Thursday, April 16, 2009

ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ခြင်း


Talking much about oneself can also be a means to conceal oneself.

Friedrich Nietzsche (1844-1900)

ကိုယ့်အကြောင်း ကိုယ်များများပြောခြင်းဟာ ကိုယ့်ကိုယ်ကို ဖုံးကွယ်တဲ့ပရိယာယ်တစ်မျိုးလဲ ဖြစ်နိုင်တယ်။

(ဖရက်ဒရစ် နီရှေး)


Achilles Heel (အခီလီးစ်ဟီးလ်) လို့ခေါ်တဲ့ အားနည်းချက်တွေဟာ ကျနော်တို့ လူသားတွေရဲ့သန္တာန်မှာ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ရှိနေတတ်ပါတယ်။ အားနည်းချက်နဲ့ လုံးဝရှင်းရှင်းလွတ်ကင်းတဲ့လူဆိုတာ မရှိသလောက်ရှားပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြစ်ချက် တစ်စုံတစ်ရာမရှိဘူးဆိုတဲ့ လူမျိုးမှာတောင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကတော့ ရှိနေမြဲပါပဲ။ အဲဒါဘာကြောင့်ဖြစ်ရသလဲ၊ အကြောင်းကရှင်းပါတယ်။ ကျနော်တို့လူသားတွေအပါအ၀င် သတ္တ၀ါတိုင်းရဲ့ကိုယ်တွင်းမှာ ကိန်းတည်နေတဲ့ Temperament သို့မဟုတ် Disposition လို့ခေါ်တဲ့ စရိုက်တရားတွေ သောင်းကြမ်းကြလို့ပါပဲ။

စိတ်ပိုင်းဆိုင်ရာစရိုက်တရားတွေဖြစ်တဲ့ တပ်မက်မှု (လောဘ)၊ စိတ်ဆိုးမှု (ဒေါသ)၊ တွေဝေမှု (မောဟ)၊ ယုံကြည်မှု (သဒ္ဓါ)၊ တွေးတောမှု (၀ိတက္က) နဲ့ စူးစမ်းမှု (ဗုဒ္ဓိ) ဆိုတဲ့ သဘောတရားတွေဟာ ကျနော်တို့လူသားတိုင်းနဲ့ အခြားအခြားသော မြင်အပ်/မမြင်အပ်သတ္တ၀ါတိုင်းမှာ အနည်းအများဆိုသလို သံသရာအဆက်ဆက်ရှိနေခဲ့ပါတယ်။ သာမန်ပုထုဇဉ်လူသားတွေရဲ့ ကိုယ်တွင်းမှာ အဲဒီတရားတွေအနက် တရားတစ်ခုခုဟာ အာရုံအလိုက်လွန်ကဲနေတတ်ပါတယ်။ တစ်ခါတလေ အပြင်ပက ဘာအာရုံမှမရတဲ့အခါမျိုးတွေမှာတောင် ယခင်ယူဖူး၊ ရဖူးတဲ့ အာရုံတစ်ခုခုကို မြင်ယောင်ကြားယောင်လာပြီး တပ်မက်မှုစတဲ့ သဘောတရားတစ်မျိုးမျိုးဟာ ထကြွသောင်းကြမ်းလွန်ကဲလာတတ်ပါတယ်။

ဒီအထိ လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်လို့ မျက်မြင်အားဖြင့် မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီတရားတွေထဲက တရားတစ်မျိုးမျိုးဟာ သီးခြားအနေနဲ့ လူတစ်ယောက်ရဲ့စိတ်ထဲမှာ အမြဲ သောင်းကြမ်းတည်ရှိနေတယ်ဆိုရင်တော့ အဲဒီလူကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူရယ်-လို့ ဆိုနိုင်ပါပြီ။ ဥပမာ=ကျနော်တို့ဟာ လူတစ်ယောက်ကို “ဒီကောင် တော်တော်လောဘကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော် ဒေါသကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော့်ကို နမူးနထူးနိုင်တဲ့ကောင်ပဲ” စသဖြင့် ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူရဲ့သန္တာန်မှာ စရိုက်တရားတွေရဲ့ သီးခြားဖြစ်တည်မှုကို မြင်ယောင်လာတတ်ပါတယ်။

လူနှစ်ယောက်၊ သို့မဟုတ် လူသုံးယောက်တို့ဟာ လောဘဖြစ်စရာအာရုံကို ရတာချင်း တူပေမဲ့ တစ်ယောက်သောသူက သူများထက်ပိုပြီးတော့ ထိန်းမနိုင်သိမ်းမရ လောဘဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အဲဒီလူကို လောဘကြီးသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ အဲဒီလူဆီမှာရှိတဲ့ သူများထက်အားကြီးတဲ့လောဘဟာ အဲဒီလူရဲ့ အားနည်းချက်ပါပဲ။ ဒေါသ၊ မောဟစတဲ့ သဘောတရားတို့ရဲ့ ဖြစ်တည်မှုကိုလဲ ထိုနည်းတူ နားလည်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဆိုတာ ဒီလိုစရိုက်တွေရဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ပေါ်နေမှုကို ဆိုလိုပါတယ်။

သို့သော်လဲ ကျနော်တို့လူသားတွေမှာ ဒီစရိုက်တွေအပြင် အခြားအခြားသော သဘာဝတရားတွေလဲ ရှိနေပါသေးတယ်။ ဉာဏ် သို့ဟုတ် ပညာဆိုတာလဲ စရိုက်တွေထဲက ဗုဒ္ဓိဆိုတဲ့ သဘောတရားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ လုပ်ဆောင်ပုံ (Function) အနည်းငယ်ကွဲပြားတဲ့အတွက် ပညာကိုပဲ ဗုဒ္ဓိဆိုတဲ့အမည်နဲ့ စရိုက်ထဲထည့်ထားတာပါ။ အဲဒီပညာက ကျနော်တို့လူသားတွေကို အခြားအခြားသော တိရစ္ဆာန်တွေနဲ့ ကွဲပြားခြားနားအောင် ဖန်တီးပေးထားပါတယ်။ ပညာရဲ့သတ္တိကြောင့် လူသားတွေဟာ ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိကြပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အားနည်းချက်ကိုလဲ သိလာကြရပါတယ်။ ကိုယ့်မှာဘာအားနည်းချက်ရှိသလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ဖာသာမေးရင်း ကိုယ့်ဖာသာဖြေနိုင်ကြပါတယ်။

အားနည်းချက်ကို သိလာရတဲ့အခါမှာ လူအတော်များများဟာ ဖုံးကွယ်ဖို့ ကြိုးပန်းကြတတ်ပါတယ်။ ဒါလဲ လူသားတွေရဲ့ သဘာဝတရားတစ်မျိုးပါပဲ။ ဒီသဘောသဘာဝကို မာယာ (မိမိအပြစ်ကို ဖုံးကွယ်ခြင်း)နဲ့ သာဌေယျ (ဟိတ်ဟန်ထုတ်ခြင်း) လို့ ခေါ်ပါတယ်။ မာယာ၊ သာဌေယျဆိုတဲ့ တရားတွေဟာ ကာယုဇုကတာ (စေတသိက်တို့၏ရိုးသားမှု)၊ နဲ့ စိတ္တုဇုကတာ(စိတ်၏ရိုးသားမှု) ဆိုတဲ့ တရားတွေနဲ့ ဖြောက်ဖြောက်ကြီး ဆန့်ကျင်ကြတဲ့အတွက် အားနည်းချက်ကို ဖုံးဖိဖို့ရာ မာယာ၊ သာဌေယျတွေကို သုံးလိုက်တာနဲ့ အဲဒီလူဆီက ရိုးသားမှုဆိုတဲ့ အလွန်လေးစားမြတ်နိုးအပ်တဲ့ ဂုဏ်ပုဒ်ဟာ ချက်ချင်းထွက်ပြေးပျောက်ကွယ်သွားတတ်ပါတယ်။

အားနည်းချက်ကို ဖုံးကွယ်ဖို့အရေး နည်းလမ်းအမျိုးမျိုးသုံးလာရပါတော့တယ်။ အဲဒီထဲမှာ ဂျာမန်ဒဿနဆရာကြီးနီရှေးပြောတဲ့ ကိုယ့်အကြောင်းကို များများပြောဆိုခြင်းဟာလဲ တစ်ခုအပါအ၀င်ပါပဲ။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးကွယ်နေစရာမလိုပါဘူး။ နားလည်မှုရှိတဲ့လူသားတွေဟာ ကိုယ်ကိုယ်တိုင်လဲ အားနည်းချက်တစ်မျိုးမျိုးနဲ့ မကင်းနိုင်တဲ့အတွက် တစ်ဘက်လူရဲ့ အားနည်းချက်ကို တွေ့တဲ့အခါ ခွင့်လွှတ်နိုင်ကြပါတယ်။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးဖိဖို့ကြိုးစားလေလေ ပေါ်လွင်လာလေလေပါပဲ

ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ပတ်သက်ပြီးပြောရရင်တော့ ကျနော်တို့မြန်မာစကားပုံထဲက “ကန်းဆော့၊ ကျိုးမော့”ဆိုတဲ့ စကားကို ယူပြီးပြောရပါလိမ့်မယ်။ မျက်လုံးကန်းနေတဲ့လူဟာ မျက်လုံးကန်းခြင်းဆိုတဲ့ သူ့ရဲ့အားနည်းချက်ကို ဖုံးဖိချင်တဲ့အခါ ငြိမ်ငြိမ်မနေပဲ မျက်လုံးကောင်းတဲ့လူတွေလို လုပ်နိုင်ပါတယ်ဆိုတာကို သိစေချင်တဲ့အတွက် ဟိုဟိုဒီဒီလှုပ်ရှားမှုတွေလုပ်နေတတ်ပြီး ခြေထောက်ကျိုးနေတဲ့လူဟာလဲ သူများနည်းတူ သွားလာနိုင်တယ်ဆိုတာကို ပြချင်တဲ့အတွက် ရောက်တတ်ရာရာသွားလာနေတတ်ပါတယ်။ နားပင်းနေတဲ့လူတွေဆို ပိုပြီးရယ်စရာကောင်းပါသေးတယ်။ သူတို့နားပင်းတာကို ဖုံးဖိချင်တဲ့အတွက် သူများပြောနေတဲ့စကားဝိုင်းထဲ ၀င်လာပြီး သူများရယ်တိုင်းလိုက်ရယ်၊ ပြီးတော့ သူများပြောနေတဲ့စကားနဲ့ အဆက်အစပ်မရှိ၊ အဆီအငေါ်မတည့်တဲ့ စကားတွေကို ပြောမိတတ်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ့်အားနည်းချက်ကို ဖုံးဖိဖို့ကြိုးပန်းတဲ့လုပ်ရပ်တွေချည်းပါပဲ။

ကျနော်အထက်မှာ ပြောခဲ့သလို လူတိုင်းမှာ အနည်းအများဆိုသလို အားနည်းချက်ကိုယ်စီ ရှိနေကြတဲ့အတွက် မာယာ၊ သာဌေယျဆိုတဲ့ တရားဆိုးတွေကို သုံးပြီး မိမိအားနည်းချက်ကို ဖုံးကွယ်ဖို့ကြိုးပန်းရင်း ကိုယ့်ကိုယ်ကို လူဘောင်အလယ်မှာ အရှက်ကွဲအောင် လွဲလွဲမှားမှား မပြုမူမိစေဖို့ အရေးကြီးပါတယ်။ ဘယ်လိုအားနည်းချက်မျိုးပဲ ရှိနေရှိနေ ရိုးရိုးသားသား ကျင့်သုံးနေထိုင်တတ်ရင် ကိုယ်ကိုယ်တိုင်လဲ လွတ်လပ်မှုရှိပြီး စိတ်ချမ်းသာစွာနေနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကလဲ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်ပြီး လိုအပ်တဲ့အခါ အကူအညီများစွာပေးနိုင်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ရိုးသားနိုင်ကြပါစေ---။


2 comments:

Anonymous said...

That's right. The important thing is to be honest.

Anonymous said...

That's right. The important thing is to be honest.