Friday, November 14, 2008

အာကာသစခန်းရေပြဿနာဖြေရှင်းချက်


"Today's drinking water was yesterday's waste."
ဒီနေ့သောက်တဲ့ ရေကတော့ မနေ့ကပေါက်တဲ့ သေးပါပဲဗျာ။

အဲဒါကတော့ အမေရိကန်နိုင်ငံရှိ NASA (National Aeronautics and Space Administration) နာဆာ လို့ခေါ်တဲ့ အမျိုးသားသိပ္ပံနှင့်အာကာသ အုပ်ချုပ်ရေးအဖွဲ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဦးဆောင်အင်ဂျင်နီယာကြီး မစ္စတာ ဘော့ဘ် ဘက်ဂ်ဒီဂျန် (Bob Bagdigian) ပြောလိုက်တဲ့ စကားပါ။

အာကာသထဲသွားတဲ့လူတွေ ကြုံရတတ်တဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်အနက် ရေဟာလဲ အတော်ကြီးမားတဲ့ပြဿနာတစ်ခုပါ။ လူတစ်ယောက်အသက်ရှင်နေနိုင်ရေးမှာ ရေဟာ အဓိကကျတဲ့အခန်းကပါဝင်နေတယ်ဆိုတာတော့ ပြောစရာမလိုပါဘူး။ ရေမရှိရင် ဘာမှလုပ်လို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့်လဲ ဒဿနိကဘေဒသမိုင်းမှာ အဦးဆုံးလို့မှတ်ယူထားခံရတဲ့ ဆရာကြီး ထိမ်းလ်စ် (Thales)က ပြောခဲ့တာနေမှာပေါ့။ Everything is made of water. အရာရာတိုင်းဟာ ရေကြောင့်ဖြစ်ပေါ်လာရတယ်၊ တဲ့။

အဲဒီတော့ ရေမရှိရင် ဘယ်ဖြစ်နိုင်မလဲ။ ရေဟာ အားလုံးရဲ့ အခရာပါပဲ။ ရေမရှိရင် ပြဿနာတက်ပြီ။ အဲဒီ ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ နာဆာအဖွဲ့က စတာလင်ပေါင် သန်းပေါင်း (၂၅၀) တန်တဲ့ (wastewater recycling gear )ဆီးသန့်စင်စက်တစ်မျိုးကို ဒီနေ့ (သောကြာ) မနက် ၁၂ နာရီ ၅၅ မိနစ်မှာ နာဆာအာကာသစန်းဆီ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ အဲဒီစက်ကို အာသာထဲမပို့ခင်မှာ အမျိုးမျိုးစမ်းသပ်ပြီးပါပြီ။ အာကာသထဲ အာကာသယဉ်မှူးတွေ စွန့်ထားတဲ့ဆီးတွေကို တစ်နေ့ခြောက်ဂါလံအထိ အဲဒီစက်က သန့်စင်ပေးမှာဖြစ်ပါတယ်။

စက်နဲ့ သန့်စင်လိုက်ပြီးတဲ့ ဆီးတွေမှာ အနည်းငယ် အငန်ဓာတ်ကလေးရှိနေတာကလွဲရင် ကျနော်တို့နေ့စဉ်သောက်နေကျ ရေအတိုင်းပါပဲတဲ့။ အဲဒီရေမှာ (Blind taste) တခြားဘာအရသာမှမရှိတော့ပါဘူးတဲ့။ မစ္စတာ ဘော့ဘ်ကတော့ သူ့ရေခဲ့သေတ္တာထဲမှာတောင် နဲနဲရှိနေတုန်း ဆိုပဲ။ သူက အခုလို ပြောပါတယ်။ ကျနော်တို့ သေသေချာချာ စမ်းသပ်ပြီးပါပြီ။ ဘယ်သူမှ ပြင်းပြင်ထန်ထန် မကန့်ကွက်ကြပါဘူး။ (Other than a faint taste of iodine) နဲနဲငန်သက်သက်လေးဖြစ်နေတာကလွဲရင် အခြား ပကတိရေအတိုင်ပဲ လတ်ဆတ်မှုရှိပါတယ် တဲ့။

ဒီဆီးသန့်စင်စက်ကို ပို့ရတာနဲ့ ပတ်သက်ပြီးတော့ အာကာသစခန်းပျံသန်းရေးဆိုင်ရာညွှန်ကြားရေးမှူး Ron Spencer ရွန် စပင်ဆာကလဲ အခုလို ရှင်းပြပါတယ်။
ကျနော်တို့ အာကာသယဉ်မှူးခြောက်ဦးစာအတွက် ရေတွေကို အာကာသထဲရောက်အောင် အမြဲတမ်း မပို့ပေးနိုင်ပါဘူး။ ဒီတော့ (Recycling is a must) သန့်စဉ်မှုဟာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါတယ်။

ဆီးကို သောက်သုံးတဲ့အလေ့ဟာ ကျမ္မာရေးကို အတော်ကောင်းစေတယ်လို့ ကျနော့်သူငယ်ချင်း တရုပ်လူမျိုးတစ်ယောက်က ပြောဖူးပါတယ်။ သူကိုယ်တိုင်လဲ သောက်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ခရီးဝေးလမ်းလျှောက်ရတဲ့အခါမျိုးတွေ၊ တောင်တက်ရတဲ့အခါမျိုးတွေမှာ ကိုယ့်ဆီးကိုသောက်ခြင်းအားဖြင့် သူများထက် နှစ်ဆ အမောခံနိုင်တယ် လို့ သူ့ကိုယ်တွေ့ကို သက်သေပြုပြီး ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် နှဖူးရေတွန့်ခြင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစားခြင်းတွေကိုလဲ ကာကွယ်ပေးတယ်လို့ ရှေးဟောင်းဆေးကျမ်းတွေက ဆိုကြောင်း မှတ်သားဖူးပါတယ်။
(http://uk.news.yahoo.com/22/20081114/tsc-uk-space-shuttle-a337f0f.html) ရိုက်တာသတင်းကို ကိုးကားဖေါ်ပြပါသည်။

No comments: