နှစ်မြှုတ်ထားခြင်း၊
(၉) ငန်းငန်းတက်ယောက်ျားယူချင်ရှာပါလျှက် မိဘဆွေမျိုးစသည်ကို ကြောက်ရတဲ့အတွက် ဟန်ဆောင်အောင့်အီးနေရင်း လိမ်စိတ်ကုန်ခန်းသွားခြင်း၊
(၁၀) အိမ်ထောင်ကွဲနေကြတဲ့ မိဘနှစ်ပါးကြောင့် ကိုယ့်အောက်က ညီမတွေ၊ မောင်တွေကို စောင့်ရှောက်ရင်း အရွယ်လွန်သွားခြင်း၊
(၁၁) ဖူးစာရေးနတ်ဆိုတာကြီးကို အားကိုးပြီး မိုးကျရွှေကိုယ်ဖြစ်တဲ့ မိမိဖူးစာကို အိမ်ထဲထိုင်စောင့်ရင်း အရွယ်ဟိုင်းသွားခြင်း၊

စသဖြင့် စသဖြင့် အကြောင်းတရား အမြောက်အများကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီအကြောင်းတရားတွေထဲက တစ်ခုခုသည်ပင် အထက်မှာ ကျနော်ပြောခဲ့တဲ့ ဘာ့ကြောင့်အပျိုကြီးဖြစ်ရသလဲ ဆိုတဲ့ မေးခွန်းရဲ့ အခြေအနေအရပေါ့ ဆိုတဲ့အဖြေအတွက် ရည်ညွှန်းစရာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ပါတယ်။ ကွဲလွဲတဲ့ အကြောင်းတွေလဲ အများကြီးရှိမှာပေါ့လေ။ တကယ်လို့ စာဖတ်သူသိတဲ့ အခြားအကြောင်းတရားတစ်မျိုးမျိုး ရှိသေးရင်လဲ ကျနော့်ဆီ ပို့ပေးဖို့မေတ္တာရပ်ခံပါတယ်ဗျာ။ သူတို့ကို ကူညီကြရအောင်။ ကုသိုလ်ရပါတယ်ဗျာ။

3 comments:

Anonymous said...

ဒါဆိုရင်ယောကျာင်္းတယောက်လူပျိုကြီးဖြစ်ရခြင်းအကြောင်းရော

၂ဖက်မြင်ပါ..ဘာကြောင့်ပဲ အပျိုကြီး လူပျိုကြီးလုပ်လုပ် မြန်မာတွေရဲ့အမြင်ကို ပြုပြင်စဉ်ဒစာဒသင့်တယ်လို့ထင်ပါတယ်။

စကားပြောလို့ တခုခု အလျှော့မပေးနိုင်တဲ့အခါ မြန်မာတွေ ပြောလေ့ရှိတဲ့စကားပေါ့ အထူးသဖြင့် အပျိုကြီးတွေကိုပေါ့ ဒါကြောင့်အပျိုကြီး လူပျိုကြီးဖြစ်နေတာပေါ့ ဆိုတဲ့ စကားနဲ့ အဆုံးသတ်လေ့ရှိတယ်။ အဲဒီအခါမှာ ပြောနေတဲ့ စကားကလိုရင်းမရောက်ပဲ သွေဖယ်သွားတဲ့ အရာတွေ အများကြီး ရှိနေတတ်တယ်။
မြန်မာပြည်က လူတွေ ဆင်ခြင်သင့်တာပေါ့။

အခုအခါ နိုင်ငံတကာမှာ မိန်းမယောကျာင်္း မခွဲခြားပဲ
မိန်းမတွေဟာ ရှေ့တန်းကို ယောင်္ကျားတွေနဲ့ ယှဉ်ဘောင်တန်းပီး ပညာ ဥစ္စာ ရှာနိုင်နေကြတဲ့အခါ
ယောကျာင်္းတယောက်ကို လက်ထပ်ပီး ဘဝတခုလုံး ပုံအပ်ရမှာတချက်ေ၇ွးချယ်မိတဲ့ယောကျာင်္းရဲ့ ကောင်းမှူဆိုးမှုကိုတချက်... စတဲ့ အချက်ပေါင်း မြောက်မြားစွာက လက်ထပ်ပေါင်းသင့်ဖို့ တွန့်ဆုတ်နေကြတာပါပဲ
အိမ်ထောင်ရေးဆိုတဲ့ လျို့ဝှက်ချက်တွေ ကံကောင်းဖြင်းကံဆိုးဖြင်းဆိုတဲ့ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ကံတွေ နဲလဲဆိုင်ပါတယ်။

စကားပြောအဆင်မပြေဖြစ်တာနဲ့ ကိုယ်အနိုင်ယူလိုမှုတခုတည်းနဲ့ အမက အပျိုကြီးဖြစ်တာ ဒါကြောင့်လို့ ပြောလိုက်တာ စတာ မဖြစ်နိုင်ပါဘူး..ယောင်္ကျားတွေရဲ့ နှိမိချင်တဲ့စိတ်အရင်းခံနဲ့ ပြောတာပါ။ နောက်မှ ဟိုက စိတ်ဆိုးမှ ကျနော်က စတာပါလို့ပြောနေကျမဟုတ်လား ဟားဟား
သေချာစဉ်းစားပါ။
လွတ်လပ်စွာတင်ပြ၏

mabaydar said...

ဟုတ်ပါရဲ့.. သူ့စိတ်နဲ့သူကိုယ် အပျိုကြီးလုပ်ပြီးနေတာပဲ.. အပျိုကြီးတွေကပဲ တစ်ခုခုမှားယွင်းနေလို့ အပျိုကြီးဖြစ်သလိုလိုပြောလိုက်တော့.. စိတ်ဆိုးမှာပေါ့..
လူတိုင်းက ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပါ..
အမှန်တရားပြောတာကိုလဲ ထောက်ခံပါ၏..
လူပျိုကြီးဖြစ်နေတဲ့သူတွေကိုရော.. တစ်ခုခုချို့တဲ့နေလို့လို့ပြောလို့ရလား..
အားလုံးက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါ..
ခုခေတ်မှာ မိန်းမတွေကလဲ ရှာရဖွေရတဲ့အလုပ်ကိုလုပ်နေရပါပြီ.. ၂ယောက်လုံးရှာရတာချင်းအတူတူ.. အိမ်ဦးနတ်မို့.. အိမ်ပြန်ရောက်ရင် ထမင်းချက်ပေးရ.. ကလေးလဲကိုယ်ပဲထိမ်းရ.. သူတို့ကတော့ ငေါက်လားငမ်လား.. ခပ်တုံးတုံးအိမ်ရှင်မဆိုရင်.. သူတို့က အပြင်မှာကတစ်ယောက်ထားသေးတယ်.. ဒီခေတ်ထဲမှာ သတိထားမိသလောက်.. အိမ်ထောင်တစ်ခုမှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ယောင်္ကျားတွေဖောက်ပြန်ဖူးကြတာပါပဲ..
မဖောက်ပြန်ရင်တောင်မှ ဖောက်ပြန်ဖို့ကြံစည်ဖူးကြတာပါပဲ..
အဲဒိလိုမျိုးတွေကြောင့်.. ကိုယ့်ဘာသာနေနိုင်တဲ့မိန်းမတွေက တစ်ယောက်ထဲနေဖို့ရွေးချယ်ကြတာ.. သူတို့ရွေးချယ်မှုနဲ့သူတို့ပါ..
မနိုင်တာနဲ့.. အနိုင်နဲ့ပိုင်းပြီး.. အပျိုကြီးတွေအားလုံးကို လှောင်ပြောင်လိုက်တာ မတရားပါဘူး..
ဒါဆို အိမ်ထောင်ကျနေတဲ့ မိန်းမတွေကမှ တော်သလား...
ကျမသာအဘွားကြီးဆိုရင်.. တစ်ခုခုနဲ့ ပေါက်လိုက်ပြီးမှ.. " ဒါဆို.. ဘာဖြစ်လဲဟာ.. နင်ပြောသလို အပျိုကြီးမို့လုပ်လိုက်တာ" ဆိုတဲ့ အကြောင်းပြချက်ပေးလိုက်မယ်... ဟီး..
ရန်တွေ့တာဟုတ်ဘူးနော်... ပိုစ့်က ဆွဲဆောင်မှုရှိတော့ ၀င်ဆွေးနွေးသွားတာ..

Ko Min Htet said...

ဟုတ်ပါ့ဗျာ၊ မဗေဒါပြောမှပဲ၊ ကျနော်လဲ လူပျိုကြီးဖြစ်ကြောင်းတွေလဲ ရှာကြံရေးရတော့မယ်၊ ဟီးဟီး။ မဗေဒါကို ကျေးဇူးတင်တယ်။