Wednesday, May 20, 2009

သီးခံခြင်းသဘောတရားနှင့် လေ့ကျင့်နည်းများ


“ခန္တျာ ဘိယျော န ၀ိဇ္ဇတိ= သီးခံခြင်းထက် သာလွန်သော တရားမရှိ”
(ဗုဒ္ဓ)

Nobody can be exactly like me. Sometimes even I have trouble doing it.
(Tallulah Bankhead)

ဘယ်သူမှ ကျုပ်နဲ့ တစ်ပုံစံတည်း မဖြစ်နိုင်ဘူး။ တစ်ခါတရံ ကျုပ်ကိုယ်တိုင်တောင် အဲလိုဖြစ်ဖို့ ခက်ခဲတယ်။
(တယ်လူလာဘန်းခ်ဟက်ထ်)


တစ်ခါက ရွာတစ်ရွာတွင် ဘုရားတရား အလွန်လုပ်သော အဘိုးကြီးတစ်ယောက်ရှိသည်။ ရွာဦးကျောင်းသို့သွား၍ ကျောင်းထိုင်ဆရာတော်နှင့် တရားစကားဆွေးနွေးခြင်း၊ တရားထိုင်ခြင်းများကိုလဲ အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။ ဘုရားရိပ် တရားရိပ် ကျောင်းရိပ် ကန်ရိပ်ခိုပါများသော အဆိုပါ အဘိုးကြီးသည် အရာရာကို သီးခံခြင်းဖြင့် အနိုင်ရနိုင်ကြောင်း ကောင်းစွာသဘောပေါက်လာခဲ့သည်။ တရားအထုံပါနေသော အဘိုးကြီးသည် သူကဲ့သို့ဘုရားတရားအလုပ် ကောင်းစွာမလုပ်နိုင်ရှာပဲ ၀မ်းစာရေးအတွက် ရတက်မအေး လုပ်ရှားနေကြရသော ရွာသူရွာသားများကို သနားလျှက်ရှိလေသည်။

ထို့ကြောင့် တွေ့သမျှလူတွေကို ဘုရားတရားအလုပ် လုပ်ဖို့ ဟောပြောဆုမ္မ သွန်သင်လေတော့သည်။ သို့သော် ရွာသူရွာသားများမှာ နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရသောကြောင့် သူကဲ့သို့ တရားအလုပ်ကို ကောင်းစွာမလုပ်နိုင်ကြပဲရှိကြသည်။ အချို့အချို့သော ရွာသူရွာသားများက အဘိုးကြီးကို အူကြောင်ကြောင်လူကြီးတစ်ယောက်အဖြစ်မြင်လာခဲ့ကြသည်။ ကာလသားများကလဲ အဘိုးကြီးကိုမြင်လျှင် ခပ်ဝေးဝေးမှ ရှောင်ကာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကြနောက်ကြ ဖြစ်လာကြတော့သည်။ အဘိုးကြီးသည် မိမိရင်ထဲမှာရှိသော တရားစိတ်ကို အပျောက်မခံဘဲ ပတ်ဝန်းကျင် ပြောသမျှကို သီးခံရှာသည်။

တစ်နေ့တွင် အိမ်ရှေ့ဝရန်တာမှာ ထိုင်ရင်း လမ်းသွားလမ်းလာများကို ကြည့်ကာ အကြံတစ်ခုပေါ်လာသည်။ ယင်းအကြံမှာ လူတွေကို လိုက်လံဟောပြောမနေတော့ပဲ သူ့အိမ်ရှေ့အများမြင်သာသော နေရာတွင် ဆိုင်းဘုတ်တစ်ခုရေးပြီး ချိတ်ဆွဲထားဖို့ ဖြစ်သည်။ အဘိုးကြီးသည် သူရေးလိုသော ဆိုင်းဘုတ်ကို တိုကျဉ်းလိုရင်းမိအောင် အခေါက်ခေါက်အခါခါ စဉ်းစားလေတော့သည်။ နောက်ဆုံးမှာ ကာလသားများက သူ့အပေါ် နောက်ပြောင်ကျီစယ်ကြသည်ကို သူကိုယ်တိုင်မည်ကဲ့သို့ သီးခံခဲ့ရသည်ကို သတိရပြီး “သီးခံလျှင် နိဗ္ဗာန်ရောက်သည်” ဟူသော စာကြောင်းလေးကို သဘောကျခဲ့သည်။ ထို့ကြောင့် သစ်သားပြားကြီးကြီးတစ်ခုတွင် ယင်းစာတမ်းကို ရှင်းလင်းပီသစွာရေးသားပြီး အိမ်ရှေ့လူမြင်ကွင်းမှာ ချိန်ဆွဲထားလေတော့သည်။

သူ့အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်သူများသည် ယင်းဆိုင်းဘုတ်ကို မြင်တိုင်း ပြုံး၍ ပြုံး၍သွားကြသည်။ အစအနောက်သန်သော ကာလသားအုပ်စုမှာမူ ဆိုင်းဘုတ်တပ်ပြီးနောက်တွင် ပိုမိုဆိုးဝါးစွာ စခန်းထလာကြတော့သည်။ အဘိုးကြီးတွင် သမီးတစ်ယောက်ရှိရာ ထိုသမီးနာမည်ကို ထည့်၍ ကာလသားများက နောက်ပြောင်ကျီစယ်ကြသည်။ အဘိုးကြီးခမျှာ သူ့သမီးကိုပါ ထိပါးလာသောအခါ ဒေါသလွန်စွာဖြစ်ရသော်လဲ သူရေးထားသောဆိုင်းဘုတ်ကြောင့် “ကိုယ့်ရှူးကိုယ့်ပက်” ဖြစ်ပြီး မည်သို့မျှ ပြန်လည်မတုန့်ပြန်သာအောင် ဖြစ်ရတော့သည်။ ထို့ကြောင့်နောက်တစ်နေ့တွင် အောက်ပါအတိုင်း နောက်ထပ်စာတစ်ကြောင်းတိုးပြီး ဆိုင်းဘုတ်ကို ပြင်ရေးလိုက်သည်။
“သီးခံလျှင် နိဗ္ဗာန်ရောက်သည်၊ သို့သော် ခံသင့်မှခံမည်” ဟူသတည်း။

ပုထုဇဉ်မျှသာဖြစ်ကြသော ကျနော်တို့သည် တရားကို သိသော်လဲ သိသည့်အတိုင်း လိုက်နာဖို့ရန်မှာ အလွန်မလွယ်ကူသော အလုပ်ဖြစ်ကြောင်း လုပ်ကြည့်ဖူးသူတိုင်း နားလည်ကြသည်။ ကျနော်တို့ကဲ့သော အန္ဓပုထုဇဉ်များကို မဆိုထားနှင့်၊ ပါရမီတော်အရင့်အမာကြီးဖြစ်၍ ကလျာဏပုထုဇဉ်ဖြစ်နေပြီဖြစ်သော ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးသည်ပင် သူ့ရှေ့တော်မှောက်တွင် သူ၏သားတော်သမီးတော်လေးနှစ်ပါး (ဇာလီနှင့် ကဏှာဇိန်)ကို ရိုက်နှက်ခေါ်ယူသွားသော ဇူဇကာပုဏ္ဏားကို လက်တော်က သံလျှက်ဖြင့် အပိုင်းပိုင်းခုတ်ပစ်ချင်စိတ်ပေါက်ရလောက်အောင် ဒေါသဖြစ်ခဲ့ရကြောင်း စာပေများကဆိုသည်။ ထွက်လာသော ဒေါသကို ခန္တီပါရမီတော်အဟုန်ဖြင့် ပြန်လည် ငြိမ်သက်စေခဲ့ရသည်။

ထို့ကြောင့် သီးခံခြင်းသည် လွယ်ကူသော အလုပ်ကားမဟုတ်။ သို့သော် ကျနော်တို့သည် သည်းမခံပဲနေလို့လဲ မဖြစ်ပြန်ချေ။ လူတစ်ယောက်အကြိုက်တစ်မျိုးစီရှိကြသော ကျနော်တို့သည် မိမိအလိုနှင့် မသင့်သည်ကို တွေ့ရလျှင် စိတ်ဆိုးဒေါသထွက်ဖို့ အဆင်သင့်ဖြစ်နေတတ်သည်။ ဒေါသမထွက်မိအောင် သည်းခံစိတ်ကို မဖြစ်မနေမွေးကြရသည်။ မိမိ၏ အပြောအဆို အပြုအမူသည်လည်း ရံခါမှာ တစ်ဘက်လူအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်နေတတ်သည်။ ယင်းသဘောကို နားလည်ပါက တစ်ဘက်သားက မိမိအပေါ် စိတ်ဆိုးဒေါသဖြစ်ရသည်များရှိခဲ့လျှင် သူဘာ့ကြောင့် ဒီလိုဖြစ်ရသည်ကို ကိုယ်ချင်းစာစိတ်မွေးရင်း ပြန်လည်မတုန့်ပြန်မိအောင် သတိထားဖို့ အလွန်ပင်အရေးကြီးလှသည်။

မျိုးစေ့တစ်စေ့တွင် အပင်ပေါက်နိုင်သော သတ္တိရှိသည်မှန်သော်လဲ ယင်းမျိုးစေ့ကို မြေချစိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ သင့်တော်သော အလင်းဓာတ်စသည်ရစေခြင်း-စသည်မလုပ်ပါက ယင်းမျိုးစေ့သည် အပင်တစ်ပင်အဖြစ်သို့ ရောက်မလာနိုင်ချေ။ ထို့အတူပင် လူသားတို့၏သန္တာန်ဝယ် ပဋိသန္ဓေစတင်တည်ရာ ကာလကတည်းက သီးခံခြင်းဟူသော မျိုးစေ့တစ်ခု ပါလာခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းမျိုးစေ့သည် သာမန်လူသားတို့စိတ်သန္တာန်မှာ သင့်တော်သောလေ့ကျင့်မှုကို မပြုလုပ်ပါက သူ့အလိုအလျောက် ရှင်သန်ကြီးထွားလာခြင်းမရှိနိုင်ချေ။ သီးခံခြင်းမျိုးစေ့ အပင်ဖြစ်လာဖို့အတွက် တဖြေးဖြေးချင်း လေ့ကျင့်ယူရမည်ဖြစ်သည်။

လူသည် ရုပ်နှင့် စိတ်ဟူသော အင်အားနှစ်မျိုးကို အချိုးကျပေါင်းစပ်ပေးထားသော ဒြဗ်တစ်ခုဖြစ်သည်။ ရုပ်ခန္ဓာသည် လေ့ကျင့်ယူ၍ရသော အရာဖြစ်သည်။ ပျော့အိအိ၊ ပျင်းတွဲတွဲဖြစ်နေသော ကြွက်သားများကို နေ့စဉ်ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် မာကျောအောင် ပြုလုပ်နိုင်သည်။ တုံ့ဆိုင်း ခက်မာနေသော အကြောများကို နေ့စဉ်ပုံလေ့ကျင့်ပေးခြင်းဖြင့် နူးညံ့ပျော့ပြောင်းအောင် လုပ်နိုင်သည်။ ထို့အတူပင် စိတ်သည်လည်း လေ့ကျင့်၍ ရသော အရာတစ်ခုဖြစ်သည်။ စိတ်သည် ရုပ်ထက်လေ့ကျင့်ရခက်သော အရာဖြစ်သည်ကား အမှန်တည်း။ သို့သော် လေ့ကျင့်၍ မရသော အရာကားမဟုတ်။ စိတ်သည် ရုပ်ထက် လေ့ကျင့်ရခက်သောကြောင့် လေ့ကျင့်ထားပြီးသောစိတ်သည် လေ့ကျင့်ထားပြီးသော ရုပ်ထက် အဆများစွာ အင်အားပိုကြီးသည်ကို တွေ့မြင်သိရှိနားလည်နိုင်သည်။

သီးခံခြင်းသည် စိတ်တစ်မျိုးဖြစ်၍ လေ့ကျင့်ယူမှ ရတတ်သော စိတ်တန်ခိုးတည်း။ လူတိုင်းလေ့ကျင့်၍ရသော တရားတစ်မျိုးလည်းဖြစ်သည်။ ယင်းသို့လေ့ကျင့်ရာဝယ် ဘ၀ါဘ၀က အထုံပါလာသူများအတွက် လွယ်ကူသော အကျင့်ဖြစ်၍ အထုံမပါသူများအတွက်မှာမူ လွန်စွာခက်ခဲနေတတ်သည်။ အဘယ်သို့လေ့ကျင့်ယူရသနည်း? ရှေးဦးစွာ နားလည်ထားရမည့်အချက်မှာ တစ်ဘက်သားအပေါ် မနိုင်၍ အရှုံးပေးလိုက်ရခြင်းမျိုးကို သီးခံခြင်းဟု မှားယွင်းစွာ မမှတ်ယူဖို့ အရေးကြီးသည်။ သီးခံခြင်းတန်ခိုးရအောင် လေ့ကျင့်ယူရာ၌ အောက်ပါအချက်နှစ်ချက်ကို သတိထားရမည်။
(၁) သူတစ်ပါးကို သီးခံခြင်း၊ တစ်နည်းအားဖြင့် ရုပ်ကို သီးခံခြင်း၊
(၂) ကိုယ့်ကိုယ်ကို သီးခံခြင်း၊ တစ်နည်းအားဖြင့် စိတ်ကို သီးခံခြင်း တို့ဖြစ်သည်။

ခန္တီ ခေါ် သီးခံခြင်းစွမ်းအင်ကို လေ့ကျင့်နေသောသူသည် မိမိနှင့်ထိတွေ့ဆက်ဆံနေရသော သက်ရှိသက်မဲ့အရာဝတ္ထုမှန်သမျှအပေါ် သူ့သဘောသဘာဝအတိုင်း နားလည်အောင် ကြိုးစားရမည်။ ဥပမာ=မိမိနှင့်အတူနေသူတစ်ယောက်သည် မိမိနှင့်ဆန့်ကျင်သော၊ မိမိမနှစ်မျို့နိုင်သော အပြောအဆို၊ အပြုအမူရှိနေသည်ဆိုလျှင် ယင်းအမူအရာများသည် မိမိမကြိုက်သော်လဲ သူ၏ ကိုယ်ပိုင်အမူအယာများဖြစ်၍ သူ့သဘောသူဆောင်နေကြောင်း နားလည်အောင် ကျိုးစားရမည်။ သူ့အပေါ်နားလည်ပေးနိုင်ရမည်။ အကယ်၍ တစ်ဘက်လူ၏ အမူအယာများသည် သီးမခံနိုင်လောက်အောင် လွန်ကဲလာပါက သီးခံခြင်းကို အားဖြည့်ပေးသောတရားတစ်မျိုးရှိသေးသည်။ ယင်းမှာ “ဥပေက္ခာ”ခေါ် လျစ်လျူရှုခြင်းတည်း။

သူလုပ်ချင်တာလုပ်ပါစေ၊ ပြောချင်တာပြောပါစေ၊ မမြင်သလို၊ မကြားသလို၊ သို့မဟုတ် သူ့ကို မမြင်လောက်ရာ၊ သူ့စကားမကြားလောက်ရာမှာ နေပြီး မိမိလုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းသို့ တဖြေးဖြေးချင်း လေ့ကျင့်ယူပါက တစ်နံပါတ်အဆင့်ဖြစ်သော ရုပ်ကို သီးခံခြင်းသဘောတရားသည် တဖြေးဖြေးချင်း အင်းအားကြီးလာပြီး မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး အလှအပဆုံးမြင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်သည်။ အမှန်အားဖြင့် ပတ်ဝန်းကျင်ကို အကောင်းမြင်ခြင်းသည် ပတ်ဝန်းကျင်ကို အမြင်ကောင်းအောင် ပြုပြင်ထားခြင်းနှင့် မသက်ဆိုင်ပါ။ မိမိစိတ်ကို အကောင်းမြင်တတ်အောင် ပြုပြင်ထားခြင်းနှင့်သာ သက်ဆိုင်သည်။

နှစ်နံပါတ်ဖြစ်သောစိတ်ကို သီးခံခြင်းသည် အထက်ပါ ရုပ်ကိုသီးခံခြင်းထက် များစွာခက်ခဲလှသည်။ အမှန်အားဖြင့် ရုပ်ကို သီးခံသည်ဟု ဆိုသော်လဲ မိမိစိတ်ကို သင့်တော်အောင် ဆုံးမသွန်သင်ခြင်းမျှသာတည်း။ ထို့ကြောင့် ရုပ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ သီးခံသည်ဆိုရာ၌ အခြေခံအားဖြင့် မိမိစိတ်ကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ သို့သော် ဒီနေရာမှာ ပိုမိုရှင်းစေလို၍ နှစ်မျိုးခွဲပြောခြင်းဖြစ်သည်။ စိတ်သည် အလုပ်တစ်ခုခုထဲမှာ နှစ်မထားလျှင် နဂိုရဖူးယူဖူးပြီးသော အာရုံများကို ပြန်ယူလေ့ရှိသည်။ တစ်နည်းအားဖြင့် ပြန်စဉ်းစားလေ့ရှိသည်။ ယင်းသို့အာရုံအဟောင်းကို ပြန်ယူရာ၌ မိမိကြိုက်သောအာရုံဖြစ်လျှင် တပ်မက်မှုဖြစ်ပွါးလာပြီး မိမိမကြိုက်သော အာရုံဖြစ်လျှင် စိတ်ဆိုးလာတတ်သည်။ ယင်းသို့ဖြစ်ခြင်းကို လောဘဖြစ်သည်ဟူ၍၎င်း၊ ဒေါသဖြစ်သည်ဟူ၍၎င်း ဆိုသည်။ လောသ ဒေါသတို့သည် သီးခံခြင်း၏ ဆန့်ကျင်ဘက်တရားများတည်း။

အာရုံအဟောင်းကို ပြန်လည်ယူမိသဖြင့်ဖြစ်စေ၊ ယူဖူးပြီးသော အာရုံအဟောင်းနှင့်နှီးနွယ်ပြီး အာရုံအသစ်တစ်မျိုးကို မိမိဘာသာဖန်တည်းယူမိသဖြင့်ဖြစ်စေ လိုချင်တပ်မက်မှု သို့မဟုတ် စိတ်ဆိုးမှုဖြစ်ပေါ်လာလျှင် ချက်ချင်းသတိထားပြီး ယူဆဲအာရုံကို ပြောင်းပစ်ဖို့လိုသည်။ စာအုပ်တစ်အုပ်ကို ဖတ်လိုက်ခြင်း၊ အလုပ်တစ်ခုခုကို ထလုပ်လိုက်ခြင်း စသောလွယ်ကူသော လေ့ကျင့်မှုများကို ပြုလုပ်နိုင်သလို အိပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ အသက်ကို ခပ်ပျင်းပျင်းရှူရှိုက်လိုက်ပြီး မိမိစိတ်ကို ယင်းအသက်ပျင်းပျင်းရှူရှိုက်မှုအပေါ် အာရုံပြုထားရမည်။ တစ်ယောက်တည်းနေရင်း ထိုင်ရင်း တွေးမိတွေးရာ အာရုံအလိုက် လွန်ကဲသောလိုချင်မှုနှင့် စိတ်ဆိုးမှုများဖြစ်ပေါ်သည့်အခါတိုင်း အထက်ပါတိုင်း လေ့ကျင့်သွားပါက စိတ်ပိုင်းဆိုင်ရာ သီးခံမှုသည် တဖြေးဖြေးချင်း အားကောင်းလာပြီး ကိုယ့်ကိုယ်ကို ကျေနပ်သူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ယင်းသို့ဖြစ်လာသောအခါ ဘ၀မှာအနေပျော်ပြီး မည်သည့်လောကဓံမျိုးကိုမဆို သူတစ်ပါးထက် ပိုမိုခံနိုင်ရည်ရှိလာလေတော့သည်။ စာဖတ်သူသည် အထက်ပါနည်းများကို မိမိဘ၀အတွက် အသုံးတည့်အောင် အသုံးပြုကြည့်ပါ။ လွယ်ကူသောအလုပ်ကို ပြီးစီးအောင်လုပ်နိုင်ခြင်းကို အောင်မြင်ခြင်းဟုမခေါ်၊ ခက်ခဲသောအလုပ်ကို ပြီးစီးအောင်လုပ်ခြင်းကိုသာ အောင်မြင်ခြင်းဟုခေါ်သည်။ သီးခံနိုင်ခြင်းသည် အကောင်းဆုံးသော အောင်မြင်ခြင်းတစ်မျိုးဖြစ်ပါသတည်း။

1 comment:

မသက်ဇင် said...

“သီးခံလျှင် နိဗ္ဗာန်ရောက်သည်၊ သို့သော် ခံသင့်မှခံမည်”

စာရေးကောင်းတယ်