Monday, November 24, 2008

အဆဲခံရလို့ ပေးတဲ့ဆု


"My town, where men vastly outnumber women, is a place for "ugly ducklings to flourish into beautiful swans".
(Mayor John Moloney)

“ကျွန်တော့်မြို့ကတော့ ယောက်ျားများပြီး မိန်းမရှားတဲ့အတွက် အကျီးတန်မလေးတွေကို အလှနတ်သမီးဖြစ်အောင် ဖန်ဆင်းပေးတဲ့နေရာပါပဲ”
(မြို့တော်ဝန် ဂျွန်မလိုနီ)

သြစ်ထရေးလိယနိုင်ငံ၊ ကွီးစ်လန်းဒ်မြို့ရဲ့ အနောက်မြောက်ဘက်မှာ Mount Isa လို့ခေါ်တဲ့ မိုင်းတွင်းမြို့ကလေးတစ်မြို့ရှိပါတယ်။ အဲဒီမြို့လေးဟာ လူဦးရေအင်မတန်နည်းပါးပါတယ်။ ၁၉၆၈ ခုနှစ်ကမှစပြီး လူဦးရေ ၁၈၀၀၀ လောက်နဲ့ မြို့ဖြစ်လာတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတောင် လူဦးရေဟာ သုံးသောင်းကျော်၊ လေးသောင်းအကြားမှာပဲရှိပါသေးတယ်။ မိုင်းတွင်းတူးရတဲ့အလုပ်ဆိုတာ အင်မတန်ကို ပင်ပန်းကြမ်းတမ်းလွန်းတဲ့အတွက် အမျိုးသားတွေလောက်သာ အများအားဖြင့် လုပ်ကြတာပါ။ ဒါကြောင့်လဲ Mount Isa ရဲ့လူဦးရေကို ကြည့်လိုက်ရင် အမျိုးသားအရေအတွက်က အမျိုးသမီးအရေအတွက်ထက် ငါးဆလောက်များနေပါတယ်။

အမျိုးသားအများစုဟာလဲ အလုပ်ကြမ်းလုပ်ရတဲ့ အားကောင်းမောင်းသန်လူရွယ်၊ လူလတ်ပိုင်းတွေ အများစုဖြစ်ဟန်တူပါတယ်။ နောက်ပြီး အမျိုးသမီးအရေအတွက်ကလဲ နည်းတဲ့အပြင် ရှိသမျှအမျိုးသမီးတွေဟာ အလုပ်ကြမ်းသမားအများစုရဲ့ မိသားစုဝင်တွေနဲ့ လမ်းဘေးဈေးသည်သာသာမျိုးတွေချည်းဆိုတော့ ရွက်ကြမ်းရေကျိုအနေအထားတွေချည်းနဲ့ တူပါတယ်။ ဒါကြောင့် ရှိသမျှအမျိုးသမီးတွေဟာ အိုနာကျိုးကန်းတွေတောင် အမျိုးသားတွေရဲ့မျက်စိထဲ လှနေကြမှာပါပဲ။ ဒါကြောင့်လဲ အခုလက်ရှိ အုပ်ချုပ်နေတဲ့ မြို့တော်ဝန် John Moloney က “Obese women could even lose weight under the gaze of Mount Isa males” “ဖက်တီးပုတ်မကြီးတွေတောင် ကျုပ်တို့ Mount Isa သားတွေရဲ့အကြည့်အောက်မှာ ၀ိတ်ကျသွားနိုင်တယ်” လို့ဆိုခဲ့တာပေါ့။

Mr. John Moloney က သူ့မြို့သူတွေနဲ့ ပတ်သက်ပြီးတော့ သူ့မြို့မှာ အရုပ်ဆိုးတဲ့အမျိုးသမီးအတော်များများကို တွေ့ရကြောင်း၊ သူတို့ဟာ Mount Isa မှာနေရတာကို ပျော်ရွှင်ပုံရကြောင်း၊ Mount Isa ဟာ သူတို့အတွက် အားတက်စရာဘုံနန်းတစ်ခုသဘွယ်ဖြစ်ကြောင်း၊ Mount Isa သူတွေဟာ အရုပ်ဆိုးကြပေမဲ့ အမျိုးသားတွေရဲ့ စိတ်ဝင်စားတာကို ခံရတဲ့အတွက် မကြာမီ တော်ကောက်ခံရလေ့ရှိကြောင်း ပြောခဲ့ပါသေးတယ်။

မြို့တော်ဝန် John Moloney ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က the New South Wales ပါလီမန်ထဲ နှစ်စဉ်အမျိုးသမီးတွေကသာရွေးချယ်ပြီးပေးတဲ့ Ernie Awards အာနီဆုတွေအနက် အမြင့်ဆုံးဖြစ်တဲ့ Golden Ernie ဆုကို လက်ခံရရှိခဲ့ပါတယ်။ အာနီဆုတွေ အမျိုးအစားများစွာရှိတဲ့အနက် မြို့တော်ဝန် John Moloney ကိုပေးတဲ့ဆုဟာ အမြင့်ဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အဲဒီ Mount Isa အပါအ၀င် အမျိုးသမီးထုကြီးတစ်ရပ်လုံးရဲ့ ဆဲဆိုရေရွတ်တာကို အများဆုံးခံလိုက်ရလို့ပါပဲ။ အဲဒီဆုကို ပေးရခြင်းရဲရည်ရွယ်ချက်တော့ လက်မခံနိုင်လောက်အောင် မိန်းမယောက်ျားလိမ်ခွဲခြားဆက်ဆံတဲ့ ယောက်ျားတွေကို အရှက်ရစေဖို့ ပေးတယ်လို့ဆိုပါတယ်။ ဒီအကြိမ်ဟာ (၁၆)ကြိမ်မြောက်ပေးတဲ့အကြိမ်ပါ။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Mr. John Moloney ဟာ သတင်းစာကနေအထက်ပါအတိုင်းပြောဆိုခဲ့ပါတယ်။ ပြီးတော့ အကျီးတန်တဲ့အမျိုးသမီးတွေ သူ့မြို့မှာ လာနေရင် ယောက်ျားရမှာ သေချာကြောင်းကိုလဲ ကြေညာခဲ့ပါသေးတယ်။ အဲဒီအပြောတွေကြောင့် Mount Isa ကမယ်မယ်တွေနဲ့ Assie သြစီက မမတွေက သူတို့ကိုစော်ကားပါတယ်ဆိုပြီး ဆဲဆိုရေရွတ်ခဲ့ကြပါတယ်။ ယောက်ျားမိန်းမခွဲခြားဆက်ဆံတယ်ဆိုပြီးတော့လဲ အစွပ်စွဲခံလိုက်ရပါတယ်။ အဲဒီဂုဏ်ပုဒ်တွေကြောင့် မြို့တော်ဝန် Mr. John Moloney ကို အာနီဆုချီးမြင့်ရေးအဖွဲ့ကြီးကနေ အမြင့်ဆုံးဖြစ်တဲ့ Golden Ernie ဆုကိုပေးအပ်ခဲ့ပါတယ် တဲ့။ အဲဒီဆုပေးပွဲမှာ Mr. John Moloney ဟာ ဒီလောက်အမျိုးသမီးတွေ သူ့ကို ရေရွတ်နေတဲ့ကြားထဲက “မကျေနပ်တဲ့သူတွေကတော့ သူတို့ကို အရုပ်ဆိုးတယ်ပြောလို့ ကျနော့်ကို အပြစ်တင်ကြလေရဲ့”ဆိုပြီး စောင်းခဲ့ပါသေးတယ်။
(http://uk.news.yahoo.com/22/20081121/tod-uk-australia-sexism-1a5e080.html) ကို အခြေခံရေးပါသည်။

No comments: