Thursday, November 27, 2008

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။


ငယ်ငယ်တုန်းက စာသင်ကျောင်းမှာကျက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ရဲ့ အောက်ဆုံးအပိုဒ်လေးပါ။ အားလုံးရကြပြီးသာပါပဲ။ ဒါပေမဲ့ ကျနော့်ဘလော့မှာ စာလုံးအရေအတွက် များလိုများငြား ပြန်ရေးထည့်လိုက်ပါဦးမယ်။

ဇွန်ပန်းရုံအနီး၊
နွံထဲ၌လှည်းဘီး ကျွံနေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ဒီကဗျာလေးဟာ ညီညွတ်ခြင်းရဲ့ ခွန်အားကြီးမားပုံကို သရုပ်ဖေါ်ပေးပါတယ်။ ညီညွတ်ခြင်းဟာ အလွန်အရေးကြီးတယ် ဆိုတာ ကျနော်တို့ အားလုံးနားလည်ကြပြီးသားပါ။ ဒါပေမဲ့ နားလည်ရုံသက်သက်နဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့အရေး တစ်ယောက်လက် တစ်ယောက်တွဲရမည့်အချိန်မျိုးမှာ သူတစ်လူငါတစ်မင်းလုပ်ပြီး တစ်ယောက်တစ်စင်ထောင်နေရင်တော့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ဟာ ဝေးသထက်ဝေးနေဦးမှာပါပဲ။

ကျနော်တို့ ဗမာလူမျိုးတွေဟာ စေတနာသဒ္ဓါတရားထက်သန်အားကြီးကြတဲ့အတွက် ဘာသာရေးနဲ့ပတ်သက်လာရင်ဖြစ်စေ၊ လူမှုရေးနဲ့ ပတ်သက်လာရင်ဖြစ်စေ၊ လှူဖို့တန်းဖို့ ပေးဖို့ကမ်းဖို့ ဘယ်သောအခါမှ လက်မနှေးတတ်ကြပါဘူး။ သို့သော်သို့သော်---နိုင်ငံရေးလောကမှာတော့ရော-----။ နှစ်ယောက်ရှိရင် နှစ်အုပ်စုဖြစ်နေတတ်တဲ့အကျင့်ဟာ ကျနော့်အထင်ပြောရရင်တော့ ကုလို့မရတဲ့ ရောဂါတစ်ခုဖြစ်နေပုံရပါတယ်။

ကျနော်ဘယ်သူ့ဘယ်သူကိုမှလဲ ထိခိုက်စောင်းချိတ်ပြီးပြောနေတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့အရေးဟာ ကိုယ့်အရေးဖြစ်တယ်ဆိုတာကိုတော့ ကျနော်နားလည်ထားပါတယ်။ ကျနော်တို့ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်ပြီး တွေ့နေရ၊ မြင်နေရ၊ ကြားနေရတဲ့ သတင်းမှန်သမျှ၊ အတင်းမှန်သမျှဟာလဲ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ကျနော်ကတော့ စိတ်ချမ်းသာချင်တာ တစ်ခုပါ။ တိုင်းပြည်ကောင်းစားတာကို မြင်ချင်တာ သက်သက်ပါ။

အဲဒီအတွက် ကျနော်တို့ ညီညွတ်ဖို့သိပ်လိုပါတယ်။ အခုလိုနိုင်ငံရဲ့ အပြင်ပရောက်နေရတဲ့အချိန်မှာ နိုင်ငံရေးလောကသားတွေရဲ့ ကွဲသတင်း၊ ပြဲသတင်းတွေဟာ နေ့စဉ်လိုလိုကြားသိနေရပါတယ်။ ကျနော်ပြောရဲပါတယ်။ ဒီပုံစံနဲ့တော့ ဘယ်တော့မှ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်ပါဘူး လို့။ အဆိုးဆုံးကတော့ ကိုယ့်လောကသားအချင်းချင်း ဖေးမကူညီမည့်အစား မလိုရင်မလိုသလို တွန်းတိုက် ထိုးနှက်နေကြတာပါပဲ။

တကယ်တော့ ကျနော်တို့တတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်ရေးသို့ ရှေးရှုနေကြတာချည်းပါပဲ။ ဒါပေမဲ့ လွတ်မြောက်မည့်အစား ကြပ်သထက်ကြပ်ကြပ်ပြီးပဲ လာပါတယ်။ ဒီလိုဖြစ်ရတာဟာ မညီညွတ်တဲ့ တော်လှန်ရေးရဲ့ ရလာဒ်တွေပါပဲ။ တောမီးလောင်၊ တောကြောင်လက်ကမောင်းခတ် ဆိုသလို အခုလိုတော်လှန်ရေးအင်အားစုအချင်းချင်း မီးလောင်နေကြရင် တစ်ဘက်ရန်သူက ပြုံးပြုံးကြီးလုပ်ပြီး လက်ကမောင်းခတ်နေမှာ သေချာပါတယ်။

ကျနော်မြင်နေရ တွေ့နေရတဲ့ နိုင်ငံရေးအင်းအားစုတွေထဲမှာ တကယ့်နိုင်ငံရေးစိတ်ဓာတ်နဲ့ လှုပ်ရှားနေတဲ့သူတွေကို အနည်းအကျဉ်းပဲ တွေ့ရပါတယ်။ အများစုဟာ ပွဲလန့်တုန်းဖျာခင်းလုပ်ပြီး ကိုယ့်ကောင်းစားရေးအတွက် ကြိုးပန်းနေကြတာ များပါတယ်။ နိုင်ငံအတွင်း ရုတ်ရုတ်သဲသဲ သတင်းဖြစ်ရင် သက်ဆိုင်ရာ မြန်မာသံရုံးရှေ့သွား ဆန္ဒပြအော်ဟစ်ပြီး ဓာတ်ပုံအရိုက်ခံ၊ ပြီးရင် သက်ဆိုင်ရာနိုင်ငံရဲ့အစိုးရဆီမှာ ခုံလှုံခွင့်တောင်း၊ ရတဲ့အခါ အဲဒီလူတွေဟာ တိုင်းပြည်ထဲ ဘာဖြစ်နေ၊ ဖြစ်နေ။ သူတို့နဲ့ မသက်ဆိုင်တော့သလို လုပ်နေကြတော့တာပါပဲ။ အားလုံးကို မဆိုလိုပေမဲ့ ကျနော်မြင်နေရ သိနေရတဲ့လူတွေကို ရည်ညွှန်းပါတယ်။ ဒီလိုပြောတာကို သက်ဆိုင်ရာပုဂ္ဂိုလ်များက မကျေနပ်လို့ ဆဲလာရင်တော့ အားရပါးရကြိုဆိုလက်ခံပါတယ်ခင်ဗျား။

ဒါတင်မကသေးပါဘူး။ တကယ်တော့နိုင်ငံခြားရောက်နေကြတဲ့ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေဟာ အားလုံးနိုင်ငံရေးသမားချည်းလဲ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရောက်လာကြပါတယ်။ ဥပမာ ကျနော်ဆိုရင် ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီနေ့ ကျောင်းပြီးရင် မနက်ဖန် ကိုယ့်တိုင်းပြည်ပြန်မှာပါပဲ။ ကျနော့်လို အခြားကျောင်းသူကျောင်းသားတွေလဲ အများကြီးရှိပါတယ်။ အဲဒီကျောင်းသူကျောင်းသားတွေဟာလဲ နိုင်ငံရေးလုပ်စားသူတွေအကြားမှာ နေရတာ မသက်သာလှပါဘူး။ သူတို့ဆန္ဒပြစရာရှိလို သံရုံးရှေ့သွားပြီး အော်ကြဟစ်ကြတော့မည့်အခါမျိုးဆို လိုက်လံစည်းရုံးလှုံ့ဆော်တတ်ပါတယ်။

လိုက်တဲ့လူတွေရှိသလို ကိုယ့်ရည်ချက်နဲ့ကိုယ် မလိုက်တဲ့လူတွေလဲ ရှိပါတယ်။ အဲလိုအခါမျိုးမှာ မလိုက်တဲ့လူတွေအပေါ်နားလည်မပေးနိုင်ကြပဲ တောင်ပြောမြောက်ပြောကြတာဟာ အတော်မခံချင်စရာပါ။ တကယ်တော့ စည်းရုံးရေးလုပ်တယ်ဆိုတာ နဂိုကတည်းကိုက အစည်းအရုံးခံချင်နေတဲ့လူတွေကို စည်းရုံးနိုင်တာထက် သူ့လူကိုယ့်ဖက်သားဖြစ်အောင် စည်းရုံးနိုင်မှသာ မိမိတို့အင်းအားဟာ ကြီးထွားလာမှာဖြစ်ပါတယ်။ မိမိတို့ဘက် မပါရုံနဲ့ ထင်ရာလျှောက်ပြောနေရင်တော့ ဘယ်တော့မှ တစ်ဘက်သားကို ကိုယ့်လူဖြစ်အောင် လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ တစ်ဘက်လူကို ကိုယ့်လူဖြစ်အောင်တောင် မစည်းရုံးနိုင်တဲ့လူဟာ တကယ်ကြီးကျယ်တဲ့ တိုင်းပြည်ကောင်းစားရေးကို ဘယ်နည်းနဲ့ လုပ်နိုင်မလဲ။ ကျနော်မေးချင်ပါတယ်။

ကျနော်ပြောချင်တာက သဘောထားကြီးကြဖို့ပါ။ သဘောထားကွဲလွဲမှုအပေါ်မှာ သဘောထားကြီးနိုင်ဖို့အရေးကြီးတယ် လို့ကျနော်မြင်ပါတယ်။ လူတစ်ယောက်စီရဲ့အခွင့်အရေး၊ ခံယူချက်အရ ကွဲလွဲခွင့်ရှိပါတယ်။ ကိုယ်နဲ့သဘောထားမတူရင်လဲ လိုက်လျှောညီထွေဆက်ဆံပြီး စည်းရုံးနိုင်ရပါ့မယ်။ ဒါမှ ကိုယ်လိုချင်တဲ့ အင်းအားကို ရမှာဖြစ်ပါတယ်။ အဲလိုအင်အားမျိုးကိုရမှသာ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီချီတက်နိုင်ကြမှာပါ။

ကျနော်တို့ရှေ့မှာ ကာဆီးနေတဲ့ အကာအရံကြီးဟာ အလွန်အင်အားကြီးမားလှပါတယ်။ မင်းတစ်ယောက်တည်းနဲ့လဲမတွန်းနိုင်ပါဘူး၊ ငါတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး၊ သူတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး။ “မင်းသူငါ၊ ညီညာစုံမှ၊ အလုံးစုံ အကုန်ပြီး၊ ဖွဲ့ကြစုစည်း” ဆိုသလို သဘောထားကွဲလွဲမှုတွေကို လျှစ်လျှူရှုပြီး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတွန်းမှသာ အဲဒီအားကြီးလှပါတယ် ဆိုတဲ့ အတားအဆီးကြီးဟာ ရွေ့လျားသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ညီညွတ်ကြပါစို့။ ညီညီညွတ်ညွတ်နဲ့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

No comments: