Monday, February 16, 2009

အချစ်မှာ ဥပဒေရှိပြီလော


လူရယ်လို့ဖြစ်လာတဲ့အခါ လူအများအတွက် ပိုမိုအကျိုးရှိမယ်ထင်လို့ သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်စည်းကမ်းတွေ (Dos and Don'ts) အမြောက်အများရှိကြပါတယ်။ အချို့စည်းကမ်းတွေကို လူကလုပ်ထားရတာဖြစ်ပြီးတော့ အချို့စည်းကမ်းတွေကိုတော့ လူ့အသိဉာဏ်က အလိုလိုလက်ခံထားတာဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့လူ့သမိုင်းအစကို သိနိုင်မယ်ဆိုရင် ကျင့်ဝတ်စည်းကမ်းဆိုတာ မရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ စည်းကမ်းဆိုတာ ပေါ်ပေါက်လာရပါသလဲ၊ ဥပဒေဆိုတာပေါ်ပေါက်လာရပါသလဲ။ ဒီမေးခွန်းတွေကိုဖြေဖို့ စည်းကမ်းဥပဒေဆိုင်ရာ သမိုင်းစာအုပ်တွေအမြောက်အများ ရှာဖွေဖတ်ရှုရပါလိမ့်မယ်။

ကျနော် အက္ခရာနဲ့မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေထဲကသမိုင်းကို မပြောလိုပါ။ သို့သော် ဖြစ်နိုင်မယ်ထင်တဲ့အဖြေတစ်ခုကိုတော့ အဆိုပြုချင်ပါတယ်။ အဲဒီအဖြေကတော့ “လူတွေဟာ လိုအပ်တာထက် ပိုကဲကြလို့ပါပဲ”။ ကမ္ဘာဦး၊ လူ့သမိုင်းအစမှာ လူသားတွေဟာ ဘယ်သူမှကိုယ်ပိုင်ပစ္စည်းအနေနဲ့ သိမ်းဆည်းမှုမရှိကြပါဘူး။ နောက်ပိုင်းမှာ လူပျင်းတစ်ယောက်ရဲ့ ကိုယ်ပိုင်သိမ်းဆည်းမှုကိုအကြောင်းပြုပြီး ကျန်တဲ့လူတွေလဲ ကိုယ်ပိုင်သိမ်းဆည်းလာကြပါတယ်။ ကိုယ်ပိုင်သိမ်းဆည်းမှုကို လူ့အဖွဲ့အစည်းက တရားဝင်သတ်မှတ်လိုက်တာနဲ့ ပိုင်ရှင်ခွင့်မပြုတဲ့ပစ္စည်းကို ယူခြင်းဟာလဲ အလိုလိုနေရင်း ရာဇ၀တ်မှုဖြစ်သွားရပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့လူသားတွေဟာ စည်းကမ်းတွေနဲ့ အထိမ်းချုပ်ခံနေကြရရှာတဲ့ ကမ္ဘာမြေပြင်ပေါ်က ထူးထူးဆန်းဆန်းသတ္တ၀ါတစ်မျိုးဖြစ်လာကြရပါတယ်။

ထိုနည်းတူစွာ ဥပဒေသတ်မှတ်ချက်မထားတဲ့ စည်းကမ်းတွေကိုလဲ များစွာများစွာလိုက်နာကြရပါသေးတယ်။ “အပြင်ထွက်ရင် ကိုယ်လုံးတည်းမထွက်ရ၊ အင်္ကျီ+ဘောင်းဘီဝတ်သွားရမည်၊ ၀တ်မသွားက ထောင်ဒဏ် သုံးနှစ်ကျခံစေ” ဆိုတဲ့စည်းကမ်းမျိုး ကျနော်မကြားဖူးပါ။ သို့သော် အဲဒီလိုဥပဒေထုတ်ထားတာမရှိပေမဲ့ ကျနော်တို့ဟာ လူကြားသူကြားသွားလာရတဲ့အခါ လုံခြုံတဲ့အ၀တ်အစားတွေ၊ ရှက်စဖွယ်ကိုယ်အင်္ဂါတွေကို ဖုံးဖိနိုင်တဲ့ အ၀တ်အစားတွေမျိုး မဖြစ်မနေ၀တ်သွားတတ်ကြပါတယ်။ ဒါဟာ ပြဓာန်းထားတဲ့ဥပဒေကိုလိုက်နာတဲ့အနေနဲ့ ၀တ်သွားတာမဟုတ်ပါဘူး၊ ပြဓာန်းမထားတဲ့ ဥပဒေကို လေးစားသောအားဖြင့်၊ တစ်နည်းပြောရရင် မိမိတို့ရဲ့ “လူဆိုတဲ့ဂုဏ်”ကို အသိအမှတ်ပြုတဲ့အနေနဲ့ ၀တ်သွားကြခြင်းပါ။ အင်မတန်များပြားတဲ့ ၀တ်စားဆင်ရင်မှုရည်ရွယ်ချက်တွေထဲက တစ်ခုကို ကျနော်တင်ပြခဲ့တာပါ။

တကယ်လို့သာ ကျနော်တို့လူသားတွေထဲကအချို့ဟာ သဘာဝလူ့စည်းကမ်းကို လိုက်မနာကြတော့ဘူးဆိုရင် ယဉ်ကျေးတဲ့အာဏာပိုင်တွေမှာ စည်းကမ်းသတ်မှတ်ပေးဖို့ တာဝန်ရှိလာပါတယ်။ ဒီလိုစည်းကမ်းသတ်မှတ်ခြင်းဟာ လူ့ဂုဏ်ကိုကာကွယ်ခြင်းတစ်မျိုးလို့ ကျနော်မြင်ပါတယ်။ ပြည်သူအများစုကလေးစားတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ထုတ်ထားတဲ့စည်းကမ်းကို ပြည်သူများကလဲ စိတ်ပါလက်ပါ လိုက်နာကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာသူတို့အာဏာပိုင်တွေရဲ့ အကျိုးအတွက်မဟုတ်၊ ပြည်သူအများ ကောင်းစားဖို့သာဖြစ်ကြောင်း နားလည်ကြလို့ပါပဲ။ အဲဒီအတွက် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမျိုး၊ အာဏာပိုင်မျိုးဖြစ်ဖို့အလွန်အရေးကြီးလှပါတယ်။

ကျနော်အင်္ဂလန်နိုင်ငံရောက်နေတာ အခုဆို တစ်နှစ်ကျော်သွားပါပြီ၊ ကျနော်အကြိုက်ဆုံးအရာတစ်ခုပြောပြပါဆိုရင် အင်္ဂလန်၊ ဒီထက်ပြောရရင် ဗြိတိရှအာဏာပိုင်တွေရဲ့ အုပ်ချုပ်ရေးစံနစ်ပါပဲ။ အမှားမကင်းလို့ကြိုက်တယ်လို့တော့ မထင်လိုက်ပါနဲ့။ အမှားအယွင်းကိုသိ၊ သိပြီးပြုပြင်တတ်တဲ့ အကျင့်ကိုကြိုက်တာပါ။ အမှားမကင်းပေမဲ့ အမှားကင်းအောင်ကျိုးစားပြီး အုပ်ချုပ်ကြတာတွေ့နိုင်ပါတယ်။ ပြည်သူ့ဆန္ဒဆိုတာကို စကားလုံးအားဖြင့်ရော၊ လက်တွေ့အားဖြင့်ပါ အကောင်အထည်ဖေါ်ထားတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်ကြောင်း ကျနော်လုံးဝလက်ခံပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် လူအများက တောင်းဆိုသမျှကို တတ်နိုင်သလောက်လိုက်လျောပေးလေ့ရှိတဲ့ ရွှေနိုင်ငံကြီးတစ်ခုဆိုရင်လဲ မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေတော့ လူအများက မတောင်းဆိုပေမဲ့ သူတို့ကိုယ်တိုင်လုပ်သင့်တယ်ထင်တဲ့ အရာတွေကိုလဲ မဲခွဲဆုံးဖြတ်ပြီး လုပ်လေ့ရှိပါတယ်။ ဒါဟာ ချစ်ဖို့သိပ်ကောင်းတဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ။

ကျနော်အင်္ဂလန်ရောက်ပြီးတစ်ရက်နှစ်ရက်လောက်မှာ ကျနော်နေတဲ့အဆောင်ပိုင်ရှင်အဘိုးက မြို့ထဲခေါ်သွားပြီး ဟိုဟိုဒီဒီလိုက်ပြပါတယ်။ ကားတစ်တန်၊ ရထားတစ်တန်နဲ့ သွားရပါတယ်။ ကျနော်တို့မြန်မာပြည်ဆို ပန်းခြံတွေ၊ တိရစ္ဆာန်ရုံတွေထဲမှာ အများစုတွေ့ရလေ့ရှိတဲ့ မြင်ကွင်းမျိုးတွေကို ကားမှတ်တိုင်တွေ၊ ကားတွေပေါ်နဲ့ မီးရထားဘူတာတွေ၊ မီးရထားတွေပေါ်စတဲ့ လူမြင်ကွင်းတွေမှာ သွားတိုင်းတွေ့ရလေ့ရှိပါတယ်။ ချစ်သူနှစ်ဦး (တစ်ချို့ချစ်သူဟုတ်ဟန်မတူ) ကလူကျီစယ်ရင်း နဘေးကလူ မျက်စိကျယ်အောင် လုပ်နေကြတဲ့မြင်ကွင်းတွေပါ။ သူတို့လူမျိုးတွေနဲ့ ရောက်တာကြာပြီဖြစ်တဲ့လူတွေအတွက် ဒီမြင်ကွင်းမျိုးဟာ မဆန်းတော့လို့ မကြည့်ကြတော့ပေမဲ့ ကျနော့်လိုရောက်ခါစတောသားလေးအတွက်တော့ တွေ့လေရာမှာ စိတ်ဝင်တစားကြည့်မိပါတော့တယ်။ တွေ့တိုင်းလဲ “အော်၊ သူ့ဓလေ့နဲ့ သူကိုး၊ ဒါက သူတို့ယဉ်ကျေးမှုကိုး” လို့တွေးမိပါတယ်။

ဒါမေမဲ့ ယနေ့ယူကေ၀န်းကျင်မှာ ဒီမြင်ကွင်းမျိုးကို စတင်ဆန့်ကျင်တဲ့၊ ကန့်ကွက်လိုတဲ့ အာဏာပိုင်တွေပေါ်လာပါပြီ။ သူတို့ရဲ့အကြောင်းပြချက်မှာ လူ့ကျင့်ဝတ်သိက္ခာနဲ့ မကိုက်ညီလို့ ဆိုတာမျိုး မတွေ့ရပေမဲ့ ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့ စည်းကမ်းတစ်ခုဖြစ်တယ်လို့ သူတို့နားလည်လိုက်ပုံရပါတယ်။ အင်္ဂလန်နိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ Cheshire (ချက်ရှာ) ခရိုင်အစိုးရက ဥပဒေအသစ်တစ်ခုပြဓာန်းလိုက်ပါတယ်။ အဲဒီဥပဒေကတော့ "No Kissing Zone" “မနမ်းရနယ်မြေ” သတ်မှတ်ခြင်းပါပဲ။ ဥပဒေထုတ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ “တက်ခ်စီကားငှါးထားပြီး မပီးမစီး အလွမ်းသယ်နမ်းနေကြတဲ့စုံတွဲတွေကို ကားပေါ်ထိုင်စောင့်ရင်း သတ်မှတ်ချိန်လွန်သွားလို့ ပေါင်သုံးဆယ်လောက် ဒဏ်အရိုက်ခံရတဲ့ဒရိုင်ဘာတွေကို ငဲ့ညှာလို့” ပါတဲ့။ အဲဒီဥပဒေကြောင့် ချက်ရှာခရိုင်မှာခရီးသွားလာရတဲ့၊ အထူးသဖြင့် မီးရထားစီးသွားရတဲ့ စုံတွဲတွေအတွက် ကသိကအောက်အတော်ဖြစ်သွားကြောင်း သိရပါတယ်။ ခရိုင်အတွင်းရှိ ဘူတာအတော်များများမှာ No Kissing ဆိုတဲ့ဆိုင်းဘုတ်လေးတွေ ကပ်ထားကြောင်းသတင်းကဆိုပါတယ်။ ဒါပေမဲ့လဲ ယိုဖိတ်လာတဲ့ အချစ်စိတ်ကို မြိုသိပ်မထားနိုင်လောက်အောင်ဖြစ်လာရင်တော့ အဲဒီအတွက်လဲ နေရာသီးခြားလုပ်ပေးထားပါတယ် တဲ့။

အစစချင်းမို့ မကြိုက်တဲ့လူတွေ၊ အထူးသဖြင့် လူငယ်၊ လူရွယ်တွေရှိပေမဲ့ ဒီစည်းကမ်းဟာ ကြိုဆိုအပ်တဲ့ လူ့ကျင့်ဝတ်တစ်ခုဖြစ်ကြောင်းနားလည်တဲ့ (law-abiding citizen) စည်းကမ်းလိုက်နာသူတွေလဲ အများကြီးပါပဲ။ စည်းကမ်းဖေါက်ဖျက်သူကို ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးပေမဲ့ ဥပဒေကိုတော့ လူသိရှင်ကြားပြဓာန်းပြီး စတင်အကောင်အထည်ဖေါ်နေပါပြီ။ ဒီဥပဒေဟာ ချစ်ခြင်းကိုမတားဆီးပေမဲ့ အချစ်ပြင်းကိုတော့ လူမြင်ကောင်းအောင် ပြုပြင်ပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အချစ်ပြင်းထန်တဲ့စုံတွဲများ ချက်ရှာပြည်နယ်အတွင်း ကား၊ ရထားစီးပြီး ခရီးသွားမယ်ဆိုရင် သတိထားဖို့ ကျနော်စေတနာနဲ့ အသိပေးရေးသားလိုက်ရပါတယ်။


မှတ်ချက်။ http://uk.news.yahoo.com/5/20090216/tuk-rail-couples-told-no-kissing-at-stat-45dbed5.html ကိုအခြေခံရေးသားပါသည်။

No comments: