Monday, May 4, 2009

သူငယ်ချင်းသို့ (၁၃)

သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာလဲ ကြာပေါ့။ နေကောင်းတယ်မို့လား။ အလုပ်သိပ်များတဲ့လူမို့ အလုပ်ရှုပ်နေလားလို့ မမေးတော့ပါဘူး။ ကိုယ်တော့ အခုတလော စိတ်ဂနာမငြိမ်ဖြစ်နေမိတယ်။ အကြောင်းကြောင်းကြောင့်ဆိုရမှာပေါ့။ ဒီမနက်တော့ မနက်စာစားပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် အနားရှိတဲ့ ဆရာတော်ဦးဇောတိကရဲ့ Snow In The Summer ဆိုတဲ့စာအုပ်လေး ဖတ်နေမိတယ်။ ကိုယ့်လူလဲအတော်အသင့်ဖတ်ပီးလောက်ရော့ပေါ့။

အရင်တုန်းက၊ အတော်ကြာပါပြီ။ ထွက်ခါစလောက်မှာထင်တယ်။ အဲဒီတုန်းကလဲ ဖတ်တော့ ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသိပ်နားမလည်တာရယ်၊ အနာနဲ့ဆေး မသင့်သေးတာရယ်ကြောင့်ထင်ပါရဲ့၊ ဒီစာအုပ်ရဲ့ ဆိုလိုချက်ကို ဒီလောက်မသိခဲ့ဘူး။ အခုလို စိတ်ညစ်ညစ်ရှိတဲ့အခါမှာ ဖတ်လိုက်ရတော့မှ အနာနဲ့ဆေးသင့်သွားလို့နဲ့တူတယ်။ စာအုပ်ရဲ့အရသာကို ပိုခံစားတတ်လာသလိုပဲ။ အကောင်းချည်းပဲ မဟုတ်ပေမဲ့ အကောင်းတွေ အတော်များများရေးထား၊ အကြံပြုထားတာ တွေ့ရတယ်။

အဲဒီစာအုပ်ဖတ်ပီးတော့ ငါဘာကြောင့် စိတ်ညစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ အဖြေတစ်ခုရလာသလိုပဲ။ တစ်နည်းပြောရရင်တော့ အဖြေတစ်ခုရှာတွေ့လိုက်သလိုပဲ။ “လက်ခံလိုက်မိလို့”။ ဟုတ်တယ်၊ လက်ခံလိုက်မိလို့ဖြစ်ရတာ။ လက်မခံရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ ကိုယ့်အနီးအဝေးကနေ ကိုယ့်ဆီ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရောက်လာကြတဲ့ ကောင်းကောင်းဆိုးဆိုး အာရုံတွေကို စိတ်လိုလက်ရ လက်ခံမိတာအကြောင်းပြုပြီး စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုတွေ ဖြစ်ရတယ်ဆိုတဲ့ အသိတစ်ခုရလာမိတယ်။

လူရယ်လို့ ဖြစ်လာပြီ၊ သိတတ်စအရွယ်ရောက်လာပြီဆိုကတည်းက စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲ့မှုဆိုတာတွေလဲ တွဲပါလာတော့တာပဲ။ ကိုယ်နားလည်သလိုပြောကြည့်တာပါ။ သူငယ်ချင်းကရော ဘယ်လိုထင်လဲ။ ဘာမှမသိသေးတဲ့ ကလေးပေါက်စတစ်ယောက်အဖို့ ဗိုက်ဆာတဲ့အခါ၊ သူလိုချင်တာမရတဲ့အခါနဲ့ နာကျင်မှုတစ်ခုခုဖြစ်တဲ့အခါ ငိုကြွေးလိုက်ရတာကလွဲပြီး သူ့အတွက်စိတ်ညစ်စရာရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ထိုနည်းတူ စိတ်ချမ်းသာစရာရယ်လို့လဲ ထူးထူးထွေထွေ ရှိဟန်မတူဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အပြင်ကလာတဲ့ အာရုံတွေကို ခံယူတတ်၊ ခံယူနိုင်တဲ့ အသိရယ်လို့ ခိုင်ခိုင်မာမာမရှိသေးဘူးလေ။ ကိုယ်တော့ ဒီအတိုင်းပဲ ယူဆမိတယ်။

ကလေးလေးတစ်ယောက်ရဲ့စိတ်ဟာ အနောက်တိုင်းဒဿနဆရာကြီး John Lockeရဲ့ ဝေါဟာရနဲ့ ပြောရရင် Tabula Rasa (Latin) လို့ခေါ်တဲ့ (Blank Slate) ဘာမှရေးမထားရသေးတဲ့ကျောက်သင်ပုန်းတစ်ချပ်နဲ့ တူသတဲ့။ ဒါကြောင့် အဲဒီကလေးငယ်လေးရဲ့စိတ်ဟာ အပြင်ပအာရုံကိုအကြောင်းပြုပြီး ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ သိပ်မဖြစ်သေးဘူးလို့ဆိုတယ်။ သူ့အဆိုဟာ ကိုယ်တို့အရှေ့တိုင်း ဖီလိုဆိုဖီ၊ အထူးသဖြင့် ကိုယ်တို့ ဗုဒ္ဓမြတ်စွာသခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဟောကြားချက်တွေနဲ့ တစ်ထပ်တည်းမတူသည့်တိုင်း အတော်အတန်နီးနီးစပ်စပ်ရှိတယ်လို့တော့ ကိုယ်မြင်မိတယ်။

ဘုရားစကားလေးနည်းနည်းလောက်ရေးလိုက်မယ် သူငယ်ချင်းရာ။ ကိုယ်မှတ်ထားတာလေးတွေပေါ့။ ကိုယ့်လူလဲ ကြားဖူးပြီးသားဖြစ်ချင်ဖြစ်မှာပါ။ ဘုရားမြတ်စွာက အင်္ဂုတ္တရနိကာယ်၊ ဧကကနိပါတ်ပါဠိတော်မှာ စိတ်ရဲ့ မူရင်းသဘောသဘာဝနဲ့ပတ်သက်ပြီးတော့----
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္ဒ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ” စိတ်ရဲ့မူရင်းသဘာဝဟာ တလက်လက် အရောင်ထွက်လောက်အောင်ကို သန့်ရှင်းတယ်။ ဒါပေမဲ့ အပြင်ပကရောက်လာတဲ့ အာရုံအညစ်အကြေးတွေကို အကြောင်းပြုပြီး ညစ်ထေးသွားရရှာတယ်” လို့ ဟောတော်မူခဲ့ပါတယ်။ သူငယ်ချင်း ဖတ်ဖူးတယ်မို့လား။

ဒဿနဆရာကြီး ဂျွန်လော့ခ်ရဲ့ ကျောက်သင်ပုန်း သီအိုရီဟာ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်နဲ့ ခန့်ဆင်ဆင်တူတယ် လို့ မထင်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်စိတ်ညစ်နေတယ်။ ဘာကြောင့်ညစ်ရသလဲဆိုတာတော့ အထက်မှာပြောခဲ့သလိုပေါ့။ လက်ခံလိုက်လို့။ အပြင်က၀င်ရောက်လာတဲ့ ကိုယ်မလိုလားတဲ့အာရုံတွေကို လက်ခံလိုက်မိလို့။ လက်မခံပဲ မသိယောင်ဆောင်နေလိုက်ရင် ဒီလောက်စိတ်ညစ်ချင်မှ ညစ်မှာ။ အခုတော့ သိပြီ။ ကိုယ်မလိုချင်တဲ့ အာရုံကြမ်းတွေကို လက်ခံမိရင် စိတ်ညစ်ရတတ်တယ် ဆိုတာကို။ ဒါဖြစ်ရင် အဲဒီအာရုံတွေကို လက်မခံပဲ နေလို့ကော ရလို့လား? ဒီမေးခွန်းကို အဖြေပေးချင်ရင် နောက်ထပ်ပို့စ်တစ်ခုတော့ ရေးရလိမ့်မယ် သူငယ်ချင်း။ ကိုယ်ပြောတာတွေက လက်ချာပေးသလိုဖြစ်နေပြီထင်တယ်။ ကိုယ့်လူနဲ့ ဆွေးနွေးနေတာပါ။ ကိုယ် အမှားရေးမိရင်လဲ ပြန်ပြောနော်။

ကိုယ့်အယူအဆကို ပြောချင်တယ်။ ကိုယ်ကတော့ အပြင်ပက ရောက်လာတဲ့အာရုံတွေကို လက်မခံပဲ နေလို့ရတယ်လို့ ဖြေချင်တယ်။ ဘယ်လိုနေမလဲ၊ အရင်ဆုံး ဒီလိုစဉ်းစားကြည့်ရအောင်။ အဲဒီအာရုံတွေဟာ ဘယ်အပေါက်က ၀င်လာကြတာလဲ? အများသိကြတဲ့အတိုင်းပြောရရင်တော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ သိသာထင်ရှားတဲ့တံခါးငါးပေါက်နဲ့ စိတ်ဆိုတဲ့ အမြင်အားဖြင့်မထင်ရှားတဲ့ တံခါးပေါက်ကြီးတစ်ခု၊ စုစုပေါင်း တံခါးပေါက်ခြောက်မျိုး။ အဲဒီခြောက်မျိုးကနေ ၀င်လာတာပဲ မဟုတ်လား။

အဲဒီခြောက်မျိုးအနက် အမြင်အာရုံကို မမြင်မိအောင် မျက်စိကိုမှိတ်ထားမယ်၊ အကြားအာရုံကို မကြားမိအောင် နားကိုပိတ်ထားမယ်၊ မကောင်းတဲ့အနံ့ မနံအောင် ဝေးဝေးနေမယ်၊ မကောင်းတဲ့အရသာကို မစားပဲနေမယ်၊ မကြိုက်တဲ့အထိအတွေ့မျိုးနဲ့ မထိမိအောင် ရှောင်နေမယ် ဆိုရင် အဲဒီတံခါးပေါက်ငါးခုက ၀င်လာမည့် ကိုယ်မလိုလားတဲ့ ပြင်ပအာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်စရာမရှိတော့ဘူးပေါ့။ ဒါကို သူငယ်ချင်း လက်ခံနိုင်လား။ လက်မခံနိုင်ရင် ပြန်ပြောနော်။ ကိုယ်နားလည်သလို ပြောကြည့်တာပါ။ ခက်နေတာက စိတ်ဆိုတဲ့ ၀င်ပေါက်ပဲ။ ပိတ်လို့မရဘူး။ ပိတ်လို့မရဘူး ဆိုတာထက် ပိတ်ဖို့သိပ်ခက်တယ် ဆိုရင် ပိုမှန်မယ်ထင်တယ်။

ဘာလို့ခက်နေလဲဆိုရင် သူက ကိုယ့်ခန္ဓာကိုယ်ထဲ ရောက်နှင့်နေပြီကိုး။ ဘယ်နည်းနဲ့ရောက်နေတာလဲဆိုရင် ခုနကပြောခဲ့တဲ့ တံခါးပေါက်ငါးခုကို သတိမထားပဲ ဖွင့်ထားမိတဲ့အတွက် သက်ဆိုင်ရာအာရုံတွေဟာ သက်ဆိုင်ရာတံခါးဝမှာတင် ရပ်မနေကြပဲနဲ့ စိတ်ရဲ့တည်ရာဖြစ်တဲ့ ဟဒယ၀တ္ထုခေါ် နှလုံးသားထဲအထိ ကျူးကျော်ဝင်ရောက်သွားခဲ့ကြတယ်။ ဒီအထိ ဘာပြဿနာမှ မရှိသေးဘူး။ ဒါပေမဲ့ အဲဒီအာရုံတွေဟာ၊ တစ်နည်းအားဖြင့် အဲဒီအာရုံတွေထဲက အချို့အချို့သော အာရုံတွေဟာ တစ်ခါတရံမှာ အလိုလိုနေရင်း အတွေးအာရုံမှာ ပြန်ပြန်ပေါ်လာတတ်ကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ စိတ်ညစ်စရာအာရုံဖြစ်ရင် စိတ်ညစ်ရရော။ ကိုယ်လဲ အဲဒီ မသိလိုက်မသိဖာသာလက်ခံထားမိတဲ့ အာရုံတွေကို အကြောင်းပြုပြီး စိတ်ညစ်နေရတာ သူငယ်ချင်းရေ့။

အဲဒါကြောင့် စိတ်ပြေလိုပြေငြား ဆရာတော်ရဲ့ “နွေနှင်းဖြူဖြူ” စာအုပ်ကို ဖတ်နေမိတာ။ ကောင်းတယ်ဗျို့။ ကောင်းတယ်ဆိုတာ အတော်အတန်စိတ်သက်သာရာရသွားတယ်လို့ ဆိုလိုပါတယ်။ စာအုပ်ကို ဖတ်လိုက်ရရုံနဲ့ ဘာ့ကြောင့် စိတ်သက်သာရာ ရသလဲ လို့မေးစရာရှိတယ်။ အဖြေကတော့ ရှင်းရှင်းလေးရယ်။ ကိုယ်ဖတ်မိတဲ့အကြောင်းအရာတွေဟာ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကို ရှင်းလင်းပေးတဲ့ အသုံးအနှုံးတွေ၊ အဓိပ္ပါယ်တွေဖြစ်နေလို့ပဲ။ ကိုယ့်ရောဂါကို ကုသပေးနိုင်တဲ့ဆေးတွေဖြစ်နေလို့ပဲ။ တကယ်တော့ ဆူးစူးရင် ဆူးနဲ့ထွင်၊ ရေကြောင့်ညစ်ပတ်သွားရင် ရေနဲ့ဆေးရသလို စိတ်ထဲဖြစ်နေတဲ့ ညစ်ညူးမှုတွေကို စိတ်ပိုင်းဆိုင်ရာ ဝေါဟာရတွေကပဲ ကုစားပေးနိုင်တယ်မဟုတ်လား။ အဲဒီတော့ သူငယ်ချင်းရေ့ ရံခါအခန့်မသင့်လို့ အပြင်ကရောက်လာတဲ့အာရုံကြမ်းတွေကြောင့် စိတ်ညစ်သွားတာမျိုးရှိခဲ့ရင် အနားမှာအဆင်သင့်ဖတ်စရာ စာကောင်းပေကောင်းလေးတွေ ဆောင်ထားဖို့တော့ မမေ့နဲ့နော်။ တော်ပြီ သူငယ်ချင်း။ ကိုယ်ကျမ်းမာ၊ စိတ်ချမ်းသာပါစေ။

No comments: