Thursday, May 28, 2009

ဒုက္ခသစ္စာ


“ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ”
ကြီးမေ မကြာခဏပြောပြောနေတဲ့ စကားတစ်ခွန်း။ ကြီးမေဆိုတာ အိမ်ခြေတစ်ထောင်ကျော်ကျော်ရှိတဲ့ ကျနော်တို့ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ရွာက တစ်ရွာလုံးသိ၊ တစ်ရွာလုံးချစ်တဲ့ အရူးမကြီးတစ်ယောက်ပေါ့။ အရူးဆိုပေမဲ့ သွက်သွယ်ခါအောင် ရူးနေတဲ့ ပိတ္တုမ္မတ္တကခေါ် သည်းခြေပျက်အရူးမျိုးတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့ရွာမှာ ကျနော်ခပ်ငယ်ငယ်တုန်းက အရူး (၃) ယောက်ရှိပါတယ်။ တစ်ယောက်က မေမြင့်အရူး၊ နောက်တစ်ယောက်က မဲထူးရွှေ(မယ်ထူးရွှေ)အရူး၊ အခြားတစ်ယောက်က ကိုဖိုးကြည်အရူး။ အဲဒီထဲက နှစ်ယောက်က အမျိုးသမီးတွေ။ ဒါပေမဲ့ မေမြင့်အရူးနဲ့ ကိုဖိုးကြည်အရူးတို့က ကျနော်အထက်မှာပြောခဲ့သလို ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ ဘုရားသွား ကျောင်းတက်အလွန်မြဲတဲ့ အကောင်းစားအရူးတွေပါ။ မဲထူးရွှေဆိုတာကတော့ သွက်သွယ်ခါအောင် ရူးတဲ့ သည်းခြေပျက်အရူးပေါ့။ အခုတော့ မဲထူးရွှေအရူးမ ရှိတော့မယ်မထင်ပါ။ ကျနော်ရွာကထွက်လာပြီးကတည်းက သူနဲ့ပတ်သက်ပြီး နောက်ထပ်ဘာအသံမှ မကြားရတော့တာ ကြာပါပြီ။

“ပြီးခဲ့တဲ့ ၂၀၀၇-ခုနှစ်တုန်းက ကျမနဲ့ ကျမယောက်ျားအိမ်ထောင်ရေး ပြတ်စဲခဲ့ပါတယ်။ ကျမမှာ အလုပ်ကလဲ မယ်မယ်ရမရှိ၊ ကလေးကလဲ နှစ်ယောက်နဲ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူးရှင်၊ Mortgage (အိမ်ချေးငွေ) ကြေးတွေလဲ ဒီတစ်သက်ဆပ်လို့ကုန်ပါဦးမလား မသိဘူး။ ဒီကြားထဲ ပြီးခဲ့တဲ့သတင်းပတ်က စိတ်ညစ်ညစ်နဲ့ အရက်သောက်ပြီး ကားမောင်းမိတာ ပုလိပ်နဲ့တွေ့လို့ အဖမ်းခံလိုက်ရတယ်။ အခုသူတို့ ကျမကားကို သိမ်းထားကြပြီ၊ ကျမမှာ ကားစီးစရာလဲ မရှိတော့ဘူး၊ ဟီး---ဟီး---ဟီး----၊ ကယ်လို့ရရင် ကယ်ပါဦးရှင်---”

ကျနော်သူပြောသမျှ နားထောင်ရင်း ကျနော်ကိုယ်တိုင်လဲ သူပြောသလို ပြန်ပြောရရင် ဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး။ သူက ငိုကြီးချက်မ ချနေတာကိုး။ သူဆိုတာ အင်္ဂလိပ်အမျိုးသမီးလေးတစ်ယောက်ပါ။ အင်္ဂလိပ်စစ်စစ်တော့ ဟုတ်ဟန်မတူဘူး၊ အင်္ဂလိပ်နဲ့ အင်ဒီယန်းစပ်စပ်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးတယ်လို့ သိရပါတယ်။ အသားဖြူဖြူ၊ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ အပျိုဘ၀က အတော်လှမည့်ကောင်မလေးတစ်ယောက်လို့ ခန့်မှန်းရပါတယ်။ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ကို သူ့ယောက်ျားက ပစ်သွားတယ်ဆိုတော့ ကျနော်စဉ်းစားလို့မရဘူး။ အကြောင်းတော့ ရှိမယ်ပေါ့ဗျာ။

သူနဲ့စတွေ့ခဲ့တာက ကျနော်မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်းတစ်ယောက်ပါ။ ကျနော့်သူငယ်ချင်း အလုပ်ကအပြန် လမ်းမှာ အဲဒီအမျိုးသမီးနဲ့ တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အာရှသားမှန်းသိတော့ ဘယ်နိုင်ငံကလဲ? ဘာလူမျိုးလဲ? ဘယ်ဘာသာဝင်လဲ? စုံစေ့အောင်မေးပြီး သူ့ဒုက္ခကို ပြောပြရှာသတဲ့။ ဒါနဲ့ ကျနော့်သူငယ်ချင်းလဲ လမ်းမှာ ကြာကြာစကားမပြောချင်လို့ ကျနော်တို့နေတဲ့အဆောင်လိပ်စာပေးပြီး လာခဲ့ဖို့ မှာခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်လောက်ကြာတော့ အဲဒီအမျိုးသမီးရောက်လာတယ်။ သူရောက်လာတဲ့အချိန်က ညနေ(၃)နာရီလောက်ရှိပါပြီ။ ကျနော်တစ်ယောက်တည်းထိုင်ပြီး အပြင်ဘက်အဆောင်မှာ စာဖတ်နေပါတယ်။ ကျနော်က ဖီလိုဆိုဖီနဲ့ကျောင်းပြီးထားပြီး လောလောဆယ်မှာလဲ အရှေ့တိုင်းဒဿနတွေကို အင်္ဂလိပ်မလေးတစ်ယောက်ကို သင်ပေးနေတာဆိုတော့ ကျနော့်သူငယ်ချင်းက အဲဒီအမျိုးသမီးကို ကြည့်ကျက်ပြီး နှစ်သိမ့်လိုက်ဖို့ ကျနော့်ကို ပြောလိုက်ပါတယ်။

“ကယ်လို့ရရင် ကယ်ပါဦးရှင်” တဲ့။ ဒုက္ခရောက်လာပြီကိုး။ ကျနော်ကိုယ်တိုင်တောင် လောလောဆယ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိအောင် ဖြစ်နေရတဲ့အထဲ “ကယ်ပါဦး” ဆိုတော့ ကျနော်ဘာပြောရမှန်းမသိအောင်ဖြစ်သွားတာအမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တစ်ခုခုတော့ ပြောသင့်တယ်၊ ပြောရမယ်ဆိုတာကိုတော့ နားလည်လိုက်ပါတယ်။ အနည်းဆုံးတော့ နှစ်သိမ့်မှုတစ်ခုခုပေါ့။ လူဆိုတဲ့ သတ္တ၀ါဟာ ဒုက္ခနဲ့ ဒဲ့တိုးတွေ့လာရရင် ကိုယ်တိုင်ဖြေရှင်းလို့ရရင် ဖြေရှင်းလိုက်ကြပြီး ဖြေရှင်းလို့မရတဲ့အခါ အားကိုးရာရှာတတ်ကြစမြဲပဲမို့လား။ အားကိုးထိုက်သော/မထိုက်သော၊ အကူအညီပေးနိုင်သော/မပေးနိုင်သော ထည့်မတွက်တော့ပဲ ကိုယ့်မှာရင်ဆိုင်နေရတဲ့ ပြဿနာကိုပဲ ဒုက္ခကြီးထင်ပြီး အားကိုးတကြီး အကူအညီတောင်းတတ်ရှာတာ သဘာဝပဲပေါ့။

ဒါနဲ့ ကျနော် သူ့ကို မေးခွန်းတစ်ခု မေးလိုက်တယ်။ ခင်ဗျားက ဘယ်ဘာသာဝင်လဲ? လို့။ ဟုတ်တယ်လေ။ ကျနော်ဒီလိုမေးရမယ်လို့ ယုံကြည်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့ဒုက္ခက ဆေးဆရာနဲ့လဲ မရဘူး၊ နတ်ကတော်နဲ့လဲ အံမ၀င်၊ သက်ဆိုင်ရာအစိုးရကလဲ မကူညီ၊ ဆွေးမျိုးတွေကလဲ မပေးကမ်း၊ ကျနော်ကိုယ်တိုင်လဲ တခြားဘာမှမလုပ်ပေးနိုင်ဆိုတော့ ဘာသာရေးစကားလုံးတွေနဲ့ပဲ ဖြေသိမ့်ရတော့မှာပေါ့။ ကျနော်ယုံကြည်လိုက်တာ ပြောပါတယ်။ တကယ်တော့ ဘာသာတရားတွေဆိုတာ ဒီလိုကိစ္စမျိုးတွေကို ဖြေရှင်းပေးဖို့ ပေါ်လာကြတာပဲမဟုတ်လား။ သူဖြေတဲ့ အဖြေလဲ ကြည့်ဦး။ “ကျမက ခရစ်ယန်တွေရဲ့God ကိုလဲယုံကြည်တယ်၊ မူစလင်တွေရဲ့ Allah ကိုလဲ ကိုးစားတယ်၊ ဟိန္ဒူတွေရဲ့ ဗြဟ္မာကိုလဲ လက်ခံတယ်၊ ဒါပေမဲ့ ကျမရဲ့ မူရင်းဘာသာကတော့ Sikh ပါ” တဲ့။ ကောင်းရော။ အခုသူဒုက္ခရောက်လို့ လာပြီးအကူအညီ (အကြံအဉာဏ်) တောင်းတာကျတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ လူဆီမှာ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီးတွေကို စုံသွားတာပဲ။

ကျနော်ကပြောလိုက်တယ်။ “ဒါဖြစ်ရင် ကောင်းပြီ၊ ခင်ဗျားဘာကိုပဲ ယုံကြည်ကြည်၊ လက်ခံခံ အရေးမကြီးပါဘူး။ အခုခင်ဗျားသိပြီမို့လား၊ တကယ်ဒုက္ခရောက်ရင် ဘယ်ဘုရားမှ လာမကယ်ဘူးဆိုတာ၊ ကျနော်တို့ဘုရားလဲ မကယ်နိုင်ဘူး၊ ဒါပေမဲ့ ကျနော်တို့ ဘုရားဖြစ်တဲ့ ဗုဒ္ဓကတော့ အဲဒီလိုဒုက္ခတွေနဲ့ တွေ့လာတဲ့အခါ စိတ်ထားတတ်အောင် သင်ပေးခဲ့ပါတယ်၊ ညွှန်ပြပေးခဲ့ပါတယ်” လို့ ကျနော်လဲ တတ်သလောက်မှတ်လောက်အသိလေးကို ကျနော့်ရှိတဲ့ ကျိုးတိုးကျဲတဲအင်္ဂလိပ်စကားလုံးတွေနဲ့ အဆင်ပြေအောင်ပြောပြရတာပေါ့။ ဒါနဲ့ သူကမေးတယ် “ဘယ်လိုစိတ်ထားရမှာလဲ” တဲ့။

သူအဲလိုမေးတော့ ကြီးမေအရူးမ ပြောနေကျ စကားတွေကို ပြေးသတိရမိလိုက်တယ်။ “ဘာမှမပြောနဲ့၊ ဒုက္ခသစ္စာတွေချည်းပဲ” ဆိုတဲ့ စကား။ ကျနော်ပြောလိုက်တယ်။ “ခင်ဗျားတစ်ယောက်တည်း ဒီဒုက္ခမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့များ ထင်သလား၊ ဝေးဝေးမကြည့်နဲ့၊ ခင်ဗျားနေတဲ့ ပတ်ဝန်းကျင်ပဲ ကြည့်လိုက်ပါ။ ခင်ဗျားလဲ နေ့တိုင်း မြင်နေ၊ ကြားနေရမှာပါ။ လူတွေဘယ်လောက်ငြီးတွားနေကြရတယ် ဆိုတာ။ သတင်းတွေကြည့်လိုက်၊ နားထောင်လိုက်ရင်လဲ တစ်ကမ္ဘာလုံးဒုက္ခရောက်နေတဲ့ သတင်းတွေပဲ အများဆုံး နေ့စဉ်လောက်နီးပါ ကြားနေကြရတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့။ အဲဒီလူတွေရဲ့ ဒုက္ခဟာ ခင်ဗျားအခုရင်ဆိုင်နေရတာထက် အများကြီးပိုကြီးကျယ်မယ်၊ သူတို့မျက်ဝန်းကထွက်လာတဲ့ မျက်ရည်စက်တွေဟာ အခုခင်ဗျားထွက်ကျနေတဲ့ မျက်ရည်စက်တွေထက် အရေအတွက် ပိုများလိမ့်မယ်” လို့။

သူက ၀န်ခံတယ်၊ “အဲဒါတော့ ဟုတ်ပါတယ်” တဲ့။ ဒါဆို ကျနော်ရှေ့ဆက်လို့ ရသွားပြီဆိုတာ နားလည်လိုက်တယ်။ သူနည်းနည်း ငြိမ်သွားတယ်။ သူ့ဒုက္ခဟာ သူများဒုက္ခလောက် မကြီးကျယ်သေးဘူးဆိုတာ မသိမသာနှိုင်းယှဉ်ရင်း သဘောပေါက်လိုက်ပုံရတယ်။ ကျနော်ဆက်ပြောလိုက်တယ်။ “ကျနော်တို့ဗုဒ္ဓက ဟောကြားထားတာ ရှိပါတယ်၊ အရာတိုင်းဟာ မမြဲဘူး၊ ဆင်းရဲတယ်၊ အစိုးမရဘူး” လို့။ ဒီသဘောတရားကို နားလည်ထားရင် ဒုက္ခရောက်တဲ့အခါ အကြီးအကျယ် မျက်ရည်ဝဲနေစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဟာ သိပ်မကြာခင်မှာ ပြန်လည်ကောင်းသွားပါလိမ့်မယ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်နေတာမဟုတ်ပါဘူး။ လူ့ဘ၀ဆိုတာ ဒုက္ခတစ်လှည့်၊ သုခတစ်လှည့်ပါပဲ။ ကျနော်တို့ လူသားတွေက သုခကိုသာမျှော်လင့်ပြီး ဒုက္ခကိုမမျှော်လင့်ထားလို့ အခုလို ဒုက္ခနဲ့ ပက်ပင်းတွေ့တဲ့အခါ ရင်မဆိုင်နိုင်ပဲ အကြီးအကျယ်စိတ်သောကရောက်ကြရတာပါ။ တကယ်တော့ သုခကို မျှော်လင့်ချက်အားကြီးလေလေ၊ ကိုယ်မျှော်လင့်သလိုဖြစ်မလာပဲ ဒုက္ခဖြစ်လာတဲ့အခါ ပိုပြီး စိတ်ဆင်းရလေလေပါပဲ၊ ဒီတော့ အခုခင်ဗျားကြုံနေရတဲ့ ဒုက္ခဆိုတာလဲ မမြဲတဲ့အတွက် မကြာမီပျောက်ကွယ်သွားမှာပါ။ သိပ်ပြီးလဲ စိတ်သောကဖြစ်မနေပါနဲ့” လို့ ပြောလိုက်တယ်။

ဒီတော့မှ သူလဲ ၀ဲနေတဲ့ မျက်ရည်စလေးတွေကို သူ့လက်ဖမိုးနဲ့ သိမ်းဆည်းရင်း တဖြေးဖြေးနဲ့ အငိုတိတ်သွားတယ်။ သူ့ရင်ထဲမှာ ဒုက္ခဆိုတာလဲ မမြဲဘူး၊ မကြာမီ ဒီဒုက္ခက လွတ်သွားလိမ့်မယ် ဆိုတဲ့အတွေးတွေ ၀င်သွားလို့ထင်ပါရဲ့။ “'ဒါဆို ကျမဒုက္ခတွေလဲ မမြဲဘူးပေါ့နော်၊ မကြာမီပျောက်သွားမှာပဲပေါ့။ အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်လဲ ကြုံတဲ့အခါ ၀င်ခဲ့ပါ့မယ်” လို့ ပြောပြီး ထိုင်နေတဲ့ ကုလားထိုင်ပေါ်က ထလိုက်တယ်။ ကျနော်လဲ “လာပါဗျာ၊ ကြိုဆိုပါတယ်၊ အစစအရာရာ အဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်” လို့ပြောပြီး တံခါးဖွင့်ပေးလိုက်တယ်။ အပြင်ဘက်ရောက်တော့ သမင်လည်ပြန် နောက်တစ်ချက်လှည့်ကြည့်ပြီး ပြောသွားသေးတယ်။
“ငါ့မှာလဲ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာဆိုတော့ ပေးစရာပိုက်ဆံတောင် တစ်ပြားမှ ပါမလာဘူး၊ ပါလာရင် နင့်ကို ငါပေးခဲ့ဦးမယ်” တဲ့။ ဂလု---ဖြစ်ရလေဗျာ။ အဲဒါလဲ ဒုက္ခတစ်မျိုးပဲ။

No comments: