Monday, May 18, 2009

သိမ်ငယ်စိတ်


Inferiority Complex ခေါ် သိမ်ငယ်စိတ်သည် လူအတော်များများမှာရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်ခုဖြစ်သည်။ လူသည် သဘာဝအားဖြင့် အားငယ်တတ်သော သတ္တ၀ါတစ်မျိုးဟု ဆိုကြသည်။ ထို့ကြောင့်ပင် စိတ်သက်သာရာ ရလိုရငြား အားကိုးရာရှာသောအားဖြင့် ကိုးကွယ်ဆည်းကပ်မှုတွေကို နီးစပ်ရာပြုကြသည်။ သို့သော် ထိုသိမ်ငယ်စိတ်သည် လူသားမျိုးနွယ်စုကြီး တစ်ခုလုံးနှင့်ဆိုင်သော ပြဿနာကြီးတည်။ ဒီနေရာမှာ ကျနော် ယင်းပြဿနာကြီးကို ဆွေးနွေးမည်မဟုတ်ပါ။ ကျနော်အပါအ၀င် ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်ကြားသိနေရသော သိမ်ငယ်စိတ်ရှိသူများနှင့် ၎င်းတို့၏တုန့်ပြန်မှုများကို ကျနော်နားလည်မိသလို ခံစားမိသလို ရေးသားတင်ပြခြင်းမျှကိုသာ ပြုချင်ပါသည်။

လူသားတိုင်းမှာဟု မဆိုသာသည့်တိုင် လူတိုင်းလောက်နီးနီးမှာ ရှိတတ်သောယင်းသိမ်ငယ်စိတ်သည် အကြောင်းမဲ့သက်သက် ပေါ်လာသည်ကားမဟုတ်။ သိမ်ငယ်စိတ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်း တစ်ခုရှိသည်။ ယင်းမှာ Comparison ခေါ် နှိုင်းယှဉ်မှုပင်တည်း။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ်၊ Superiority Complex ခေါ် ဘွင်မြင့်စိတ်လဲ ဖြစ်ပေါ်တတ်သည်။ သိမ်ငယ်စိတ်၊ ဘွင်မြင့်စိတ် နှစ်မျိုးလုံးသည် နှိုင်းယှဉ်မှုကို အခြေပြု၍ ဖြစ်ပေါ်လာတတ်ကြောင်း အနောက်တိုင်းစိတ်ပညာရှင်များက ဆိုကြသည်။ ဗုဒ္ဓစာပေများ၌မူ ယင်းစိတ်မျိုးကို မာနဟုခေါ်သည်။ မာနသည် နှိုင်းယှဉ်မှုကို ပြုတတ်သော သဘောတရားတစ်မျိုးတည်း။

အမှန်အားဖြင့် လူဟူသော သတ္တ၀ါသည်၊ အထူးသဖြင့် ပုထုဇဉ်ဟုခေါ်သော သာမန်လူသား (နတ်၊ ဗြဟ္မာလည်းပါဝင်သည်) များသည် မာနကို အခြေပြုကာ ဘ၀ကို တည်ဆောက်ကြကြောင်း ပါဠိစာပေများက ဆိုသည်။ ထို့ကြောင့်မာနခေါ် နှိုင်းယှဉ်ကြောင်းတရားတစ်မျိုးသည် ပုထုဇဉ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ လူသည် နှိုင်းယှဉ်မှုတစ်စုံတစ်ရာကို ပြုသောအခါ သူကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကို သိစေ၍ဖြစ်စေ၊ မသိစေပဲဖြစ်စေ ပြုတတ်သည်။ သူကိုယ်တိုင်သိခြင်း၊ မသိခြင်း၊ သူ့ပတ်ဝန်းကျင်ကို မသိစေခြင်းတို့ကြောင့် ဖြစ်ပေါ်သောမာနသည် ပြဿနာမဖြစ်တတ်သေး။ မိမိသန္တာန်မှာ ဖြစ်ပေါ်လာသော မာနကို သူ့ပတ်ဝန်းကျင်ကို သိစေသောအခါ ပြဿနာဖြစ်တတ်ကြောင်း တွေ့ရ၊ တွေ့နိုင်သည်။

စာပေများ၌ မာနအမျိုးအစားကို အောက်ပါအတိုင်းခွဲခြားသည်။
(၁) သေယျမာန = Superiority Complex (ဘွင်မြင့်စိတ်)
(၂) သဒိသမာန = Equality Complex (တန်းတူပြုစိတ်)
(၃) ဟီနမာန = Inferiority Complex (သိမ်ငယ်စိတ်) တို့ဖြစ်သည်။

“ဇာတိ ပုည၊ ဂုဏ်မာန”ဟူသော စကားအတိုင်း လူသည် အမျိုးဇာတ်ကြီးကျယ်မှုကြောင့်ဖြစ်စေ၊ ဘုန်းတန်ခိုးအာဏာပါဝါကြီးထွားမှုကြောင့်ဖြစ်စေ၊ ရာထူးဌာန္တရနှင့် ဥစ္စာ၊ ပညာဂုဏ်တို့များပြားမှုကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကို ကိုယ့်အောက်နိပ်ကျသူများနှင့် နှိုင်းယှဉ်ကာ ဘွင်မြင့်စိတ်ဖြစ်ပေါ်တတ်သည်။ ထိုဘွင်မြင့်စိတ်ကြောင့် သူတပါးအပေါ်အထင်သေး၊ အမြင်သေးမှုများဖြစ်ပေါ်လာသည်။ တစ်ဘက်သားအပေါ်အထင်သေးခြင်းသည် အထက်ပါအချင်းအရာတို့ဖြင့် နှိုင်းယှဉ်မှုတစ်စုံတစ်ရာ မပြုမချင်း မဖြစ်ပေါ်တတ်သေး။ နှိုင်းယှဉ်မှုကို ပြုလိုက်သည်နှင့် တပြိုင်နက် အထင်သေးစိတ်ဖြစ်ပေါ်သည်။ ယင်းအထင်သေးစိတ်သည် မာနကို အခြေခံ၍ဖြစ်ပေါ်သော လောဘတစ်မျိုးတည်း။

အဘယ်သို့လျှင် အထင်သေးစိတ်သည် လောဘဖြစ်ရသနည်း?
သူတစ်ပါးကို အထင်သေးခြင်းသည် မိမိမှာရှိသော ဂုဏ်တစ်မျိုးမျိုးကို မှားမှားယွင်းယွင်းမြတ်နိုးတန်ဖိုးထားခြင်းဟူသော လိုချင်မှုပင်ဖြစ်သည်။ ထိုလိုချင်မှုသည် သူတစ်ပါးထက် မိမိက သာသည်ဟူသော အထင်ကိုရောက်စေရကား ယင်းထင်မြင်ချက်နှင့်အတူ အထင်သေးစိတ်လဲ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် အထင်သေးစိတ်သည် လောဘတစ်မျိုးဖြစ်ကြောင်း နားလည်အပ်သည်။ တစ်နည်းအားဖြင့်မူ အထင်သေးစိတ်သည် ဘွင်မြင့်စိတ်တစ်မျိုးပင် ဖြစ်တော့သည်။

အချို့အချို့သော ပုဂ္ဂိုလ်များသည် မိမိမှာရှိသော/မရှိသော ဂုဏ်များကို ထိုနည်းတူ ဂုဏ်ရှိသော/မရှိသောပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်မှုပြုကြသည်။ ဂုဏ်ရှိသူများသည် “ငါ့မှာလဲ ဒီဂုဏ်ရှိတယ်၊ သူ့မှာလဲ ဒီဂုဏ်ရှိတယ်၊ ဘာ ဂရုစိုက်ဖို့လိုသလဲ” ဟု၎င်း၊ ပြောပလောက်အောင် ဂုဏ်မရှိသူများကမူ ကြံကြံဖန်ဖန် “လူလူချင်းပဲ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ သူလဲ ထမင်းစားပြီး အသက်ရှင်တယ်၊ ငါလဲထမင်းစားပြီး အသက်ရှင်တယ်”ဟု၎င်း၊ မိမိ၏ မြင့်သော/နိပ်သောအဆင့်အတန်းကို သူတစ်ပါး၏ မြင့်သော/နိပ်သောအဆင့်အတန်းနှင့် တန်းတူပြုကာ နှိုင်းယှဉ်သည်။ ယင်းနှိုင်းယှဉ်မှုသည် တစ်ဘက်သားအပေါ် အထင်သေးခြင်းကို၎င်း၊ အထင်ကြီးခြင်းကို၎င်း မဖြစ်စေသည်ကားမှန်၏။ သို့သော် ယင်းသို့သော နှိုင်းယှဉ်မှုကြောင့် အချင်းချင်းမလေးစားမှုခေါ် (အညမညအဂါရ၀) Mutual Disrespect ကို ဖြစ်ပေါ်လာစေသည်။

ဂုဏ်မရှိသူများ၊ ဂုဏ်ငယ်သူများသည်ကား ဂုဏ်ရှိသူများ၊ ဂုဏ်ကြီးသူများကို မိမိတို့မှာ ရှိသော/မရှိသော ဂုဏ်များဖြင့် နှိုင်းယှဉ်ကာ “သူက အဲဒီလို ရာထူး၊ ဂုဏ်သိက်၊ စည်းစိမ်ရှိတော့ရော ငါက ဘာဂရုစိုက်ဖို့သလဲ၊ ငါက သူ့ထမင်း တောင်းစားနေတာမှ မဟုတ်ပဲ၊ ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်နေတာ၊ ဒီလိုတော့ လာမကြောနဲ့” စသည်ဖြင့် မာန၀င်တတ်ကြသည်။ ယင်းမာနကြောင့် ထိုသူ၏သန္တာန်၌ လေးစားသင့် လေးစားထိုက်သောဂုဏ်ရှိသူများ၊ အသက်သိက္ခာကြီးသူများအပေါ် မရိုမသေပြုမှုများ၊ ဆက်ဆံမှုများ ဖြစ်ပေါ်လာရတော့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသန္တာန်မှာ ဖြစ်ပေါ်လာသော မာနသည် နိပ်ကျနေသော မိမိ၏အခြေအနေကို မှားယွင်းစွာသုံးသပ်ခြင်းကြောင့် ဟီနမာနဖြစ်ပေါ်ရသတည်း။

လူတစ်ယောက်၏ သန္တာန်၌ ဟီနမာနဖြစ်ပေါ်လာရုံနှင့် သိမ်ငယ်စိတ်ကား မဖြစ်ပေါ်တတ်သေး။ သိပ်ငယ်စိတ်သည် အထင်သေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်တစ်မျိုးဖြစ်သည်။ မိမိ၏ အားနည်းချက်၊ သူတစ်ပါး၏ အားသာချက်များကို ပြိုင်တူနှိုင်းယှဉ်မိရာမှ ပေါ်လာတတ်သည်။ လူသည် ယင်းသိမ်ငယ်စိတ်ကို အကြောင်းပြုပြီး အချင်းချင်းမလေးစားမှုများနှင့် အသက်ဂုဏ်ဝါကြီးသူများကို မလေးစားမှုများကိုကား တိုက်ရိုက်အားဖြင့် ပြုလုပ်လေ့မရှိ။ မသိမသာ သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေခြင်းမျိုးသာတည်း။ ယင်းသိမ်ငယ်စိတ်သည် လောဘ+ဒေါသရောနှောပါဝင်နေသော စိတ်ဖြစ်သည်။ မိမိ၏အားနည်းချက်အပေါ်မကျေမနပ်ဖြစ်သောအခါ ဒေါသဖြစ်၍ သူများမှာရှိသောဂုဏ်တစ်မျိုးမျိုးကို “ငါ့မှာလဲ သူ့လိုဂုဏ်ရှိရင် ကောင်းမှာပဲ”ဟု တောင်းတမိသောအခါ လောဘဖြစ်သည်။

အမှန်အားဖြင့် သိမ်ငယ်စိတ်ဟူသည် မိမိမှာမရှိသော ဂုဏ်တစ်ခုခုကို တောင်းတပြီး မိမိ၏အားနည်းချက်ကို မုန်းတီးနေခြင်းမျိုးသာတည်း။ သို့သော် သူတစ်ပါးက သူမုန်းတီးနေသော၊ သူမလိုလားပဲ သူ့မှာရှိနေသော အားနည်းချက်တစ်ခုခုကို ဖေါ်၍ဖြစ်စေ၊ ထိပါး၍ဖြစ်စေ ကိုယ်အမူအယာဖြင့်သော်၎င်း၊ နှုတ်အမူအယာဖြင့်သော်၎င်း ပြုမိ၊ ပြောမိသောအခါ သိမ်ငယ်စိတ်သည် ဒေါသအဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားတတ်သည်။

ယင်းသို့ သိမ်ငယ်စိတ်သည် ဒေါသစိတ်အဖြစ်သို့ပြောင်းလဲ သွားသောအခါ ဟီနမာနခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုတစ်မျိုးသည် ချက်ချင်းကပ်ပါလာတတ်ပြီး “န ဟိ ဒုဋ္ဌော ကိဥ္စိ ဂရုံ ကရောတိ=ဒေါသထွက်နေသူသည် အဘယ်အရာကိုမှ ဂရုမစိုက်” ဟူသောစကားအတိုင်း သင့်၏/မသင့်၏ နှိုင်းချိန် စဉ်းစားမှုမပြုနိုင်တော့ပဲ မိမိစိတ်ထဲပေါ်လာရာကို ပြောဆို၊ ပြုမူမိတတ်သည်။ ဒေါသနှင့်တုန့်ပြန်သောကြောင့် မှန်သည်ဟူ၍ကားမရှိ။ ကောင်းကျိုးတစ်စုံတစ်ခုကိုလဲ မဖြစ်ပေါ်စေ။ မိတ်ပျက်ခြင်း-စသော မကောင်းကျိုးတစ်မျိုးမျိုးကိုသာ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိမိသန္တာန်မှာ သိမ်ငယ်စိတ် အတတ်နိုင်ဆုံးမရှိအောင် ကြိုးစားသင့်သည်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေသော သိမ်ငယ်စိတ်ခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုကို ဖယ်ရှားလိုပါလျှင် အရေးကြီးဆုံး မွေးမြူရမည့် စိတ်ထားတစ်မျိုးမှာ “ယောနိသောမနသီကာရ” ခေါ် နှလုံးသွင်းကောင်းအောင်ထားခြင်းပင်တည်း။ ထို့နောက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ဂုဏ်ကို အခြားမည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်မိစေဖို့ အရေးကြီးသည်။ မိမိပတ်ဝန်းကျင်တွင် မည်သည့်အခြေအနေမျိုးနှင့်ပင် တွေ့ကြုံဆုံစည်းရစေကာမူ သင့်အောင်တော်အောင် နှလုံးသွင်းပြီး တစ်နည်းအားဖြင့် အကောင်းဘက်က ကြည့်ရှုပြီး ယင်းအခြေအနေနှင့် ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါက သိမ်ငယ်စိတ်မဖြစ်ပေါ်ရုံမျှမက ဖြစ်ပေါ်နေပြီးဖြစ်သော သိမ်ငယ်စိတ်သည်လည်း ပြန်လည်ပျောက်ကွယ်သွားနိုင်ကြောင်း တင်ပြလိုက်ပါသည်။

No comments: