Thursday, April 9, 2009

မောင်းမကန်သွား တောလား (၂)


ကမျောကင်းတံတားကြီးကို လွန်တာနဲ့ နဂိုကတော့ ထားဝယ်ခဲမဖြူစက်ရုံကြီးကို ဘွားကနဲ့ မြင်ကြရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီစက်ရုံကြီးအပြင် မလှမ်းမကမ်းမှာ “ထားဝယ်တက္ကသိုလ်” ဆိုတဲ့ အလွန်လှပစွာရေးထားတဲ့ ဆိုင်းဘုတ်ကြီးကိုပါ တွေ့မြင်နိုင်ကြပါပြီ။ အစတုန်းက ကောလိပ်အဆင့်နဲ့ပဲ ကျေနပ်နေကြရပြီး တက္ကသိုလ်တက်ချင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မော်လမြိုင်မှာ သွားတက်ကြရပါတယ်။ အခုတော့ ထားဝယ်မှာ တက္ကသိုလ်ဖွင့်လိုက်ပါပြီ။ အဲဒီတက္ကသိုလ်လဲ ကျနော်တို့မောင်းမကန်ရွာနဲ့ ခုနှစ်မိုင်၊ ရှစ်မိုင်အကွာလောက်မှာပဲ ရှိပါတယ်။ အဲဒါကြောင့် မောင်းမကန်က ပျိုမောင်မယ်တွေဟာ လက်တွဲမဖြုတ်ပဲ ကိုယ့်နယ်ထဲမှာပဲ တက္ကသိုလ်တက်ခွင့်ရနေကြပါပြီ။ လွမ်းမိသေးတော့၏။

ထားဝယ်လေးမြို့နယ်အတွင်းရှိ ရှင်ကိုးရှင်အနက် တစ်ရှင်အပါအ၀င်ဖြစ်တဲ့ ရှင်ဥသြလို့ခေါ်ဘုရားမြတ်တည်ရှိရာ ကမျောကင်းရွာလေးဟာ ထားဝယ်မြစ်နဖူးပေါ်တည်ရှိတဲ့အတွက် အလွန်လှပပြီး ကျက်သရေလဲ ရှိလှပါတယ်။ အိပ်ခြေ (ခန့်မှန်း) လေးငါးရာလောက်ရှိမယ်ထင်ပါတယ်။ မြို့ပြဒေသနဲ့ နီးတဲ့အတွက် လူနေမှုအဆင့်အတန်းလဲ မနိပ်ကျပါဘူး။ အခုဆို အဲဒီရွာအနီးမှာ ထားဝယ်တက္ကသိုလ်ကြီးကို တည်ဆောက်လိုက်တဲ့အတွက် ရွာလေးဟာ ယခင်ထက်ပိုပြီး ဂုဏ်တင့်လာခဲ့ပါတယ်။ ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်ကို ပေါင်းကူးပေးတဲ့ ရွာလေးတစ်ရွာဆိုလဲ မမှားပါဘူး။

အဲဒီကမျောကင်းရွာလေးကို လွန်တာနဲ့ တောရှည်ရွာလေးကိုရောက်ပါတယ်။ တောရှည်ဆိုတဲ့အတိုင်း နာမည်နဲ့လိုက်ဘက်အောင် ရိုးသားလှတဲ့ ရွာသူရွာသားတွေဟာ တောတန်းရှည်အတိုင်း ခြေတံရှည်၊ သက်ကယ်မိုးအိမ်ကလေးတွေကို တည်ဆောက်နေထိုင်ကြပါတယ်။ ရွာရဲ့စီးပွါးရေးကတော့ များသောအားဖြင့် ရော်ဘာပင်စိုက်ပျိုးခြင်းနဲ့ ရော်ဘာခြစ်ပြီး ရလာတဲ့ ရော်ဘာအပြားတွေကို မြို့ပေါ်တက်ရောင်းပြီး သက်မွေးဝမ်းကျောင်းပြုကြပါတယ်။ အိမ်ခြေ တစ်ရာကျော်ကျော်လောက်ပဲရှိတဲ့ ရွယ်ငယ်လေးတစ်ရွာပါ။

တောရှည်ရွာလေးကို လွန်တာနဲ့ ခပ်ပြေပြေဖေါက်ထားတဲ့ ကားလမ်းမအတိုင်း မောင်းမကန်တောင်ကို ဖြတ်ကျော်ရပါတယ်။ မေမြို့အတက်လို မတ်စောင့်မှုမရှိပေမဲ့ မိုးတွင်းကာလတွေမှာ မိုးများလွန်းလို့ ကားတွေ အင်မတန်သတိထားပြီး မောင်းနှင်ကြရပါတယ်။ သစ်ပင်ကြီးငယ်မျိုးစုံနဲ့ ကျေးငှက်သာရကာတွေ ပျော်စံရာဖြစ်တဲ့ မောင်းမကန်တောင်တန်းကြီးဟာ ကျနော့်အတွက်တော့ တွေးမိတိုင်း လွမ်းစရာဖြစ်ဖြစ်နေပါတော့တယ်။ တောင်ထိပ်မှာ တည်ထားတဲ့ လွမ်းစေတီလေးကို ရောက်တုန်းရောက်ခိုက် တက်ရောက်ဖူးမျှော်ပြီး ငှက်ကလေးတွေရဲ့ တေးသီသံကို နားစွင့်ရင်း ခပ်သော့သော့တိုက်ခတ်နေတဲ့ လေပြေလေညှင်းလေးကို ရှူရှိုက်ရတဲ့ အရသာဟာ ကျနော့်တစ်သက်မှာ ဘယ်တော့မှ မေ့ပျောက်လို့ရမယ် မထင်ပါ။

မောင်းမကန်တောင်ထိပ်ကနေ ရွာဘက်ဆင်းတဲ့ ကားလမ်းရောက်တဲ့အခါကျတော့ အထက်စီးကနေ ရွာနဲ့ ပင်လယ်ကမ်းခြေကို လှမ်းကြည့်လို့ရတဲ့ ရှုခင်းသာလေးတစ်ခုရှိပါတယ်။ အဲဒီရှုခင်းသာလေးမှာ ခေတ္တအနားယူပြီး ပင်လယ်ကမ်းရိုးတမ်းတောက်လျှောက် အစီအရီစိုက်ထားတဲ့ ပင်လယ်ကဗွီးပင်တွေရဲ့ ရိမ်းထိုးလှုပ်ရှားမှုနဲ့ ငြိမ်သက်နေတယ်လို့ထင်ရတဲ့ ရွာကြီးကို အပေါ်စီးက လှမ်းကြည့်ရတဲ့ မြင်ကွင်းကတော့ အသွားရော အပြန်ပါ လွမ်းစရာအကောင်းဆုံးပါပဲ။ အဲဒီနေရာကို ရောက်တိုင်း အသွားဆိုလဲ ရောက်တော့မယ်ဆိုတဲ့ စိတ်နဲ့ ပျော်ရသလို အပြန်ဆိုလဲ ခွဲခွါရတော့မယ်ဆိုတဲ့ စိတ်ကြောင့် အခါခါ လွမ်းမောရပါတယ်။

ရှုခင်းသာအလွန် ရွာ့အ၀င်ရောက်တဲ့အခါမှာတော့ လမ်းဘေးဝဲယာမှာ အစီအရီပေါက်ရောက်နေတဲ့ အုန်းပင်၊ ပိန္နဲပင်နဲ့ အလွန်မြင့်မားတဲ့ တောင်ပိန္နဲပင်ကြီးတွေပေါ်က ပြုတ်ကျလုလု တွဲခိုနေကျတဲ့ တောင်ပိန္နဲသီးတွေဟာ ကျနော့်ရဲ့ ငယ်စိတ်ကို နှိုးဆွနေကြသလိုပါပဲ။ ကျနော်ငယ်ငယ်ကဆို အဲသလောက်မြင့်မားတဲ့ အပင်ကြီးတွေပေါ်တက်ပြီး ခါချဉ်ကောင်တွေနဲ့ နပန်းလုံးရင်း ဆူးပျော့လေးတွေနဲ့ ချိုချဉ်ချဉ်အရသာရှိတဲ့ တောင်ပိန္နဲသီးတွေကို ခဏခဏ ခူးစားခဲ့ဖူးပါတယ်။ အခုတော့ အပင်ပေါ်မော်ကြည့်ခဲ့ရရုံပါပဲ။ လွမ်းစရာအတိတ်ဆီ ကျွမ်းစရာသူငယ်ချင်းတွေနဲ့ အလယ်သွားရင်း ပြန်လည်သတိရမိတဲ့အခါ ကျနော့်ရင်ထဲမှာ အေးမြခြင်းခြေရာလေးတစ်ခု ကျန်ခဲ့ပါတော့တယ်။

No comments: