Saturday, November 1, 2008

ဆရာကောင်း


Experience is a good teacher, but she sends in terrific bills.

Minna Thomas Antrim

အတွေ့အကြုံဆိုတာ ဆရာကောင်းတစ်ဆူပဲ၊ ဒါပေမဲ့ အဖိုးကြီးကြီးတော့ ပေးရတတ်တယ်။
(မင်နာ ထောမတ်စ် အန်ထ်ရင်မ်)

ဂျုန်း ဂျုန်း---ဂျုန်း ဂျုန်း----
ကျနော်တို့မြန်မာပြည်က မီးရထားခုတ်မောင်းတဲ့ အသံလေ။ အင်္ဂလန်မှာတော့ မီးရထား သွားတဲ့သံက ငြိမ်ပြီးတော့နေတယ်။ ၀ီ--------ရွှီ----------ဆိုပြီးတော့ အသံထွက်တယ်။ တစ်ထပ်တည်းတော့လဲ မတူဘူးပေါ့ဗျား။ ဒါပေမဲ့ အဲဒီအသံနီးနီးထွက်တယ်။ အင်ဒိယက ရထားတွေလဲ ဒီလိုပဲ။ အသံငြိမ်တယ်။ မောင်းထဲအခါလဲ မရမ်းဘူး။ မခါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့သံလမ်းတွေက ပိုကျယ်တယ်။ ကျနော်တို့ဆီက သုံးပေဆိုရင် ဒီကတော့ လေးပေကျယ်တယ်။ တစ်ခုတော့ ရှိတာပေါ့ ကျနော်တို့မြန်မာပြည်က ရထားလောက် စီးလို့မကောင်းဘူး။ ကြံကြံဖန်ဖန်ပြောမယ်ဆိုရင် ပြောပါတယ်။

မြတ်မန္တလာထွန်းစတဲ့ မော်တော်ယာဉ်လိုင်းတွေ မပေါ်ခင်တုန်းက ကျနော် ရန်ကုန်သွားစရာရှိရင် မီးရထားပဲစီးတယ်။ အထက်တန်းတွဲလက်မှတ်ရဖို့လဲ စောစောစီးစီးအိပ်ရာထပြီး ဘူတာမှာ သွားတန်းစီရသေးတယ်။ အတော်မကောင်းတဲ့ စနစ်ဗျာ။ အခုလဲ ဒီလိုပဲ ထင်ပါရဲ့။ နောက်ပိုင်းတော့ ကားပဲစီးတော့တယ်။ လက်မှတ်အစောကြီးသွားတန်းရတဲ့ ဒုက္ခမခံရတော့ဘူးပေါ့။ တစ်ခုပြောရဦးမယ်။ ကျနော်မီးရထားစီးတိုင်းဖြစ်တဲ့ ခံစားချက်တစ်ခုရှိတယ်။ ရန်ကုန်က မန္တလေးကို စီးပြီးလိုက်လာရင် ရန်ကုန်ကို လွမ်းနေရတယ်။ မန္တလေးက ရန်ကုန်စီးရင်လဲ မန္တလေးကို ပြန်ပြီး လွမ်းနေရပြန်ရော့ဗျို့။

အခုတော့ ကျနော်တစ်ယောက်တည်း မန္တလေးကနေ ရန်ကုန်သွားတဲ့ ရထားရဲ့ အထက်တန်းတွဲ၊ ပြူတင်းပေါက်နဲ့ ကပ်ရက်ခုံမှာ ထိုင်ပြီးတော့ ကျန်ရစ်တဲ့ မန္တလေးကို ပြန်လွမ်းရင်း အပြင်ဘက်ငေးပြီးလိုက်ပါလာတယ်။ ကျနော်ဘေးမှာအသားဖြူဖြူ၊ ဥပဓိရုပ်ကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးတစ်ယောက်လဲ ပါလာတယ်။ သူလဲတစ်ယောက်တည်းပဲ။ အတော်ကြာကြာအထိ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ခဲ့ကြပါဘူး။ အတွေးကိုယ်စီနဲ့ စီးနင်းလိုက်ပါလာကြတယ်။ ည ကိုးနာရီကျော်လောက်ရောက်တော့ သူကစပြီး ကျနော့်ကို နှုတ်ဆက်တယ်။ သူက မိုးကုတ်ကပါ တဲ့။ ကျောက်ပွဲစားပါ တဲ့။ ညီလေးက မန္တလေးကပဲလား တဲ့။ ကျနော်လဲ ဘယ်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတာပေါ့။

သူပြောတဲ့အထဲမှာ မိုးကုတ်တို့၊ ကျောက်ပွဲစား တို့ ဆိုတဲ့စကားတွေကြောင့် ကျနော် အတော်ကြီးစိတ်ဝင်စားသွားတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကျောက်မျက်လောကကို သိပ်စိတ်ဝင်စားတဲ့ကောင်ကိုး။ စိတ်ဝင်စားလွန်းလို့ ကိုယ်တိုင် ဒီလောကထဲမှာ အခြေအနေအရ မကျင်လည်ရသေးပေမဲ့ ကျောက်စိမ်းနဲ့ ပတ္တမြား နှစ်မျိုးကိုတော့ အတော်လေ့လာထားတယ်။ ကျောက်နဲ့ပတ်သက်တဲ့ အထူးသဖြင့် အစိမ်းလောကကို ပိုစိတ်ဝင်စားတဲ့အတွက် အစိမ်းကြောင်းရေးထားတဲ့ စာအုပ်စာတမ်းတွေမှန်သမျှလောက်နီးပါး ရှာပြီးဖတ်ဖြစ်တယ်။

ကျနော့်သူငယ်ချင်းတွေထဲကလဲ တစ်ယောက်စ၊ နှစ်ယောက်စ ဒီလောကထဲရောက်နေကြတယ်။ ဒါပေမဲ့ မြေစမ်း ခရမ်းပျိုးအဆင့်မှာပဲ ရှိကြသေးတဲ့အတွက် သူတို့ဆီကတော့ ကျနော်လိုချင်တဲ့ အချက်အလက်တွေ သိပ်မရတတ်ဘူး။ ကျနော်နဲ့ အတူစီးလာတဲ့ အကိုကြီးက ကျနော်ထင်တယ်၊ ကျနော်ထက် အသက် နှစ်ဆယ့်ငါးနှစ်လောက်တော့ ကြီးလောက်တယ်။ သူက မိုးကုတ်ကဆိုတော့ အစိမ်းလောကသားမဟုတ်ဘူး။ အနီလောကသား။ အနီက အစိမ်းထက် ပိုတန်းဖိုးကြီးပေမဲ့ ကျနော်ကတော့ အစိမ်းကို ပိုသဘောကျတယ်။ စတာလင်ပေါင်ထက် အမေရိကန်ဒေါ်လာကို ပိုပြီးသဘောကျသလိုမျိုးပေါ့။

အဲဒီအကိုကြီးက ပြောပြတယ်။ အစကတော့ သူက တွင်းသားအနေနဲ့ အလုပ်လုပ်တယ်တဲ့။ အဲဒီဘ၀မှာ လူပေါင်းစုံနဲ့တွေ့ပြီး အဲဒီလူတွေဆီက ရလိုက်တဲ့အတွေ့အကြုံတွေကို အခြေခံပြီး ကြိုးစားလိုက်တာ အတော်ကြာတော့ တွင်းဆရာဖြစ်လာတယ်တဲ့။ အဲဒီတွင်းဆရာဘ၀မှာလဲ ကိုယ်ထက်လည်တဲ့လူနဲ့တွေ့ရင် ခံလိုက်ရတာပဲ တဲ့။ ဒါပေမဲ့ အဲဒီလို ခံလိုက်ရတာဟာလဲ ကျောက်လောကမှာ ဖြစ်နေကျ အတွေ့အကြုံတစ်မျိုးပဲတဲ့။ ကျောက်လောက မှာ ဆရာကြီးလုပ်နေတဲ့လူမှန်သမျှဟာ မခံရဖူးတဲ့ လူရယ်လို့ တစ်ယောက်မှ မရှိဘူးဆိုတာ သူပြောရဲပါတယ် တဲ့။ သူလဲ တွင်းဆရာဘ၀မှာ အတော်ကြာကြာလုပ်ပြီးမှ အခုလို တွင်းပိုင်အဆင့်ရောက်လာတာပါ တဲ့။ သူပိုင်တဲ့ ကျောက်တွင်းကိုပဲ သုံးတွင်းရှိဆိုပဲ။ သူပြောတာနော်။

ဟုတ်လောက်ပါတယ်။ သူ့ကြည့်ရတာ ရိုးရိုးသားသားပြောနေတာ သတိထားမိတယ်။ သူဆက်ပြောတာက ကျောက်လောကမှာ တွင်းသားဘ၀၊ တွင်းဆရာဘ၀၊ တွင်းပိုင်ဘ၀တွေနဲ့ အတွေ့အကြုံအမျိုးမျိုးယူပြီး ကျင်လည်နေတဲ့လူတောင် အနှပ်ခံနေရတုန်းပဲ။ တစ်ခါတုန်းက သူကျောက်တစ်လုံးကို အပိုင်ဆိုပြီးတော့ ၀ယ်လိုက်မိတာ အတုဖြစ်နေလို့ တစ်ရာလောက်လျှောသွားသတဲ့။ ဒါကြောင့်မို့ ဒီလောကမှာ ဆရာဆိုတာ တကယ်တော့ အတွေ့အကြုံပါပဲ။ အတွေ့အကြုံထက်ကောင်းတဲ့ ဆရာရယ်လို့ မရှိဘူး။ အတွေ့အကြုံများများယူတတ်သူဟာ သူများထက် ပိုသာတဲ့ လူတော်ဖြစ်နိုင်တယ် တဲ့။

ကျနော်လဲ သူ့စကားတွေကို သဘောကျလွန်းလို့ စာအုပ်ထဲရေးမှတ်ထားစရာမလိုလောက်အောင်ကိုပဲ ခေါင်းထဲစွဲသွားတယ်။ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ကျနော်တို့ မြန်မာစကားမှာ ရှေးလူကြီးတွေက စကားပုံတွေ အတော်များများထားခဲ့ကြတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်၊ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် စတဲ့စကားပုံတွေဟာ အတွေ့အကြုံဆိုတာ ဘယ်လောက်အရေးပါသလဲ ဆိုတာကို ပြောပြနေကြတာပါ။ ကျနော်တို့ မြတ်စွာဘုရားတောင်မှ သူဘုရားဖြစ်တာ အတွေ့အကြုံယူတတ်လို့ ဖြစ်သွားတာ လို့ပြောရင် ကျနော့်ကို ဘယ်ပညာရှိတွေက လာငြင်းကြမလဲမသိဘူး။

No comments: