Tuesday, February 3, 2009

စစ်မှန်တဲ့ပညာရေး


True education does not consist in simply being taught facts.
(Oxford Dictionary)

စစ်မှန်တဲ့ပညာရေးဆိုတာ အချက်အလက်အမှန်တွေကိုချည်း သင်ပြနေရုံနဲ့ မလုံလောက်ဘူး။
(အော့ခ်စ်ဖောဒ် အဘိဓာန်)

ယနေ့ကမ္ဘာမှာ (Science and Technology) သိပံ္ပနှင့်နည်းပညာတိုးတက်ထွန်းကားလာတာနဲ့အမျှ ပညာသင်ပုံစနစ်ဟာလဲ များစွာပြောင်းလဲလာတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ တိုးတက်နေပါသည်ဆိုတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ပညာရေးစနစ်ဟာ ပြဌာန်းထားတဲ့ သင်ကြားရေးစာအုပ်ကို မဏ္ဍိုင်ပြုပြီး လက်တွေ့လောကထဲမှာ အမှန်သဘောကို ရှာဖွေတဲ့ပုံစံအဖြစ် ကူးပြောင်းလာပါတယ်။ ဒီလိုသင်ကြားရေးမျိုးကို နိုင်ငံအတော်များများမှာ လက်ခံကျင့်သုံးနေတာ တွေ့ကြရမှာပါ။ ပွင့်လင်းသောပညာရေးစနစ်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။

အထူးသဖြင့် ဒီစနစ်မျိုးကို အခြေခိုင်နေပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ အဓိကတွေ့ရမှာဖြစ်ပါတယ်။ ဒီစနစ်ကို လက်ခံကျင့်သုံးလာတဲ့အတွက် ဆရာတပည့်ပုံစံဟာလဲ ပိုမိုပွင့်လင်းလာရပါတယ်။ ပိုမိုပွင့်လင်းတယ်ဆိုတဲ့ နေရာမှာ အတန်းပြီးတာနဲ့ ဆရာနဲ့တပည့်အတူတွဲပြီး အရက်ဆိုင်မှာ အရက်သွားသောက်တာမျိုးကို ကျနော်မဆိုလိုပါ။ ကျနော်ဆိုလိုတာက အတန်းထဲ စာသင်နေချိန်မှာ ဆရာရှင်းပြတာကို တပည့်လုပ်သူက နားမလည်တဲ့အခါ ရဲတင်းပွင့်လင်းစွာ မေးခွန်းထုတ်နိုင်ခြင်းကို ဆိုလိုပါတယ်။

တပည့်တစ်ယောက်အဖို့ သူမရှင်းမလင်းတာကို ပြန်မေးနိုင်ဖို့အတွက် ဆရာလုပ်သူမှာ များစွာတာဝန်ရှိပါတယ်။ ပညာရေးစနစ်ပွင့်လင်းတဲ့နိုင်ငံကြီးတွေက ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာတော့ ဆရာဟာ အူကြောင်ကြောင်လုပ်လို့မရပါဘူး။ တပည့်က မသိလို့ဖြစ်စေ၊ မရှင်းလို့ဖြစ်စေ နည်းလမ်းတကျ မေးလာတဲ့မေးခွန်းကို ပြေလည်အောင် ဖြေရှင်းပေးရပါတယ်။ ပြဌာန်းထားတဲ့ စာအုပ်ထဲပါ အချက်အလက်တွေကိုချည်း ကြက်တူရေးရွတ်သလို သင်သွားရင်တော့ အဲဒီဆရာဟာ နောက်နေ့တွေမှာ အတန်းထဲ မြင်ရတော့မှာမဟုတ်ပါဘူး။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ချစ်စရာကောင်းတဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။ မြင်နေရသေးတယ်ဆိုရင်လဲ Feed Form ထွက်လာတဲ့အခါ အလုပ်ပြုတ်မှာ သေချာသလောက်ပါပဲ။ အဲဒီလိုဆရာမျိုးကို ပွင့်လင်းတဲ့နိုင်ငံက ကျောင်းသားကျောင်းသူတွေက အမှတ်မပေးတတ်ပါဘူး။

ကျနော်တို့ဆီက ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာတော့ ဒီစနစ်ဟာ မရှိသလောက်ကို ဖြစ်နေတာပါ။ ဆရာဆရာမတွေဟာ ကျောင်းသူကျောင်းသားတွေက မရှင်းလင်းလို့ မေးရင် သိပ်မကြိုက်တတ်ကြပါဘူး။ အဲဒီလို အတန်းသားတစ်ယောက်ယောက်က မရှင်းလို့ထမေးတဲ့အခါ မျက်နှာထားတစ်မျိုးဖြစ်ပြီး အဲဒီမေးတဲ့ကျောင်းသားအပေါ် အတေးအမှတ်ထားတာမျိုးထိတောင် ကျနော်ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ ပြဿနာက အဲလောက်နဲ့တင်ရပ်မနေပဲ ကျောင်းသားက ဆရာကို အတန်းထဲမှာ အရှက်ခွဲတယ်ဆိုတဲ့ အခြေအနေထိဖြစ်တတ်ပါတယ်။ ဆရာလုပ်သူက ကျောင်းသူကျောင်းသားတစ်ယောက်အပေါ် အဲဒီလိုပြုမူတာကို အခြားအတန်းသားတွေက တွေ့ရတဲ့အခါ သူတို့လဲ သူတို့မရှင်းတဲ့ပြဿနာကို မေးချင်တောင် မမေးရဲတော့တဲ့ အခြေအနေရောက်သွားပါတယ်။ ဒါဟာ အတော့်ကို စိတ်မကောင်းစရာ၊ ပညာရေးအတွက် ၀မ်းနည်းစရာကိစ္စကြီးဖြစ်ပါတယ်။

တပည့်ဟာ ဆရာကို ရိုသေရမှာဖြစ်ပါတယ်။ ကြောက်ရမှာမဟုတ်ပါဘူး။ ဆရာကိုကြောက်တဲ့ ကျောင်းသားတစ်ယောက်ဟာ တကယ်တော်တဲ့လူ၊ နောင်တစ်ချိန်မှာ အများအတွက် တကယ်အသုံးကျတဲ့လူဖြစ်နိုင်ပါ့မလားလို့တောင် ကျနော်သံသယဖြစ်မိပါတယ်။ ကျနော်တို့ဆီက ဆရာအများစုကတော့ ကျောင်းသားတွေက သူတို့ကို ကြောက်တာကို သဘောကျကြပုံရပါတယ်။ ဒါမှလဲ ကြောက်ပြီး အတန်းထဲမှာ ဘာမှမမေးပဲနေမှာကိုး။ ဆရာတွေဟာ ဒီအခွင့်အရေးကိုယူပြီး ပြဌာန်းစာအုပ်ထဲက စာတွေကိုချည်း လှိမ့်ရွတ်ပြတော့တာပါပဲ။

တကယ်တော့ ပြဌာန်းစာအုပ်ဆိုတာ ကျောင်းသားတွေကို ရှေ့ကနေထိုင်ပြီး ရွတ်ပြဖို့မဟုတ်ပါဘူး။ စာအုပ်ထဲမှာ ပညာရှင်တွေရေးထားတဲ့ မည့်သည့်အကြောင်းအရာကိုမဆို ဆရာက ရှေ့ကနေရှင်းပြ၊ ဆွေးနွေးရမည့်အချက်အလက်တွေကို ထုတ်ပေး၊ သူ့အမြင်ကိုယ့်အမြင်ဖလှယ်ပြီးတော့ လမ်းညွှန်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျောင်းသာအချင်းချင်းငြင်းတာခုံတာမျိုးလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီလိုဖြစ်လာရင် ဆရာက အကျိုးသင့်၊ အကြောင်းသင့် ၀င်ရောက်ရှင်းလင်းပေး၊ ဒီလိုဖြစ်ရမှာ။ အဲလိုမဟုတ်ပဲ စာအုပ်ထဲပါတဲ့ အချက်အလက်တွေကိုချည်း သင်ပေးပြီး ဒါတွေကိုပဲ မေးခွန်းပြန်ထုတ်နေရင်တော့ အဲဒီပညာရေးဟာ အထက်မှာပြောခဲ့ True Education မျိုးမဖြစ်နိုင်တော့ဘူး။
ကျနော့်တို့ဆီက ပညာရေးစနစ်ဟာ ခေတ်မီတဲ့နိုင်ငံကြီးတွေရဲ့ ပညာသင်ပုံနည်းစနစ်ကို အတုယူသင့်တယ် ထင်လို့ ကျနော်တင်ပြလိုက်တာပါ။

ဝေဘန်ဖို့နဲ့ လေကန်ဖို့ တင်ပြလိုက်တာပါ ခင်ဗျား။

No comments: