Friday, April 10, 2009

မောင်းမကန်သွား တောလား (၅)

သုံးယောက်သား ရေပူစမ်းက ပြန်ရောက်ကြပြီးတဲ့နေက် အိမ်ရောက်တဲ့အခါကျတော့ ကျနော့်အမချက်ထားတဲ့ ညစာထမင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရလွှေးလိုက်ကြတယ်။ ဒီညစာလဲ တစ်သက်မှာတစ်ခါ စားကောင်းတဲ့ညစာတွေထဲ တစ်ခုအပါအ၀င်လို့ ဆိုရမှာပဲ။ ညစာစားပြီးတော့ နောက်တစ်နေ့မနက်လည်ဖို့ပတ်ဖို့အတွက် ကျနော့်အမစီစဉ်ထားတာလေးတွေ မေးရတယ်။ ကျနော်တို့ကို သူတို့မိသားစုတွေနဲ့ ညီမလေးတွေရဲ့မိသားစုတွေအပါအ၀င် မနက်ဖန်မနက်စောစော မောင်းမကန်ကမ်းခြေပို့ပေးမယ် လို့သိရတယ်။ ကျနော်ပျော်လိုက်သည့်ဖြစ်ခြင်းဗျာ။ အဲဒီအတွက် အမက ကားတစ်စီးအပြတ်စီစဉ်ပေးထားပါတယ်။ ကျနော်တို့သုံးယောက်က စပါယ်ရှယ်ရွှေဧည့်သည်တွေမို့လား။


“၀ါး---- အိပ်လို့ကောင်းလိုက်တာ ကိုသစ်နိုင်ရာ---” မနက်မိုးလင်းလို့ အိပ်ယာထဲ ပျင်းကြောဆန့် သန်းဝေရင်း ဘေးနားအိပ်နေတဲ့ ကျနော့်သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။
“အေးဗျာ၊ မနေ့ညက ထမင်းစားပြီးတော့ ဘယ်လိုက ဘယ်လို အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး။ တော်တော့ကို အိပ်လို့ကောင်းတာဗျို့”။ ကိုသစ်နိုင်ရဲ့တုန့်ပြန်မှုလေးပါ။
“ရေပူချိုးပြီး အိပ်လို့နဲ့တူတယ်ဗျာ့၊ အကြောအခြဉ်တွေပြေပြီးတော့ကို အိပ်ကောင်းတာ” အမေရိကားက ပူပူနွေးနွေးပြန်ရောက်ခါစ သူငယ်ချင်း ကိုတင့်လွင်ကပါ ၀င်ထောက်ခံလိုက်တယ်။

“မနက်စာစားဖို့ အဆင်သင့်ဖြစ်ပြီနော်၊ ထကြတော့။ ပြီးရင် ကမ်းခြေသွားကြမှာ။ အဲဒီကျမှ အေးအေးဆေးဆေး အနားယူကြ၊ ထထ။ မျက်နှာသွားသစ်ကြ၊ မနက်စာစားကြရအောင်”---ကျနော့်အမကြီးက ထမင်းစားခန်းထဲကနေ လှမ်းပြီးနှိုးဆော်ရှာတယ်။ ကျနော့်အမေဆုံးသွားပြီးကတည်းက ကျနော်လဲ ကျနော့်အမကြီးကိုပဲ အမလိုတစ်မျိုး၊ အမေလိုတစ်ဖုံ အချစ်တွေပိုခဲ့ရတာပါ။ ပူဆာစရာရှိလဲ သူ့ပဲ ကျနော်ပူဆာရတာလေ။

ကျနော်တို့အားလုံးမျက်နှာထသစ်၊ မနက်စာစားကြပြီးနောက် အသင့်စောင့်နေတဲ့ကားနဲ့ မောင်းမကန်ကမ်းခြေရှိရာသို့ ဦးတည်ထွက်ခွါခဲ့ကြပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမို့ မြင်ကွင်းတွေဟာ ကျနော့်အတွက် အဆန်းမဟုတ်တော့ပေမဲ့ လမ်းဘေးဝဲယာတောတန်းတွေကို တရိပ်ရိပ်ဖြတ်မောင်းနေတဲ့ ကားပေါ်ထိုင်လာရတဲ့ အရသာကလဲ တစ်မျိုးတော့ ထူးခြားလှပါတယ်။ ကျနော်ဟာ တောရိပ်တောင်ရိပ်ကို နှစ်သက်တဲ့လူတစ်ယောက်တော့ ဖြစ်ဟန်တူပါရဲ့။ ကိုယ့်ကိုယ်ကို တွေးကြည့်တာပါ။ သစ်ပင်၊ တောတောင်တွေဟာ ကျနော့်အတွက် ဘယ်သောအခါမှ ရိုးအီမသွားကြတဲ့ မြင်ကွင်းတွေချည်းပါပဲ။ အထူးသဖြင့် အင်္ဂလန်နိုင်ငံလို သစ်ပင်မရှိတဲ့ နိုင်ငံမှာ ကြာကြာသွားနေရာက အပြန်မို့လားတော့ မသိ။ သစ်ပင်၊ တောတောင်တွေမြင်ရတိုင်း ရင်ထဲမှာ ထူးခြားတဲ့ အေးမြမှုတစ်မျိုးမျိုးကို ခံစားလိုက်ရတယ်လို့ ကျနော် ကိုယ့်ကိုယ်ကို သတိထားမိခဲ့တယ်။

မောင်းမကန်ကမ်းခြေ
ရောက်ပါပြီ၊ မောင်းမကန်ကမ်းခြေဆီ။ ကျနော့်ရင်ထဲက ရွာရှိအရောက်ချင်ဆုံးနေရာသုံးခုအနက် ဒုတိယနေရာလေးပါ။ ပထမနေရာကတော့ ရေပူစမ်းပေါ့။ ရောက်ခဲ့ပါပြီလေ။ အခု ဒုတိယနေရာဖြစ်တဲ့ ကမ်းခြေဆီရောက်ခဲ့ပါပြီ။ ပင်လယ်ထဲလှိုင်းလုံးလေးတွေနဲ့အတူ ကမ်းစပ်မှာ ခိုနားလာတဲ့ လေပြေလေညင်းလေးကို အားပါးတရ ရှုရှိုက်လိုက်မိတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ/တနင်္ဂနွေနေ့တွေ မဟုတ်လို့ ကမ်းခြေမှာ လူရှင်းနေပါတယ်။ ကျနော် ဒီမြင်ကွင်းမျိုးကို ပိုမိုနှစ်သက်မိတယ်။ လူရှုပ်တဲ့နေ့တွေမှာဆို လူရှောင်နေရတာနဲ့တင် ကိုယ့်အာရုံပျက်လှတယ်။ ကျနော်က ကမ်းနဖူးမှာ အေးအေးဆေးဆေးထိုင်ပြီး ကမ်းစပ်ဆီလှိမ့်ဝင်လာတဲ့ လှိုင်းခေါင်းဖြူဖြူလေးတွေကို ငေးချင်တာကိုး။

ကျနော်တို့မောင်းမကန်ကမ်းခြေဟာ မြန်မာနိုင်ငံရှိကမ်းခြေတွေထဲမှာတော့
(၁) ကမ်းရိုးတမ်းရှည်လျားမှု၊
(၂) သဲသောင်ယံပြေပျစ်မှု၊
(၃) ရေကူးသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျောက်ဆောင်ကျောက်သားတွေ ကင်းမဲ့မှု၊
(၄) ပင်လယ်ရေကြည်လင်မှု၊
(၅) ပတ်ဝန်းကျင်ရှုကွင်းရှုကွက် သာယာမှု စတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံလို့ အကောင်းဆုံးပဲ လို့ ကျနော်ဆိုချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ခိုနားရာ နေရာတစ်ခုအဖြစ် မသတ်မှတ်ခံရသေးတဲ့အတွက် အနေစုတ်တဲ့ ရွှေထုတ်ကြီးတစ်ခုဖြစ်နေရရှာပါသေးတယ်။

ကျနော့်အတွက်တော့ ဒါကိုပဲ သဘောကျပါတယ်။ ဒါမှ သဘာဝအလှအပတွေ မပျက်စီးပဲ ပိုနေမြဲကျားနေမြဲဖြစ်နေမှာ။ တကယ့်သဘာဝကမ်းခြေစစ်စစ်ကို သဘာဝအတိုင်း ရှုစားလိုသူတွေဟာ ကျနော်တို့မောင်းမကန်ကမ်းခြေကလွဲပြီး အခြားနေရာရွေးမိရင် အရွေးမှားသွားလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ အမေရိကားက ပူပူနွေးနွေးရောက်ခါစဖြစ်တဲ့ ကျနော့်သူငယ်ချင်း ကိုတင့်လွင်ကတော့
“ကိုယ့်လူတို့ကမ်းခြေကလဲ အမှိုက်တွေချည်းပဲ။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဖလော်ရီဒါကမ်းခြေဆို အရမ်းသန့်ရှင်းတာ။ ဘာအမှိုက်မှ မရှိဘူး။ ဇယ်တွေလဲ ပေါသလားမမေးနဲ့”တဲ့။ အော်--ခက်ရချည့်။ အဲဒါက အမေရိကန်လေ။ တူမှမတူပဲကိုး သူငယ်ချင်းရဲ့။

တကယ်လို့ ဟောဒီမောင်းမကန်ကမ်းခြေဟာ အမေရိကန်နိုင်ငံမပြောနဲ့ စင်ကာပူနိုင်ငံလို နိုင်ငံပေါက်စလေး လက်ထဲမှာရှိရင်ကိုပဲ ကမ္ဘာပေါ်ရှိ မြောက်များလှတဲ့ပင်လယ်ကမ်းခြေတွေထဲမှာ အလှအပဆုံးဖြစ်မယ် ဆိုတာ ကိုယ်ပြောရဲတယ်။ အခုတော့သူငယ်ချင်း၊ ဟောဒီမောင်းမကန်ကမ်းခြေမပြောနဲ့။ မြန်မာနိုင်ငံရဲ့ ဟိုးထိပ်ကနေ အောက်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို ကိုယ်တို့နိုင်ငံက အစိုးရဆိုတဲ့လူတွေ ဘာလုပ်နိုင်လဲ။ ဘယ်လိုအသုံးချနိုင်ကြလဲ။ တံငါသည်တွေ ငါးမျှားဖို့နဲ့ ကျွန်းသစ်တွေမျှောဖို့လောက်ပဲ အသုံးချတတ်ကြတာ။ တော်ပါပြီ၊ ဒီအကြောင်းတွေ ကျနော်သိပ်မပြောချင်ပါ။ ကျနော့်စာတွေ အရသာပျက်ကုန်ပါလိမ့်မယ်။

ကျနော့်အမနဲ့ ညီမလေးသုံးယောက်လဲ သူတို့သားသမီးတွေနဲ့အတူ အကုန်လုံးတစ်ယောက်မကျန် ကမ်းခြေဆင်းလိုက်လာကြတယ်။ ကမ်းခြေမှာ ဆွေတော်ရှစ်သောင်း၊ မျိုးတော်အပေါင်းနဲ့ ကျနော်မျိုး မင်းထက် ပွဲတော်တည်--အဲ--အဲ--ယောင်လို့၊ နေ့လည်စာ အားရပါးရ စားကြသောက်ကြပါတယ်ဗျား။ ပင်လယ်ကဗွီးပင်တွေကြားက ဖြတ်တိုက်လာတဲ့ ပင်လယ်လေ တရွှီးရွှီးမြည်သံကို နားထောင်ရင်း ကမ်းခြေမှာ ထမင်းစားရတဲ့ အရသာကတော့ အကောင်းတကာ့ အကောင်းဆုံးလို့တောင် ဆိုနိုင်တယ်။ တကယ်ပါ။


မီးကင်ပြီး တစ်လက်မသာသာ အတုံးလေးတွေလုပ်ထားတဲ့ ကျောက်ပုဇွန်တစ်တုံးလောက် တူနဲ့ညှပ်ပြီး အချဉ်စပ်နဲ့တို့၊ ပါးစပ်ထဲ မထည့်ခင် လှိုင်းခေါင်းဖြူလေးတွေဆီ မျက်စိတစ်ချက်ဝေ့ပြီး ညှင်းသော့သော့တိုက်ခတ်လာတဲ့ လေပြေလေးကို အရင်ရှုသွင်းလိုက်ပြီးမှ ပါးစပ်ထဲထည့်။ (ပြောရင်းတောင် သွားရေကျလာပြီ)။ ချက်ချင်းမ၀ါးသေးပဲ လျှာအလယ်တည့်တည့်မှာ ခဏထား။ ကျောက်ပုဇွန်အရသာကြောင့် စိမ့်ထွက်လာတဲ့ သွားရေလေးတွေ ပါးစပ်ထဲရောက်တဲ့အခါကျမှ အထက်အောက်သွားနှစ်ဘက်အကြားထားပြီး တဖြေးဖြေးချင်းဝါး။ တစ်ချက်ချင်းဝါး။ ပြီးမှ ပင်လယ်ခူသားနဲ့ရောချက်ထားတဲ့ ယိုးဒယားစပ်ချိုချဉ် ဟင်းတစ်ဇွန်းလောက် ရှူးကနဲ့မည်အောင် သောက်လိုက်။ အား ပါးပါး သိပ်ကောင်းတဲ့ အရသာပေါ့ဗျာ။ မယုံရင် ကျနော်ပြောသလို စားကြည့်။ စားပုံစားနည်းမှန်ရင် စားစရာတွေဟာ အရသာပိုထွက်တယ် ဆိုတဲ့ သီဝရီကို လက်ခံလာလိမ့်မယ်။

No comments: