Monday, May 11, 2009

စိတ်ကောင်းထားခြင်းနှင့် စိတ်ထားကောင်းခြင်း



စိတ်ကောင်းထားခြင်းသည် စိတ်ထားကောင်းခြင်းနှင့် သဘောသဘာဝအားဖြင့် ကွဲလွဲကြောင်း နားလည်အပ်သည်။ အပေါ်ယံအားဖြင့် ရုတ်တရက်စဉ်းစားကြည့်ပါက ယင်းဝေါဟာရနှစ်ခုသည် အဓိပ္ပါယ်တူသယောင်ရှိသည်။ သို့သော် မတူ။ အလွန်မကွဲသော်တည့်၊ အနည်းငယ်မျှလောက်ကား ကွဲလွဲမှုရှိသတည်း။ အဘယ်သို့ ကွဲလွဲသနည်း? မည်သူမဆို အတန်အသင့် စဉ်းစားမိသူများ ကောင်းစွာနားလည်နိုင်သော အဖြေတစ်ခုကို ပေးလိုသည်။ ယင်းအဖြေကို စာဖတ်သူစဉ်းစားမိပြီး ဖြစ်ကောင်းဖြစ်ပေမည်။

စိတ်ကောင်းထားခြင်းဟူသည် “ပါပသိံ္မ ရမတိ မနော=စိတ်သည် မကောင်းမူ၌ မွေ့လျော်၏” ဟူသော ဘုရားစကားတော်အတိုင်း မိမိ၏ မကောင်းဘက်တိမ်းညွန့်လုလုဖြစ်နေသောစိတ်၊ တစ်နည်းအားဖြင့် အကောင်းအဆိုး အာရုံအလိုက် လိုချင်မှုလွန်ကဲသော(လောဘ)စိတ်၊ ညှင်းပန်းနှိပ်စက်လိုသော(ဒေါသ)စိတ်နှင့် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဘန်နိုင်စွမ်းမရှိသော(မောဟ)စိတ်တည်းဟူသော မကောင်းစိတ်တစ်မျိုးမျိုး ဖြစ်ပေါ်လာပါက ထိုစိတ်မဖြစ်ပေါ်အောင် သတိ၊ ပညာတို့ဖြင့် ထိမ်းသိမ်းခြင်းကို ဆိုလိုသည်။ ယင်းကို ဗုဒ္ဓစာပေများ၌ “အတ္တသမ္မာပဏိဓိ (အတ္တ-မိမိစိတ်ကို၊ သမ္မာ-ကောင်းစွာ၊ ပဏိဓိ-ထားခြင်း)” ဟုဆိုသည်။ “မိမိစိတ်ကို ကောင်းစွာထားခြင်း”ဟု အကျဉ်းအားဖြင့်နားလည်နိုင်သည်။ နေ့စဉ် မြန်မာတို့ လူ့အသိုင်းအ၀ိုင်းမှာမူ အရပ်သုံးစကားအနေအားဖြင့် “နှလုံးသွင်းကောင်းခြင်း”ဟု ပြောဆိုသုံးနှုံးကြသည်။

စိတ်ကောင်းထားခြင်း သို့မဟုတ် နှလုံးသွင်းကောင်းခြင်းသည် “အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ” ဟူသော မင်္ဂလသုတ်တော်အရ မင်္ဂလာတစ်ပါးဖြစ်သည်။ နေ့စဉ်ဘ၀မှာ တွေ့ရကြုံရသော အကောင်းအဆိုးအမျိုးမျိုးသော အာရုံတို့၏ လာရောက်နှောက်ယှက်မှုကြောင့်၊ သို့မဟုတ် မိမိကိုယ်တိုင်က ထိုအာရုံတို့၏လာရောက်နှောက်ယှက်မှုကို ခံယူမိသောကြောင့် လောဘဖြစ်စရာအာရုံအတွက် လောဘဖြစ်ရသည်။ ဒေါသဖြစ်စရာအာရုံအတွက် ဒေါသဖြစ်ရသည်။ ထို့နည်းတူ မောဟဖြစ်စရာအာရုံအတွက် မောဟဖြစ်ရသည်။ အမှန်အားဖြင့် မောဟဖြစ်စရာအာရုံဟူ၍ကား သီးခြားရှိသည်တော့မဟုတ်။ လောဘ၊ ဒေါသတို့၏အာရုံသည်ပင် သတိပညာဖြင့် ထိမ်းချုပ်နိုင်ခြင်းမရှိသူအတွက် မောဟဖြစ်စရာအာရုံဖြစ်သည်။ အဘယ့်ကြောင့်နည်း? လောဘ၊ ဒေါသဟူသော တရားဆိုး၊ တရားညစ်များသည် မောဟတည်းဟူသော အကုသိုလ်အချုပ်တရားတစ်မျိုးနှင့်ကင်း၍ မဖြစ်ပေါ်နိုင်သောကြောင့်တည်း။

မိမိသန္တာန်မှာ အပြင်ပကရောက်လာသော ဣဋ္ဌ/အနိဋ္ဌ (လိုလားအပ်သော/မလိုလားအပ်သော) အာရုံအလိုက် လိုချင်မှုလွန်ကဲလာခြင်းနှင့် ကိုယ့်ကိုယ်ကို သို့မဟုတ် သူတစ်ပါးကို ညှင်းပန်းလိုခြင်း တစ်မျိုးမျိုးဖြစ်လာသောအခါ ယင်းသို့ဖြစ်ခြင်းကို မကောင်းသောစိတ်ဖြစ်ပေါ်မှုဟု နားလည်သဘောပေါက်ကာ သတိထားပြီး ထပ်မံလွန်ကဲမှုမျိုးဖြစ်မလာအောင် စောင့်ကြည့်ရမည်။ ယင်းသို့စောင့်ကြည့်ခြင်းကို “စိတ်ကောင်းထားခြင်း”ဟုဆိုလိုသည်။ မကောင်းဘက်သို့ တိမ်းညွန့်လုလုဖြစ်နေသောစိတ်ကို သတိပညာတို့ဖြင့် စောင့်ကြပ်ခြင်းတည်းဟူသော အားစိုက်မှုပါသောကြောင့် စိတ်ကောင်းထားခြင်းဟူသော ဝေါဟာရတွင် “ဗျာပါရ”ခေါ် လုံ့လတစ်မျိုးပါဝင်နေကြောင်း နားလည်အပ်သည်။ ထို့ကြောင့် စိတ်ကောင်းထားခြင်းသည် သတိပညာမရှိသူများ၊ ယင်းတရားတို့နည်းပါးသူများအတွက် တစ်နည်းအားဖြင့် ရင့်ကျက်မှုမရှိသေးသူများအတွက် ခက်ခဲသော အလုပ်တစ်မျိုးဖြစ်နိုင်သည်။

အသို့ဆိုသော် အဘယ်သည် စိတ်ထားကောင်းခြင်း ဖြစ်ပါသနည်း? ဥပမာတစ်ခုကို ထုတ်ကြည့်ကြစို့။ “ဒီကလေးဟာ တော်တော်စိတ်ထားကောင်းတဲ့ ကလေးပဲ” ဟု ရံခါဆိုတတ်ကြသည်။ အချို့မွေးဖွါးလာပြီး အရွယ်မရောက်သေးသောကလေးငယ်များသည် မည်သူမှသင်မပေးရပါပဲလျှက် စိတ်နှလုံးသိမ်မွေ့နူးညံ့နေကြသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် သက်ဆိုင်ရာမိဘများ၏ ဗီဇကောင်းမှုကြောင့်ဖြစ်နိုင်သလို ကလေးငယ်အတိတ်ဘ၀၏ အငွေ့အသက်ပါလာမှုကြောင့်လဲဖြစ်နိုင်သည်။ ထို့သိုဖြစ်ခြင်းသည် ချမ်းသာမှု၊ ဆင်းရဲမှုများနှင့်လည်း မသက်ဆိုင်သလို သူ့ကျင်လည်ရာပတ်ဝန်းကျင်နှင့်လည်း သက်ဆိုင်ခြင်းမရှိသေးခြေ။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်၏ စိတ်ထဲတွင် ဆင်းရဲ၊ ချမ်းသာနှင့်ပတ်ဝန်းကျင်တို့၏ အရှိန်သြဇာသည် စိတ်ကို ပြောင်းလဲစေနိုင်လောက်အောင် မကျရောက်သေးသောကြောင့်တည်း။

ကလေးငယ်၏ စိတ်ထားကောင်းခြင်းသည် စိတ်ကို ကောင်းစွာထားရမည် ဟူသောအသိကြောင့်ကားမဟုတ်။ ဓာတ်ခံဟုခေါ်သော အတိတ်ဘ၀က ကောင်းစွာနေထိုင်ခဲ့ဖူးသော အရှိန်အ၀ါတစ်မျိုး လွှမ်းမိုးနေခြင်းသာဖြစ်သည်။ ထို့ကြောင့် စိတ်ထားကောင်းခြင်းသည် အထက်ပါ “ဗျာပါရ”ခေါ် သတိပညာတို့ဖြင့် ချုပ်တည်းမှုမရှိ။ ကလေးငယ်၏ ပဋိသန္ဓေ(ကိုယ်ဝန်တည်)စိတ်နှင့် တွဲပါလာသော အတိတ်ကောင်းမှု၏ ရောင်ပြန်ဟတ်ခြင်းသာဖြစ်သည်။ ယင်းကို “အဗျာပါရ”ဟုခေါ်သည်။ လုံ့လမပြုရပါပဲ အလိုလိုကောင်းနေသောစိတ်ဟု ဆိုလိုသည်။ သို့ဖြစ်ရကား စိတ်ထားကောင်းခြင်းဟူသောဂုဏ်တစ်မျိုးသည် ယခုမျက်မှောက်ဘ၀မှာ ကျင့်ယူ၍ ရစကောင်းသော ဂုဏ်မဟုတ်ကြောင်း ထပ်မံနားလည်နိုင်သည်။

သို့သော် လူသားတိုင်းသည် စိတ်ထားကောင်းခြင်းဂုဏ်ကို မရရှိနိုင်သော်လဲ စိတ်ကောင်းထားခြင်းဂုဏ်နှင့်ကား ပြည့်စုံအောင် ကျင့်သုံးနေထိုင်နိုင်ကြသည်။ မိမိသန္တာန်မှာ လိုချင်မှုလွန်ကဲစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ စိတ်ဆိုးဒေါသထွက်မှုတည်းဟူသော ညှင်းပန်းစိတ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ အထက်ပါ “အတ္တသမ္မာပဏိဓိ”ခေါ် နှလုံးသွင်းကောင်းခြင်းကို ကျင့်သုံးလျှက် ဖယ်ရှားပစ်နိုင်သည်။ (အတ္တသမ္မာပဏိဓိ နှင့်ပတ်သက်ပြီး ပို့စ်တစ်ခုသီးခြားရေးရန်ရှိပါသည်)။ လူသားအားလုံး စိတ်ကောင်း နှလုံးကောင်း မွေးမြူနိုင်ကြပါစေသတည်း။

No comments: