Wednesday, May 13, 2009

လူ့ဘ၀ရဲ့ ဆည်းဆာတစ်ခု


အခုတလော ကျနော် ကျနော့်ဘလော့ဂ်မှာ စိတ်အကြောင်းတွေဦးစားပေး ရေးနေမိတယ်။ ငယ်ရွယ်တဲ့စာဖတ်သူတစ်ယောက်က ပြောတယ်။ “ကိုမင်းထက်ကြီး ရေးတာတွေ သိပ်နားမလည်ဘူး၊ ကျနော်ကပဲ လိုက်မမီတာလား၊ ခင်ဗျားကပဲ ဂေါက်သွားတာလား မသိဘူး” တဲ့။ “ဂလု” အားရှိပါပေ့။ ကျနော်အဖြေပေးလိုက်တယ်။ နှစ်မျိုးလုံးပဲ လို့။ ဒီနေ့တော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် စိတ်အကြောင်းရေးတာ ခဏရပ်ထားပြီး လူ့အကြောင်း ပြောလိုက်ဦးမယ်။ လူ့အကြောင်းဆိုတော့ သူများအကြောင်းပေါ့။ (ကိုယ့်အကြောင်းပြောလို့ ဘယ်ဖြစ်မလဲဗျာ၊ ဟုတ်ဘူးလား) သူများအကြောင်းဆိုလို့ အတင်းတော့ မဟုတ်ပါဘူးဗျာ့။ အခုလောလောဆယ် ကျနော့်မျက်စိရှေ့မှာ တွေ့နေ၊ ကြုံနေရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ကျနော့်စာဖတ်ရောင်းရင်းတွေကို မျှဝေပေးချင်လို့ပါ။

အခုတစ်ရက် နှစ်ရက်၊ ကျနော်တို့နေတဲ့အဆောင်မှာ မလေးရှားက ဧည့်သည်ကြီးတစ်ယောက် ရောက်နေလေရဲ့။ လာရောက်တည်းခိုနေတယ် ဆိုပါတော့။ ဘယ်နှစ်ရက် နေမယ်တော့မသိဘူး။ ကျနော်တို့အိမ်ပိုင်ရှင် အဖိုးကြီးက သူ့မိတ်ဆွေမို့ဆိုပြီး လာထားထားတာ။ ပြီးခဲ့တဲ့ နှစ်တုန်းကလဲ လာတယ်။ ကြည့်ရတာ တစ်နှစ်တစ်ခေါက်လောက်တော့ လာပုံရတယ်။ ဒါပေမဲ့ ဒီနှစ်ရောက်လာပုံက နည်းနည်းတော့ သနားစရာကောင်းတယ် လို့ဆိုနိုင်တယ်။ သူ့ချွေးမက အိမ်ပေါ်အတက်မခံလို့ ကျနော်တို့ဆောင်မှာ လာတည်းနေရတာ တဲ့။ ဖြစ်ရလေတယ် မသိမ်းကြွယ်။

အဘိုးကြီးက အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးပါးရှိပြီ။ သားနှစ်ယောက်ရှိတယ် လို့သိရတယ်။ အကြီးကောင်က ဟောင်ကောင်တရုတ်မလေးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာ အခြေကျနေပြီ။ အဘိုးကြီးက သူ့သားနဲ့ သူ့ချွေးမရှိတဲ့ဆီ တစ်နှစ် တစ်ခေါက်လောက်တော့ ရောက်ဖြစ်တယ်နဲ့ တူပါရဲ့။ မြေးလေးတွေကို ကြည့်ချင်လို့နေမှာ။ “သားအချစ်၊ မြေးအနှစ်”လို့ ဆိုကိုးဗျာ့။ မြေးလေးတွေကို ချစ်ရှာပေမပေါ့။ အဘိုးကြီး အဖွါးကြီးတွေများ အသက်ကြီးလာလို့ အလုပ်ကမရှိ၊ တစ်ယောက်တည်းနေရတာကိုလဲ ညီးငွေ့။ အဲဒီတော့ သားတွေသမီးတွေဆီအလည်သွား၊ မြေးလေးတွေကို ထိမ်း။ ဒီလိုနဲ့ပဲ ပြင်းစရာအလွန်ကောင်းတဲ့ လူ့သက်တမ်းရဲ့အဆုံးနေ့ကို စောင့်နေကြရရှာတယ်။ (သိပ်မပြောနဲ့၊ မင်းကြီးလာရင်လဲ ဒီလိုပဲဖြစ်မှာ)။

ကျနော်တို့အိမ်က အဖိုးကြီးဆိုလဲ ဒီလိုပဲ။ အသက်က (၈၃)နှစ်ရှိနေပြီ။ သူ့အိမ်မှာ နေတယ်လို့ကို မရှိဘူး။ သူ့သမီးအိမ်သွားသွားပြီး ကလေးထိန်းနေတာပဲ။ သူ့သမီးအငယ်ဆုံးက မွေးတဲ့ကလေးနှစ်ယောက်ရှိတယ်။ အဲဒါလေးတွေဆီ သွားသွားပြီးတော့ အချိန်ဖြုန်းနေရရှာတယ်။ သမီးနဲ့သားမက်က အလုပ်ကိုယ်စီရှိကြတော့ အဘိုးကြီးယူချင်နေတဲ့ ကလေးထိမ်းတာဝန်က အစဉ်ချောသွားတာပေါ့။ ကျနော်စဉ်းစားကြည့်တယ်။ “ဒီဖြစ်စဉ်တွေဟာ ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ ရလာတတ်တဲ့ ပျော်ရွှင်မှုတစ်မျိုးပေလော” ဟု။ အထက်မှာ ကျနော်ပြောခဲ့တဲ့ မလေးရှားက အဘိုးကြီးက ကျနော်တို့အိမ်က အဖိုးကြီးနဲ့ ရင်းနှီးတယ်။ သူလန်ဒန်ရောက်လာရင် သူ့မိတ်ဆွေကြီးရှိရာ ကျနော်တို့အိမ်ရောက်လာမြဲပါပဲ။ တည်းတော့ မတည်းဘူး။ ထမင်းတွေဘာတွေလာစားပြီး ပြန်ပြန်သွားတယ်။ ခါတိုင်းနှစ်တွေကပေါ့။

ဒီနှစ်တော့ ခါတိုင်းနှစ်နဲ့မတူဘူး။ မတူဆို ၀က်တုန့်ကွေးက ၀င်မွှေလိုက်တာကိုး။ အဲဒီဝက်တုန့်ကွေးလုပ်တာနဲ့ အားလုံးကမောက်ကမတွေဖြစ်ကုန်တာ ထင်ပါရဲ့။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတအိုဗားမား တလောက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တဲ့ ဟာသလေးတစ်ခုကို သတိရမိသေးတော့။ သတင်းထောက်ကမေးလိုက်တယ်။
“သမ္မတကြီးခင်ဗျား၊ သမ္မတကြီးနဲ့ ယခင်သမ္မတကြီးရဲ့ ပြိုင်ဘက် (ယခု နိုင်ငံခြားရေးဝန်ကြီး) ဟီလာရီကလင်တန်တို့ရဲ့ ဆက်ဆံရေးအခြေအနေ ကောင်းမွန်ပါရဲ့လား” တဲ့။
အိုဗားမားက ဖြေလိုက်တယ်။
“ကောင်းမွန်သလားတော့ မမေးနဲ့ ဆရာရေ့၊ သူ (၀က်တုန့်ကွေးအကြီးအကျယ်ဖြစ်နေတဲ့) မက္ကစီကိုနိုင်ငံက ပြန်ရောက်ရောက်ချင်း ကျနော့်ကို ဖက်လဲဖက်တယ်၊ မွှေးမွှေးလဲ ပေးတယ်” ဟူ၏။

ဝက်တုန့်ကွေးက အဲသလို အဲသလို နေရာယူနေတာကိုးဗျာ့။ ကျနော်ပြောမည့်စကား ပြန်ဆက်ကြဦးစို့။ မလေးရှားကအဘိုးကြီး သူ့သားနဲ့ ချွေးမရှိရာ လန်ဒန်လာမည်ဆိုတော့ သားဖြစ်သူက သူ့ချစ်ဇနီးတရုတ်မလေးခေါ်ပြီး လေဆိပ်မှာ သွားကြိုရှာတယ်။ အဘိုးကြီးလေယာဉ်ပေါ်က ဆင်းတော့ သူတို့အတွက် စားဖို့သောက်ဖို့နဲ့ ကလေးတွေအတွက် လက်ဆောင်လေးတွေထည့်ထားတဲ့ အိပ်တွေဘာတွေပါ ပါလာတယ်။ အဘိုးကြီး လေဆိပ်ရောက်တော့ သူ့သားနဲ့ချွေးမတို့၊ သူ့မြေးလေးတို့အတွက် စားစရာသောက်စရာနဲ့ လက်ဆောင်တွေထည့်ထားတဲ့အိပ်တွေကို ကားပေါ်တင်ပြီး လူတက်မယ်လဲလုပ်ရော ချွေးမလုပ်သူက အဏုမြူဗုန်းပေါက်ခါနီး ကြောက်လန့်တဲ့ ဟန်မျိုးနဲ့---
“အိုး---မတက်နဲ့၊ မတက်နဲ့။ ကားပေါ်လူတက်လို့ ဘယ်ဖြစ်မလဲ။ အိမ်မှာက ကလေးတွေနဲ့။ တော်ကြာ လေယာဉ်ပေါ်ကသူ့ကပ်ပါလာတဲ့ ၀က်တုန့်ကွေးပိုးတွေ ကလေးတွေကူးကုန်ရင် ခက်ကုန်လိမ့်မယ်၊ ကားပေါ်တက်လို့ မဖြစ်ဘူး။ အိမ်လဲ လာအိပ်လို့မရဘူး။ တခြားသွားအိပ်။ ရှင့်မိတ်ဆွေ မြန်မာအဘိုးကြီးရှိနေတာပဲ၊ အဲဒီမှာသွားအိပ်။ ကျမတို့ဆီ လိုက်အိပ်လို့တော့ ဘယ်နည်းနဲ့မှကို လက်ခံလို့မရဘူး” ဆိုပြီး အတင်းရော အဓမ္မပါ ငြင်းလွှတ်တော့ အဘိုးကြီးခမျှာ အူကြောင်ကြောင်ဖြစ်ပြီး လေဆိပ်မှာ တစ်ယောက်တည်း ကျန်ရစ်ရှာတယ်။

သားလုပ်သူကလဲ သူ့မိန်းမကို သူ့အဖေထက် ပိုချစ်လေတော့ တစ်ခွန်းမှ ၀င်မပြောရဲရှာပဲ ခေါင်းငုံ့နေရတဲ့ အဖြစ်။ “မဘက်လိုက်လို့ အမိုက်ဘက်ပါ” ဖြစ်နေလေရော့ထင့်။ အဘိုးကြီးလဲ သူ့ရှေ့က “ဝေါ”ကနဲ့ မည်သံပြုမောင်းထွက်သွားတဲ့ သားတော်မောင်နဲ့ ချွေးမလေးတို့ကို ကြည့်ပြီး ငေးငေးငိုင်ငိုင်နဲ့ ဘာလုပ်ရမှန်းမသိ။ ”ရက်စက်တယ်” ဆိုတဲ့စကားကို သုံးရအောင်ကလဲ ဘယ်သူ့လက်ညှိုးထိုးရပါ့။ ချွေးမကိုလား၊ သားကိုလား၊ ၀က်တုန့်ကွေးကိုလား၊ ဒါမှမဟုတ် ဒီလိုအချိန်မျိုး လာလည်မိတဲ့ သူ့ကိုယ်သူလား။ နောက်ဆုံးကြံရာမရဖြစ်ပြီး သူ့မိတ်ဆွေ ကျနော်တို့အိမ်ရှင်အဘိုးကြီးကို ဖုန်းလှမ်းဆက်ပြီး လာခေါ်ခိုင်းလိုက်ရရှာတယ်။

