Thursday, February 5, 2009

ငတက်ပွါး


ပြီးခဲ့တဲ့ January 26 ရက်နေ့က အမေရိကနိုင်ငံ LA (Los Angeles) မြို့အနီး ဆေးရုံတစ်ခုမှာ ကာလီဖိုးနီးယားပြည်နယ်သူ အသက် (၃၃) နှစ်အရွယ်ရှိ Ms Nadya Suleman ဟာ octuplets လို့ခေါ်တဲ့ ရှစ်မွာပူးကလေးတွေကို မွေးဖွါးခဲ့ကြောင်း BBC အင်တာနက်သတင်းမှာဖတ်လိုက်ရပါတယ်။ Ms Nadya Suleman မှာ အခုမွေးတဲ့ အမွာပူးကလေးရှစ်ယောက်အပြင် ယခင်ကလဲ နှစ်မွာပူးကလေးတွေအပါအ၀င် ကလေးခြောက်ရောက် ရှိနှင့်ပြီးသားပါတဲ့။

အမေရိကန်ရဲ့ ကလေးမွေးနှုံးသမိုင်းမှာ အခုလို ရှစ်မွာပူးမွေးတာဟာ အခုကြိမ်ဟာ ဒုတိယဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၈ ခုနှစ်တုန်းကလဲ Houston မြို့မှာ အခုလိုပဲ ရှစ်မွာပူးမွေးခဲ့ဖူးကြောင်း မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကလေးတစ်ယောက်ဟာ မွေးပြီးသတင်းတစ်ပတ်အကြာမှာ ဆုံးပါးသွားခဲ့ရပါတယ်။ အခုကလေးရှစ်ယောက်ကတော့ လောလောဆယ် အနေအထားအရ ကောင်းမွန်တိုးတက်မှုရှိကြောင်း သက်ဆိုင်ရာ ဆရာဝန်များက သတင်းထုတ်ပြန်ထားပါတယ်။

အထက်ပါအဖြစ်အပျက်နည်းတူ ကာလီဖိုးနီးယားပြည်နယ်ထဲမှာပဲဖြစ်ခဲ့တဲ့ နောက်ထပ်အဖြစ်အပျက်တစ်ခုကို ဒီနေ့သတင်းထဲမှာ ဖတ်လိုက်ရပါသေးတယ်။ အဲဒါကတော့ polydactyl လို့ခေါ်တဲ့ လက်ပွါးခြေပွါးလူသား တစ်ယောက်ဖွါးမြင်တဲ့အကြောင်းပါ။ ကျနော်တို့နေ့စဉ်ဘ၀မှာ လက်ပွါးခြေပွားကလေးတွေကို တွေ့မြင်နိုင်ပါတယ်။ တွေ့နေမြင်နေကျဖြစ်လို့ မထူးဆန်းတော့ပါဘူး။ ကျနော်ဆိုလဲ ခဏခဏမြင်ဖူးပါတယ်။ အချို့က လက်မမှာအမွာဖြစ်နေတယ်။ အချို့က လက်သန်းမှာ အတက်အပိုလေးထွက်နေတတ်တယ်။ အချို့ကျတော့ ခြေမ၊ ခြေသန်းတွေမှာ ဘေးထွက်အတက်သေးသေးတွေ ပေါက်နေတာမျိုးတွေ့ဖူးတယ်။

ကျနော်ငယ်ငယ် ရန်ကုန်မှာနေတုန်းက ကျနော်နေတဲ့အိမ်အနီးအနားမှာ ကျနော်ထက်အသက် ငါးနှစ်ခြောက်နှစ်လောက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ဆိုလဲ သူ့လက်မလေးတွေက နှစ်ဘက်စလုံး လက်မွာပူးဖြစ်နေတာတွေ့ရတယ်။ သစ်ကိုင်းမတစ်ခုကနေ သစ်ကိုင်းလေးတစ်ခုထိုးထွက်နေသလိုမျိုးကို သူ့လက်မလေးတွေက ဘေးထွက်နေတာပါ။ ဒါပေမဲ့ သူ့ကြည့်ရတာ အဲဒီအပေါ်မှာ အားငယ်စိတ်နည်းနည်းမှ ရှိပုံမပေါ်ပါဘူး။ လုပ်စရာရှိတာလုပ်၊ ကျောင်းပုံမှန်တက်နဲ့ နောက်တော့ အလုပ်ကျိုးစားတဲ့ ယောက်ျားတစ်ယောက်နဲ့ ညားသွားတယ်။ ဒါတွေအားလုံးကျနော့်မျက်စိရှေ့မှာ ဖြစ်ခဲ့တာချည်းပါပဲ။

ဒီလိုလက်ပွါး၊ ခြေပွါးလူသားတွေ နေ့စဉ်ဘ၀မှာ တွေ့နေမြင်နေကျမို့ မထူးဆန်းပေမဲ့ အခုမွေးလာတဲ့ကလေးမှာတော့ လက်ပွါးခြေပွါးတဲ့ပုံစံဟာ တွေ့နေမြင်နေကျပုံစံမျိုးမဟုတ်ဘဲ ပြည့်ပြည့်စုံစုံကြီးကို ပါလာတာတွေ့ရပါတယ်။ လက်နှစ်ဘက်စလုံးမှာ လက်ချောင်းလေးတွေ ခြောက်ချောင်းစီနဲ့ ခြေနှစ်ဘက်စလုံးမှာလဲ ခြေချောင်းလေးတွေ ခြောက်ချောင်းစီ ပြည့်ပြည့်စုံစုံပါလာတာပါ။ စုစုပေါင်း လက်ချောင်းခြေချောင်း ပေါင်း (၂၄) ချောင်းတိတိ ပါတယ်တယ်။ ဖြစ်နေကျမဟုတ်လို့ ၀မ်းသာရမည့်ကိစ္စမဟုတ်ပေမဲ့ သူများထက် လက်ခြေလေးချောင်းတိတိပိုတဲ့အတွက် ဒီကလေးကြီးလာလို့ စန္ဒယားတွေ၊ ဂစ်တာတွေ သင်ရင် သူများထက်ထူးချွန်နိုင်တယ်လို့ ကြံကြံဖန်ဖန် ပြောဆိုနေကြတာလဲ ရှိလေရဲ့။

သူတို့ပြောတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာလောကကို ကျနော်တို့ လက်လှမ်းမီသလောက် ကြည့်လိုက်တဲ့အခါ ဒီလိုလက်ပွါးလူသားတွေ နေရာရနေကြတာ တွေ့ရပါတယ်။ အချို့က ကိုယ်အင်္ဂါမပြည့်စုံလို့ စိတ်အားငယ်နေတဲ့အချိန်မှာ သူတို့က ကိုယ်အင်္ဂါအပိုပါလာလို့ စိတ်ညစ်နေတာမျိုးမဖြစ်ပဲ ရရာကဏ္ဍမှာ ၀င်ရောက်သရုပ်ဆောင်ရင်းနဲ့ နေရာရနေတဲ့ မင်းသားတွေလဲ ရှိပါတယ်။ Bollywood ရုပ်ရှင်လောကမှာ ထိပ်တန်းက နေရာရနေတဲ့ မင်းသား Hrithik Roshan ဆိုရင် သူ့လက်မလေးတွေဟာ လက်ပွါးလေးတွေဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို လက်ပွါးမင်းသားလို့ခေါ်ကြပါတယ်။ ကျနော်ကြိုက်တဲ့ ကုလားမင်းသားတွေထဲက တစ်ယောက်ပါပဲ။ အထူးသဖြင့် အကဘက်မှာတော်ပြီး ခပ်ကြမ်းကြမ်းသရုပ်ဆောင်ကွက်တွေကို ပိုင်ပါတယ်။ မင်းသမီး Amisha Patel နဲ့တွဲရိုက်ထားတဲ့ Kaho Naa... Pyaar Hai (ဘာ့ကြောင့်ချစ်တာလဲ) ကားဆိုရင် ကျနော့်အသဲစွဲပေါ့။ (မင်းသမီးကို စွဲတာ။)

အားကစားလောကထဲ ကြည့်လိုက်ရင်လဲ Sir Garfield Sobers တို့လိုလူတွေကို တွေ့ရမှာဖြစ်ပါတယ်။ သူဟာ သူ့ခေတ်သူ့အခါက ပြိုင်ဘက်ကင်းလောက်အောင်ကို တော်တဲ့လူတစ်ယောက်လို့ သိရပါတယ်။ ဒါကြောင့်လဲ သူ့ကို ဒုတိယ အလိဇဘက်ဘုရင်မကြီးက သူရဲကောင်းအဖြစ်အသိအမှတ်ပြုပြီး ဆာဘွဲ့ နှင်းအပ်ခဲ့တာပါ။ သူဆိုရင်လဲ သူများထက်ထူးပြီး လက်နှစ်ဘက်စလုံးမှာ လက်ချောင်းအပိုလေးတွေပါလာပါတယ်။ သူ့မှာပါလာတဲ့ လက်ချောင်းအပိုတွေက သူ့ဘ၀ရဲ့တက်လမ်းမှာ ဘာအနှောက်မှ မပေးခဲ့ကြောင်း သူ့ရဲ့အောင်မြင်မှုသမိုင်းက အတိအလင်းဖေါ်ပြထားပါတယ်။

ဒါကြောင့် လက်မှာပဲ အပိုပါပါ၊ ခြေမှာပဲ အပိုပါပါ အပိုပါလာတဲ့ လက်ခြေတွေဟာ လူကို ဘာမှဒုက္ခမပေးနိုင်ပါဘူး။ ဒုက္ခပေးနိုင်တာကတော့ စိတ်ပါပဲ။ အဲလိုပါလာလို့ စိတ်အားငယ်နေရင်တော့ အဲဒီလူဟာ လူတောမတိုးရဲတော့ပဲ ဘ၀ရဲ့အောင်မြင်မှုတွေနဲ့ အလွဲကြီး လွဲရမှာသေချာပါတယ်။ ဒီလိုလက်ပွါးခြေပွါးသဘောကို ဆေးပညာရှုထောင့်က ကြည့်ရင်တော့ Gene လို့ခေါ်တဲ့ မျိုးရိုးဗီဇကို လက်ညှိုးထိုးပြပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ ကိုယ်ယုံကြည်ရာဘာသာတရားအလိုက် လက်ညှိုးထိုးကြမှာပါပဲ။ ခရစ်ယန်က ဘုရားသခင်ဖန်ဆင်းတယ်၊ မူစလင်က အလာရဲ့အလိုကျ၊ ဟိန္ဒူက ဗြဟ္မာရဲ့လက်ချက် လို့ပြောပြီး ကျနော်တို့ ဗုဒ္ဓဘာသာကတော့ အဲဒါကံကြောင့်လို့ ဆိုမယ်ထင်ပါရဲ့။

ဘာကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုတိတိကျကျပြရင်ရှုထောင့်အမျိုးမျိုးကနေ ငြင်းနေရမှာဖြစ်တဲ့အတွက် ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ပြောမနေတော့ပဲ အဲဒီလိုလက်ပွါးခြေပွါးဖြစ်ခြင်းကြောင့် ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းလမ်းမှာ ဘာမှအန္တရယ်မရှိဘူး ဆိုတာ သေသေချာချာနားလည်ထားရင် ဒီကိစ္စဟာ အလိုလိုပြီးသွားတယ်လို့ ကျနော့်အနေနဲ့ကတော့ ယုံကြည်ပါတယ်။ အရေးကြီးဆုံးက မိမိစိတ်ပါပဲ။ ကိုယ်ခန္ဓာချို့ယွင်းမှုကြောင့် ဒီဘ၀မှာရော နောင်ဘ၀မှာ မထိခိုက်နိုင်ပါဘူး။ စိတ်ဓာတ်ရေးရာ ပျက်ပြားချို့ယွင်းနေရင်တော့ လက်တွေခြေတွေအကုန်ကောင်းနေပေမဲ့ အဲဒီလူဟာ အခုဘ၀မှာရော၊ နောက်ဘ၀မှာ အထက်တန်းကျတဲ့ လူတစ်ယောက် မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်ချက်။ http://news.bbc.co.uk/1/hi/health/7870769.stm ကို အခြေပြုရေးသားပါသည်။

No comments: