Friday, April 10, 2009

မောင်းမကန်သွား တောလား (၆)



ကျနော်တို့အဖွဲ့ မောင်းမကန်ကမ်းခြေမှာ တစ်မနက်လုံး လေညှင်းခံ၊ ရေကူး၊ အုန်းသီးနုရည်သောက်၊ နေ့လည်စာစားကြပြီးနောက် နောက်တစ်နေရာသွားဖို့ လူအတော်ပြန်စုယူရတယ်။ အားလုံးက ပင်လယ်ကဗွီးပင်အကြားတွေ၊ သီဟိုဠ်သရက်တောတွေနဲ့ ကမ်းခြေကမ်းနဖူးရှိ အုန်းလက်အခြောက်တွေမိုးထားတဲ့ သစ်သားထိုင်ခုံလေးတွေမှာ ထိုင်ရင်း လေညှင်းခံနေကြတာ။ အချို့ကမ်းစပ်အနားသွားပြီး ပုဇွန်လုံးလေးတွေနဲ့ ဆော့နေကြလို့ လှမ်းအော်ခေါ်ရသေးတယ်။ “လာကြဟေ့၊ သွားကြမယ်။ မျှော်ရစ်ကို”။

အဖေရယ်၊ အမရယ်၊ အမသမီးနှစ်ယောက်ရယ်၊ ညီမအကြီးနဲ့ သူ့ယောက်ျား၊ သူ့သား/သမီးနှစ်ယောက်။ ညီမအလတ်နဲ့ သူ့ယောက်ျား၊ သားသုံးယောက်၊ ညီမအငယ်နဲ့ သူ့ယောက်ျား၊ သားသုံးယောက်၊ နောက်ပြီး ကမ်းခြေလိုက်လာကြတဲ့ ဆွေမျိုးတွေရယ် ကျနော်တို့ သုံးယောက်ရယ် စုစုပေါင်း နှစ်ဆယ့်ငါးယောက်လောက်ရှိတဲ့ ကျနော်တို့အဖွဲ့ကြီးဟာ နှစ်ရက်စာ လည်ပတ်ဖို့ ရှစ်သောင်းခွဲနဲ့ ငှါးထားတဲ့ ကားအသစ်ကြီးပေါ် အပြေးအလွှားတက်ခဲ့ကြတယ်။ လူကြီးတွေရော၊ ကလေးတွေပါ အားလုံးရဲ့မျက်နှာတွေဟာ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်နေခဲ့ကြတယ်။ အထူးသဖြင့် ကလေးတွေက ပိုပျော်ကြပုံရတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေအားလုံး ကျနော့်ဆီက မုန့်ဖိုးအသီးသီးရထားကြပေတာကိုး။

မျှော်ရစ်/မော်ရစ်
ကျနော်တို့ကို တင်ဆောင်လာတဲ့ အငှါးယာဉ်လေးပေါ်မှာ လူတွေအပြင် ရောက်တဲ့အရပ်မှာစားဖို့သောက်ဖို့ စားစရာတွေ၊ အုန်းသီးနုတွေနဲ့ အချိုရည်ဗူးတွေ၊ ရေသန့်ဗူးတွေကိုပါ တင်ဆောင်ခဲ့ရပါတယ်။ အခုကျနော်တို့အုပ်စု ဦးတည်သွားနေတဲ့ နေရာကတော့ မျှော်ရစ်/မော်ရစ်လို့ခေါ်တဲ့ တောင်တန်းလေးဆီပါ။ အဲဒီနေရာဟာ ကျနော်တို့မောင်းမကန်နဲ့ ခုနှစ်မိုင်အကွာမှာ တည်ရှိပါတယ်။ မောင်းမကန်ကမ်းခြေကနေ လှမ်းကြည့်ရင် ဟိုးခပ်လှမ်းလှမ်းမှာ ရေထဲက တောင်ပုပု၊ ကျွန်ငယ်လေးလို မြင်ရပါတယ်။ ကျနော်ငယ်ငယ်တုန်းက ခဏခဏသွားခဲ့ဖူးတဲ့နေရာလေးပေါ့။ သဘာဝအလှတွေရဲ့ စုရုံးတည်ရှိရာနေရာလေးတစ်ခု၊ အိုအေစစ်လေးတစ်ခုဆိုရင်လဲ မမှားပါဘူး။

မောင်းမကန်ကနေ အဲဒီနေရာဆီမရောက်ခင်လမ်းမှာ ရွာတမ်းရှည်ကြီးဖြတ်ကျော်ရပါတယ်။ ရွာအားလုံးဟာ ပင်လယ်ကမ်းနဖူးမှာ တည်ရှိတဲ့ရွာတွေမို့ များသောအားဖြင့် တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ရွာတွေချည်းပါပဲ။ မောင်းမကန်က ထွက်ထွက်ချင်း ပထမဆုံးဖြတ်ကျော်ရတဲ့ရွာကတော့ ကျောက်ဆင်ရွာလေးပါ။ အိပ်ခြေငါးရာကျော်ကျော်လောက်ရှိပြီး တံငါနဲ့ ရော်ဘာစိုက်ပျိုးခြင်းအလုပ်နှစ်မျိုးကို အဓိကလုပ်ကိုင်ကြပါတယ်။ ရွာထဲမှာ ဒူးရင်း၊ မင်းဂွတ်၊ သရက်၊ နာနတ်စတဲ့ စားပင်သောက်ပင်တွေ အမြောက်အများပေါက်ရောက်နေပေမဲ့ စီးပွါးဖြစ် စိုက်ပျိုးထားတာမျိုးမဟုတ်ပါဘူး။ ခြံထွက်သီးနှံတွေကို ကိုယ့်အိမ်မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေကို ပေးကမ်းမျှဝေစားသောက်ပြီး ချစ်စရာတောစရိုက်လေးတွေကို ထွေးပိုက်ရင်း တောနေဘ၀ကို ကျေနပ်နေကြတဲ့ သူတွေပါ။

နောက်တစ်ရွာကတော့ ရင်ကြီးရွာလို့ခေါ်ပါတယ်။ အိမ်ခြေနှစ်ရာကျော်ကျော်လောက်နဲ့ တံငါအလုပ်ကို အဓိကထားလုပ်ကိုင်ကြပါတယ်။ အချို့လဲ လယ်ယာကိုင်းကျွန်းအလုပ်ကို မိရိုးဖလာလုပ်ကိုင်ကြတာတွေရှိပါတယ်။ အဲဒီရွာပြီးရင် သဘော့ဆိပ်ဆိုတဲ့ ရွာနဲ့ ကင်းနီဆိုတဲ့ ရွာကိုရောက်ပါတယ်။ အိမ်ခြေသုံးလေးရာပတ်ဝန်းကျင်စီရှိပြီး ထုံးစံအတိုင်း တံငါအလုပ်နဲ့ အသက်မွေးကြတာပါပဲ။ ပင်လယ်နဲ့နီးလို့ တံငါအလုပ်ကို မလွှဲသာမရှောင်သာ လုပ်ကိုင်နေကြရပေမဲ့ ဘာသာရေးဘက်မှာတော့ ဘယ်သူမှ အားမနည်းကြပါဘူး။ ဥပုသ်သတင်းတွေမှာ သက်ဆိုင်ရာရွာရှိ ဘုန်တော်းကြီးကျောင်းတွေဆီသွားပြီး ဘုရားဖူး၊ တရားနာတဲ့အလုပ်ကိုတော့ မပြတ်မလပ်လုပ်ကိုင်ကြတာ တွေ့မြင်နိုင်ပါတယ်။

အဲဒီရွာလေးတွေလွန်တာနဲ့ မျှော်ရစ်တောင်တန်းဆီဦးတည်ဖေါက်လုပ်ထားတဲ့ ကတ္တရာခင်းလမ်းပြေလေးဆီရောက်ပါတယ်။ တောင်စဉ်တောင်တန်းကြီးတွေကို ဖြတ်ကျော်မောင်းနှင်ရတဲ့အတွက် ကားပေါ်ကကြည့်ရင် ဘေးဘက်ဝဲယာမှာ စိုက်ခင်းတွေနဲ့ အလွမ်းစိတ်ကို ပိုစေတဲ့ စိမ်းညို့ညို့တောင်တန်းကြီးတွေကို တွေ့မြင်ကြပါတယ်။ တစ်ခါတစ်လေ ရော်ဘာစိုက်ခင်းကြီးတွေကိုလဲ မျက်စိတစ်ဆုံးမြင်ရပါတယ်။ စိုက်ခင်းတွေ၊ တောင်စဉ်တောင်တန်းတွေရဲ့အလွန်မှာတော့ ဘုရင်မပင်လယ်ထဲက စိမ်းကြည်နေတဲ့ ရေတွေနဲ့ လေအဝေ့မှာ ကမ်းစပ်ဆီပြေးလာနေတဲ့ ခပ်ပြေပြေရေလှိုင်းလုံးလေးတွေကို တွေ့မြင်ကြရပါပြီ။ နေ့လည်စာစားပြီးမို့ ငိုက်မြည်းချင်ချင်ဖြစ်နေတဲ့ မျက်လုံးအစုံဟာ ဘုရင်မပင်လယ်ရဲ့ အားကောင်းလှတဲ့ဆွဲဆောင်မှုကြောင့် ပြူးကျယ်လာပါတော့တယ်။

ပင်လယ်ကမ်းရိုးတမ်းတောက်လျှောက် ဆယ်မိနစ်ခန့် မောင်းနှင်အပြီးမှာတော့ မျှော်ရစ်တောင်ပေါ်သို့ စတင်တက်တဲ့ ကားလမ်းဆီရောက်ပါတော့တယ်။ ရွာစဉ်ရွာတမ်းနဲ့ ခပ်လှမ်းလှမ်းနေရာမို့ လူသူတွေ သိပ်များများမရှိပေမဲ့ ကျနော်တို့လို အလည်လာတဲ့ ရွှေဧည့်သည်အနည်းငယ်ကိုလဲ တွေ့ခဲ့ပါသေးတယ်။ မျှော်ရစ်တောင်စောင်းအတိုင်းဖေါက်လုပ်ထားတဲ့ ကားလမ်းအဆုံးမှာတော့ ကျနော်အရောက်ချင်ဆုံးဖြစ်တဲ့ မျှော်ရစ်တံတားလေးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့မြင်ရပါပြီ။ အဲဒီတံတားလေးဟာ မျှော်ရစ်လို့ခေါ် ဒီဘက်ကတောင်နဲ့ မော်ရစ်လို့ခေါ်တဲ့ ဟိုဘက်ကတောင်ကို ပေါင်းကူးဖို့ဆောက်ထားတဲ့ တံတားလေးပါ။

ပင်လယ်ရေတက်လာတဲ့အခါ တောင်နှစ်တောင်အကြားရေတွေဝင်လာပြီး ဟိုဘက်မော်ရစ်တောင်ဘက်ကို မသွားနိုင်ကြတော့လို့ မောင်းမကန်ရွာက ကံယုံဆရာတော်ဘုရားကြီးဦးဆောင်ပြီးတော့ မျှော်ရစ်တံတားလေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရေတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ၊ ဘယ်သူမဆို တောင်နှစ်တောင်အကြား အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ကြပါပြီ။ ဒီအတွက် ဆရာတော်ဘုရားကြီးနှင့်တကွ ကောင်းမှုရှင်အားလုံးကို ၀မ်းမြောက်နုမော် သာဓုခေါ်ရပါတယ်။

ကျနော်တို့အားလုံး ကားပေါ်က ဆင်းပြီး မျှော်ရစ်တံတားလေးကို ဖြတ်ကျော်ရင်း ဓာတ်ပုံတွေလဲ တဖြတ်ဖြတ်ရိုက်ခဲ့ကြပါတယ်။ ကားပေါ်က အဆင်းမှာတော့ ကားပေါ်ပါလာတဲ့ စားစရာသောက်စရာတွေကို ကိုယ်စီကိုယ်စီ တစ်နိုင်စီသည်ယူရင်း ဟိုဘက်မော်ရစ်တောင်တော်ရှိရာသို့ ချီတက်ခဲ့ကြပါတော့တယ်။ မျှော်ရစ်တံတားပေါ်ဖြတ်ကူးရင်း ရေအတက်နဲ့ အတူလိုက်ပါလာတဲ့ ဘုရင်မပင်လယ်ထဲက လေကောင်းလေသန့်ကို ရှုရှိုက်ခွင့်ရတုန်း ကျနော်တ၀ကြီး ရှူလိုက်ပါတယ်။ ကျနော့်သူငယ်ချင်းတွေလဲ ဒီလောက်သန့်ရှင်းတဲ့လေမျိုး မြို့ရွာဒေသတွေမှာ ဘယ်နည်းနဲ့မှမရနိုင်တာ သိလိုထင်ပါရဲ့၊ အားရပါးရ ရှိုက်ရှိုက်ငင်ငင် ရှူနေတာတွေ့ရတယ်။

ရောက်ပါပြီ၊ မော်ရစ်တောင်တော်။ ကျနော် မောင်းမကန်ပြန်ဖြစ်တဲ့အခါတိုင်း မရောက်မဖြစ်ရောက်တဲ့နေရာ။ မသွားမဖြစ်သွားတဲ့နေရာ။ ကမ္ဘာပေါ်ရှိ နေရာများစွာအနက် ကျနော့်စိတ်ကို ဆွဲဆောင်နိုင်ဆုံးသောနေရာ။ အလွမ်းဓာတ်ခံမရှိတဲ့သူတွေကိုတောင် အလွမ်းသင့်စေတဲ့နေရာ။ ဒီနေရာလေးကို ကျနော်အခြေချမိပြန်ချေပြီကော။ မော်ရစ်တောင်ချေရောက်တော့ စီးလာတဲ့ဖိနပ်တွေကိုချွတ်ပြီး တောင်ပေါ်ရှိ ဘုရားမြတ်ကို တက်ရောက်ဖူးမျှော်ကြည်ညိုရင်း ကျနော်တို့ သူငယ်ချင်းသုံးယောက်သား ပိုက်ဆံစုပြီး ဘုရားမှာအလှူဒါနပြုခဲ့ကြပါသေးတယ်။ ဝေဒနာတွေကို အလွမ်းဖွဲ့ရမည့်နေရာမှာ အသပြာတွေကို ဆွမ်းအတွက် လှူဒါန်းခဲ့ကြတယ်ဆိုပါတော့။

ဘုရားပေါ်က အဆင်းမှာတော့ ကျောက်ဆောင်ကျောက်သား၊ ကျောက်ပြဿာဒ်တွေရှိရာ အနောက်ဘက်ဆီ ဦးတည်ဆင်းခဲ့ကြပါတယ်။ ဘုရင်မပင်လယ်ရဲ့ စိမ်းပြာပြာရေပြင်ကြီးကိုငေးရင်း သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝလေတွေကို အားပါးတရရှူရှိုက်ခဲ့ကြပါတယ်။ ဓာတ်ပုံရိုက်တဲ့သူကရိုက်၊ သီချင်းဆိုတဲ့သူကဆိုနဲ့ “ငါတို့ဟာ ဒုက္ခဘုံထဲက ဒုက္ခသားကောင်လေးတွေမျှသာပါလား” ဆိုတဲ့ အသိကို ယာယီမေ့ဖျောက်နိုင်ခဲ့ကြပါတယ်။ တောင်တော်ရဲ့ အနောက်ဘက်ရှိ အခက်အရွက်တွေ အုံ့ဆိုင်းနေတဲ့ သပြေပင်မတွေအောက်မှာ နေရာယူရင်း မလှမ်းမကမ်းက ကျောက်ဆောင်မြင့်မြင့်ပေါ်မှာ တည်ထားတဲ့ ကိုးတောင်ပြည့်စေတီလေးရယ်၊ အနားက အာရုံခံတန်ဆောင်းငယ်လေးရယ်နဲ့ အထီးကျန်စွာ တစ်ပင်တည်းပေါက်ရောက်နေတဲ့ အုန်းပင်လေးရယ်ဆီ မျက်စိရောက်သွားခဲ့ပါတော့တယ်။

မိုးမြင့်မြင့်
တိုးဆင့်လို့ဝင့်ထယ်
ရွှေအုန်းညို တစ်ပင်ရယ်နဲ့
အာရုံခံ ငွေတန်ဆောင်းမှာ
တူနှစ်ကိုယ်ကြင်မယ် ဆုချွေလို့
ခုနေကွဲ့ ရည်မျှော်။

ရွှေပြောင်ပြောင်
နေရောင်ကြောင့် ၀ါဝင်း
အဆင်းရူပကာနဲ့
စေတီငယ် လွန်စွာတင့်တယ်
ရေဇလာ ပင်လယ်ကျွန်းမှာ
နတ်ဖန်လို့ ဆင်း။

ကျနော့်စိတ်ထဲမှာ ကဗျာမပီ၊ စာမပီလေးတစ်ပုဒ် ရုတ်တရက်ပေါ်လာပြီး နှုတ်ဖျားက တီးတိုးရေရွတ်လိုက်မိတယ်။ ငြိမ်းချမ်းမှုတွေနဲ့အတူ သဘာဝပန်းချီကားကြီးတစ်ချပ်ထဲမှာ ကျနော်ကိုယ်တိုင် ဇာတ်ကောင်တစ်ကောင်အဖြစ် ၀င်ရောက်သရုပ်ဆောင်နေရတယ်လို့ ခံစားမိလိုက်သောအခါ အတိတ်ကိုလွမ်းတဲ့စိတ်ဟာ နှလုံးသားထဲက သွေးစက်တွေကို မျက်ရည်အဖြစ်မပြောင်းလဲပစ်ခင်မှာပဲ “ကိုမင်းထက်--ဟိုဘက်ကျောက်ဆောင်သွားရအောင်ဗျာ”။ နောက်ကနေလှမ်းအော်လိုက်တဲ့ သူငယ်ချင်းဒေါက်တာကိုသစ်နိုင်အသံကြောင့် အစီအရီဝင်လာတဲ့တွေးစလေးတွေ ပြတ်တောက်သွားခဲ့ရပါတော့တယ်။

No comments: