Sunday, May 10, 2009

စိတ်ကောင်းထားခြင်း


ကျနော်အခုတလော စာမရေးဖြစ်။ ဘာရေးရမှန်းမသိ။ သို့သော် ကျနော် စာဖတ်ဖြစ်သည်။ သတင်းစာနှင့် မြန်မာလိုရေးထားသော ၀တ္ထုအနည်းငယ်ဖတ်ဖြစ်သည်။ ကျနော့်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအနည်းငယ်လုပ်ဖြစ်သည်။ ရွတ်နေကျဘုရားစာအနည်းအကျဉ်း ရွတ်ဖြစ်သည်။ သို့သော် ကျနော့်ခေါင်းထဲမှာ စဉ်းစားနေသော အကြောင်းအရာတစ်ခုကားရှိသည်။ ကျနော်လုပ်နေသော အလုပ်၊ ဖတ်နေသော စာ၊ ရွတ်နေသော ဘုရားစာတွေနှင့်တော့ ပတ်သက်မှုမရှိ။ ကျနော်စဉ်းစားနေသော အကြောင်းအရာမှာ “စိတ်ကောင်းထားခြင်း” ဟူသော အကြောင်းအရာဖြစ်သည်။

တကယ်တော့ ဒီအကြောင်းအရာကို အခုမှ ကျနော်စဉ်းစားနေမိသည်တော့ မဟုတ်ပါ။ ကြာခဲ့ပါပြီ။ နှစ်ပေါင်းအတော်ကြာကြာကတည်းက ကျနော်စဉ်းစားလာမိသော အကြောင်းတစ်ခုဖြစ်သည်။ ယင်းအကြောင်းနှင့်ပတ်သက်ပြီး စာမျိုးစုံလဲ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်။ လက်တွေ့ဘ၀မှာ ကျနော့်ကိုယ် ကျနော်ရော၊ ကျနော့်ပတ်ဝန်းကျင်ကိုပါ ကျနော်ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသောစာတိုပေစတွေနှင့် တိုင်းတာသတ်မှတ်ခြင်းမျိုးတွေကိုလဲ ပြုခဲ့ဖူးသည်။ သို့သော် တိကျသော အဖြေကို ကျနော်မရခဲ့၊ စိတ်ကောင်းထားခြင်းဟူသည် အဘယ်နည်း? ကျနော် ဒီမေးခွန်းကို မေးနေဆဲ။

ဘုရားတရားအလုပ်ကို နင်းကန်လုပ်နေသော၊ တစ်နေကုန်ဘုရားစာချည်းရွတ်နေသော၊ တစ်နေကုန် ပုတီးစိမ့်နေသော၊ ဒါမှမဟုတ် ရိပ်သာဝင်ပြီး တစ်နေကုန်တရားထိုင်နေကြသော လူများသည် စိတ်ကောင်းရှိသူများပေလော? ဒီမေးခွန်းကိုလဲ ကျနော်အဖြေမပေးရဲ။ ကျနော့်မှာ ဖြေစရာအတိအကျမရှိသေး။ သို့သော် စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ခံစားချက်ကို တင်ပြချင်သည်။ မေးခွန်းအဖြေမှန်ကို ကျနော်တင်ပြနေသည်တော့မဟုတ်ပါ။ ကျနော့်ခံစားချက် သို့မဟုတ် ခံယူချက်ကို တင်ပြနေခြင်းမျှသာ ဖြစ်သည်။

ဘုရားစာပေများရှိ ဟောကြားချက်များဖြစ်သော ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဆိုသည်များကိုလဲ ကျနော့်အနေနဲ့ ကောင်းသောစိတ်၊ မကောင်းသောစိတ်ဟူ၍သာ မှတ်ချက်ပြုနိုင်သည်။ သို့သော် စိတ်ကောင်းဟူ၍၎င်း၊ စိတ်မကောင်းဟူ၍၎င်း မှတ်ချက်မပြုရဲ။ စိတ်ကောင်းရှိသူဟု သက်ဆိုင်ရာသူ့ပတ်ဝန်းကျင်၏ သတ်မှတ်ခြင်းကို ခံရသော သူများကိုလဲ ကျနော်တွေ့ဖူးသည်။ ဘာ့ကြောင့် သူတို့ကို စိတ်ကောင်းရှိသူများဟု သတ်မှတ်ကြသနည်း ကျနော် တတ်နိုင်သလောက် စူးစမ်းကြည့်မိသည်။

သို့သော် ထိုသူတို့ကို သေသေချာချာလေ့လာမိသောအခါ ကျနော့်စိတ်ကို ဘ၀င်မကျစေပါ။ ကျနော့်ခေါင်းထဲမှာ စိတ်ကောင်းထားခြင်းနှင့် ပတ်သက်ပြီး “စံ” ရှိနေပြီလော? သို့မဟုတ် ကျနော့်ပုဂ္ဂလိကဆန္ဒနှင့် မကိုက်ညီသောကြောင့် ထိုသူတို့၏ စိတ်ကောင်းရှိခြင်းဟူသောအဖြစ်ကို လက်မခံနိုင်ခြင်းဖြစ်လေသလော? အကယ်၍ ကျနော်၏ ဘ၀င်မကျမှုသည် ကျနော့်ခေါင်းထဲ မသိမသာဝင်နေသော“စံ”နှင့် မကိုက်ညီသောကြောင့်ဟု အဖြေပေးမိပါက ကျနော်သည် ကျနော့်ပတ်ဝန်းကျင်၏ လွမ်းမိုးမှုကို အနည်းအများ ခံနေရရှာသူတစ်ယောက်ဖြစ်ပေမည်။ ကျနော့်ဆန္ဒနှင့်မကိုက်ညီသောကြောင့် ဘ၀င်မကျပါဟု ကျနော်ဖြေဆိုခဲ့သော် ကျနော်၏စိတ်ကောင်းထားခြင်းနှင့် ပတ်သက်သောအမြင်သည် ကျနော့်၏ အတ္တဆန်မှုပင် ဖြစ်ချေတော့မည်။

အသို့ဆိုသော် ကျနော်သည် စိတ်ကောင်းထားခြင်းကို အဘယ်သို့ ဖြေဆိုသတ်မှတ်နိုင်တော့မည်နည်း? ကျနော့်အဖြေသည် ကျနော့်ခေါင်းထဲဝင်နေသော “စံ”နှင့်၎င်း၊ ကျနော့်ပုဂ္ဂလိကဆန္ဒနှင့်၎င်း လွတ်ကင်းသောအဖြေမျိုးမဖြစ်နိုင်ပါ။ ထို့ကြောင့် ကျနော့်အဖြေတွင် ဘက်လိုက်မှုပါဝင်နိုင်သည်။ သို့သော် ကျနော်ဖြေဆိုချင်သည်။ တင်ပြချင်သည်။ အမှန်နှင့်အမှားကို တကယ်စိတ်ကောင်းရှိသည်ဟု ကိုယ့်ကိုယ်ကို (ကိုယ်တိုင်) မသိသူများက သတ်မှတ်ကြလိမ့်မည်။ (ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူဟု (ကိုယ်တိုင်) ခံယူထားသောသူများသည် စိတ်ကောင်းမရှိသူက များကြောင်း ကျနော် လေ့လာမိသည်။)

စိတ်ကောင်းထားခြင်းနှင့်ပတ်သက်ပြီး ကျနော့်ဘ၀အတွေ့အကြုံနှင့် ကျနော့်ပတ်ဝန်းကျင်ကပေးလိုက်သော အဖြေသည် “တစ်ဘက်သားကို မည်သည့်နည်းနှင့်မှ အထိအခိုက် မဖြစ်ပါစေနဲ့” ဟူသတည်း။

1 comment:

ကြယ်ပြာ said...

“တစ်ဘက်သားကို မည်သည့်နည်းနှင့်မှ အထိအခိုက် မဖြစ်ပါစေနဲ့” ဆိုတဲ့ အဖြေကို ကျွန်မလဲ နှစ်သက်မိပါတယ် .. ဒါပေမယ့် ကိုယ်မသိ မရည်ရွယ်ပဲ ထိခိုက်သွားခဲ့သည်ရှိသော် .. စိတ်ထားမကောင်းသူများဖြစ်သွားလေသလားလို့ ကျွန်မ အတွေးပွားမိပါတယ် ...