Friday, May 1, 2009

ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား



ဒီမနက် စောစောစီးစီး အိပ်ယာကနိုးပြီး ထုံးစံအတိုင်း မနက်စာပေါင်မုန့်မီးကင် နှစ်ချပ်နဲ့ ကော်ဖီပြင်းပြင်းတစ်ခွက် မော့လိုက်တယ်။
အဲဒီနောက် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက အရိုးကြေကြေ အရေခန်းခန်း၊ ကောင်းတူဆိုးဘက် ကျနော့်အပါးတော်မြဲ လက်ပတော့ပ်အစုတ်ကလေး (တစ်ခုတည်းသော ကျနော်ပိုင်ဆိုင်မှုပါဗျား၊ ဆင်းရဲမှန်းသိအောင် ကြိုတင်ပြောထားမှ။) ကို ဖွင့်ပြီး စိတ်ကောက်မှ လိပ်လောက်သွားတဲ့ အင်တာနက်ပေါ်တက်လိုက်ပါတယ်။

ထုံးစံအတိုင်း ကျနော်သွားလည်နေကျ ဘလော့ဂ်တွေထဲက စာအရေးအသားကောင်းတဲ့ ကိုမြစ်ကျိုးအင်း (သူ့နာမည်အရင်းကို မသိပါ) နဲ့ အမေရိကမှာ သတင်းသုံးတော်မူတဲ့ ဆရာတော် မနက်ဖန် တို့ရဲ့ အသစ်တင်ထားတာတဲ့ ပို့စ်လေးတွေကို ဖတ်ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီး ကျနော့်ရင်ကို ဒိုင်းကနဲ လာမှန်တဲ့ ကိုမြစ်ကျိုးအင်းရဲ့စကားလုံးတွေနဲ့ မနက်ဖန်ရဲ့ ရသမြောက်တဲ့ ထောက်ကွက်လေးတွေကို ဖတ်မိပြီး ကျနော်အသိတစ်ခု ခိုင်ခိုင်မာမာ ရလာခဲ့တယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမားနှင့် ပြောင်းလဲမှုကို ချစ်ခင်သော အိုဗားမား” တို့ရဲ့ ခြားနားချက်။

ဒီနေ့ မေလ (၁) ရက်။ ကျနော်တို့တိုင်းပြည်ကို သမိုင်းစာမျက်နှာအသစ်တစ်ခုဖွင့်ပေးခဲ့တဲ့ အကြိုရက်တစ်ရက်။ နောင်လာနောင်သားတွေ ယုံကောင်းမှယုံကြည်နိုင်မည့် အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပေါ်ဖို့ တာထွက်လာတဲ့ နေ့တစ်နေ့။ မနက်ဖန်၊ သန်ဘက်ခါ နဲ့ ဖင့်နွဲ့ခါ ဆိုတဲ့ ရက်တွေကို ဧရာဝတီစာမျက်နှာမှာ အကျီးတန်အရုပ်ဆိုးစေတဲ့ ပုံရိပ်တွေအဖြစ် ဖန်တီးပေးခဲ့တဲ့ အဖွင့်နိဒါန်း။ ပြီးခဲ့တဲ့ အဖြစ်ဆိုးတွေကို ပြန်ပြောရတာဟာ ကျနော့်စိတ်ထဲမှာ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခုကို ပြန်မက်မိသလိုပါပဲ။ ပြန်မပြောချင်တော့ပါ။ ဖြစ်နိုင်ရင် မေ့ပစ်လိုက်ချင်ပါပြီ။

ဒါပေမဲ့ သမိုင်းကို သစ္စာဖေါက်သူအဖြစ်တော့ စာအတင်မခံနိုင်ပါ။ အသိအမှတ်အပြုမခံရရင်တောင် လူသူမသိတဲ့ အညတြဘ၀နဲ့ အဖြစ်မှန်ကို အမှန်တိုင်းသိပြီး ကိုယ့်သမိုင်းအပေါ်သစ္စာရှိသူတစ်ယောက်အဖြစ်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာလုံချင်ပါတယ်။ ဒါကြောင့် ကျနော် ဒီစာကို ရေးဖို့စိတ်ကူးခဲ့တာပါ။ ရင်ထဲပေါ်လာတဲ့ခံစားချက်ကို အများမဖတ်မိတောင်မှ ကျနော့်အတွက်သီးခြားမှတ်တမ်းလေးတစ်ခုအဖြစ် ကျနော့်ဒိုင်ယာရီထဲ မှင်တို့ထားခဲ့ချင်ပါတယ်။ ဒီအတွက် ကျနော်ရမည့်ရလာဘ်ဟာ ဆုလား၊ ဒဏ်လား၊ ကျနော်မတွေး။

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်၊ ကျနော်တို့သိတတ်စအရွယ်လောက်ကတည်းက တိုင်းပြည်တစ်ခုလုံးက အဖွဲ့ချုပ်အပေါ် အပ်နှင်းထားတဲ့အာဏာကို မတရားသိပ်ပိုက်ယူငင်ပြီး တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနဲ့ မလုံခြုံဆုံးနိုင်ငံတွေစာရင်းထဲ သွပ်သွင်းခဲ့တဲ့ လက်ရှိစစ်တပ်ကို ကျနော်နာမည်တစ်ခုတပ်ချင်ပါတယ်။ “ပြောင်းလဲမှုကို မုန်းတီးသော အိုဗားမား” လို့။ မြန်မာပြည်က တစ်ဘက်သတ်ထုတ်ဝေတဲ့ ရုပ်သေးသတင်းစာ တွေရဲ့ စာမျက်နှာတွေပေါ်မှာ ဘုရားသွားကျောင်းတက်၊ တံတားဖွင့်ဆိုတဲ့အလုပ်မျိုးတွေကို ဟန်ပြလုပ် ဖေါ်ပြရတာလောက်ကိုပဲ အဟုတ်ထင်ပြီး တကယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေကိုတော့ သူတို့နဲ့မဆိုင်သည့်အလား ဥပေက္ခာပြုထားနိုင်လောက်အောင် ရဲဝံ့စွန့်စားကြသူတွေလို့ ကျနော်ပြောချင်ပါတယ်။

နာဂစ်ဆိုတဲ့ စကားလုံးအသစ်တစ်လုံး မြန်မာပြည်သူတွေနားထဲ ချင်းနင်းဝင်ရောက်လာတာနဲ့ တစ်ပြိုင်နဲ့ သူ့နောက်ကကပ်ပါလာတဲ့ အန္တရာယ်ဆိုးကြီးကို ကာကွယ်ဖို့ သိပ်နောက်ကျခဲ့သွားပါပြီ။ ကြိုတင် အကြောင်းမကြားပဲ ရောက်လာတဲ့ ဧည့်သည်ဆိုးဟာ ကျနော်တို့လူမျိုးတွေရဲ့ ရင်တွင်းခံစားချက်ကို ကြောက်လန့်တကြား ခါးသီးစေခဲ့ပါတယ်။ သားသမီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်း ရင်းနှီးသူတွေ ကိုယ့်မျက်စိရှေ့မှာ နာဂစ်ဝါးမျိုးသွားတာကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီး ရင့်နစ်ခါးသီးဖြစ်နေရတဲ့အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့စွာ ဥပေက္ခာပြု လျှစ်လျှူရှုခြင်းကိုပါ ခံလိုက်ရပြန်တော့ ခါးသီးမှုဟာ နာကျည်းမှုအသွင်ဆောင်လာခဲ့ရပါတော့တယ်။

ကလေးငယ်များစွာ မိဘမဲ့ဖြစ်လို့ဖြစ်၊ မိဘများစွာ သားသေရင်ကျိုးအဖြစ်ဆိုးနဲ့ ကြုံလို့ကြုံ၊ မိန်းမများစွာတို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုမုဆိုးမဘ၀ရောက်လို့ ရောက်မှန်းမသိဖြစ်နေရတဲ့အချိန်မှာ မုန်တိုင်းဒဏ်မခံလိုက်ရတဲ့ တတ်နိုင်သူပြည်သူတွေရဲ့ ကရုဏာတရားဟာ အမြင့်မားဆုံးအဆင့်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီထောက်ပံ့ရင်း ဒုက္ခရောက်သူတွေရဲ့ မစဲနိုင်တဲ့မျက်ရည်စက်တွေကို နည်းပါးစေခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တာဝန်ရှိသူတွေဟာ ဒီအချိန်မှာ အရေးမပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကြီးကို မစားရ၀ခမန်း အဓမ္မလုံးပန်းရင်း နာဂစ်ထောက်ပံ့ကူညီရေးအဖွဲ့တွေနဲ့ အဖွဲ့သားတွေ အမြောက်အများကို တားဆီးပိတ်ပင်နှောက်ယှက်ခဲ့ကြပါတယ်။ သူတို့ ဘာကိုကြောက်ကြတာလဲ။

အာဏာယူ စတက်လာပြီးကတည်းက ပြုလုပ်ခဲ့သမျှ အပြောင်းအလဲတွေဆိုတာလဲ သူတို့သက်ဆိုင်ရာမိသားစုဝင်တွေ ချမ်းသာကြီးပွါးရေးကို ရှေးရှုခဲ့ကြတာချည်းပဲ ဖြစ်ပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေကို တန်းလုံးကျွတ်အောင်မြင်ရေး ဆိုတဲ့ကျွေးကြော်သံနဲ့ အကြီးအကျယ်ဖိအားပေးခဲ့တယ်။ သက်ဆိုင်ရာကျောင်းအသီးသီးက ဆရာ/ဆရာမတွေဟာ ကိုယ့်အတန်းက ကျောင်းသူ/ကျောင်းသားတစ်ယောက်ယောက် အရည်အချင်းမမီလို့ ကျရှုံးတာရှိရင် သက်ဆိုင်ရာက စစ်လားဆေးလားလုပ်လွန်းလို့ ခေါင်းအရှုပ်မခံကြတော့ပဲ တန်းလုံးကျွတ်အောင်ပေးလိုက်ကြရတယ်။ ဒီမှာတင် သူတို့ပြုပြင်ထားတယ်ဆိုတဲ့ ပညာရေးစနစ်ကြီးဟာ ပျက်စီးခြင်းမက ပျက်စီးရတော့တာပါပဲ။ စာမကျက်လဲ အောင်မှာပဲလို့ အတွေးဝင်သွားကြတဲ့ ကျောင်းသားငယ်လေးတွေရဲ့ အနာဂတ်ကို သူတို့ပြောင်းလဲထားတဲ့ ပညာရေးစနစ်ဆိုးကြီးက ဖျက်ဆီးပစ်လိုက်ပါပြီ။

စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုပြီး ဦးပိုင်စနစ်ထူထောင်၊ စီးပွါးရေးအကြောင်းဘာမှနားမလည်တဲ့ လူတွေက အထက်မှာနေရာယူပြီး လက်ဝါးကြီးအုပ်ထားလို့ အောက်ကလူတွေ အသက်ရှုကြပ်ပြီး အရင်းပြုတ်ခဲ့ကြရတယ်။ ကုန်ဈေးနှုံးတွေအဆမတန်တက်လာပြီး တစ်နိုင်ငံလုံးရှိ သာမန်ပြည်သူအများစုနဲ့ လက်လုပ်လက်စားတွေဟာ ထမင်းနပ်မှန်ဖို့အရေး ရရာအလုပ်ကို အရဲစွန့်လုပ်ကိုင်နေကြရရှာတယ်။ သူတို့နဲ့ ပုလင်းတူဗူးဆို့ပေါင်းသင်းနိုင်တဲ့ လူတွေကတော့ ကားတစ်စီးမှ နှစ်စီး၊ တိုက်တစ်လုံးမှ နှစ်လုံး စသည် ကြီးပွါးလာပြီး လမ်းပေါ်လျှောက်နေကြတဲ့ သာမန်ပြည်သူတွေကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်နေနိုင်ကြတယ်။ “မင်းတို့ မပေါင်းတတ်လို့ ငတ်နေတာ” ဆိုတဲ့ အပြောမျိုးတွေလဲ တိုင်းချစ်ပြည်ချစ်လူထုရဲ့နားထဲမှာ မကြားချင်ဆုံးကြားနေကြရရှာတယ်။ နောက်ဆုံးတော့ ငါ့ဝမ်းပူဆာမနေသာအဖြစ်မျိုးနဲ့ ကြုံလာရတဲ့အခါ မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို ရှေ့မျက်နှာနောက်ထားပြီး ပေါင်းကြ သင်းကြရတော့တယ်။ ဒီမှာတင် တိုင်းပြည်ရဲ့စီးပွါးရေးဟာ အဖတ်ဆယ်မရအောင် ထိုးကျလာရပြီး ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမူတွေဟာ ကြီးထွားသထက် ကြီးထွားလာရတာပါပဲ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကိုတော့ အများသိကြတဲ့အတိုင်း သူတို့ဖင်မြဲရေးရှေးရှုတဲ့ စည်းကမ်းဥပဒေတွေကိုပဲ ထုတ်ပြန်ခဲ့ကြတယ်။ ထမင်းငတ်မှာကြောက်ကြတဲ့ ဥပဒေပညာရှင်တွေကို သေနတ်ပြောင်းဝမှာ ဘောလ်ပင်တပ်ရေးခိုင်းပြီး ပြည်သူချစ်ခင်လေးစားတဲ့ အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချလုပ်ရင်း လုံးဝအာဏာရှင်ဆန်တဲ့ စနစ်ကို မွေးမြူခဲ့ကြတယ်။ ကြပ်ဖွံ့နဲ့ စွမ်းအားရှင်ဆိုတဲ့ ပြည်သူ့နှိမ်နှင်းရေး အဖွဲ့ကြီးနှစ်ဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံရေးလမ်းကြောင်းပေါ်က ပြည်သူ့ဘက်တော်သားတွေနဲ့ ရဟန်းသံဃာတော်များကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့ကြတယ်။ ပြည်ပနဲ့ တတ်နိုင်သမျှ အဆက်အသွယ်ဖြတ်ပြီး သူတို့ကို အားပေးထောက်ခံလောက်တဲ့ တရုတ်တို့လိုအာဏာရှင်နိုင်ငံတွေနဲ့ပဲ အပေါင်းအသင်းလုပ်ရင်း တိုင်းပြည်တစ်ခုလုံးကို ကမ္ဘာ့အလယ်မှာ အထီးကျန်ဆန်၊ အောက်တန်းကျအောင် ဖန်းတီးခဲ့ကြတယ်။

လူမှုရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဗိုလ်ကတော်တွေစုပြီး အမျိုးသမီးရေးရာအဖွဲ့ကို တစ်နိုင်ငံလုံးဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က တိုင်းပြည်အတွက်ဘာလုပ်ပေးခဲ့သလဲ။ အမျိုးသမီးတွေရဲ့ ဘ၀အထွေထွေကို ဘယ်အထိမြှင့်တင်ပေးနိုင်ခဲ့သလဲ။ ငါ့ယောက်ျားကဘာရာထူး၊ နင့်ယောက်ျားကဘာရာထူးစသဖြင့် သူတို့ယောက်ျားတွေရဲ့ ရာထူးအာဏာကို လူသိရှင်ကြားလုပ်ဖို့ အစည်းအဝေးတွေထိုင်၊ အတင်းပြောဖို့လောက်ပဲ တတ်နိုင်ကြတဲ့အဖွဲ့လို့ ဆိုချင်တယ်။ သူတို့လက်ထက်မှာ မြန်မာပြည်တစ်ဝှန်း စားစရာမရှိလို့၊ ကျောင်းစရိပ်မတတ်နိုင်လို့ ကိုယ့်ကိုယ်ကို ရရာဈေးနဲ့ ရောင်းစားလိုက်ရတဲ့ အမျိုးကောင်းသမီးလေးတွေနဲ့ ကျောင်းသူလေးတွေရဲ့ အရေအတွက် ဘယ်လောက်တိုးလာတယ်ဆိုတာ သူတို့သိကြပါရဲ့လား။ ဘားခန်းတွေ၊ အနှိပ်ခန်းတွေ၊ နိုက်ကလပ်တွေနဲ့ ဟိုတယ်တွေမှာ သူတို့ယောက်ျားတွေရဲ့ ခြေတော်အတင်ခံခဲ့ကြရရှာတဲ့ အမျိုးသမီးပျိုလေးတွေ ဘယ်လောက်ထိ များနေတယ်ဆိုတာကိုရော အဲဒီအမျိုးသမီးရေးရာအဖွဲ့ဝင် ဗိုလ်ကတော်တို့ သိကြပါရဲ့လား။ အဲဒီအမျိုးသမီးလေးတွေရဲ့ ဘ၀အခြေအနေတွေကို အမျိုးသမီးရေးရာအဖွဲ့ကြီးက ဘာလုပ်ပေးခဲ့သလဲ။

စစ်အာဏာရှင်တွေက ဗားမားဆိုတဲ့ ပြုပြင်ပြောင်းလဲဖို့အလွန့်ကို လိုအပ်နေတဲ့ မြန်မာပြည်ကြီးကို အိုနေဟောင်းနေတဲ့ဘ၀ထဲက မလွတ်မြောက်အောင် အထက်ပါအရေးအမျိုးမျိုးနဲ့ ထိမ်းချုပ်နှိပ်ကွတ်ရင်း အိုဗားမားဇာတ်သွင်းနေချိန်မှာ “ပြုပြင်ပြောင်းလဲမှု လုပ်စရာမရှိလောက်အောင်ကို တိုးတက်နေတဲ့ အမေရိကနိုင်ငံ” မှာ “ပြုပြင်ပြောင်းလဲရေး” ကြွေးကြော်သံနဲ့ အောင်ပွဲခံပြီး သမ္မတဖြစ်လာသူကတော့ အိုဗားမားပါပဲ။ အများသိပြီးကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ရက်တစ်ရာပြည့် သမ္မတသက်တမ်းတောက်လျှောက် သူ့တိုင်းပြည်နဲ့ သူ့လူမျိုးတွေအတွက် သူဆောင်ရွက်ခဲ့တာတွေကို သတင်းစာအသီးသီးက စိတ်ဝင်တစား ရေးသားတင်ပြလာခဲ့ကြပါတယ်။

သတင်းသမားအချို့အမြင်အရ “အားရလောက်တဲ့အခြေအနေမဟုတ်သေးဘူး” လို့ ဝေဖန်တဲ့သူတွေက ဝေဖန်ခဲ့ကြပေမဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာ စီးပွါးရေးကပ်ဆိုက်ပြီး ထမင်းငတ်လုလုဖြစ်နေတဲ့ သူ့ပြည်သူပြည်သားတွေရဲ့ အိုးအိမ်စည်းစိမ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ပါပဲ။ ပြည်သူလူထုတွေ ဒုက္ခနဲ့ရင်ဆိုင်ရတော့မည့်အချိန်မှာ မင်းဖြစ်လာတဲ့အိုဗားမားဟာ တခြားသမ္မတတွေထက် ပိုပြီး ရုန်းကန်နေရတယ်ဆိုတာတော့ သေချာပါတယ်။ အခုလောလောဆယ်ဖြစ်နေတဲ့ Swine Flu ဘေးရန်ကို ကာကွယ်တားဆီးဖို့အရေးလဲ သူကိုယ်တိုင်အားသွန်ခွန်စိုက်ပါဝင် ကြိုးပန်းနေတာ တွေ့မြင်နိုင်ပါတယ်။ ဒါတောင် သူတို့နိုင်ငံမှာ ဘာမှဖြစ်သေးတာမဟုတ်ပါဘူး။ အသေအပျောက်တောင် တစ်ယောက်စ၊ နှစ်ယောက်စပဲရှိပါသေးတယ်။ လူသိန်းချီသေဆုံးခဲ့ရတဲ့ မြန်မာပြည်က နာဂစ်ဘေးအပေါ် စစ်အာဏာရှင်တွေ တုန့်ပြန်ပုံမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် အသည်းရှိသူတိုင်း နာကျင်စရာကြီးပါ။

နာဂစ်မွှေတဲ့ မေလထဲရောက်လာလို့ သွားလေသူတွေကို သတိရတမ်းတမိရင်း ထိခိုက်လာတဲ့နာကျင်မှုကို မခံစားနိုင်တဲ့အတွက် ကျနော်ရေးလိုက်တာ နိုင်ငံရေးဆန်ဆန်တောင်ဖြစ်သွားပြီလား မသိတော့ပါဘူး။ ဖြစ်သွားရင်လဲ စာဖတ်သူက ဒီစာကို နိုင်ငံရေးစာလို့ပဲ အောင့်မေ့ပါတော့ဗျာ။ တကယ်တော့ ကျနော်တို့အားလုံးဟာ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်စကားနဲ့ပြောရရင် “နိုင်ငံရေးသတ္တ၀ါတွေချည်းပါပဲ” 'Man is a political animal" လို့ သူပြောခဲ့တာရှိပါတယ်။ အပြောင်းအလဲကို လိုလားကြတဲ့ ကျနော်တို့ဟာ အပြောင်းအလဲမဖြစ်သေးလို့ အားမလိုအားမရနဲ့ အပြောင်းအလဲဖြစ်ဖို့အရေး မျှော်တွေးရင်း ဒီစာကို ကျနော်ရေးကြောင်းပါ။ နောင်လဲ အလျှင်းသင့်သလို ရေးနေရဦးမှာပါပဲ။ ကျနော်တို့တတွေအားလုံးဟာ ပြောင်းလဲချင်ကြပြီလေ။

http://news.bbc.co.uk/1/hi/world/asia-pacific/8026834.stm

6 comments:

kiki said...

အဖိနှိပ်ခံမြန်မာပြည်သားတွေရဲ့ရင်ထဲကနာကျည်းချက်များကို ကိုယ်စားပြုပြီး ကလောင်သွားထက်ထက်နဲ့ ဖေါ်ပြပေးလိုက်တာ ကွင်းကွင်းကွက်ကွက်ပါဘဲ ။အမျိုးမစစ်တဲ့ လက်တဆုပ်စာ လူမဆန်တဲ့ လူတွေ ဒီစာလေး ဖတ်မိပြီး မှန်ကန်တဲ့ အသိတရားနဲ့ စာနာစိတ်တွေ ရှိလာမဲ့ တနေ့ နေ့ မှာ.....
အဲဒီတနေ့ နေ့ ဆိုတာ မဝေးတော့ပါဘူးလို့ မျှော်လင့်ရင်း...ကိုမင်းထက်ရေ။။။။။။ အမတော့ တကယ့်ကို ဆွံ့ အ သွားပါပြီ ။ :((

မသက်ဇင် said...

တကယ်တော့ ကျနော်တို့အားလုံးဟာ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်စကားနဲ့ပြောရရင် “နိုင်ငံရေးသတ္တ၀ါတွေချည်းပါပဲ” 'Man is a political animal" လို့ သူပြောခဲ့တာရှိပါတယ်။

စာတွေလာဖတ်သွားပါတယ်။
အစစအရာရာအဆင်ပြေပါစေ။

YuYa said...

All your dreams may come true.

နှင်းရည် said...

ထောက်ပြထားတာတွေ အရမ်းကောင်းပါတယ်ရှင်
ဒါပေမယ့်အန်အယ်လ်ဒီအဖွဲ့ချုပ်က ၉၀ ရွေးကောက်ပွဲကို
ဖယ်ထုတ်လိုက်ပြီရှင့်။
၉၀ ရလာဒ်ကို မဆုပ်ကိုင်တော့ဘူး။
နအဖ လုပ်ချင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တောင်းဆိုချက်တွေ ရရင် ဝင်အရွေးခံမယ်လို့ လျော့ချ
လိုက်ပြီ။
အဲဒါ ကိုမင်းထက် ဘယ်လိုသုံးသပ်ပါသလဲ။

Ko Min Htet said...

ဘာသုံးသပ်စရာလိုလဲဗျာ၊ ရွေးချယ်စရာမှ မရှိတော့ပဲ။ ဒီလိုမှ မလုပ်ရင်လဲ နောက်တစ်လှမ်းက တောခိုပြီး လက်နက်ကိုင်ဖို့ပဲ ကျန်တော့တယ်။ ဒီအထိတော့ သူတို့လုပ်လို့မဖြစ်ဘူးလေ။ ဒီလောကထဲ ဆက်လက်ရပ်တည်ချင်ရင်တော့ သူတို့ရဲ့ရွေးချယ်မှုဟာ မမှားဘူးလို့ ဆိုရလိမ့်မယ်။ မဟုတ်ရင် ထွက်ပေါက်မှန်သမျှ ပိတ်သွားလိမ့်မယ်။ ရတဲ့အပေါက်က ဇွတ်ထွက်လိုက်ရတဲ့ သဘောပဲလေ။ ကန်နဲ့ကုကိုလဲ ထဲထဲဝင်ဝင်အားကိုးလို့မရနိုင်တော့ချင်းအတူတူ ဒီလိုလုပ်တာကို ကျနော်ကြိုဆိုပါတယ်။

Anonymous said...

ကျနော်တို့တတွေအားလုံးဟာ ပြောင်းလဲချင်ကြပြီလေ။............