ဒီမနက် ကျနော့်သူငယ်ချင်းနဒီကပြောတယ်၊ “ကိုမင်းထက်ရေ့---ဂန့်ဂေါ်ပန်းတွေပွင့်နေပြီ၊ အရမ်းလှတာပဲ သိလား” တဲ့။ ကျနော့်မျက်စိထဲမှာ အဖြူရောင်ပွင့်ဖတ်လေးတွေဝန်းရံပြီး အ၀ါရောင်ဝတ်မှုံလေးတွေမြူးကြွနေတဲ့ အစိမ်းရောင်ရွက်ကလေးတွေအကြား အလှပြိုင်နေကြတဲ့ ပန်းပွင့်လေးတွေကို ပြေးမြင်လိုက်မိတယ်။ တစ်ခါတည်းမှာပဲ အခုကျနော်နေတဲ့ လန်ဒန်ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်မိတယ်။ ဆောင်းနှင်းမြူတွေကြားမှာ အသက်ပျောက်ရရှာတဲ့ ရွက်ယော်တွေမြေခပြီးတဲ့နောက် အရိုးတံချည်းသက်သက်မင်းမူနေတဲ့ သစ်ပင်ကြီးငယ်တွေကိုပဲ မြင်ရတွေ့ရတယ်။
အော်---လွမ်းရပါဘိသော မြန်မာပြည်ရယ်---၊ ကျနော့်စိတ်ထဲမှာ အိမ်လွမ်းတဲ့စိတ်တွေ တဖွားဖွားပေါ်လာရပါတော့တယ်။ ကျနော်နေခဲ့သော မြေ၊ ကျနော်သောက်ခဲ့သောရေနဲ့ ကျနော့်ကိုချစ်သော ချစ်သူတွေကို ထားခဲ့ပြီး အဝေးမြေမှာ ပညာသင်ဖို့ရောက်လာရတဲ့ ကျနော်၊ အခုတော့ သူငယ်ချင်းရဲ့ နှိုးဆွအသိပေးမှုကြောင့် အမိမြေကို တမ်းတမ်းတတ လွမ်းနေမိပြန်ပြီကော။ ကျနော်က ပန်းကိုမြတ်နိုးတတ်တယ်။ အထူးသဖြင့် ဂန့်ဂေါ်ပန်းကို ကျနော်ပိုမြတ်နိုးတယ်။ အဆင်းကိုပဲကြည့်ကြည့်၊ အနံ့ကိုပဲ ရှူရှူ၊ ဂန့်ဂေါ်ပွင့်လေးတွေဟာ တခြားပန်းတွေထက်ကို ပိုချစ်စရာကောင်းတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေက ဒီပန်းကို ကံ့ကော်၊ ဂန့်ဂေါ်၊ ကံ့ဂေါ်၊ ဂန့်ကော် ဆိုပြီး အမျိုးမျိုးရေးကြတာတွေ့ရတယ်။ ဗေဒင်ဆရာတွေကတော့ ကိုယ့်ကိုယ်ကို ကံမကောင်းဘူးထင်ပြီး ယတြာလာချေတဲ့လူတွေကို ကံကော်ပန်း ဆိုပြီးတော့ပြောကြပြန်တယ်။ ကျနော်ကတော့ မြန်မာအင်္ဂလိပ်အဘိဓာန်ပါစကားလုံးကို ယူသုံးလိုက်ပါတယ်။ ဒါကြောင့် ကံ့ကော်လို့ပဲခေါင်းစဉ်မှာ ရေးလိုက်တယ်။ အင်္ဂလိပ်စကားလုံးလိုချင်လို့ အဘိဓာန်ပြေးကြည့်ရသေးတယ်။ အင်္ဂလိပ်လိုက Mesua Ferrea တဲ့။ ဒီပန်းကို မမြင်ဖူးတဲ့ အင်္ဂလိပ်တွေကတော့သိမယ်မထင်ပါဘူး။
မြန်မာပြည်၊ ကျနော်နေတဲ့ပတ်ဝန်းကျင်မှာ ဂန့်ဂေါ်ပင်တွေ အများကြီး စိုက်ထားတယ်။ အဲဒီဂန့်ဂေါ်စိုက်ထားတဲ့ အတန်းမှာ ပုန်းညက်ပင်တွေလဲ အများကြီးရှိတယ်။ ပုန်းညက်ပွင့်လေးတွေက လှပေမဲ့သေးတော့ အုပ်စုလိုက်မှ ပိုပြီး ကြည့်ကောင်းတယ်။ ဂန့်ဂေါ်ပွင့်လေးတွေက အဲလိုမဟုတ်ဘူး။ အပွင့်ရဲ့အရွယ်အစားက များသောအားဖြင့် နှင်းဆီလောက်လဲ မကြီး၊ စံပါယ် မြတ်လေးတို့လောက်လဲမသေးတော့ တစ်ပွင့်တည်းနဲ့တင် ပန်ဆင်သူတွေကို အလှပိုစေတယ်။ အနက်ရောင်ဆံကေသာပေါ်က အဖြူရောင်ပွင့်ဖတ်၊ အ၀ါရောင်ဝတ်ဆံလေးတွေနဲ့ ကျက်သရေရှိလှတဲ့ ဂန့်ဂေါ်တစ်ပွင့်ဟာ အကျည်းတန်မိန်းကလေးတစ်ယောက်ကိုတောင် မယ်ရွေးပွဲမှာ ဗိုလ်စွဲစေနိုင်တယ်။
အဲလောက်ကျက်သရေရှိတဲ့ ပန်းမျိုးဟာ ကျနော်တို့မြေ၊ ကျနော်တို့ရေမှာပဲပေါက်တယ်လို့ ကျနော်ထင်တယ်။ ကျနော်သုံးနှစ်လောက်နေခဲ့ဖူးတဲ့ ကုလားပြည်မှာ ကျနော်ရောက်ဖူးတဲ့နေရာတိုင်းလောက်နီးပါး အဲဒီပန်းမျိုးတွေမတွေ့ရသလို အခုကျနော်နေနေတဲ့ယူကေမှာလဲ ဘယ်နားမှ ရှိမယ်မထင်ဘူး။ အင်္ဂလိပ်လိုရေးထားတဲ့ စွယ်စုံအဘိဓာန်ထဲမှာတော့ နီပေါ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာလဲ ပေါက်တယ်လို့ သိရတယ်။ ကျနော်တို့တိုင်းပြည်မှာတော့ အထက်၊ အောက် နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပန်းမျိုးပဲ။ ကျနော်မျက်မြင်အားဖြင့် သိရသလောက်ပြောရရင် ဂန့်ဂေါ်ပင်တွေဟာ---
(၁) အပင်ကြီးမျိုးဖြစ်တဲ့အတွက် အရိပ်ကိုလဲပေးတယ်။
(၂) နေဒဏ်လေဒဏ်ကိုခံနိုင်တဲ့အတွက် အမှိုင်သရိုက်ကိုလဲ မဖြစ်စေဘူး။
(၃) ဗာဒံပင်၊ ခရေပင်တို့လိုမျိုး အခြားအခြားသောသစ်ပင်တွေလို တစ်ခါတည်းနဲ့ အရွက်တွေအများကြီးလဲ မကြွေကျဘူး။
(၄) ဆယ့်နှစ်ရာသီလုံးလုံး စိမ်းစိုနေတတ်တဲ့အတွက် မြင်ရကြည့်သူတို့ရဲ့မျက်စိကို အေးမြစေတယ်။
(၅) အပွင့်ပွင့်လာတဲ့အခါ တစ်ပင်လုံးလောက်နီးပါးဖူးတတ်၊ ပွင့်တတ်တဲ့အတွက် အဆင်းအားဖြင့်လဲ သူ့ပတ်ဝန်းကျင်ကို အလှပိုစေတယ်။
(၆) အဖူးမှန်သမျှ ကြွေမကျပဲ ပွင့်ပေးတတ်လို့ ပိုင်ရှင်တစ်ယောက်အဖို့ “အဖူးလေးတွေတော့ထွက်ပြီ၊ အပွင့်မှဖြစ်ပါ့မလား”ဆိုတဲ့ စိုးရိမ်စိတ်လဲ ထားဖို့မလိုဘူး။
(၇) အေးမြတဲ့ မွှေးရနံ့ကိုပေးတတ်တဲ့အတွက် ဖြတ်သွားဖြတ်လာသူတွေရဲ့ ရင်ကိုလဲ အေးမြစေသလို၊ ခေါင်းကိုလဲ ကြည်လင်လန်းဆန်းစေတယ်။
(၈) အပင်ရဲ့ပွင့်ဦး၊ ပွင့်ထူးတွေကို ဘုရားရှင်ရှေ့တော်မှောက်မှာ တင်သပူဇော်ထားရင်လဲ ကုသိုလ်ကောင်းမှုအများကြီးဖြစ်ရတယ်။
(၉) တင်သပူဇော်ထားတဲ့အဖြူရောင်ဂန့်ဂေါ်ပွင့်လေးတွေဟာ ပလ္လင်တော်ပေါ်ရှိဗုဒ္ဓဘုရားရှင်ရဲ့ ကျက်သရေတော်ကို ဆထက်တန်ဖိုးတိုးစေလို့ အိမ်သူအိမ်သားတွေရဲ့ စိတ်ကိုလဲ ဘုရားအာရုံမှာ ပိုမိုညွတ်စေနိုင်တယ်။
(၁၀) လှပတဲ့ ဂန့်ဂေါ်ပွင့်လေးတစ်ပွင့်ဟာ ချစ်သူမရှိသေးလို့ အားငယ်နေတဲ့ လူရွယ်လေးတစ်ယောက်ရဲ့စိတ်ကို စစ်မြေပြင်ထွက်ခါနီး စစ်သူရဲကောင်းတစ်ယောက်ရဲ့စိတ်မျိုးဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်။
အင်း---၊ ဂန့်ဂေါ်နဲ့ပတ်သက်ပြီး ကျနော်စိတ်ထဲရှိသလောက်ပြောရရင် အတော်ရှည်တဲ့ပို့စ်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်ဗျာ။ ဒီလောက်ပဲရေးတော့မယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူအကြောင်းချီးမွန်းမကုန်နိုင်သလို ကျနော်လဲ ကျနော်ချစ်တဲ့၊ ကျနော်မြတ်နိုးတဲ့ ဂန့်ဂေါ်နဲ့ပတ်သက်ပြီး ပြောမကုန်နိုင်ဘူး။ ဂန့်ဂေါ်တွေ အလှိုင်လှိုင်ပွင့်တဲ့ရာသီမှာ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရားတို့လို လူစည်ကားတဲ့ တန်ခိုးကြီးဘုရားတွေမှာ ပန်းသည်တွေ စီးပွါးဖြောက်ပြီး စေတီတော်ကြီးတွေနဲ့ ဘုရားစင်တွေ ကျက်သရေတိုးနေဦးမှာ မြင်ယောင်မိသေးတော့ကြောင်း။
ပွင့်ဖတ်ရယ် ဖြူဖြူလွ
ရောင်ဝါ၀ါ့ ၀တ်ဆံ
ရနံ့ကယ် ကြူကြူလှိုင်လို့
ခိုင်ခိုင်ကုန် အမြင့်မှာပွင့်တယ်
ဘာပန်းလဲ မေး။
ပွင့်ဖတ်ရယ် ဖြူ
ဝတ်ဆံက ၀ါသေး
မွှေးရနံ့ သူသယ်ဆောင်လို့
ခိုင်ကုန်အောင် အမြင့်မှာတင့်တယ်
ကံ့ကော်ပဲ လေး။
မယ့်ဆံပင် ကေသာထက်
နေရာကွဲ့ တက်ယူ
လှချင်သူ လှအောင်ပြု
မြတ်နိုးဖွယ်မူ။
ပန်းကံ့ကော် ဟူ
မည်နာမ တင့်ဆန်း
တစ်နှစ် တစ်ခါသာပွင့်လို့
မေ့ရွာသူ လှအောင်ဆင့်တယ်
ဝင့်ထယ်သည့် ပန်း။
1 comment:
ပန်းချစ်သူပဲ။
Post a Comment