Saturday, February 7, 2009

ရန်သူတစ်ယောက်နှင့် မိတ်ဆွေဆယ်ယောက်


One enemy can do more hurt than ten friends can do good.

Jonathan Swift (1667-1745)

မိတ်ဆွေဆယ်ယောက် ကောင်းကျိုးပြုနိုင်တာထက် ရန်သူတစ်ယောက်က ပိုပြီးဆိုးကျိုးပြုနိုင်တယ်။
(ဂျိုနသန်ဆွစ်)


မိတ်ဆွေဖြစ်ခြင်း၊ ရန်သူဖြစ်ခြင်းသဘောတရားတွေဟာ လူရယ် သို့မဟုတ် တိရစ္ဆာန်ရယ်လို့ ခွဲခြားမှုမရှိပါ။ ရန်သူဖြစ်ခြင်းဟာ ကြောက်စိတ်၊ မနာလိုစိတ်၊ မုန်းတီးစိတ်စတဲ့ ဒေါသအုပ်စုဝင် သဘောတရားများကို အခြေခံပြီးဖြစ်ရသလို မိတ်ဆွေဖြစ်ခြင်းဟာလဲ အချင်းချင်းအကျိုးပြုချင်တဲ့စိတ်၊ ရင်းနှီးတဲ့စိတ်စတဲ့ မေတ္တာအုပ်စုဝင် သဘောတရားများကို အခြေခံပြီးဖြစ်ကြောင်း ကျနော်တို့လူသားတွေ နားလည်ထားကြပါတယ်။ ဒါကြောင့် ဒေါသစိတ်ရှိတဲ့ သက်ရှိမှန်သမျှ အချင်းချင်း ရန်သူဖြစ်နိုင်ကြသလို မေတ္တာစိတ်ရှိတဲ့ သက်ရှိမှန်သမျှဟာလဲ မိတ်ဆွေဖြစ်နိုင်ကြပါတယ်။

မိတ်ဆွေ/ရန်သူခွဲခြားမှုနဲ့ပတ်သက်ပြီး ကျနော်တို့လူ့လောကရဲ့မှတ်ချက်ကတော့ အကျိုးလိုလားသူကို မိတ်ဆွေ၊ အကျိုးမလိုလားသူကို ရန်သူလို့ ယေဘုယျအားဖြင့် ခွဲခြားနားလည်ထားကြပါတယ်။ ကျနော်တို့လူသားတွေမှာ မေတ္တာနဲ့ ဒေါသဆိုတဲ့ အကျိုးပြုစိတ်/အကျိုးမဲ့ပြုစိတ်နှစ်မျိုးစလုံးရှိကြတဲ့အတွက် မိတ်ဆွေနဲ့ရန်သူဆိုတဲ့ ဆန့်ကျင့်ဘက်နှစ်မျိုးဟာလဲ တစ်ပြိုင်နက်တည်း ရှိနေတတ်ကြပါတယ်။ ထိုနည်းတူ ကိုယ်ကိုယ်တိုင်ဟာလဲ တစ်စုံတစ်ယောက်ရဲ့ မိတ်ဆွေ သို့မဟုတ် ရန်သူဖြစ်နေတတ်ပြန်ပါတယ်။ ဒီသဘောတရားဟာ ပြုပြင်လို့မရစကောင်းတဲ့ လောကနိယာမကြီးတစ်ခုလို့ အများနားလည်ထားကြပြီးသားပါ။

မိတ်ဆွေကောင်းကို လိုလားတဲ့လူတစ်ယောက်ဟာ တစ်ဘက်သားဟာ ကိုယ့်အပေါ်ဘယ်အထိမိတ်ဆွေကောင်းပီသသလဲလို့ တွေးနေမည့်အစား ကိုယ်ဟာ တစ်ဘက်သားအပေါ် ဘယ်အတိုင်းအတာအထိ မိတ်ဆွေကောင်း ပီသနိုင်သလဲ ဆိုတဲ့မေးခွန်းကို အရင်မေးရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူများအပေါ်မိတ်ဆွေကောင်းမဖြစ်နိုင်ပဲနဲ့ မိတ်ဆွေကောင်းရရှိဖို့ မျှော်လင့်နေခြင်းဟာ ထီမထိုးပဲ ထီပေါက်ချင်နေတဲ့လူနဲ့ အတူတူပါပဲ။ ရန်သူဖြစ်ခြင်းသဘောမှာလဲ ဒီအတိုင်းပဲလို့ ကျနော်နားလည်မိပါတယ်။ ကိုယ်က တစ်ဘက်လူအပေါ် အကြောင်းတစ်ခုခုကြောင့် ရန်သူစိတ်မွေးထားရင် တစ်ဘက်သားကလဲ ထပ်တူပြန်လည်တုန့်ပြန်မှာပါပဲ။

အကြီးစားသူတော်ကောင်းကြီးတွေမဟုတ်သေးသမျှတော့ ကျနော်တို့ဟာ မိတ်ဆွေ/ရန်သူဆိုတဲ့ဝေါဟာတွေနဲ့ နေ့စဉ်ဘ၀မှာ လုံးထွေးရှင်သန်နေကြရဦးမှာပါ။ ကျနော်တို့ရဲ့ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဟာ ဘာ့ကြောင့် ကိုယ့်ရဲ့မိတ်ဆွေဖြစ်လာသလဲ/ အဘယ့်ကြောင့် ရန်သူဖြစ်သွားသလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာမှာဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေကို ကျကျနနအဖြေပေးနိုင်တဲ့နေ့မှာ ကိုယ့်ဘ၀မှာ ရန်သူနည်းပါးပြီး မိတ်ဆွေများလာမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ မိတ်ဆွေဖြစ်ပြီးသားလူတွေ ရန်သူဖြစ်မသွားဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ မိတ်ဆွေအဖြစ်က ရန်သူဖြစ်သွားတဲ့လူတစ်ယောက်ဟာ မိတ်ဆွေမဖြစ်ဖူးပဲ ရန်သူဖြစ်နေတဲ့လူထက် ပိုမိုအန္တရယ်ရှိလို့ပါ။ နောက်ပြီးတော့ ရန်သူတစ်ယောက်ဟာ အမြဲတမ်းရန်သူအသွင်ဆောင်နေရင် သိပ်ကြောက်စရာမကောင်းသေးဘူး။ အဲဒီရန်သူဟာ မိတ်ဆွေအသွင်ဆောင်လာပြီဆိုရင်တော့ ရှိသမျှသတိတွေ အကုန်စုပြုံပြီး ထားပေတော့။

ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတဲ့လူတစ်ယောက်ဟာ ကိုယ့်အားနည်းချက်ကို ပိုမိုသိပါတယ်။ တကယ်လို့များ သူက ကိုယ့်အပေါ်အန္တရာယ်တစ်စုံတရာပြုချင်တယ်ဆိုရင် အခြားလူတွေထက်ပိုပြီးတော့ ပြုလို့ရနိုင်တဲ့နည်းလမ်းကိုသိပါတယ်။ ထိုနည်းတူပဲ ရန်သူက မိတ်ဆွေအသွင်ဆောင်လာပြီဆိုကတည်းက ကိုယ့်ကို မုချအန္တရာယ်ပြုတော့မယ်၊ အနီးကပ်ပူးသတ်တော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။ ကမ္ဘာပေါ်မှာ လုပ်ကြံခံခဲ့ကြရတဲ့ ခေါင်းဆောင်ကြီးတွေအများစုနဲ့ သာမန်လူအများစုဟာလဲ မိတ်ဆွေအဖြစ်က ရန်သူဖြစ်သွားတဲ့လူတွေရဲ့လက်ချက်နဲ့ ရန်သူက မိတ်ဆွေအသွင်ဆောင်လာတဲ့ လူတွေရဲ့လက်ချက်က အဓိကနေရာမှာ ပါဝင်ပါတယ်။ ရန်သူဆိုတဲ့ နေရာမှာလဲ ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူထက် ကိုယ့်လောက်အင်အားမရှိတဲ့ ရန်သူဟာ ပိုပြီးတော့ကြောက်စရာကောင်းပါတယ်

ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူဟာ ဒုက္ခပေးချင်ရင် တိုက်ရိုက်ပေးတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်လောက်အင်းအားမရှိတဲ့ရန်သူကတော့ ကိုယ့်ကိုဒုက္ခပေးနိုင်မည့်နည်းလမ်းအမျိုးမျိုးကို စဉ်းစားပြီး သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ၊ အခြားမသမာနည်းနဲ့ဖြစ်စေ အန္တရာယ်ပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ထက်အင်အားနည်းတဲ့ရန်သူကို ပိုမိုသတိထားဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုကျကျနနဒုက္ခပေးနိုင်မည့် ရန်သူတစ်ယောက်ရှိနေပြီဆိုရင် အဲဒီလူရဲ့ဘ၀ဟာ မိတ်ဆွေဆယ်လောက် ကိုယ့်အနားမှာရှိနေလဲ ငြိမ်းချမ်းစွာနေခွင့်မရှိတော့ပါဘူး။ ဘယ်နေ့ဘယ်အချိန်ထပြီး အန္တရာယ်ပြုလာမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်နဲ့ တထိတ်တလန့်နေနေရတတ်ပါတယ်။

ရန်သူတစ်ယောက်တကယ်ဒုက္ခပေးလာပြီဆိုရင် မိတ်ဆွေဆယ်ယောက်လဲ မကယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ သူတို့ကိုယ်တိုင်ဟာလဲ တစ်ဘက်ရန်သူရဲ့ ရန်သူဖြစ်သွားကြလို့ပါပဲ။ သူတို့ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းကို စဉ်းစားရင် ထိတ်လန့်နေကြရတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှတော့ လောကအလယ် ရှင်သန်နေထိုင်ရတဲ့အခိုက်မှာ ရန်သူမရှိပဲ နေနိုင်အောင်နေတတ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။ ဒီထက်ပိုပြီးအရေးကြီးတာကတော့ ဖြစ်ပြီးသား ရှိပြီးသားမိတ်ဆွေတွေ ရန်သူအဖြစ်ရောက်မသွားအောင် ကိုယ်ကိုယ်တိုင် သူတို့အပေါ် မိတ်ဆွေကောင်းပီသနေဖို့ပါပဲ။ ကျနော့်ပို့စ်ကို ဖတ်မိသူအားလုံး ရန်သူနည်းပါး မိတ်ဆွေများပြီး စိတ်လက်ချမ်းသာစွာ နေနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

No comments: