Wednesday, February 18, 2009

တိုင်းပြည်ရဲ့ပေတံ


Crime and bad lives are the measure of a State's failure, all crime in the end is the crime of the community.

H.G. Wells (1866-1946)

ရာဇ၀တ်မှုနဲ့ ဆိုးညစ်တဲ့ဘ၀တွေဟာ တိုင်းပြည်ရဲ့ကျရှုံးမှုကို တိုင်းတာတဲ့ပေတံတွေပါပဲ၊ ရာဇ၀တ်မှုမှန်သမျှဟာ နောက်ဆုံးတော့ လူ့အဖွဲ့အစည်းရဲ့ရာဇ၀တ်မှုပဲဖြစ်ရတယ်။
(အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)

မနက်မိုးလင်းလို့ အင်တာနက်၊ သတင်းစာ၊ တီဗွီနဲ့ ရေဒီယိုသတင်းများကို ကြည့်ရှုနားထောင်တဲ့အခါ ကျနော်တို့အများဆုံးကြားသိရတတ်တဲ့သတင်းတွေကတော့ ရာဇ၀တ်မှုသတင်းတွေပဲဖြစ်ပါတယ်။ သတင်းပွင့်လင်းမှုရှိတဲ့နိုင်ငံတွေရဲ့သတင်းမီဒီယာတွေက သက်ဆိုင်ရာအစိုးရမျက်နှာမကြည့်ပဲ ရသမျှသတင်းတွေကို ဖြန့်ချီလေ့ရှိတာတွေ့ရပါတယ်။ အစိုးရချုပ်ကိုင်ထားတဲ့ ရုပ်သေးသတင်းမီဒီယာတွေကတော့ သူတို့အစိုးရသဘောကျ သတင်းပေး ဖြန့်ချီကြရရှာတယ်။

အဲဒီတော့ ကွာခြားချက်ကဘာလဲဆိုရင် ရုပ်သေးသတင်းမီဒီယာတွေရဲ့ သတင်းထုတ်ပြန်မှုဟာ ထိန်ချန်မှုများစွာရှိပြီး ရာဇ၀တ်မှုခင်းတွေနဲ့ပတ်သက်လာရင် သက်ဆိုင်ရာအစိုးရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြရာရောက်တဲ့အတွက် သိပ်မဖေါ်ပြ၀ံ့ကြဘူး။ သတင်းပေါ်လစီပွင့်လင်းတဲ့နိုင်ငံတွေရဲ့သတင်းဌာနတွေကတော့ သူတို့အစိုးရမျက်နှာကြည့်စရာလိုဘူး။ ပြည်သူလူထုသိအောင် တင်ပြနိုင်ဖို့အဓိကထားတယ်။ ဒါကြောင့် ရသမျှသတင်းတွေကို မဖြစ်မနေထိန်ချန်ဖို့ လိုအပ်တဲ့သတင်းမျိုးမဟုတ်ရင်၊ ဆိုလိုတာက သတင်းထုတ်ပြန်လိုက်တဲ့အတွက် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအဓိကရုဏ်းတွေဖြစ်နိုင်တဲ့သတင်းမျိုးမဟုတ်ရင် အင်တာနက်၊ သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေက အော်ကြဟစ်ကြတော့တာပဲ။

ရလာဒ်ကဘာလဲဆိုရင် ပြည်သူလူထုက ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အမှန်အတိုင်းသိကြ၊ မြင်ကြရတယ်။ အဲဒီလို သိမြင်ပြီးတော့ ဒါမျိုးတွေမဖြစ်အောင် တားဆီးကာကွယ်မှုတွေ လုပ်နိုင်ကြတယ်။ သတင်းရေးသူတွေကလဲ ဒီလိုဖြစ်တာဘာ့ကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုတဲ့သုံးသပ်ဝေဘန်မှုတွေပေးပြီး ဆောင်ရန်ရှောင်ရန်နည်းမှန်လမ်းမှန်တွေကို ညွှန်ပြကြတယ်။ သတင်းပိတ်တိုင်းပြည်တွေမှာတော့ ရာဇ၀တ်မှုတစ်ခုခုဖြစ်လာရင် သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေ၊ ပုလိပ်တွေနဲ့ အပေးအယူလုပ်ရင်းနဲ့ပဲ ပြီးသွားတတ်ကြတယ်။ သတင်းစာမျက်နှာတွေအပေါ် ရောက်မလာတတ်ကြဘူး။ ဖုံးမနိုင်ဖိမရဖြစ်လာတဲ့အခါမျိုးတွေနဲ့ အစိုးရဆန့်သူတွေရဲ့အတင်းတွေကို မျက်နှာလိုမျက်နှာရ သွားပုတ်လေလွင့်ပြောချင်တဲ့အခါမျိုးတွေလောက်ပဲ ရေးကြတာများတယ်။

ဒီတော့ သတင်းပိတ်တိုင်းပြည်တွေရဲ့ရာဇ၀တ်မှုနဲ့ ဆိုးညစ်တဲ့ဘ၀နေမှုတွေကို သိချင်သပဆိုရင်တော့ သတင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်တွေကို သိပ်အားကိုးလို့မရတော့ဘူး။ လူထုကြားက ရင်ဖွင့်သံကို နားစွင့်လိုက်ရင် အမှန်အတိုင်းသိကြရမှာဖြစ်ပါတယ်။ သူတို့ပြောတာဆိုတာနားထောင်ပြီး ကိုယ့်တိုင်းပြည်ဟာ ဘယ်အထိကျရှုံးနေပြီလဲ၊ ပျက်စီးယိုယွင်းနေပြီလဲဆိုတာ နားလည်နိုင်ပါတယ်။ တကယ်တော့ တိုင်းပြည်ရဲ့ ယိုယွင်းမှုဆိုတာ လုထုရဲ့ယိုယွင်းမှုတွေပါပဲ။ အဲဒါတွေအားလုံးအတွက် တာဝန်အရှိဆုံးကတော့ သက်ဆိုင်ရာအာဏာပိုင်အစိုးရတွေနဲ့ သူတို့လက်ကိုင်ကျင့်သုံးနေတဲ့စံနစ်တွေပဲဖြစ်ပါတယ်။

ဘီဘီစီစတဲ့ဗြိတိရှနိုင်ငံရဲ့သတင်းမီဒီယာတွေကတော့ အများသိတဲ့အတိုင်း ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံးသတင်းဌာနတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်သည့်အလျှောက် သတင်းပေးမှုတွေဟာလဲ မျက်နှာသိပ်မလိုက်ကြဘူး။ ဘုရင်မကြီးမကောင်းရင် ဘုရင်မကြီးအကြောင်းရေးသလို ၀န်ကြီးချုပ်ချော်နေရင်လဲ သတင်းစာကနေ လှမ်းအော်ကြတာပဲ။ နိုင်ငံအတွင်း၊ အင်ပါယာအတွင်း ဖြစ်ပျက်နေတာတွေကို ပြည်သူတွေ အမှန်ဆုံးနဲ့ အမြန်ဆုံးသိနိုင်အောင် ရေးကြ၊ လွှင့်ထုတ်ကြတယ်။ အဲဒီလို ဘယ်သူ့မျက်နှာမှမထောက်ပဲ ရေးကြ၊ ပြောကြတဲ့အတွက် ကမ္ဘာကလေးစားတဲ့ သတင်းဌာနတွေဖြစ်လာကြရတယ်။ အဲဒီလိုပွင့်ပွင့်လင်းလင်းရေးကြပြောကြလို့လဲ ပြည်သူတွေက ကိုယ့်အတိုင်းပြည်ရဲ့အဆင့်အတန်းကို အများမြင်တဲ့အတိုင်းပဲ အမှန်အကန်မြင်ကြရတယ်။ ကျနော်တို့ဆီမှာတော့--------။
(ဟေ့ကောင်---လာလိုက်ခဲ့။)

No comments: