Monday, April 27, 2009

ဝက်တုတ်ကွေး ကူးစက်ရောဂါ ကြောက်စရာ


ယနေ့ ရေဒီယိုသတင်း၊ တီဗွီသတင်း၊ အင်တာနက်သတင်းနဲ့ သတင်းစာတွေမှာ အများဆုံးရေးသားဖေါ်ပြနေတဲ့ သတင်းတစ်ပုဒ်ကတော့ Swine Flu လို့ခေါ်တဲ့ တုတ်ကွေးရောဂါ ပျံ့နှံ့မှုနဲ့ပတ်သက်ဆက်နွယ်နေတဲ့ သတင်းပါပဲ။ အခုနောက်ဆုံးရတဲ့ သတင်းများအရ ဒီရောဂါကြောင့် တစ်ကမ္ဘာလုံး သေဆုံးသူဦးရေဟာ ရာဂဏန်းအထက်ရှိနေပြီး ရောဂါကူးစက်ခံနေရသူတွေဟာလဲ တစ်ကမ္ဘာလုံးမှာ လောလောဆယ်အထိ (၁၆၀၀) ကျော်လောက်ရှိနေပါပြီ။ အနောက်နိုင်ငံကြီးတွေဖြစ်တဲ့ မက်ခ်စီကို၊ အမေရိက၊ ကနေဒါနဲ့ စပိန်နိုင်ငံတွေမှာ အဖြစ်များနေပါတယ်။ အထူးသဖြင့် ရောဂါစတင်ဖြစ်ပွါးရာ မက်ခ်စီကိုနိုင်ငံတစ်ခုတည်းမှာတင် သေဆုံးဦးရေဟာ တစ်ရာကျော်နေပြီလို့ သိရပါတယ်။

SIV လို့အတိုကောက်ခေါ်တဲ့ (Swine Influenza Virus) ၀က်တုတ်ကွေးရောဂါပိုးဟာ ၀က်တွေဆီမှာ စတင်ဖြစ်ပွါးပျံ့နှံ့တယ်လို့ သိရပါတယ်။ ဒီရောဂါကို H1N1 လို့အမည်ပေးထားပါတယ်။ H1N1 ဆိုတာ Influenza A အမျိုးအစားငါးခု (H1N1, H1N2, H3N1, H3N2, H2N3) ထဲက ပထမဆုံးအမျိုးအစားဖြစ်ပါတယ်။ ယနေ့အထိနောက်ဆုံးတွေ့ထားတဲ့ hemagglutinin protein (၁၆) မျိုးအနက် နံပါတ်တစ်နဲ့ neuraminidase protein အမျိုးပေါင်း (၁၃၇)မျိုးထဲက နံပါတ်တစ်တွေကိုပေါင်းပြီး H1N1 လို့ခေါ်ပါတယ်။ H1, H2, နဲ့ H3 အမျိုးအစားတွေကို လူ့ကိုယ်ထဲရှိ တုတ်ကွေးပိုးတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

H1N1 လို့ခေါ်တဲ့ ဒီရောဂါအမျိုးအစားဟာ ၁၉၁၈-၁၉-ခုနှစ်တွေမှာ စပိန်နိုင်ငံကစတင်ဖြစ်ပွါးပြီး တစ်ကမ္ဘာလုံး လူဦးရေ သန်းငါးဆယ်မှ သန်းတစ်ရာအတွင်း သတ်ဖြတ်သွားတဲ့ Spanish Flu ခေါ် စပိန်တုတ်ကွေးအပါအ၀င် လူ၊ ကြက်၊ ၀က်တုတ်ကွေးကူးစက်ရောဂါပိုးပုံစံနဲ့ အမျိုးမျိုးကြီးထွားလာနေတယ်လို့ သိရပါတယ်။ အလွန်ကြောက်စရာကောင်းပြီး အလွန်သတိထားဖို့ လိုအပ်တဲ့ ရောဂါကြီးတစ်မျိုးဖြစ်ကြောင်း နားလည်ကြရပါမယ်။

ဒီရောဂါရဲ့လက္ခဏာတွေကတော့
(၁) ဖျားနာခြင်း၊
(၂) ယောင်တိယောင်နဖြစ်ခြင်း၊
(၃) လက်ဆစ်ခြေဆစ်များ ခက်ထရော်ခြင်း၊
(၄) အော့အံခြင်းနဲ့
(၅) မူးမေ့သေဆုံးခြင်း တွေပါပဲ။

Swine Flu လို့ခေါ်တဲ့ H1N1 ရောဂါပိုး လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်ပုံဟာ ရာသီအပြောင်းအလဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Seasonal Flu ခေါ် ရာသီတုတ်ကွေးရောဂါကူးစက်ပုံနဲ့ အလားတူတယ်လို့ဆိုပါတယ်။ အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်းနဲ့ ချောင်းဆိုးခြင်းဆိုတဲ့ ရာသီတုတ်ကွေးရောဂါလက္ခဏာတွေဟာ ဒီဝက်တုတ်ကွေးရောဂါလက္ခဏာနဲ့ အတော်များများတူပါတယ်။ အချို့Swine Flu ရောဂါဒဏ်ခံနေရတဲ့သူတွေမှာ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားချင်သလိုလိုဖြစ်ခြင်း၊ အော့အံခြင်းနဲ့ ၀မ်းလျှောခြင်း စတဲ့ လက္ခဏာမျိုးတွေ တွေ့ရတယ်လို ဆိုပါတယ်။

အခြားတုတ်ကွေးရောဂါတွေ ကူးစက်ပုံနည်းတူ ဒီရောဂါဟာလဲ ကူးစက်ပါတယ်။ ရောဂါဖြစ်နေသူဆီက ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေက ပျံ့နှံ့လာတဲ့လေကို ရှူမိတဲ့အခါမျိုးမှာဖြစ်စေ၊ သူအသုံးပြုထားတဲ့ပစ္စည်းပစ္စယများကို ထိကိုင်မိခြင်းနဲ့ ရောဂါရှိသူရဲ့ နှာခေါင်း၊ ပါးစပ်များကို ထိကိုင်မိတဲ့အခါမျိုးတွေမှာဖြစ်စေ ဒီရောဂါပိုးဟာ အလွယ်တကူကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေအနဲ့ ရောဂါရှိသူနဲ့ ဝေးဝေးနေတာအကောင်းဆုံးပါပဲ။ အခုလောလောဆယ် အနောက်နိုင်ငံတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်မှုမဖြစ်ပွါးအောင် အပြင်ထွက်တဲ့အခါ လူတိုင်းလောက်နီးပါး နှာခေါင်းပိတ်လေးတွေ ဆောင်ထားကြပါတယ်။

အခုလောလောဆယ်မှာတော့ ရောဂါသည်တွေကို Tamiflu လို့ခေါ်တဲ့ ပဋိဇီဝဆေးတစ်မျိုးနဲ့ပဲ ကုသနေရပါသေးတယ်။ ဒါပေမဲ့ နိုင်နိုင်နင်းနင်းတော့ ဟုတ်ဟန်မတူသေးပါဘူး။ ဒီရောဂါကို တိုက်ရိုက်ကုသပျောက်စေနိုင်တဲ့ဆေးကို အခုမှ စတင်စမ်းသပ်ဆဲဖြစ်တဲ့အတွက် ရောဂါမကူးစက်အောင်နေတဲ့ နည်းလမ်းမှတစ်ပါး အခြားမရှိပါဘူး။ အပြင်လူတောသူတောထဲက ပြန်ရောက်တဲ့အခါ ဆပ်ပြာနဲ့ ချက်ချင်းလက်ဆေးခြင်း၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးထဲမှာ ဆိုးခြင်း၊ လက်အုပ်ပြီး ချောင်းဆိုးခဲ့ရင်လဲ ချက်ချင်းလက်ကိုဆေးကြောခြင်း စတဲ့ ကာကွယ်မှုတွေ ပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။ “မိုးမပြို၊ ပြိုခဲ့သော်” ဆိုတဲ့ စကားပုံအတိုင်း ကိုယ့်ဆီတိုက်ရိုက်ရောက်မလာသေးပေမဲ့ ရောက်လာနိုင်တဲ့အခြေအနေရှိတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာအကောင်းဆုံးပါပဲ။ အားလုံးပဲ ကျမ်းမာကြပါစေ။ အောက်မှာပေးထားတဲ့ သတင်းတွေကိုလဲ နားဆင်ကြပါကုန်။



No comments: