သူငယ်ချင်းတစ်ယောက်ဆီက Forward လုပ်ပြီးပို့လိုက်တဲ့ စာတစ်စောင် ကျနော့်မေးလ်ထဲရောက်လာလို့ ဖွင့်ပြီးဖတ်ကြည့်လိုက်မိပါတယ်။ အားပါးပါး-----ပြောထားလိုက်တဲ့ သူများအကြောင်း။ တစ်ဘက်သားမှာ ဘာမှကို ရစရာမကျန်တော့ဘူး။ ပြောတဲ့သူကလဲ တစ်ဘက်သားရဲ့အကြောင်းကို နောက်ကလိုက်ပြီး ကြည့်နေသလိုမျိုးလုပ်ပြီးတော့ကို ရေးထားတာ။ အဲဒီစာကို သူရေးတဲ့အတိုင်း မှန်သည်၊ မှားသည် ကျနော်မသိပါ။ ကျနော့်သတိထားလိုက်မိတာကတော့ ဒီလိုအရေးအသားမျိုးဟာ အကောင်းဘက်ထက် အဆိုးဘက်သို့သာ ဦးတည်နိုင်တယ် ဆိုတဲ့အချက်ပါပဲ။
ရေးသူကိုရော အရေးခံရသူကိုပါ ကျနော်မရင်းနှီးဖူးပါ။ ဒါပေမဲ့ အရေးခံရသူအကြောင်းကိုတော့ အနည်းငယ်ကြားဖူးပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံးကို ကောင်းသည်/ဆိုးသည် မပြောလိုပါ။ ပြောရလောက်အောင်လဲ ကျနော်သူတို့အကြောင်းဘာမှမသိပဲလေ။ ဒါပေမဲ့ ကျနော်ပြောလိုတာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ “တစ်စုံတစ်ယောက်သည် အခြားတစ်စုံတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို အဘယ့်ကြောင့် အပုတ်ချပြောဆိုချင်ရပါသနည်း” ဆိုတဲ့မေးခွန်းကို အနည်းငယ်မျှ ဆွေးနွေးချင်ပါတယ်။
ကျနော်တို့လူသားတွေမှာ မွေးဖွားလာကတည်းက အတူတွဲဖက်ပြီးပါလာတတ်တဲ့တရားတွေကတော့ အကြောက်တရားကို အခြေခံတဲ့ မနာလိုမှုနဲ့ သ၀န်တိုမှုတွေပါပဲ။ ဒါကို စာလိုပေလို ဣဿာ နဲ့ မစ္ဆရိယ လို့ဆိုပါတယ်။ ဒီစကားလုံးတွေကို ပါဠိစာပေမသိတဲ့ မြန်မာလူမျိုးတွေလဲ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်ကြပြီးသားပါ။ ဒီသဘောတရားနှစ်မျိုးအနက် တစ်မျိုးမျိုးကိုယ့်ဆီမှာ ရှိနေပြီဆိုရင် နောက်ထပ်အဆိုးတရားနှစ်မျိုးအနက် တစ်မျိုးမျိုးဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီတရားတွေကတော့
(၁) မက္ခ လို့ခေါ်တဲ့ တစ်ဘက်သားရဲ့ ဂုဏ်သိက္ခာကို ချိုးဖက်ဖျက်ဆီးခြင်းနဲ့
(၂) ပဠာသ လို့ခေါ်တဲ့ တစ်ဘက်သားကို ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း တွေပါပဲ။
လူတစ်ယောက်ဟာ မိမိနဲ့အခြားအဆင့်တူလူတစ်ယောက်ကို သာမန်အားဖြင့် ခင်မင်ရင်းနှီးနေတဲ့အချိန်မှာ အပြစ်မမြင်တတ်ပေမဲ့ တစ်စုံတရာကို အကြောင်းပြုပြီး ကတောက်ကဆဖြစ်လာပြီဆိုရင်တော့ တစ်ဘက်လူ ဘာပဲလုပ်လုပ်အပြစ်မြင်လာတတ်ပါတယ်။ အဲဒီလိုအပြစ်မြင်လာပြီဆိုရင် တစ်ဘက်သားရဲ့ဆိုးကျိုးကိုပဲ လိုလားတတ်တဲ့စိတ်ဟာ အလိုလိုပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီစိတ်ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် တစ်ဘက်သားကိုယ့်ထက်သာသွားတဲ့အခါမျိုးမှာ မနာလိုတဲ့စိတ်၊ ကိုယ့်မှာရှိတဲ့၊ ကိုယ်နဲ့ပတ်သက်တဲ့ အရှိတစ်မျိုးမျိုး အဲဒီလူမှာရှိသွား၊ ပတ်သက်သွားမှာ သိပ်ကြောက်တဲ့ သ၀န်တိုစိတ်ဟာလဲ ဖြစ်ပေါ်လာပါတော့တယ်။
ဒါကြောင့် သူဟာ အထက်မှာပြောခဲ့တဲ့ အချင်းအရာနှစ်မျိုးအနက် တစ်မျိုးမျိုးကို မုချလုပ်လာတတ်ပါတယ်။ ရှေးဦးအစမှာတော့ ဖြစ်နိုင်သမျှ အဲဒီလူနဲ့ တူအောင်၊ သို့မဟုတ် အဲဒီလူထက်သာအောင် ကြိုးပန်းမှုဆိုတဲ့ ပဠာသ သဘောတရားကို စိတ်အပင်ပန်းခံပြီးလိုက်လုပ်တတ်ပါတယ်။ အဲဒီလို လိုက်လုပ်လို့ သူဖြစ်ချင်သလို သူဟာ တစ်ဘက်လူထက် သာသွားရင်၊ တစ်ဘက်လူက သူ့အပေါ်ဘယ်နည်းမှ မကြောနိုင်တော့ဘူးဆိုရင် သူဟာ အဲဒီပဠာသ အဆင့်မှာပဲ ရပ်တန့်နေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဘက်သားကို သူ့အနေနဲ့ လိုက်ပြိုက်သလောက် အနိုင်မရတဲ့အခါကျရင်တော့ နောက်တစ်မျိုးကို စဉ်းစားပါတယ်။ အဲဒါကတော့ ကောင်း၏/ဆိုး၏၊ သင့်၏/မသင့်၏ စဉ်းစားနှိုင်းချိန်မှုမပြုတော့ပဲ တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို ရတဲ့နည်းနဲ့ ဖျက်ဆီးဖို့ပါပဲ။ ဒီသဘောတရားကို မက္ခလို့ခေါ်ကြောင်း အထက်မှာပြောခဲ့ပြီးပါပြီ။
မက္ခဆိုတဲ့တရားဆိုး၊ တရားညစ်ကြီး ကိုယ့်ဆီရောက်လာပြီဆိုရင်တော့ တစ်ဘက်သားဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဖို့အရေးမှာ ဘာဆိုဘာမှ ၀န်မလေးတော့ပါဘူး။ အဲဒီအတွက် မမှန်မကန်ပြောတန်ပြောလာရပါတယ်။ တစ်ဘက်လူရဲ့ ဟုတ်မှန်တဲ့ပြစ်ချက်၊ အားနည်းချက်တွေကိုလဲ မရမကရှာဖွေစုဆောင်းလာရပါတယ်။ လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့ချည်းပါပဲ။ ဒါပေမဲ့ တစ်ဘက်သားရဲ့အားနည်းချက်ကို ရှာဖွေတတ်တဲ့လူမှာရှိတဲ့ အားနည်းချက်လောက် ဘယ်အားနည်းချက်မှ အားမနည်းဘူးဆိုတာကိုတော့ ကျနော်ပြောချင်ပါတယ်။
(၁) အားနည်းချက်ကို ရှာဖွေခြင်း
(၂) ရှာဖွေလို့ မတွေ့တဲ့အခါ လုပ်ကြံလီဆယ်ခြင်း ဆိုတဲ့အဆိုးမြင်ဝါဒတွေရှိနေပြီဆိုရင်တော့ အဲဒီလူဟာ သူမပြုနိုင်တဲ့မကောင်းမှုမရှိတော့ဘူး လို့ ဘုရားဟောစာပေတွေမှာ ဖတ်ရဖူးပါတယ်။ ကျနော်မှတ်သားထားဖူးတဲ့ ဘုရားစာထဲက နည်းနည်းပြောပြပါရစေ။
အများသိဖူး၊ ကြားဖူးကြတဲ့ဇာတ်ဝတ္ထုတစ်ခုပါ။ စိဉ္စမာဏကို မြန်မာလူမျိုးတွေသိကြပါတယ်။ ဘုရားရှင်ရှိရာကျောင်းတော်သို့နေ့တိုင်းသွား၊ သူများနောက်မှ အိမ်ပြန်၊ ကြာလာတော့ သစ်သားပြားကို ဗိုက်မှာကြိုးနဲ့စည်းပြီး ဘုရားရှင်နဲ့ ကိုယ်ဝန်ရခဲ့ဟန် လူပုံအလယ်မှာ ဘုရားရှင်ကို အရှက်ခွဲစွပ်စွဲခဲ့သူပါ။ ဒါနဲ့ပတ်သက်ပြီး ဘုရားမြတ်စွာက အောက်ပါ ပါဠိဂါထာလေးကို ဟောကြားခဲ့ပါတယ်။ ကျနော် စာအုပ်ထဲက ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဧကံ ဓမံ္မ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။
“သစ္စာမဖက် မုသားစကားကိုပဲ ပြောတတ်တဲ့သူအတွက် သူမပြုဝံ့၊ မပြုရဲတဲ့ မကောင်းမှုမျိုး မရှိတော့သလို တမလွန်ဘ၀မှာလဲ ကောင်းစားစရာမရှိတော့ဘူး”
(အမှတ်၊ ၁၇၆၊ စိဉ္စမာဏ၀ိကာဝတ္ထု၊ လောက၀ဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ)
ဒါတွေအားလုံးဟာ ကြောက်ရွံမှုကို အရင်းတည်ပြီးဖြစ်ပေါ်လာကြတာချည်းပါပဲ။
(၁) ကြောက်ရွံမှု၊
(၂) မနာလိုမှု/သ၀န်တိုမှု၊
(၃) ဂုဏ်တုဂုဏ်ပြိုင်ပြုမှု၊
(၄) မနိုင်တဲ့အခါ တစ်ဘက်သားရဲ့ ဂုဏ်သိက္ခာကို ချိုးဖက်ဖျက်းဆီးမှု၊
(၅) မုသားကိုအရင်းတည်တဲ့ မကောင်းမှုမှန်သမျှကို ပြုကျင့်မှု ဆိုတဲ့
ဆိုးညစ်ယုတ်မာမှုတွေ အားလုံးဟာ အဆင့်ဆင့်ဖြစ်ပေါ်လာတတ်ကြောင်း မှတ်သားရပါတယ်။ လက်တွေ့ဘ၀မှာလဲ ဒီအတိုင်းဖြစ်နေတတ်တာ သတိထားမိသူများ သိကြမှာပါ။ ကျနော်တင်ပြခဲ့တာတွေဖတ်ပြီး သူများအကြောင်း မကောင်းပြောတတ်တဲ့ လူတွေဟာ ဘယ်လိုလူစားမျိုးတွေလဲ ဆိုတာ စာဖတ်သူကိုယ်တိုင်ပဲ ကောက်ချချက်ပါတော့။ ကျနော်အနေနဲ့တော့ ကောက်ချက်မဆွဲပေးလိုပါ။
ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ရဲ့ ကောင်းခြင်း/မကောင်းခြင်းဆိုတာတွေအနက် ကောင်းခြင်းတွေကို သတင်းအဖြစ်ဖြန့်ချီတာကို ကြိုဆိုသင့်ပေမဲ့ မကောင်းသတင်းတွေကိုတော့ မှန်သည့်တိုင် လက်ခံကြိုဆိုမှု မပြုသင့်ကြောင်း ကျနော်ခံစားတင်ပြတာပါ။ ကိုယ့်ဆီတိုက်ရိုက်ရောက်လာရင်လဲ သင့်/မသင့် စဉ်းစဉ်းစားစားလုပ်ပြီး ဖတ်သင့်တယ်လို့ ထင်ပါတယ်။ သိထားဖို့တော့ လိုအပ်ပါတယ်။ သိထားမှလဲ ကိုယ်တိုင်ကြုံလာတဲ့အခါ ရှောင်နိုင်မှာဖြစ်ပါတယ်။ ကျနော်နောက်ဆုံးပြောချင်တာကတော့ တစ်စုံတစ်ယောက်သောသူဟာ ကိုယ့်ရှေ့လာပြီး သူများအကြောင်း မကောင်းပြောနေပြီဆိုရင် အဲဒီလူကို သတိနဲ့သာပေါင်းပေတော့ လို့။ ကိုယ့်ရှေ့မှာ သူများမကောင်းကြောင်းပြောနေတဲ့ လူတစ်ယောက်ဟာ သူများရှေ့မှာလဲ ကိုယ့်မကောင်းကြောင်းပြောနေတယ် ဆိုတာကိုတော့ မြေကြီးလက်ခတ်မလွဲ သဘောပေါက်ထားဖို့ အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။ “သူ့ဂုဏ်ကိုဖျက်၊ ကိုယ့်ဂုဏ်ပျက်၏” တဲ့။
Rabindranath Tagore – Gītañjalī 35 (ပါဠိ)
-
Gītañjalī 35Rabindranath Tagoreပါဠိဘာသာပြန် – နတ္ထိ Ref: Tagore,
Rabindranath. (2012). Gitanjali, Song Offerings, A Collection of Prose
Translations. New D...
1 month ago
No comments:
Post a Comment