ဒဿနိကဘေဒကျောင်းသားတစ်ယောက်အဖို့ အနောက်တိုင်းဒဿနနှင့် ပတ်သက်ပြီး အထူးသဖြင့် ဂရိခ်ဒဿနနှင့်ပတ်သက်ပြီး အဓိကလေ့လာရမည့်အချက်မှာ
(၁) အသိဉာဏ်ဟူသည် အဘယ်နည်း ဆိုတဲ့ မေးခွန်းနှင့်
(၂) အသိဉာဏ်ကို အဘယ်ကရသနည်း ဆိုတဲ့ မေးခွန်းနှစ်မျိုးရဲ့အဖြေကို ကျကျနန ဖြေဆိုနိုင်အောင်လေ့လာခြင်းပဲ လို့ ကျနော်ကတော့ မြင်ပါတယ်။ အဲဒီလိုလေ့လာတဲ့နေရာမှာ အနောက်တိုင်းအတွေးအခေါ်တွေကို အပိုင်းသုံးပိုင်းခွဲပြီး လေ့လာကြရပါတယ်။ အဲဒါတွေကတော့
(၁) ဆော့ခရတ္တိမတိုင်မီခေတ်
(၂) ဆော့ခရတ္တိခေတ် နဲ့
(၃) ဆော့ခရတ္တိနောက်ပိုင်းခေတ် တို့ပဲဖြစ်ပါတယ်။
ဒဿနိကဘေဒသမိုင်းကြောင်းအရ ဘီစီ (၅၈၅) လောက်မှာပေါ်ထွန်းတဲ့ ဖီလိုဆိုဖီဖခင်ကြီး Thales မှသည် Protagoras အထိ (၁၀) ယောက်တို့ရဲ့ခေတ်ကို “ဆော့ခရတ္တိမတိုင်မီခေတ်” လို့ သတ်မှတ်ထားပါတယ်။
ဆော့ခရတ္တိ၊ ပလေတိုနဲ့ အရစ္စတိုတယ်တို့ ဆရာတပည့်သုံးဦးကိုတော့ “ဆော့ခရတ္တိခေတ်”လို့သတ်မှတ်ပြီး အရစ္စတိုတယ်မှ နောက်ပိုင်း ဆရာကြီးတွေခေတ်ကိုတော့ “ဆော့ခရတ္တိနောက်ပိုင်းခေတ်”လို့အကြမ်းဖျဉ်း သတ်မှတ်ကြပါတယ်။
ဆရာကြီးတွေအားလုံးဟာ Knowledge ဆိုတဲ့ အသိဉာဏ်နဲ့ပတ်သက်ပြီး ကိုယ့်အယူအဆနဲ့ကိုယ် တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဆရာတစ်ယောက်ရဲ့အဆိုကို နောက်ပေါ်လာတဲ့ဆရာတစ်ယောက်က အကြောင်းအမျိုးမျိုးပြ ငြင်းချက်ထုတ်ပြီး ကိုယ့်အဆိုကို တင်ပြခဲ့ကြပါတယ်။ ကျနော့်ဘလော့မှာ သူတို့ပြောသမျှတွေကို ရေးရလောက်အောင် နေရာ၊ အချိန်၊ အသိ မရှိတဲ့အတွက် မရေးသားတော့ပါ။ ပလေတိုရဲ့ အသိဉာဏ်အယူအဆကိုပဲ အကျဉ်းချုပ်ဆွေးနွေးမှာဖြစ်ပါတယ်။
အသိဉာဏ်နဲ့ပတ်သက်ပြီး မဆွေးနွေးခင် ပလေတို့ရဲ့ အဓိကဒဿနနဲ့ သူ့အပေါ်သြဇာလွှမ်းမှုရှိသူတွေဟာ ဘယ်သူတွေလဲ ကြည့်ရအောင်ပါ။ သူ့ရဲ့ဝါဒကတော့ Idealism လို့ခေါ်တဲ့ စိတ်ကူးယဉ်ဝါဒပါပဲ။ ပြင်ပအရာဝတ္ထုမှန်သမျှမဖြစ်ပေါ်ခင် ရှေးဦးစွာ အဲဒီအရာဝတ္ထုရဲ့ ပုံသဏ္ဌာန်ဟာ စိတ်ကူးထဲမှာ အရင်ဖြစ်ပေါ်လာတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ကျန်တဲ့အဆိုပြုချက်တွေမှန်သမျှဟာလဲ ဒီအယူအဆအပေါ်မှာ အခြေတည်ပြီး ဖြစ်ပေါ်လာတာတွေ့ကြရမှာပါ။ သူ့အပေါ်သြဇာလွှမ်းမိုးမှုရှိတဲ့လူတွေကတော့ သူ့ဆရာဆော့ခရတ္တိနဲ့ သင်္ချာဆရာကြီး ပိုက်သဂိုးရတ်စ်တို့ပါပဲ။ ဒါကြောင့် အသိဉာဏ်နဲ့ပတ်သက်ပြီးဆွေနွေးတဲ့အခါမှာ တွက်ချက်မှုတွေပါနေတယ်လို့ သုံးသတ်ကြပါတယ်။
အသိဉာဏ်ဆိုတာ တစ်စုံတရာကို ခွဲခြားဝေဘန်နိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုး ဆိုတဲ့အဖြေကိုတော့ အရှေ့တိုင်း၊ အနောက်တိုင်းဆရာအားလုံးလက်ခံကြပါတယ်။ ဒါပေမဲ့ ငြင်းစရာက အဲဒီအသိဉာဏ်ဟာ ဘယ်ကလာသလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေကိုတော့ အမျိုးမျိုးပြောခဲ့ကြပါတယ်။ အဆိုပြုချက်တွေကို ပေါင်းလိုက်ရင် အောက်ပါအဆိုပြုချက်သုံးမျိုးရကြောင်း မှတ်တမ်းပြုထားပါတယ်။
(၁) အသိဉာဏ်ဟူသည် မှတ်သားမှုဖြစ်သည်။
(၂) လူသားသည် အခြားအရာဝတ္တုမှန်သမျှ၏ စံနမူဖြစ်သည်။
(၃) အရာရာတိုင်းသည် ပြောင်းလဲနေသည်။
တစ်နံပါတ်ဖြစ်တဲ့ အဆိုကို ပလေတိုက အောက်ပါအတိုင်း ငြင်းချက်ထုတ်ပါတယ်။ မှတ်သားမှု (Perception) ဆိုတာ သိစိတ် (sense) နဲ့ အသိခံအရာဝတ္ထု (object) တွေရဲ့ ကြားခံဆက်နွယ်မှု (relation) သဘောမျှသာဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ အသိဉာဏ်မဖြစ်နိုင်ပါဘူး။ ဥပမာ၊ မျက်စိနဲ့ အရာဝတ္ထုတစ်ခုကို ကြည့်တဲ့အခါ မြင်တဲ့အခါ သိလိုက်ရတဲ့အသိဟာ ဉာဏ်အဆင့်မရောက်ပါဘူး။ မှတ်သားမှုအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် မှတ်သားမှုဟာ အသိဉာဏ်မဟုတ်ဘူး လို့ ငြင်းပါတယ်။ ပလေတို့အလိုအရ အသိဉာဏ်ဆိုတာ ပြန်လည်စဉ်းစားမူ (reflection) သဘောပါရမည် လို့ဆိုပါတယ်။ မှတ်သားမှုဟာ အရှိသဘော (existence) ကို မှတ်သားယုံပဲမှတ်သားပြီး ပြန်လည်စဉ်းစားမှုမပြုတဲ့အတွက် အသိဉာဏ်မဖြစ်နိုင်ကြောင်း ငြင်းပါတယ်။ ဒီနံပါတ်တစ်ငြင်းချက် (argument) ဟာ ပလေတိုရဲ့ အဓိကကျတဲ့ အသိဉာဏ်အယူအဆပါပဲ။
နှစ်နံပါတ်ဖြစ်တဲ့ Protagorus ရဲ့အဆိုကိုတော့ သူက (perception and inference) မှတ်သားမှုနဲ့ မှန်းဆမှုဆိုတဲ့ စကားလုံးနှစ်မျိုးကို သုံးပြီး ဒီလိုငြင်းပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အသိဉာဏ်အဆင့်ကွဲပြားမှုရှိပါတယ်။ လူတစ်ယောက်က သူ့မျက်စိနဲ့မြင်တဲ့အရာတစ်ခုကို သိတယ်။ အခြားတစ်ယောက်ကလဲ အဲဒီအရာဝတ္ထုကိုမြင်ပြီး ဘာလဲဆိုတာသိတယ်။ ဒီလိုဆိုရင်သူတို့နှစ်ယောက်မှာ အသိဉာဏ်ဖြစ်ပေါ်ပုံချင်းတူညီနေသလိုဖြစ်သွားပြီ။ နောက်ပြီးအသိတစ်ခုဟာ မှန်းဆမှုခေါ်တဲ့ အနုမာနကြောင့်လဲဖြစ်ပေါ်နိုင်တယ်။ မှန်းဆမှုဆိုကတည်းက တိကျတဲ့အသိမဖြစ်နိုင်တော့ဘူး။ အရူးတစ်ယောက်၊ သို့မဟုတ် စိတ်ကူးယဉ်သမားတစ်ယောက်မှာလဲ မှတ်သားမှုတွေ၊ မှန်းဆမှုတွေရှိနေတာပဲ။ သူတို့ရဲ့ သိမူသဘောတွေဟာ စိစစ်မှုမပါနိုင်ဘူး။ ဒါကြောင့် အသိဉာဏ်အဆင့်မရှိဘူး။ လူဟာ အရာရာရဲ့ တိုင်းတာစရာဖြစ်တယ်ဆိုရင် အသိဉာဏ်သဘောကိုလဲ လူနဲ့ပဲ တိုင်းတာရလိမ့်မယ်။ ရူးနှမ်းနေတဲ့လူတစ်ယောက်ဟာ အသိဉာဏ်ရဲ့တိုင်းတာစရာဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီအဆိုဟာ မှားယွင်းတယ် လို့ဆိုပါတယ်။ ဒီငြင်းချက်အရ အသိဉာဏ်ဖြစ်ပေါ်ဖို့အတွက် လူဟာ ပုံမှန်အခြေနေရှိဖို့လိုကြောင်း အဆိုပြုပါတယ်။
သုံးနံပါတ်ဖြစ်တဲ့အဆိုဟာ ဘီစီ (၅၀၀) ၀န်းကျင်မှာပေါ်ခဲ့တဲ့ Heraclitus ရဲ့အဆိုဖြစ်ပါတယ်။ သူ့အလိုအရ အရာရာဟာ ပြောင်းလဲမှုသဘောရှိတယ် လို့ဆိုပါတယ်။ ဒီသဘောကို ရုတ်တရက်စဉ်းစားရင် မှန်တယ်ထင်ရပေမဲ့ အသိဉာဏ်ဖြစ်ပေါ်ဖို့အရေးမှာတော့ ပလေတိုက လက်မခံပါဘူး။ အရာရာတိုင်းပြောင်းလဲနေတယ်ဆိုရင် အသိဉာဏ်ရဲ့သဘောဟာလဲ ပြောင်းလဲမှုရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်။ ပြောင်းလဲတတ်တဲ့သဘောဟာ အသိဉာဏ်သဘောမဟုတ်။ ဥပမာ၊ ၁+၁=၂ ဆိုတဲ့အဖြေဟာ သင်္ချာသဘောတရားကို စတင်တီထွင်အသုံးပြုချိန်ကစပြီး ယနေ့အချိန်အထိ မပြောင်းလဲသလို အဲဒီသဘောကို သိတဲ့ အသိဉာဏ်ဟာလဲ မပြောင်းလဲခဲ့ဘူး။ ဒါကြောင့် Heraclitus ရဲ့အဆိုဟာ ယေဘုယျသဘောမျှသာဖြစ်တယ်။ ဧကန္တသဘောမဟုတ်ဘူး လို့ငြင်းပါတယ်။ ဒီငြင်းချက်အရ အသိဉာဏ်ဆိုတာ ယေဘုယျသဘောမဖြစ်ရ၊ ဧကန္တသဘောဖြစ်ရမယ် လို့ဆိုပါတယ်။
အထက်ပါငြင်းချက်တွေကို သုံးသတ်လိုက်မယ်ဆိုရင် ပလေတိုရဲ့ အသိဉာဏ်နဲ့ပတ်သက်တဲ့အယူအဆဟာ
(၁) ပြန်လည်စဉ်းစားမှု
(၂) လူတစ်ယောက်ရဲ့ ပုံမှန်အခြေအနေနဲ့
(၃) ကာလဒေသကြောင့်အသိမပြောင်းလဲမှု ဆိုတဲ့အချက်တွေပေါ်မှာ အခြေခံကြောင်း နားလည်နိုင်ပါတယ်။
ဒါပေမဲ့ ပလေတိုရဲ့ Theory of Knowledge ခေါ် အသိဉာဏ်အယူအဆဟာ သူ့တပည့် အရစ္စတိုတယ်ရဲ့ လက်ထက်ရောက်တဲ့အခါကျတော့ ရှေးရှေးဆရာကြီးများနည်းတူ လက်မခံဘွယ်အယူအဆတစ်ရပ်အဖြစ် ငြင်းပယ်ခြင်း ခံရပြန်ပါတယ်။ ဒါသည်ပင် ဖီလိုဆိုဖီသဘောတရားဖြစ်ပါတော့ကြောင်း တင်ပြလိုက်ပါတယ်။
No comments:
Post a Comment