ကျနော်တို့အိမ်ရှင်အဘိုးကြီးလဲ မလေးအဘိုးကြီးကို လေဆိပ်က ခေါ်လာပြီး သူ့သမီးအိမ်မှာ တစ်ညသိပ်၊ နောက်တစ်နေ့မှာ ကျနော်တို့ဆီ လာပို့ထားရှာတယ်။ ကျနော်တို့ဆီမှာကလဲ အခန်းတိုင်းမှာ လူတွေပြွတ်သိပ်နေတဲ့အတွက် အခန်းတစ်ခုခုထဲ ထားဖို့ရာမဖြစ်လေတော့ ဆောင်အပြင်ဘက်ဆွယ်ထုတ်ထားတဲ့ အိမ်နောက်ဘက်က ပစ္စည်းသိုတဲ့ အခန်းထဲမှာပဲ နေရာပေးနိုင်တယ်။ အဲဒီမှာပဲ သူ့ခမျှာ ချမ်းချမ်းနဲ့နေရရှာတယ်။ ဒါပေမဲ့ ညအိပ်ရင်တော့ အနွေးဓာတ်လေးဘာလေးရအောင် ကျနော်တို့ထမင်းစားတဲ့ အခန်းထဲမှာ အိပ်ခိုင်းရတယ်။

“လူလေး၊ အဘိုးအတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလားကွယ်”
စာအုပ်တစ်အုပ်ကို သဲသဲမဲမဲ (ဟန်လုပ်) ဖတ်နေတဲ့ ကျနော်၊ မော်ကြည့်လိုက်တော့ မလေးအဖိုးကြီး ချမ်းချမ်းတုန်တုန်နဲ့ ကျနော့်အနားလာပြီး ကော်ဖီလေးတစ်ခွက်လောက် သောက်ချင်ကြောင်းပြောရှာတယ်။ ကျနော့်ရင်ထဲ နင့်နင့်ကြီးခံစားလိုက်ရတယ်။ ကျနော်လဲ ဖတ်လက်စ စာအုပ်ကို ခဏချ၊ရေနွေးအိုးရေဖြည့်၊ ခလုပ်နှိပ်ပြီး ခဏစောင့်၊ ရေနွေးကျက်တော့ ကော်ဖီမှုန့်နှစ်ဇွန်း၊ ကော်ဖီမိတ်သုံးဇွန်းနဲ့ သကြားတစ်ဇွန်းထည့်ပြီး ကျနော်သောက်နေကျအရသာအတိုင်း ကော်ဖီခါးဆိမ့်လေးတစ်ခွက်ဖျော်ပေးလိုက်တယ်။ ကျေးဇူးတင်ကြောင်း ဆယ်ခါလောက်ပြောပြီး ကော်ဖီခွက်လေးကိုင်ထွက်သွားတယ်။ သူ့အတွက်ပေးထားတဲ့ နေရာမှာ အချမ်းဒဏ်သက်သာလို သက်သာညား၊ တဖူးဖူးမှုတ်ရင်း သောက်နေရှာတယ်။

ဖတ်လက်စ စာအုပ်ထဲက မှတ်ထားတဲ့ စာမျက်နှာကို ပြန်လှန်လိုက်မိတယ်။ ဖတ်မယ်လို့ ကြိုးစားပြီး စာကြောင်းတွေအပေါ် ကျနော့်မျက်လုံးနှစ်လုံးကို ရွှေ့လိုက်တယ်။ ကျနော်ဖတ်နေဆဲ စာအုပ်ထဲက ဇာတ်ကြောင်းကလေးဟာ ကျနော့်စိတ်ကို မဆွဲဆောင်နိုင်တော့ပါ။ ကျနော်လက်ရှိတွေ့နေရတဲ့ လက်တွေ့ဘ၀ရဲ့ တကယ်ဖြစ်ရပ်တစ်ခုက ကျနော့်စိတ်ကို ဖမ်းစားလိုက်လေပြီ။ ကျနော့်မျက်စိထဲမှာ ယောက်ခမကို အိမ်ပေါ်တင်ရမှာ သေမလောက်ကြောက်နေတဲ့ ချွေးမရဲ့ ပုံရိပ်တွေကို မြင်နေရပြီး ကျနော့်နားထဲမှာ ကြားနေရတာတွေကတော့ ယောက်ခမကို အိမ်ပေါ်မထင်ချင်လို့ ပေးနေတဲ့ ချွေးမလေးရဲ့ ဆင်ခြေများ။ ကျနော်တွေးမိတယ်။ “ဒါသည်ပင် သံသရာလား၊ ဒါဆိုရင် ဟောဒီချွေးမလေး အဖွါးအိုကြီးဖြစ်လို့ သူ့မြေးလေးတွေဆီ သွားလည်တဲ့အခါ ဘယ်လို အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ရမှာလဲ”။

3 comments:

ကိုရင်နော်ခင်လေးငယ် said...

ကျနော့်မျက်စိထဲမှာ ယောက်ခမကို အိမ်ပေါ်တင်ရမှာ သေမလောက်ကြောက်နေတဲ့ ချွေးမရဲ့ ပုံရိပ်တွေကို မြင်နေရပြီး ကျနော့်နားထဲမှာ ကြားနေရတာတွေကတော့ ယောက်ခမကို အိမ်ပေါ်မထင်ချင်လို့ ပေးနေတဲ့ ချွေးမလေးရဲ့ ဆင်ခြေများ။ ကျနော်တွေးမိတယ်။ “ဒါသည်ပင် သံသရာလား၊ ဒါဆိုရင် ဟောဒီချွေးမလေး အဖွါးအိုကြီးဖြစ်လို့ သူ့မြေးလေးတွေဆီ သွားလည်တဲ့အခါ ဘယ်လို အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ရမှာလဲ”။

ဖတ်လို့ကောင်းတယ်.. နောက်ဆုံးအပိုဒ်လေးက မှတ်သားစရာ သဘောတရားလေး တစ်ခု ပါလားနော်..

ကိုရင်နော်ခင်လေးငယ် said...

ကျနော့်မျက်စိထဲမှာ ယောက်ခမကို အိမ်ပေါ်တင်ရမှာ သေမလောက်ကြောက်နေတဲ့ ချွေးမရဲ့ ပုံရိပ်တွေကို မြင်နေရပြီး ကျနော့်နားထဲမှာ ကြားနေရတာတွေကတော့ ယောက်ခမကို အိမ်ပေါ်မထင်ချင်လို့ ပေးနေတဲ့ ချွေးမလေးရဲ့ ဆင်ခြေများ။ ကျနော်တွေးမိတယ်။ “ဒါသည်ပင် သံသရာလား၊ ဒါဆိုရင် ဟောဒီချွေးမလေး အဖွါးအိုကြီးဖြစ်လို့ သူ့မြေးလေးတွေဆီ သွားလည်တဲ့အခါ ဘယ်လို အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ရမှာလဲ”။

နောက်ဆုံး အပိုဒ်လေးက မှတ်သားစရာ သဘောတရားလေး တစ်ခု ပါလားနော်..

ဖတ်လို့ကောင်းလိုက်တာ..

kiki said...

ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်း ဘူးပေါ့နော် ။
လူတိုင်း နာကြ အိုကြ သေကြ ရမှာလေ
ဒါတွေကို နားလည်တဲ့တနေ့ ဒီချွေးမလေး နောင်တ ရမှာ ပါ ။
ကိုမင်းထက်ရဲ့ ယောက္ခမ ကြီးကတော့ ကံကောင်းမှာပေါ့ နော .
ခင်မင်လျှက် .
အမ ကိကီ ။