Tuesday, April 7, 2009

ရန်ကုန် လူကူးမြင်းကျား


“ညီလေး ကားရှင်းပြီလေ၊ ကူးလို့ရပါပြီကွာ့”
ဆူးလေဘုရားမြောက်ဘက်မုခ်မှာ မနက်စောစော ချိန်းထားတဲ့ သူငယ်ချင်းတစ်ယောက်ကို စောင့်ရင်း ကားလမ်းဘက် မျက်နှာလှည့်ပြီး ကျနော်ရပ်နေမိတယ်။ အနီးအနားမှာ စောင့်နေတဲ့ အစောင့်ရဲသားတစ်ယောက်က (လမ်းပြပုလိပ်တော့မဟုတ်ပါ) အထက်ပါအတိုင်း ကျနော့်ကို လာပြောတယ်။ ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်။ ပြောဖေါ်ရပေသေးလို့။

“ကျနော် လမ်းမကူးသေးပါဘူး အကို၊ ကျနော့်သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်းမို့ပါခင်ဗျား”
ကျနော် ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ အဲဒီမှာတင် ရပ်မနေပဲနဲ့ ဆက်ပြီး တွေးနေမိတယ်။ လူကူးမြင်းကျားအပေါ် လမ်းဖြတ်ကူးနေတဲ့လူတွေကို ကြည့်ပြီး အခုကျနော်နေနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ လူကူးမြင်းကျားပေါ်က လူတွေ၊ ကားတွေနဲ့ ယှဉ်ကြည့်နေမိတယ်။ တစ်ခြားစီပါ၊ တကဲ့ကို တစ်ခြားစီပါ။

ကျနော်ယူကေကို မရောက်ခင်တုန်းကတော့ ဒါကို သတိမထားမိခဲ့ပါ။ ကွာခြားချက်ကို နားမလည်ခဲ့ပါ။ ၀န်ခံပါတယ်။ အခုတော့ ရန်ကုန်လူကူးမြင်းကျားအပေါ်ဖြတ်ကူးမိတဲ့အခါတိုင်း အားမစိုက်ရပဲ သတိထားမိလာတယ်။ အဲဒါက ဘာလဲဆိုတော့ ရန်ကုန်မှာ လူတွေ လူကူးမြင်းကျားဖြတ်တဲ့အခါအတိုင်း ဟိုဘက်ဒီဘက်အရှိန်နဲ့ မောင်းနှင်လာတဲ့ ကားကြီးကားငယ်တွေကို ရှင်းမရှင်း ကြည့်ပြီး၊ ရှင်းပြီဆိုမှပဲ ဖြတ်ကူးရဲကြတာ တွေ့ရတယ်။ ကားတွေကလဲ မြင်းကျားသော၊ ဆင်ကျားသော မရှောင်၊ အရှိန်မလျှော့ဘဲ အတင်းမောင်းကြတာပဲ။ မြင်းကျားမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့ လူတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်သလိုလုပ်ပြီး မောင်းနေကြတာ တွေ့ရတယ်။

ကျနော် တကယ်စိတ်ဆိုးမိတယ်။ ကားသမားတွေကို မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ယာဉ်လမ်းကြောင်း စနစ်ဆိုးကြီးကိုပါ။ ဘယ့်နှယ်ဗျာ၊ လူကူးမြင်းကျားလဲ လုပ်ထားသေးရဲ့။ ပြီးတော့ ကူးရတဲ့လူတွေက ကားရှင်း/မရှင်းကြည့်ပြီး ကူးနေကြရတယ်။ ဘာမှ အဓိပ္ပါယ်မရှိဘူး။ မော်တော်ယာဉ်စည်းကမ်းကို နည်းနည်းမှ မထိန်းသိမ်းတဲ့ မထသ ကကောင်တွေကို မထောင်းသာလို့ ကြည့်နေရတယ်။ နားရင်းအုပ်ချင်တယ်။ မှန်တာပြောရင် ထီပေါက်ရပါစေရဲ့။ ဗြိတိရှနိုင်ငံတွေရဲ့ ယာဉ်လမ်းကြောင်းစနစ်ကတော့ လမ်းကူးသူတွေကို ဘေးကင်းရန်ရှင်းဖြစ်အောင် အကောင်းဆုံးလုပ်ပေးထားတယ်။ ကျနော်တို့ဆီမှာ အဲဒီလို ဘယ်တော့များဖြစ်မယ် မသိဘူး။ အော်----ကျနော်တို့မြန်မာပြည်သူ၊ ပြည်သားတွေလဲ အိမ်မက်ထဲမှာပဲ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို တည်ဆောက်နေကြရရှာတယ်။ သနားလိုက်ပါဘိတော့။

လန်ဒန်မှာ လူတွေ လူကူးမြင်းကျားဖြတ်တော့မယ်ဆိုရင် ဟိုဘက်ဒီဘက်က လာတဲ့ ကားတွေက ဖြတ်ကူးမည့်လူရှိ/မရှိကြည့်ပြီး မောင်းကြတယ်။ တစ်ယောက်တစ်လေလောက် ဖြတ်ကူးမည့် အရိပ်အယောင်တွေ့တာနဲ့ မြင်းကျားမရောက်ခင် သတ်မှတ်ထားတဲ့ နေရာမှာ ချက်ချင်းရပ်ကြတယ်။ ကူးချင်တဲ့
လူတွေ တစ်ဘက်ရောက်လို့ နောက်ထပ်ကူးမည့်သူမရှိတော့တဲ့အခါကျမှပဲ ဆက်လက်မောင်းနှင်ကြတာတွေ့ရတယ်။ သိပ်ကောင်းပြီး သိပ်ဘေးကင်းတဲ့ စနစ်ပဲ။ ကျနော်တို့ဆီမှာတော့ဗျာ----တောက်-။

Pedestrian Crossing လို့ခေါ်တဲ့ လူကူးမြင်းကျားပုံစံတွေဟာ အမျိုးမျိုးရှိပါတယ်။
(၁) The Zebra Crossing= ဒီလူကူးမြင်းကျားပုံစံကတော့ ရှေးအကျဆုံးလို့ သိရပါတယ်။ အနက်ရောင်လမ်းကြောင်းပေါ်မှာ အဖြူရောင်ဆေးသုတ်ထားတာပါ။ မြင်းကျားတစ်ကောင်ရဲ့ ကိုယ်ပေါ်က စင်းကြောင်းတွေနဲ့တူတဲ့အတွက် Zebra Crossing=မြင်းကျားလမ်းကူး လို့ ပေးထားပါတယ်။ ဒီပုံစံကို လန်ဒန်မှာ ယနေ့အသုံးပြုနေသေးပေမဲ့ လူရှုပ်တဲ့အချိန်တွေမှာ သိပ်ပြီးတော့ Safe မဖြစ်ဘူးလို့ ဆိုပါတယ်။ ကားသမားတွေကလဲ တစ်ခါတစ်လေ နေရောင်တောက်တဲ့အခါမျိုးတွေမှာ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် ဖြတ်မောင်းမိတာမျိုးတွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် ယနေ့ခေတ်နဲ့ သိပ်ပြီး အံမ၀င်တော့တဲ့ လူကူးမြင်းကျားပုံစံတစ်ခုအဖြစ် မှတ်ယူခံနေရပါပြီ။ ကျနော်တို့ ယနေ့တွင်ကျယ်စွာ အသုံးပြုနေဆဲ စနစ်တစ်ခုပေါ့။
(၂) The Pelican Crossing= ဒီစနစ်မှာတော့ ဟိုဘက်လမ်းကူချင်းတဲ့ လူတွေအတွက် ခလုပ်လေး ထားပေးထားပါတယ်။ လမ်းမပေါ်မှာ ကားတွေ အရှိန်နဲ့မောင်းနှင်နေတဲ့အခါ ဖြတ်ကူးလို့မရပါဘူး။ ဒါကြောင့် လမ်းမကူးခင် အနီးနားက ခလုပ်ကို နှိပ်ထားလိုက်ရပါတယ်။ လေးဒေါင့်မျက်နှာပြင်၊ အလျားနှစ်ပေ၊ အနံတစ်ပေသာသာရှိတဲ့ ဟိုဘက်လမ်းက လျှစ်စစ်ဆိုင်းဘုတ်ပေါ်မှာ အစိမ်းရောင်နဲ့ အနီရောင် လူကူးနေတဲ့ အထက်/အောက်ပုံစံနှစ်ခုရှိပါတယ်။ အစိမ်းရောင်လူကူးပုံစံပေါ်လာရင် အရှိန်နဲ့ မောင်းနေတဲ့ကားတွေအားလုံး ရပ်တန့်သွားပြီး ကူးချင်တဲ့လူတွေ ဘေးကင်းစွာနဲ့ ကူနိုင်ကြပါတယ်။ ဒီစနစ်မျိုး ကျနော်တို့ဆီမှာ မတွေ့ရသေးပါ။
(၃) The Puffin Crossing= ဒီ Puffin ဆိုတာက (Pedestrian User Friendly Intelligent) ဆိုတဲ့ စကားလုံးတွေကို အတိုကောက်ခေါ်တာပါ။ ဒီပုံစံကတော့ နံပါတ် (၂) မှာပါတဲ့ Pelican Crossing ကို ထပ်ပြီး ကောင်းမွန်အောင် မွန်းမံထားတဲ့ ပုံစံတစ်ခုလို့ ဆိုပါတယ်။ ဒီစနစ်မှာတော့ ခလုပ်နှိပ်စရာမလိုပဲ အလိုအလျောက်အလုပ်လုပ်တဲ့ စနစ်တပ်ဆင်ထားပါတယ်။ လမ်းဖြတ်ကူးမည့်လူရှိနေရင် အဲဒီစနစ်က အရှိန်နဲ့မောင်းနှင်နေတဲ့ ကားတွေကို ဖြတ်ကူးမည့်သူရှိကြောင်း သင်္ကေတ လျှစ်စစ်ဆိုင်းဘုတ်ပေါ်မှာ ပေါ်လာစေပါတယ်။ ကားတွေအရှိန်လျှော့ပြီး ရပ်တန့်သွားတဲ့အခါ လမ်းသွားလမ်းလာတွေ ဘေးကင်းစွာနဲ့ လမ်းဖြတ်ကူးနိုင်ကြပါပြီ။ ကျနော်တို့ဆီမှာ ဒီစနစ်မျိုးရှိလာဖို့
ဘယ်နှစ်နှစ်စောင့်ရဦးမှာပါလိမ့်။
(၄) The Toucan Crossing= Toucan ဆိုတာ Two Can ဆိုတဲ့စကားလုံးနှစ်လုံးကို ပေါင်းထားတာပါ။ နှစ်မျိုးဖြတ်ကူးနိုင်တယ်လို့ ဆိုလိုပါတယ်။ အထက်မှာပါခဲ့တဲ့ Puffin Crossing နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ သက်ဆိုင်ရာ အစိမ်းရောင်သင်္ကေတပေါ်လာတာနဲ့ ဖြတ်ကူးဖို့စောင့်နေကြတဲ့ လူတွေရော၊ စက်ဘီးစီးသူတွေပါ ဖြတ်ကူးနိုင်အောင်လုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်မှာလဲ အထက် Puffin မှာလိုပဲ အော်တိုအလုပ်လုပ်တဲ့ ထိန်းချုပ်စနစ်မျိုးကို တပ်ဆင်ထားပါတယ်။ ကျနော်တို့မြန်မာပြည်မှာ တစ်နေ့ ရှိလာဖို့ မျှော်လင့်မိကြောင်းပါ။
(၅) The Pegasus Crossing= ဒီပုံစံကိုတော့ သာမန်လမ်းတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လမ်းဖြတ်ကူးမည့် မြင်းတွေနဲ့ မြင်းစီးသူတွေအတွက် အဓိကရည်ရွယ်လို့ပါ။ ရိုးရိုးလူကူးလမ်းတွေမှာတော့ လမ်းဖြတ်ကူးမည့်လူတွေအတွက် အစိမ်းရောင်လူပုံလေးပေါ်လာပါတယ်။ ဒီစနစ်မှာတော့ လူနေရာမှာ မြင်းပုံလေးပေါ်လာပါတယ်။ မြင်းစီးလေ့ကျင့်တဲ့လူတွေအတွက် အန္တရာယ်ကင်းအောင် လုပ်ပေးထားပုံရပါတယ်။ အင်္ဂလိပ်လူမျိုးတွေက မြင်းပြိုင်၊ မြင်းလောင်းတဲ့အကျင့် အခုထိ ရှိနေတုန်းကိုးဗျာ့။
(၆) The Signalled Crossings= ဒီစနစ်ကတော့ အထက်မှာပါခဲ့တဲ့ Pelican, Puffin and Toucan သုံးမျိုးစလုံးကို ပြောပါတယ်။ ဒီစနစ်တွေကို Junction လို့ခေါ်တဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ တပ်ဆင်ထားပါတယ်။ အနီရောင်မီးပြရင် ကားသမားတွေမောင်းနိုင်ပြီး အစိမ်းရောင်ပြရင်တော့ လူတွေ လမ်းကူးနိုင်တဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ Traffic Light လို့ခေါ်တဲ့ မီးပွိုင့်ကတော့ အစိမ်းရောင်ပြရင် ကားမောင်းနိုင်ပြီး အနီရောင်ပြရင် လူကူးနိုင်တာမျိုးဖြစ်ပါတယ်။

အထက်ပါ လူကူးမြင်းကျားပုံစံတွေဟာ လမ်းဖြတ်ကူးသူတွေ အန္တရာယ်ကင်းအောင် လုပ်ပေးထားတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ ကျနော်တို့ဆီမှာတော့ အဲဒီစနစ်တွေထဲက ရှေးအကျဆုံး၊ မလုံခြုံဆုံးဖြစ်တဲ့ The Zebra Crossing စနစ်ကို ကျင့်သုံးနေရဆဲဖြစ်ပြီး ကျကျနနကျင့်သုံးနေတာမျိုးလဲ မတွေ့ရပါ။ မြင်းကျားမှာဖြစ်ပေမဲ့ ကားရှင်းမှ လူကူးရတဲ့ အနေအထားဖြစ်နေပါသေးတယ်။ ဒါ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ မြန်မာနိုင်ငံ လူကူးမြင်းကျားရဲ့ အဓိပ္ပါယ်က ဘာလဲ၊ အရပ်ကတို့ စဉ်းစားပေးကြပါ။ ကျနော်တို့တိုင်းပြည်က ပြည်သူပြည်သားတွေ မြင်းကျားမှာ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

No comments: