Thursday, April 9, 2009

မောင်းမကန်သွား တောလား (၁)


ကျနော် မြန်မာပြည်က ပြန်ရောက်ပြီးကတည်းက ကျနော်မွေးဖွါးရာဇာတိဖြစ်တဲ့ ကျနော့်ရွာအကြောင်းကို ရေးဖို့စဉ်းစားနေတာနဲ့ တစ်ပတ်လောက်ကြာသွားတယ်။ မရေးဖြစ်ဘူး။ မရေးဖြစ်တာက ဘယ်ကစရေးမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှာမရ ဖြစ်နေလို့ပါ။ အခု အဖြေရပြီလားဆိုတော့ အခုလဲမရသေးဘူး။ ဒါပေမဲ့ စချင်တဲ့နေရာက စ၊ ကျနော်ရေးမှဖြစ်တော့မယ်။ ကျနော့်ရွာအကြောင်းလေ။ မောင်းမကန်ဆိုတဲ့ ကျနော်မွေးဖွါးခဲ့တဲ့ ရွာကြီးတစ်ရွာအကြောင်းပေါ့။ ရာဇ၀င်တွေ ဘာတွေကိုတော့ မရေးပါဘူး။ ကျနော့်ခေါင်းထဲ ရှိတာလေးတွေလောက်ပဲ ရေးဖြစ်မှာပါ။ ကြွားကြွားလေး ရေးမလို့။

မောင်းမကန်ဆိုတာ တနင်္သာရီကမ်းရိုးတမ်းအပေါ်မှာတည်ရှိတဲ့ အိမ်ခြေတစ်ထောင်ကျော်ကျော်ရှိ ရွာကြီးတစ်ရွာပေါ့။ ရွာဖြစ်ပေမဲ့ ကျနော်တို့ရွာကို လူအသိများကြပါတယ်။ အနည်းဆုံးတော့ နာမည်လောက်တော့ ကြားဖူးကြတာများပါတယ်။ အကြောင်းကတော့ ကျနော်တို့ရွာမှာရှိတဲ့ ထူးခြားချက်ကြီး နှစ်ခုကြောင့်လို့ ယူဆရပါတယ်။ တစ်က ရေပူတွင်းရှိတယ်။ နှစ်က ပင်လယ်ကမ်းလှလှရှိတယ်။ တနင်္သာရီတိုင်းရဲ့ တိုင်းမြို့တော်ဖြစ်တဲ့ ထားဝယ်မြို့ကနေ ဆယ်မိုင်အကွာမှာ တည်ရှိပါတယ်။ ထားဝယ်မြို့ကနေ မောင်းမကန်ကို ကားတွေ၊ လိုင်းကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားလာကြပါတယ်။

ထားဝယ်ဆိုတာ တနင်္သာရီတိုင်းထဲက မြို့နယ်လေးခုကို ပေါင်းစည်းထားတဲ့ ခရိုင်မြို့ကြီးတစ်ခုဖြစ်ပါတယ်။ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ရေဖြူမြို့နဲ့ လောင်းလုံးမြို့တွေဖြစ်ပါတယ်။ ကျနော်တို့ မောင်းမကန်ကတော့ လောင်းလုံးမြို့နယ်အုပ်စုဝင် ရွာတစ်ရွာပါ။ ရန်ကုန်၊ မန္တလေးကလူအတော်များများကတော့ ထားဝယ်လို့ပြောမှ သိကြလို့ မင်းဘယ်ကလဲ မေးရင် ထားဝယ်ကလို့ပဲ အဖြေပေးရတယ်။ လောင်းလုံးကလို့ဖြေရင် ဇာတ်လမ်းက ရှုပ်ကုန်ရော့။ ဒါကြောင့် ကျနော်တို့လို ငါးပိသံ စပ်စပ်နဲ့ စကားဝဲတဲ ၀ဲတဲပြောတဲ့ လူတွေကို ထားဝယ်သားတွေလို့ပဲ အများစုနားလည်ထားကြတယ်။ များရာလိုက်ပြီးပြောရရိုး ထုံးစံ ရှိသမို့လား။

ထားဝယ်မြို့ကနေ မောင်းမကန်သွားရာလမ်းမှာ လောင်းလုံးမြို့နယ်ထဲပါတဲ့ ကမျောကင်းရွာနဲ့ တောရှည်ရွာဆိုတဲ့ ရွာလေးနှစ်ရွာကို ဖြတ်သွားရတယ်။ ဆောင်း၊ နွေ၊ မိုး သုံးရာသီ စုံညီပေမဲ့ အထူးမိုးများတဲ့ ဒေသတစ်ခုပါ။ ဒါကြောင့် ကျနော်တို့ဆီမှာ သစ်ပင်၊ ပန်းမာလ်တွေဟာ ဆယ်နှစ်ရာသီ စိမ်းလန်းစိုပြေနေတတ်ပါတယ်။ ရာသီဥတုကောင်းမွန်တဲ့အတွက် ထားဝယ်သူ၊ ထားဝယ်သားတွေဆိုတာလဲ နတ်ပြည်က နတ်သား နတ်သမီးတွေကတောင် မနာလိုချင်စရာဖြစ်လောက်အောင် ချောမောလှပကြပါပေရဲ့။

ကျနော်တို့ဆီမှာ သစ်ပင်စုံရှိတယ်။ မင်းဂွတ်၊ ဒူးရင်း၊ ကျွဲကော၊ ကနစိုး၊ တောကြက်မောက်၊ အိမ်ကြက်မောက်၊ အိမ်ပိန္နဲ၊ တောင်ပိန္နဲ၊ စွံပဒတ်၊ ငှက်ပျောမျိုးစုံ၊ သရက်မျိုးစုံ၊ သီဟိုဠ်သရက်၊ အုန်းပင်၊ ကွမ်းပင်၊ ကွမ်းရွက်ပင် စသည်စသည် အများကြီးပါပဲ။ သီဟိုဠ်သရက်ကတော့ အလေ့ကျပေါက်ပင်တစ်မျိုးလိုတောင်ဖြစ်နေလို့ သူ့ရာသီရောက်ရင် မောင်းမကန်ကမ်းခြေဆင်းပြီး လူတိုင်းစီးပွါးဖြစ် ဆွတ်ခူးနိုင်လောက်အောင်ကို ပေါတာ။ နောက်ပြီး ရော်ဘာပင်တွေကိုလဲ စီးပွါးဖြစ်စိုက်ကြတယ်။ ကမျောကင်းအလွန် တောရှည်ဆိုတဲ့ ရွာကစပြီး ကျနော့်တို့ရွာရောက်တဲ့အထိ တောတမ်းကြီးတစ်ခုလုံးဟာ ရော်ဘာပင်တွေနဲ့ချည်း ပြည့်နေတာပါပဲ။

မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းကလူတွေ ကြားသာကြားဖူးပြီး များသောအားဖြင့် မမြင်ဖူးကြတဲ့ အပင်တစ်မျိုးကတော့ စွံပဒတ်ပင်ပါပဲ။ အဲဒီအပင်ဟာ ပိန္နဲပင်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ သေချာချာကြည့်ရင်တော့ များစွာကွာခြားမှုရှိနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ပိန္နဲရွက်က ပါးတယ်။ ပြောင်ချောချောဖြစ်တယ်။ ရွက်ဆိုက်သေးတယ်။ ရွက်စိပ်တယ်။ စွံပဒတ်ရွက်ကတော့ အမွှေးအမျှင်ပါတယ်။ ရွက်ကြမ်းတယ်။ အရွယ်အစားကြီးတယ်။ ခပ်ကျဲကျဲပေါက်တယ်။ ဒါက ရွက်အချင်းချင်း မတူညီမှုတွေပေါ့။

အသီးချင်း ယှဉ်ရင်တော့ ထူးခြားမှုပိုရှိတာတွေ့ရမယ်။ အထူးသဖြင့် စွံပဒတ်သီးအမှည့်တစ်လုံးရဲ့ အနံ့ဟာ အနီးအနားပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းသွားစေနိုင်လောက်အောင်ကို မွှေးပါတယ်။ ဒါကြောင့် စွံပဒတ်သီးမှည့်တဲ့ရာသီရောက်ရင် အဲဒီအပင်ရှိတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်တော့ အသီးမကုန်မချင်း မွှေးနေတော့တာပါပဲ။ ဒါက အနံ့ရဲ့ ထူးခြားချက်ပေါ့။ အတွင်းသားပိုင်းကျတော့ အများကြီးကွာခြားပါတယ်။ ပိန္နဲသီးရဲ့အမွှာလေးတွေဟာ အူအပျော့ဖြစ်ဖြစ်၊ အူအမာဖြစ်ဖြစ် အလယ်ခေါင်က အူတိုင်မှာ ကပ်မနေပဲ အကာမှာပဲ ကပ်နေတတ်ကြပါတယ်။ အထူးသဖြင့် အူအပျော့ပိန္နဲသီးနဲ့ ပြောင်းပြန်ပါပဲ။

အူအပျော့ပိန္နဲသီးကို ဓားပါးပါးနဲ့ အသာခွဲပြီးရင် အလယ်က အူတိုင်ကို ဆွဲထုတ်လိုက်တာနဲ့ အမွှာအားလုံးဟာ တစ်ခုမကျန် အကာမှာချည်း ကပ်ပြီး ကျန်ရစ်ပါတယ်။ စွံပဒတ်သီးကတော့ ဒီလိုမဟုတ်ပါဘူး။ ခွဲပြီး အူတိုင်ကို ဆွဲထုတ်လိုက်တာနဲ့ အမွှာအားလုံးဟာ အဲဒီအူတိုင်မှာ စပျစ်သီးလို တွဲခိုပြီးပါလာပါတော့တယ်။ ဒါကတော့ ပိန္နဲသီးနဲ့ စွံပဒတ်သီးတို့ရဲ့ ထူးခြားချက်လေးကို ကြုံတုန်း ဝေငှလိုက်တာပါ။ ကျနော်ကတော့ စွံပဒတ်သီးရဲ့အရသာကို အသီးမှန်သမျှရဲ့ အရသာထက် ပိုကြိုက်ပါတယ်။ အညာသူအညာသားတွေ အဲဒီအသီး စားဖူးချင်ရင် မောင်းမကန်လာခဲ့ကြ။

ကျနော်တို့မောင်းမကန်ကို သွားရင် ထားဝယ်နဲ့လောင်းလုံးမြို့နယ်ကို စည်းခြားထားတဲ့ ထားဝယ်မြစ်ကျယ်ကြီးတစ်စင်းရှိပါတယ်။ ဟိုးအရင်တုန်းကတော့ တံတားမရှိသေးတဲ့အတွက် ကူးတို့လှေလေးတွေနဲ့ အချိန်ကုန်ခံပြီး ကူးကြရပါတယ်။ ကျနော်တို့ ထားဝယ်သားတစ်ယောက်ဖြစ်တဲ့ ဦးစိန်ဝင်း ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါကျမှ ထားဝယ်မြစ်ကို ဖြတ်ပြီး တံတားကြီးတစ်ခုဆောက်ပေးခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့် အခုချိန်မှာ အချိန်ကုန်ခံစရာမလိုပဲ ကားတွေ ဆိုင်ကယ်တွေနဲ့ ဖြတ်သန်းသွားလာနိုင်ကြပါပြီ။ အဲဒီတံတားကို ကမျောကင်းတံတား (ထားဝယ်လို မျောဂန်းခါး) လို့ခေါ်ပါတယ်။ အဲဒီတံတားကြီးဆီ မရောက်ခင် အလွန်လှပတဲ့ ထန်းပင်တန်းလေးတွေ ရှိပါတယ်။ သိပ်လှပြီး သိပ်ကျက်သရေရှိတဲ့ မြင်ကွင်းကျယ်လေးပေါ့။ ကျနော်ပြောတာ မယုံမှာ စိုးလို့ ဓာတ်ပုံလေး ထည့်ပေးလိုက်တယ်။ လှတယ် ဟုတ်။

No comments: