Thursday, February 26, 2009
နှုတ်ဆက်ခြင်း
သွားစရာရှိလို့ သွားလိုက်ဦးမယ်
လွမ်းတတ်ရင် အလွမ်းစဖြတ်လိုက်တော့
မျှော်လင့်နေရတဲ့အဖြစ်နဲ့ မစောင့်စားပါနဲ့
ဘယ်အချိန်ပြန်လာမလဲလို့လဲ မမေးပါနဲ့
ကိုယ်ဟာ မရေရာတဲ့ခရီးသွားရယ်ပါ
ကိုယ့်ခရီး ကိုယ်တောင်မပိုင်ဘူးလေ
ပြန်မြင်ရတဲ့အချိန် ပြန်ရောက်ပြီလို့ နားလည်ပေါ့
ဖြစ်သမျှကို အရှုံးမဖြစ်စေချင်သလို
ချစ်သမျှကိုလဲ အမုန်းမဖြစ်စေချင်ဘူး။
ဘိုင့်ဘိုင်နော်
နှုတ်ဆက်တယ်။
Thursday, February 19, 2009
အသင် ကြို့ထိုးနေပါသလား
ဒီမနက် အွန်လိုင်းမှာ ကျနော့်မိတ်ဆွေတစ်ယောက်နဲ့ ကျနော် အခုလိုစကားအသွားအလာရှိခဲ့တယ်။
ကိုမင်းထက်၊ ကျမထိုးနေလို့၊ အဲဒါ ဘယ်လိုလုပ်ရမလဲ။
အယ်---ရှင်းရှင်းပြောနော်၊ တော်ကြာ၊ ကျုပ်လာပြီး အမှုပတ်နေဦးမယ်။
ရော်---အရေးထဲ၊ ရစ်နေသေးတယ်၊ ထိုးနေလို့ပါဆိုမှပဲ။
အင်းလေ---အဲဒါကြောင့်ရှင်းအောင် မေးနေတာပေါ့၊ ဘာထိုးတာလဲလို့။
ကြို့ထိုးတာ ကြို့ ကြို့၊ ကဲ သိပြီလား။ ရှင်ဟာလေ ရစ်စရာမရှိ၊ ရကောက်ကို ဇောက်ထိုးရေးပြီး ရစ်ချင်တဲ့လူ။
ဟောဗျာ၊ ညီးပြောတဲ့အထဲမှာ ကြို့မှ မပါတာ၊ ထိုးတာပဲပါတယ်။ ဒါကြောင့်မို့ ငါလဲ ရှင်းအောင်မေးရတာပေါ့။
ကဲပြော၊ အခုသိပြီမို့လား။ ဒီမှာ ပြောရင်းတောင် ထိုးနေပြီ။ ဘယ်လို လုပ်ရမလဲ။
ကျနော့်သူငယ်ချင်း အခုလိုထိုးနေတာသိလိုက်ရတော့ ကျနော်လဲ မနေသာတော့ဘူး။ ကိုယ်တွေ့သိထားတဲ့နည်းလေးတစ်နည်း ပေးလိုက်တယ်။ တစ်မီနစ်အတွင်း ကျနော့်သူငယ်ချင်းမှာ ထိုးနေတဲ့ကြို့ပျောက်သွားလေရဲ့။ အဲဒီနည်းကို မသိချင်ဘူးလား။ ပေးမယ်ဗျာ။ သိပြီးရင်လဲ တစ်ဆင့်ဝေငှလိုက်နော်။ ကြို့ထိုးရောဂါပျောက်ဆေးအလှူပေါ့။ ကုသိုလ်ဖြစ်ပါတယ်။
ကျနော် ဒီနည်းကိုတွေ့တာ သုံးနှစ်လောက်တော့ ရှိပြီလို့ထင်တယ်။ တိတိကျကျတော့ မမှတ်မိဘူး။ ဒီနည်းရှိတယ်ဆိုတာ သိလို့လိုက်ရှာတာတော့မဟုတ်ဘူး။ ကြို့ထိုးလွန်းအားကြီးပြီး ကြားဖူးနားဝရှိတဲ့ နည်းတွေကိုသုံးလို့ မပျောက်နိုင်တာနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ စမ်းသပ်ကြည့်ရင်း တွေ့ခဲ့တာ။ ဒီနည်းကို ကျနော် ကြို့ထိုးတဲ့အခါတိုင်း သုံးတယ်။ ချက်ချင်းပျောက်တယ်။ ကြို့ထိုးနေတဲ့လူအတော်များများကိုလဲ ပေးဖူးတယ်။ ချက်ချင်းသက်သာတယ်။
ဘာဖြစ်လို့ ကြို့ထိုးရသလဲ။ ကျနော်ကိုယ်တိုင်အရှေ့တိုင်း၊ အနောက်တိုင်းဆေးဆရာလဲမဟုတ်တော့ အကြောင်းကို တိတိကျကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေကို စဉ်းစားကြည့်တော့ ၀ါယောဓာတ်ဖေါက်ပြန်မှုကြောင့်ဆိုတဲ့အကြောင်းကို သွားတွေ့တယ်။ ကျနော်တို့ကိုယ်မှာ လည်ပတ်နေတဲ့ လေခြောက်မျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ အဲဒါတွေကတော့---
(၁) ပျို့အံခြင်း၊ လေချဉ်တက်ခြင်းစတဲ့ အထက်ပါးစပ်သို့ဆန်တက်လာတဲ့လေ၊
(၂) လေလည်ခြင်း၊ ၀မ်းသက်ခြင်းစတဲ့ အောက်သို့သက်ဆင်းသွားတဲ့လေ၊
(၃) ၀မ်းဗိုက်အတွင်းလည်ပတ်နေတဲ့လေ၊
(၄) အစာအိမ်အတွင်းမှာ လည်ပတ်နေတဲ့လေ၊
(၅) ထွက်သက် ၀င်သက်လေနဲ့
(၆) တစ်ကိုယ်လုံးရှိကိုယ်အင်္ဂါတွေမှာလည်ပတ်နေတဲ့လေတွေပဲဖြစ်ပါတယ်။
ကြို့ထိုးတဲ့အခါ လေဟာအထက်ကိုဆန်တက်လာပြီး ခဏခဏပျို့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာလည်ပတ်နေတဲ့လေဟာ လမ်းကြောင်းလွဲပြီး ထွက်ပေါက်ရှာတဲ့သဘောလားလို့ ယူဆရတယ်။ ကျနော်တွေးကြည့်တာပါဗျာ။ မှားချင်လဲမှားပေမပေါ့။ ကျနော်တွေးမိသလောက်အကြောင်းကတော့ အထက်မှာပြောခဲ့သလို ကိုယ်မှာလည်ပတ်နေတဲ့လေတွေဟာ အကြောင်းတစ်မျိုးမျိုးကြောင့် သူသွားနေကျလမ်းကြောင်းပေါ်မရောက်ပဲ ဘေးချော်ပြီး ပါးစပ်ထဲရောက်လာတာနဲ့တူပါရဲ့။ အကြောင်းတွေကို လိုက်ရှာကြည့်တော့ အနောက်တိုင်းဆေးပညာရှင်တွေက ကြို့ထိုးရခြင်းအကြောင်းတွေကို အတော်များများရှာပေးထားသဗျား။
hiccup သို့မဟုတ် hiccough လို့ခေါ်တဲ့ ကြို့ဟာ ဘာ့ကြောင့်များထိုးရသလဲဆိုတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ကြောင်းပါ။
(၁) ကိုယ်ထဲမှာ ရေဓာတ်အားနည်းခြင်း၊
(၂) အစာကို ခပ်မြန်မြန်စားခြင်း၊
(၃) ဆာလောင်မွတ်သိပ်ခြင်း၊
(၄) ပူပူလောလောအစာကိုစားရင်း အအေးသောက်ခြင်း၊
(၅) လေချဉ်တက်ခြင်း၊
(၆) အလွန်စပ်သောအစာကို စားခြင်း၊
(၇) မရပ်မနားရယ်မောခြင်း၊
(၈) ချောင်းဆိုးခြင်း၊
(၉) အရက်သေစာ အမြောက်အများသောက်ခြင်း၊
(၁၀) ရှိုက်ကြီးတင် ငိုကြွေးခြင်း၊
(၁၁) ဆေးလိပ်သောက်တဲ့အခါ တအားရှိုက်သွင်းခြင်း၊
(၁၂) စကားကို အကြာကြီးပြောဆိုခြင်း၊
(၁၃) ချွဲဟန့်ခြင်း စတဲ့ အကြောင်းတွေပါပဲ။ အခြားအကြောင်းတွေလဲ အတော်များများကျန်ပါသေးတယ်။
ဒီအကြောင်းတွေကို စစ်ကြည့်လိုက်မယ်ဆိုရင် ၀ါယောဓာတ် သို့မဟုတ် လေဓာတ်နဲ့များစွာ ဆက်စပ်နေတာတွေ့နိုင်တယ်။ များသောအားဖြင့် အဲဒီအကြောင်းတွေထဲက တစ်ခုခုကြောင့်ဖြစ်တဲ့အတွက် လေလည်ပတ်မှု မညီမညွတ်ဖြစ်ပြီး ကြို့ထိုးတော့တာပါပဲ။ ဒီတော့ ကျနော်ကစဉ်းစားတယ်။ လေမညီမျှလို့ ကြို့ထိုးရင် လေညီမျှအောင်လုပ်ပေးရမယ်။ ဒါဆို ကြို့ထိုးရောဂါချက်ချင်းပျောက်နိုင်တယ်။ အဲဒီလိုတွေးပြီး ဘာလုပ်လဲဆိုတော့---
တရားထိုင်သလို ခါးကိုဆန့်အောင်ထားပြီး ထိုင်လိုက်တယ်၊ ပြီးတော့မှ သန့်ရှင်းတဲ့လေကို အားရပါးရ တဖြေးဖြေးခြင်းရှူသွင်းပြီ တတ်နိုင်သလောက် ဗိုက်ထဲမှာသိပ်ထားလိုက်တယ်။ ဆိုလိုတာက အသက်အောင့်ထားလိုက်တယ်။ အဲဒီလို အသက်အောင့်လို့ မနိုင်တော့တဲ့အခါကျမှ လေကိုတဖြေးဖြေးခြင်း ပြန်မှုတ်ထုတ်လိုက်တယ်။ ပြောမယ်ဆိုရင် ထွက်သက်ဝင်သက်ကို နှစ်ချက်မဟုတ်ပဲ သုံးချက်နည်းကို သုံးလိုက်တယ်။
(၁) သန့်ရှင်းတဲ့လေကို တဖြေးဖြေးခြင်းရှူသွင်းခြင်း၊
(၂) ၀င်လာတဲ့လေကို ၀မ်းဗိုက်ထဲမှာ ကြာနိုင်သလောက်ကြာအောင်သိမ်းထားခြင်း၊
(၃) မအောင့်နိုင်တော့တဲ့အချိန်ကျမှ တဖြေးဖြေးခြင်း ပြန်လည်မှုတ်ထုတ်ခြင်း၊
အဲဒီလို တစ်ခါကနေ သုံးခါအထိ အလွန်ဆုံးပဲ လုပ်ရတယ်။ ကျနော်ဆို တစ်ခါတည်းနဲ့ကို ပျောက်တယ်။
ကျနော်တို့နေ့စဉ်ဘ၀မှာ လေကို ရှူသွင်းပြီး ချက်ခြင်းပြန်ရှူထုတ်တယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပေါ့။ သတိတွေဘာတွေ မပါသေးဘူး။ တရားထိုင်တဲ့အခါကျတော့ အဲဒီဖြစ်စဉ်ကိုပဲ သတိနဲ့ကပ်ပြီး ရှူသွင်းမှု၊ ရှူထုတ်မှုတွေကို လိုက်မှတ်နေရတယ်။ ဒါက တရားထိုင်တဲ့အခါ အသက်ရှူတဲ့နည်းပေါ့။ အဲဒီနှစ်မျိုးစလုံးမှာ အသက်ရှူမှုဟာ နှစ်ဆင့်စီပဲရှိတာတွေ့ရမယ်။ ကျနော်ပြောတဲ့နည်းမှာတော့ အထက်မှာပြထားတဲ့အတိုင်း သုံးချက်ရှိတယ်။ ဒီနည်းဟာ ကြို့ထိုးတဲ့ရောဂါကိုသာမဟုတ်ဘူး။ လေနဲ့ပတ်သက်တဲ့ အခြားရောဂါအတော်များများကိုလဲ ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ကျနော်ယူဆတယ်။ ကျနော်ပြောတာ မယုံမရှိနဲ့၊ ကျနော့်ကိုယ်တွေ့ပဲ။ စမ်းကြည့်။
Wednesday, February 18, 2009
တိုင်းပြည်ရဲ့ပေတံ
Crime and bad lives are the measure of a State's failure, all crime in the end is the crime of the community.
H.G. Wells (1866-1946)
ရာဇ၀တ်မှုနဲ့ ဆိုးညစ်တဲ့ဘ၀တွေဟာ တိုင်းပြည်ရဲ့ကျရှုံးမှုကို တိုင်းတာတဲ့ပေတံတွေပါပဲ၊ ရာဇ၀တ်မှုမှန်သမျှဟာ နောက်ဆုံးတော့ လူ့အဖွဲ့အစည်းရဲ့ရာဇ၀တ်မှုပဲဖြစ်ရတယ်။
(အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)
မနက်မိုးလင်းလို့ အင်တာနက်၊ သတင်းစာ၊ တီဗွီနဲ့ ရေဒီယိုသတင်းများကို ကြည့်ရှုနားထောင်တဲ့အခါ ကျနော်တို့အများဆုံးကြားသိရတတ်တဲ့သတင်းတွေကတော့ ရာဇ၀တ်မှုသတင်းတွေပဲဖြစ်ပါတယ်။ သတင်းပွင့်လင်းမှုရှိတဲ့နိုင်ငံတွေရဲ့သတင်းမီဒီယာတွေက သက်ဆိုင်ရာအစိုးရမျက်နှာမကြည့်ပဲ ရသမျှသတင်းတွေကို ဖြန့်ချီလေ့ရှိတာတွေ့ရပါတယ်။ အစိုးရချုပ်ကိုင်ထားတဲ့ ရုပ်သေးသတင်းမီဒီယာတွေကတော့ သူတို့အစိုးရသဘောကျ သတင်းပေး ဖြန့်ချီကြရရှာတယ်။
အဲဒီတော့ ကွာခြားချက်ကဘာလဲဆိုရင် ရုပ်သေးသတင်းမီဒီယာတွေရဲ့ သတင်းထုတ်ပြန်မှုဟာ ထိန်ချန်မှုများစွာရှိပြီး ရာဇ၀တ်မှုခင်းတွေနဲ့ပတ်သက်လာရင် သက်ဆိုင်ရာအစိုးရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြရာရောက်တဲ့အတွက် သိပ်မဖေါ်ပြ၀ံ့ကြဘူး။ သတင်းပေါ်လစီပွင့်လင်းတဲ့နိုင်ငံတွေရဲ့သတင်းဌာနတွေကတော့ သူတို့အစိုးရမျက်နှာကြည့်စရာလိုဘူး။ ပြည်သူလူထုသိအောင် တင်ပြနိုင်ဖို့အဓိကထားတယ်။ ဒါကြောင့် ရသမျှသတင်းတွေကို မဖြစ်မနေထိန်ချန်ဖို့ လိုအပ်တဲ့သတင်းမျိုးမဟုတ်ရင်၊ ဆိုလိုတာက သတင်းထုတ်ပြန်လိုက်တဲ့အတွက် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအဓိကရုဏ်းတွေဖြစ်နိုင်တဲ့သတင်းမျိုးမဟုတ်ရင် အင်တာနက်၊ သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေက အော်ကြဟစ်ကြတော့တာပဲ။
ရလာဒ်ကဘာလဲဆိုရင် ပြည်သူလူထုက ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အမှန်အတိုင်းသိကြ၊ မြင်ကြရတယ်။ အဲဒီလို သိမြင်ပြီးတော့ ဒါမျိုးတွေမဖြစ်အောင် တားဆီးကာကွယ်မှုတွေ လုပ်နိုင်ကြတယ်။ သတင်းရေးသူတွေကလဲ ဒီလိုဖြစ်တာဘာ့ကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုတဲ့သုံးသပ်ဝေဘန်မှုတွေပေးပြီး ဆောင်ရန်ရှောင်ရန်နည်းမှန်လမ်းမှန်တွေကို ညွှန်ပြကြတယ်။ သတင်းပိတ်တိုင်းပြည်တွေမှာတော့ ရာဇ၀တ်မှုတစ်ခုခုဖြစ်လာရင် သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေ၊ ပုလိပ်တွေနဲ့ အပေးအယူလုပ်ရင်းနဲ့ပဲ ပြီးသွားတတ်ကြတယ်။ သတင်းစာမျက်နှာတွေအပေါ် ရောက်မလာတတ်ကြဘူး။ ဖုံးမနိုင်ဖိမရဖြစ်လာတဲ့အခါမျိုးတွေနဲ့ အစိုးရဆန့်သူတွေရဲ့အတင်းတွေကို မျက်နှာလိုမျက်နှာရ သွားပုတ်လေလွင့်ပြောချင်တဲ့အခါမျိုးတွေလောက်ပဲ ရေးကြတာများတယ်။
ဒီတော့ သတင်းပိတ်တိုင်းပြည်တွေရဲ့ရာဇ၀တ်မှုနဲ့ ဆိုးညစ်တဲ့ဘ၀နေမှုတွေကို သိချင်သပဆိုရင်တော့ သတင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်တွေကို သိပ်အားကိုးလို့မရတော့ဘူး။ လူထုကြားက ရင်ဖွင့်သံကို နားစွင့်လိုက်ရင် အမှန်အတိုင်းသိကြရမှာဖြစ်ပါတယ်။ သူတို့ပြောတာဆိုတာနားထောင်ပြီး ကိုယ့်တိုင်းပြည်ဟာ ဘယ်အထိကျရှုံးနေပြီလဲ၊ ပျက်စီးယိုယွင်းနေပြီလဲဆိုတာ နားလည်နိုင်ပါတယ်။ တကယ်တော့ တိုင်းပြည်ရဲ့ ယိုယွင်းမှုဆိုတာ လုထုရဲ့ယိုယွင်းမှုတွေပါပဲ။ အဲဒါတွေအားလုံးအတွက် တာဝန်အရှိဆုံးကတော့ သက်ဆိုင်ရာအာဏာပိုင်အစိုးရတွေနဲ့ သူတို့လက်ကိုင်ကျင့်သုံးနေတဲ့စံနစ်တွေပဲဖြစ်ပါတယ်။
ဘီဘီစီစတဲ့ဗြိတိရှနိုင်ငံရဲ့သတင်းမီဒီယာတွေကတော့ အများသိတဲ့အတိုင်း ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံးသတင်းဌာနတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်သည့်အလျှောက် သတင်းပေးမှုတွေဟာလဲ မျက်နှာသိပ်မလိုက်ကြဘူး။ ဘုရင်မကြီးမကောင်းရင် ဘုရင်မကြီးအကြောင်းရေးသလို ၀န်ကြီးချုပ်ချော်နေရင်လဲ သတင်းစာကနေ လှမ်းအော်ကြတာပဲ။ နိုင်ငံအတွင်း၊ အင်ပါယာအတွင်း ဖြစ်ပျက်နေတာတွေကို ပြည်သူတွေ အမှန်ဆုံးနဲ့ အမြန်ဆုံးသိနိုင်အောင် ရေးကြ၊ လွှင့်ထုတ်ကြတယ်။ အဲဒီလို ဘယ်သူ့မျက်နှာမှမထောက်ပဲ ရေးကြ၊ ပြောကြတဲ့အတွက် ကမ္ဘာကလေးစားတဲ့ သတင်းဌာနတွေဖြစ်လာကြရတယ်။ အဲဒီလိုပွင့်ပွင့်လင်းလင်းရေးကြပြောကြလို့လဲ ပြည်သူတွေက ကိုယ့်အတိုင်းပြည်ရဲ့အဆင့်အတန်းကို အများမြင်တဲ့အတိုင်းပဲ အမှန်အကန်မြင်ကြရတယ်။ ကျနော်တို့ဆီမှာတော့--------။
(ဟေ့ကောင်---လာလိုက်ခဲ့။)
အိုင်စတိုင်းရဲ့ဗုဒ္ဓဘာသာအမြင်
(1) If there is any religion that could cope with modern scientific needs, it would be Buddhism.
(၁) ခေတ်သစ်သိပံ္ပရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ဘာသာတရားတစ်မျိုး ရှိတယ်ဆိုရင် အဲဒါဗုဒ္ဓဘာသာတရားပဲဖြစ်လိမ့်မယ်။
(2) Buddhism has the characteristics of what would be expected in a cosmic religion for the future.
(၂) အနာဂတ်ကာလမှာ အများစုလက်ခံနိုင်တဲ့ ဘာသာတရားတစ်ခုရဲ့လက္ခဏာတွေဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်။
(3) It transcends a personal God, avoids dogmas and theology.
(၃) ဗုဒ္ဓဘာသာဟာ ထာဝရဘုရားဆိုတဲ့ပုဂ္ဂိုလ်ကို လက်မခံဘူး၊ တရားသေ၀ါဒနဲ့ မျက်စိမှိတ်ဘာသာရေးယုံကြည်မှုတွေကို ရှောင်တယ်။
(4) It covers both the natural and spiritual; and it is based on a religious sense aspiring from the experience of all things, natural and spiritual, as a meaningful unity.
(၄) ဗုဒ္ဓဘာသာမှာ သဘာဝနဲ့ ၀ိညာဏနှစ်မျိုးစလုံးပါဝင်ပြီး အဲဒီသဘာဝ ၀ိညာဏဆိုတဲ့ အတွေ့အကြုံကရလာတဲ့ ဘာသာရေးအသိပေါ်မှာ အဓိပ္ပါယ်ရှိတဲ့သဟဇာတ်တစ်မျိုးအနေနဲ့ အခြေပြုထားတယ်။
Monday, February 16, 2009
အချစ်မှာ ဥပဒေရှိပြီလော
လူရယ်လို့ဖြစ်လာတဲ့အခါ လူအများအတွက် ပိုမိုအကျိုးရှိမယ်ထင်လို့ သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်စည်းကမ်းတွေ (Dos and Don'ts) အမြောက်အများရှိကြပါတယ်။ အချို့စည်းကမ်းတွေကို လူကလုပ်ထားရတာဖြစ်ပြီးတော့ အချို့စည်းကမ်းတွေကိုတော့ လူ့အသိဉာဏ်က အလိုလိုလက်ခံထားတာဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့လူ့သမိုင်းအစကို သိနိုင်မယ်ဆိုရင် ကျင့်ဝတ်စည်းကမ်းဆိုတာ မရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ စည်းကမ်းဆိုတာ ပေါ်ပေါက်လာရပါသလဲ၊ ဥပဒေဆိုတာပေါ်ပေါက်လာရပါသလဲ။ ဒီမေးခွန်းတွေကိုဖြေဖို့ စည်းကမ်းဥပဒေဆိုင်ရာ သမိုင်းစာအုပ်တွေအမြောက်အများ ရှာဖွေဖတ်ရှုရပါလိမ့်မယ်။
ကျနော် အက္ခရာနဲ့မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေထဲကသမိုင်းကို မပြောလိုပါ။ သို့သော် ဖြစ်နိုင်မယ်ထင်တဲ့အဖြေတစ်ခုကိုတော့ အဆိုပြုချင်ပါတယ်။ အဲဒီအဖြေကတော့ “လူတွေဟာ လိုအပ်တာထက် ပိုကဲကြလို့ပါပဲ”။ ကမ္ဘာဦး၊ လူ့သမိုင်းအစမှာ လူသားတွေဟာ ဘယ်သူမှကိုယ်ပိုင်ပစ္စည်းအနေနဲ့ သိမ်းဆည်းမှုမရှိကြပါဘူး။ နောက်ပိုင်းမှာ လူပျင်းတစ်ယောက်ရဲ့ ကိုယ်ပိုင်သိမ်းဆည်းမှုကိုအကြောင်းပြုပြီး ကျန်တဲ့လူတွေလဲ ကိုယ်ပိုင်သိမ်းဆည်းလာကြပါတယ်။ ကိုယ်ပိုင်သိမ်းဆည်းမှုကို လူ့အဖွဲ့အစည်းက တရားဝင်သတ်မှတ်လိုက်တာနဲ့ ပိုင်ရှင်ခွင့်မပြုတဲ့ပစ္စည်းကို ယူခြင်းဟာလဲ အလိုလိုနေရင်း ရာဇ၀တ်မှုဖြစ်သွားရပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့လူသားတွေဟာ စည်းကမ်းတွေနဲ့ အထိမ်းချုပ်ခံနေကြရရှာတဲ့ ကမ္ဘာမြေပြင်ပေါ်က ထူးထူးဆန်းဆန်းသတ္တ၀ါတစ်မျိုးဖြစ်လာကြရပါတယ်။
ထိုနည်းတူစွာ ဥပဒေသတ်မှတ်ချက်မထားတဲ့ စည်းကမ်းတွေကိုလဲ များစွာများစွာလိုက်နာကြရပါသေးတယ်။ “အပြင်ထွက်ရင် ကိုယ်လုံးတည်းမထွက်ရ၊ အင်္ကျီ+ဘောင်းဘီဝတ်သွားရမည်၊ ၀တ်မသွားက ထောင်ဒဏ် သုံးနှစ်ကျခံစေ” ဆိုတဲ့စည်းကမ်းမျိုး ကျနော်မကြားဖူးပါ။ သို့သော် အဲဒီလိုဥပဒေထုတ်ထားတာမရှိပေမဲ့ ကျနော်တို့ဟာ လူကြားသူကြားသွားလာရတဲ့အခါ လုံခြုံတဲ့အ၀တ်အစားတွေ၊ ရှက်စဖွယ်ကိုယ်အင်္ဂါတွေကို ဖုံးဖိနိုင်တဲ့ အ၀တ်အစားတွေမျိုး မဖြစ်မနေ၀တ်သွားတတ်ကြပါတယ်။ ဒါဟာ ပြဓာန်းထားတဲ့ဥပဒေကိုလိုက်နာတဲ့အနေနဲ့ ၀တ်သွားတာမဟုတ်ပါဘူး၊ ပြဓာန်းမထားတဲ့ ဥပဒေကို လေးစားသောအားဖြင့်၊ တစ်နည်းပြောရရင် မိမိတို့ရဲ့ “လူဆိုတဲ့ဂုဏ်”ကို အသိအမှတ်ပြုတဲ့အနေနဲ့ ၀တ်သွားကြခြင်းပါ။ အင်မတန်များပြားတဲ့ ၀တ်စားဆင်ရင်မှုရည်ရွယ်ချက်တွေထဲက တစ်ခုကို ကျနော်တင်ပြခဲ့တာပါ။
တကယ်လို့သာ ကျနော်တို့လူသားတွေထဲကအချို့ဟာ သဘာဝလူ့စည်းကမ်းကို လိုက်မနာကြတော့ဘူးဆိုရင် ယဉ်ကျေးတဲ့အာဏာပိုင်တွေမှာ စည်းကမ်းသတ်မှတ်ပေးဖို့ တာဝန်ရှိလာပါတယ်။ ဒီလိုစည်းကမ်းသတ်မှတ်ခြင်းဟာ လူ့ဂုဏ်ကိုကာကွယ်ခြင်းတစ်မျိုးလို့ ကျနော်မြင်ပါတယ်။ ပြည်သူအများစုကလေးစားတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ထုတ်ထားတဲ့စည်းကမ်းကို ပြည်သူများကလဲ စိတ်ပါလက်ပါ လိုက်နာကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာသူတို့အာဏာပိုင်တွေရဲ့ အကျိုးအတွက်မဟုတ်၊ ပြည်သူအများ ကောင်းစားဖို့သာဖြစ်ကြောင်း နားလည်ကြလို့ပါပဲ။ အဲဒီအတွက် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမျိုး၊ အာဏာပိုင်မျိုးဖြစ်ဖို့အလွန်အရေးကြီးလှပါတယ်။
ကျနော်အင်္ဂလန်နိုင်ငံရောက်နေတာ အခုဆို တစ်နှစ်ကျော်သွားပါပြီ၊ ကျနော်အကြိုက်ဆုံးအရာတစ်ခုပြောပြပါဆိုရင် အင်္ဂလန်၊ ဒီထက်ပြောရရင် ဗြိတိရှအာဏာပိုင်တွေရဲ့ အုပ်ချုပ်ရေးစံနစ်ပါပဲ။ အမှားမကင်းလို့ကြိုက်တယ်လို့တော့ မထင်လိုက်ပါနဲ့။ အမှားအယွင်းကိုသိ၊ သိပြီးပြုပြင်တတ်တဲ့ အကျင့်ကိုကြိုက်တာပါ။ အမှားမကင်းပေမဲ့ အမှားကင်းအောင်ကျိုးစားပြီး အုပ်ချုပ်ကြတာတွေ့နိုင်ပါတယ်။ ပြည်သူ့ဆန္ဒဆိုတာကို စကားလုံးအားဖြင့်ရော၊ လက်တွေ့အားဖြင့်ပါ အကောင်အထည်ဖေါ်ထားတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်ကြောင်း ကျနော်လုံးဝလက်ခံပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် လူအများက တောင်းဆိုသမျှကို တတ်နိုင်သလောက်လိုက်လျောပေးလေ့ရှိတဲ့ ရွှေနိုင်ငံကြီးတစ်ခုဆိုရင်လဲ မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေတော့ လူအများက မတောင်းဆိုပေမဲ့ သူတို့ကိုယ်တိုင်လုပ်သင့်တယ်ထင်တဲ့ အရာတွေကိုလဲ မဲခွဲဆုံးဖြတ်ပြီး လုပ်လေ့ရှိပါတယ်။ ဒါဟာ ချစ်ဖို့သိပ်ကောင်းတဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ။
ကျနော်အင်္ဂလန်ရောက်ပြီးတစ်ရက်နှစ်ရက်လောက်မှာ ကျနော်နေတဲ့အဆောင်ပိုင်ရှင်အဘိုးက မြို့ထဲခေါ်သွားပြီး ဟိုဟိုဒီဒီလိုက်ပြပါတယ်။ ကားတစ်တန်၊ ရထားတစ်တန်နဲ့ သွားရပါတယ်။ ကျနော်တို့မြန်မာပြည်ဆို ပန်းခြံတွေ၊ တိရစ္ဆာန်ရုံတွေထဲမှာ အများစုတွေ့ရလေ့ရှိတဲ့ မြင်ကွင်းမျိုးတွေကို ကားမှတ်တိုင်တွေ၊ ကားတွေပေါ်နဲ့ မီးရထားဘူတာတွေ၊ မီးရထားတွေပေါ်စတဲ့ လူမြင်ကွင်းတွေမှာ သွားတိုင်းတွေ့ရလေ့ရှိပါတယ်။ ချစ်သူနှစ်ဦး (တစ်ချို့ချစ်သူဟုတ်ဟန်မတူ) ကလူကျီစယ်ရင်း နဘေးကလူ မျက်စိကျယ်အောင် လုပ်နေကြတဲ့မြင်ကွင်းတွေပါ။ သူတို့လူမျိုးတွေနဲ့ ရောက်တာကြာပြီဖြစ်တဲ့လူတွေအတွက် ဒီမြင်ကွင်းမျိုးဟာ မဆန်းတော့လို့ မကြည့်ကြတော့ပေမဲ့ ကျနော့်လိုရောက်ခါစတောသားလေးအတွက်တော့ တွေ့လေရာမှာ စိတ်ဝင်တစားကြည့်မိပါတော့တယ်။ တွေ့တိုင်းလဲ “အော်၊ သူ့ဓလေ့နဲ့ သူကိုး၊ ဒါက သူတို့ယဉ်ကျေးမှုကိုး” လို့တွေးမိပါတယ်။
ဒါမေမဲ့ ယနေ့ယူကေ၀န်းကျင်မှာ ဒီမြင်ကွင်းမျိုးကို စတင်ဆန့်ကျင်တဲ့၊ ကန့်ကွက်လိုတဲ့ အာဏာပိုင်တွေပေါ်လာပါပြီ။ သူတို့ရဲ့အကြောင်းပြချက်မှာ လူ့ကျင့်ဝတ်သိက္ခာနဲ့ မကိုက်ညီလို့ ဆိုတာမျိုး မတွေ့ရပေမဲ့ ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့ စည်းကမ်းတစ်ခုဖြစ်တယ်လို့ သူတို့နားလည်လိုက်ပုံရပါတယ်။ အင်္ဂလန်နိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ Cheshire (ချက်ရှာ) ခရိုင်အစိုးရက ဥပဒေအသစ်တစ်ခုပြဓာန်းလိုက်ပါတယ်။ အဲဒီဥပဒေကတော့ "No Kissing Zone" “မနမ်းရနယ်မြေ” သတ်မှတ်ခြင်းပါပဲ။ ဥပဒေထုတ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ “တက်ခ်စီကားငှါးထားပြီး မပီးမစီး အလွမ်းသယ်နမ်းနေကြတဲ့စုံတွဲတွေကို ကားပေါ်ထိုင်စောင့်ရင်း သတ်မှတ်ချိန်လွန်သွားလို့ ပေါင်သုံးဆယ်လောက် ဒဏ်အရိုက်ခံရတဲ့ဒရိုင်ဘာတွေကို ငဲ့ညှာလို့” ပါတဲ့။ အဲဒီဥပဒေကြောင့် ချက်ရှာခရိုင်မှာခရီးသွားလာရတဲ့၊ အထူးသဖြင့် မီးရထားစီးသွားရတဲ့ စုံတွဲတွေအတွက် ကသိကအောက်အတော်ဖြစ်သွားကြောင်း သိရပါတယ်။ ခရိုင်အတွင်းရှိ ဘူတာအတော်များများမှာ No Kissing ဆိုတဲ့ဆိုင်းဘုတ်လေးတွေ ကပ်ထားကြောင်းသတင်းကဆိုပါတယ်။ ဒါပေမဲ့လဲ ယိုဖိတ်လာတဲ့ အချစ်စိတ်ကို မြိုသိပ်မထားနိုင်လောက်အောင်ဖြစ်လာရင်တော့ အဲဒီအတွက်လဲ နေရာသီးခြားလုပ်ပေးထားပါတယ် တဲ့။
အစစချင်းမို့ မကြိုက်တဲ့လူတွေ၊ အထူးသဖြင့် လူငယ်၊ လူရွယ်တွေရှိပေမဲ့ ဒီစည်းကမ်းဟာ ကြိုဆိုအပ်တဲ့ လူ့ကျင့်ဝတ်တစ်ခုဖြစ်ကြောင်းနားလည်တဲ့ (law-abiding citizen) စည်းကမ်းလိုက်နာသူတွေလဲ အများကြီးပါပဲ။ စည်းကမ်းဖေါက်ဖျက်သူကို ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးပေမဲ့ ဥပဒေကိုတော့ လူသိရှင်ကြားပြဓာန်းပြီး စတင်အကောင်အထည်ဖေါ်နေပါပြီ။ ဒီဥပဒေဟာ ချစ်ခြင်းကိုမတားဆီးပေမဲ့ အချစ်ပြင်းကိုတော့ လူမြင်ကောင်းအောင် ပြုပြင်ပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အချစ်ပြင်းထန်တဲ့စုံတွဲများ ချက်ရှာပြည်နယ်အတွင်း ကား၊ ရထားစီးပြီး ခရီးသွားမယ်ဆိုရင် သတိထားဖို့ ကျနော်စေတနာနဲ့ အသိပေးရေးသားလိုက်ရပါတယ်။
မှတ်ချက်။ http://uk.news.yahoo.com/5/20090216/tuk-rail-couples-told-no-kissing-at-stat-45dbed5.html ကိုအခြေခံရေးသားပါသည်။
ကျနော်ချစ်သော ပန်းကံ့ကော်
ဒီမနက် ကျနော့်သူငယ်ချင်းနဒီကပြောတယ်၊ “ကိုမင်းထက်ရေ့---ဂန့်ဂေါ်ပန်းတွေပွင့်နေပြီ၊ အရမ်းလှတာပဲ သိလား” တဲ့။ ကျနော့်မျက်စိထဲမှာ အဖြူရောင်ပွင့်ဖတ်လေးတွေဝန်းရံပြီး အ၀ါရောင်ဝတ်မှုံလေးတွေမြူးကြွနေတဲ့ အစိမ်းရောင်ရွက်ကလေးတွေအကြား အလှပြိုင်နေကြတဲ့ ပန်းပွင့်လေးတွေကို ပြေးမြင်လိုက်မိတယ်။ တစ်ခါတည်းမှာပဲ အခုကျနော်နေတဲ့ လန်ဒန်ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်မိတယ်။ ဆောင်းနှင်းမြူတွေကြားမှာ အသက်ပျောက်ရရှာတဲ့ ရွက်ယော်တွေမြေခပြီးတဲ့နောက် အရိုးတံချည်းသက်သက်မင်းမူနေတဲ့ သစ်ပင်ကြီးငယ်တွေကိုပဲ မြင်ရတွေ့ရတယ်။
အော်---လွမ်းရပါဘိသော မြန်မာပြည်ရယ်---၊ ကျနော့်စိတ်ထဲမှာ အိမ်လွမ်းတဲ့စိတ်တွေ တဖွားဖွားပေါ်လာရပါတော့တယ်။ ကျနော်နေခဲ့သော မြေ၊ ကျနော်သောက်ခဲ့သောရေနဲ့ ကျနော့်ကိုချစ်သော ချစ်သူတွေကို ထားခဲ့ပြီး အဝေးမြေမှာ ပညာသင်ဖို့ရောက်လာရတဲ့ ကျနော်၊ အခုတော့ သူငယ်ချင်းရဲ့ နှိုးဆွအသိပေးမှုကြောင့် အမိမြေကို တမ်းတမ်းတတ လွမ်းနေမိပြန်ပြီကော။ ကျနော်က ပန်းကိုမြတ်နိုးတတ်တယ်။ အထူးသဖြင့် ဂန့်ဂေါ်ပန်းကို ကျနော်ပိုမြတ်နိုးတယ်။ အဆင်းကိုပဲကြည့်ကြည့်၊ အနံ့ကိုပဲ ရှူရှူ၊ ဂန့်ဂေါ်ပွင့်လေးတွေဟာ တခြားပန်းတွေထက်ကို ပိုချစ်စရာကောင်းတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေက ဒီပန်းကို ကံ့ကော်၊ ဂန့်ဂေါ်၊ ကံ့ဂေါ်၊ ဂန့်ကော် ဆိုပြီး အမျိုးမျိုးရေးကြတာတွေ့ရတယ်။ ဗေဒင်ဆရာတွေကတော့ ကိုယ့်ကိုယ်ကို ကံမကောင်းဘူးထင်ပြီး ယတြာလာချေတဲ့လူတွေကို ကံကော်ပန်း ဆိုပြီးတော့ပြောကြပြန်တယ်။ ကျနော်ကတော့ မြန်မာအင်္ဂလိပ်အဘိဓာန်ပါစကားလုံးကို ယူသုံးလိုက်ပါတယ်။ ဒါကြောင့် ကံ့ကော်လို့ပဲခေါင်းစဉ်မှာ ရေးလိုက်တယ်။ အင်္ဂလိပ်စကားလုံးလိုချင်လို့ အဘိဓာန်ပြေးကြည့်ရသေးတယ်။ အင်္ဂလိပ်လိုက Mesua Ferrea တဲ့။ ဒီပန်းကို မမြင်ဖူးတဲ့ အင်္ဂလိပ်တွေကတော့သိမယ်မထင်ပါဘူး။
မြန်မာပြည်၊ ကျနော်နေတဲ့ပတ်ဝန်းကျင်မှာ ဂန့်ဂေါ်ပင်တွေ အများကြီး စိုက်ထားတယ်။ အဲဒီဂန့်ဂေါ်စိုက်ထားတဲ့ အတန်းမှာ ပုန်းညက်ပင်တွေလဲ အများကြီးရှိတယ်။ ပုန်းညက်ပွင့်လေးတွေက လှပေမဲ့သေးတော့ အုပ်စုလိုက်မှ ပိုပြီး ကြည့်ကောင်းတယ်။ ဂန့်ဂေါ်ပွင့်လေးတွေက အဲလိုမဟုတ်ဘူး။ အပွင့်ရဲ့အရွယ်အစားက များသောအားဖြင့် နှင်းဆီလောက်လဲ မကြီး၊ စံပါယ် မြတ်လေးတို့လောက်လဲမသေးတော့ တစ်ပွင့်တည်းနဲ့တင် ပန်ဆင်သူတွေကို အလှပိုစေတယ်။ အနက်ရောင်ဆံကေသာပေါ်က အဖြူရောင်ပွင့်ဖတ်၊ အ၀ါရောင်ဝတ်ဆံလေးတွေနဲ့ ကျက်သရေရှိလှတဲ့ ဂန့်ဂေါ်တစ်ပွင့်ဟာ အကျည်းတန်မိန်းကလေးတစ်ယောက်ကိုတောင် မယ်ရွေးပွဲမှာ ဗိုလ်စွဲစေနိုင်တယ်။
အဲလောက်ကျက်သရေရှိတဲ့ ပန်းမျိုးဟာ ကျနော်တို့မြေ၊ ကျနော်တို့ရေမှာပဲပေါက်တယ်လို့ ကျနော်ထင်တယ်။ ကျနော်သုံးနှစ်လောက်နေခဲ့ဖူးတဲ့ ကုလားပြည်မှာ ကျနော်ရောက်ဖူးတဲ့နေရာတိုင်းလောက်နီးပါး အဲဒီပန်းမျိုးတွေမတွေ့ရသလို အခုကျနော်နေနေတဲ့ယူကေမှာလဲ ဘယ်နားမှ ရှိမယ်မထင်ဘူး။ အင်္ဂလိပ်လိုရေးထားတဲ့ စွယ်စုံအဘိဓာန်ထဲမှာတော့ နီပေါ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာလဲ ပေါက်တယ်လို့ သိရတယ်။ ကျနော်တို့တိုင်းပြည်မှာတော့ အထက်၊ အောက် နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပန်းမျိုးပဲ။ ကျနော်မျက်မြင်အားဖြင့် သိရသလောက်ပြောရရင် ဂန့်ဂေါ်ပင်တွေဟာ---
(၁) အပင်ကြီးမျိုးဖြစ်တဲ့အတွက် အရိပ်ကိုလဲပေးတယ်။
(၂) နေဒဏ်လေဒဏ်ကိုခံနိုင်တဲ့အတွက် အမှိုင်သရိုက်ကိုလဲ မဖြစ်စေဘူး။
(၃) ဗာဒံပင်၊ ခရေပင်တို့လိုမျိုး အခြားအခြားသောသစ်ပင်တွေလို တစ်ခါတည်းနဲ့ အရွက်တွေအများကြီးလဲ မကြွေကျဘူး။
(၄) ဆယ့်နှစ်ရာသီလုံးလုံး စိမ်းစိုနေတတ်တဲ့အတွက် မြင်ရကြည့်သူတို့ရဲ့မျက်စိကို အေးမြစေတယ်။
(၅) အပွင့်ပွင့်လာတဲ့အခါ တစ်ပင်လုံးလောက်နီးပါးဖူးတတ်၊ ပွင့်တတ်တဲ့အတွက် အဆင်းအားဖြင့်လဲ သူ့ပတ်ဝန်းကျင်ကို အလှပိုစေတယ်။
(၆) အဖူးမှန်သမျှ ကြွေမကျပဲ ပွင့်ပေးတတ်လို့ ပိုင်ရှင်တစ်ယောက်အဖို့ “အဖူးလေးတွေတော့ထွက်ပြီ၊ အပွင့်မှဖြစ်ပါ့မလား”ဆိုတဲ့ စိုးရိမ်စိတ်လဲ ထားဖို့မလိုဘူး။
(၇) အေးမြတဲ့ မွှေးရနံ့ကိုပေးတတ်တဲ့အတွက် ဖြတ်သွားဖြတ်လာသူတွေရဲ့ ရင်ကိုလဲ အေးမြစေသလို၊ ခေါင်းကိုလဲ ကြည်လင်လန်းဆန်းစေတယ်။
(၈) အပင်ရဲ့ပွင့်ဦး၊ ပွင့်ထူးတွေကို ဘုရားရှင်ရှေ့တော်မှောက်မှာ တင်သပူဇော်ထားရင်လဲ ကုသိုလ်ကောင်းမှုအများကြီးဖြစ်ရတယ်။
(၉) တင်သပူဇော်ထားတဲ့အဖြူရောင်ဂန့်ဂေါ်ပွင့်လေးတွေဟာ ပလ္လင်တော်ပေါ်ရှိဗုဒ္ဓဘုရားရှင်ရဲ့ ကျက်သရေတော်ကို ဆထက်တန်ဖိုးတိုးစေလို့ အိမ်သူအိမ်သားတွေရဲ့ စိတ်ကိုလဲ ဘုရားအာရုံမှာ ပိုမိုညွတ်စေနိုင်တယ်။
(၁၀) လှပတဲ့ ဂန့်ဂေါ်ပွင့်လေးတစ်ပွင့်ဟာ ချစ်သူမရှိသေးလို့ အားငယ်နေတဲ့ လူရွယ်လေးတစ်ယောက်ရဲ့စိတ်ကို စစ်မြေပြင်ထွက်ခါနီး စစ်သူရဲကောင်းတစ်ယောက်ရဲ့စိတ်မျိုးဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်။
အင်း---၊ ဂန့်ဂေါ်နဲ့ပတ်သက်ပြီး ကျနော်စိတ်ထဲရှိသလောက်ပြောရရင် အတော်ရှည်တဲ့ပို့စ်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်ဗျာ။ ဒီလောက်ပဲရေးတော့မယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူအကြောင်းချီးမွန်းမကုန်နိုင်သလို ကျနော်လဲ ကျနော်ချစ်တဲ့၊ ကျနော်မြတ်နိုးတဲ့ ဂန့်ဂေါ်နဲ့ပတ်သက်ပြီး ပြောမကုန်နိုင်ဘူး။ ဂန့်ဂေါ်တွေ အလှိုင်လှိုင်ပွင့်တဲ့ရာသီမှာ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရားတို့လို လူစည်ကားတဲ့ တန်ခိုးကြီးဘုရားတွေမှာ ပန်းသည်တွေ စီးပွါးဖြောက်ပြီး စေတီတော်ကြီးတွေနဲ့ ဘုရားစင်တွေ ကျက်သရေတိုးနေဦးမှာ မြင်ယောင်မိသေးတော့ကြောင်း။
ပွင့်ဖတ်ရယ် ဖြူဖြူလွ
ရောင်ဝါ၀ါ့ ၀တ်ဆံ
ရနံ့ကယ် ကြူကြူလှိုင်လို့
ခိုင်ခိုင်ကုန် အမြင့်မှာပွင့်တယ်
ဘာပန်းလဲ မေး။
ပွင့်ဖတ်ရယ် ဖြူ
ဝတ်ဆံက ၀ါသေး
မွှေးရနံ့ သူသယ်ဆောင်လို့
ခိုင်ကုန်အောင် အမြင့်မှာတင့်တယ်
ကံ့ကော်ပဲ လေး။
မယ့်ဆံပင် ကေသာထက်
နေရာကွဲ့ တက်ယူ
လှချင်သူ လှအောင်ပြု
မြတ်နိုးဖွယ်မူ။
ပန်းကံ့ကော် ဟူ
မည်နာမ တင့်ဆန်း
တစ်နှစ် တစ်ခါသာပွင့်လို့
မေ့ရွာသူ လှအောင်ဆင့်တယ်
ဝင့်ထယ်သည့် ပန်း။
Friday, February 13, 2009
သက်တန့်ရောင်စဉ်ရဲ့အဆုံးဝယ်
At the end of every rainbow,
Sits a leprechaun,
Hammering on a shoe,
Who will reveal the whereabouts of a crock of gold.
(Legend)
သက်တန့်ရောင်စဉ် အဆုံးမယ်၊
တန်ခိုးရှင်လေး ထိုင်နေတယ်၊
သူ့ဖိနပ်ကို တူနဲ့ထု၊
ရွှေအိုးရှိတယ် သတိပြု။
(ပါးစပ်ရာဇ၀င်)
ကျနော်တို့ငယ်ငယ်က မိုးရွာတဲ့အခါ အပြင်ထွက်မိုးရေခံ၊ မိုးရေချိုးလေ့ရှိကြတယ်။ ကျနော်တို့ဆီ (ထားဝယ်၊ မောင်းမကန်) မှာမိုးရွာရင် တစ်ခါတလေဆို တစ်ပတ်လောက်ကို မစဲတော့ဘူး။ မိုးရွာလို့သာ ဘယ်မှမသွားပဲနေရင် ကျနော်တို့ဆီကလူတွေ မိုးတွင်းဆို ဘယ်မှတောင် သွားနိုင်ကြမှာမဟုတ်ဘူး။ အတော့်ကို မိုးများတဲ့နေရာဗျို့။ မိုးရွာအပြီးမှာ တစ်ခါတလေ သက်တန့်ရောင်တန်းကြီးပေါ်လာတတ်တယ်။ အဲဒီလိုပေါ်လာပြီဆို ကျနော်တို့ကလေးတွေ ပျော်ကြသလားမမေးနဲ့။ ပျော်တာက အခြားကြောင့်တော့မဟုတ်ဘူး။ နောက်ထပ်မိုးတော်တော်နဲ့ ရွာမှာမဟုတ်ဘူး။ ဒီတော့ ခြောက်ခြောက်သွေ့သွေ့နဲ့ မြေကြီးပေါ်မှာ ဆော့ရတော့မယ်ဆိုတဲ့အတွေးနဲ့ ပျော်ကြတာ။
သက်တန့်ရောင်တန်းမှာ အရောင်ဘယ်နှစ်မျိုးရှိတယ်၊ ဘာ့ကြောက်သက်တန့်ရောင်စဉ်တွေဖြစ်ပေါ်လာရတယ် ဆိုတဲ့အကြောင်းကိုတော့ ကျနော်တို့ငယ်ငယ်က စာသင်ခန်းထဲမှာ သင်ခဲ့ဖူးကြပြီးဖြစ်ပါတယ်။ ရောင်စဉ်ခုနှစ်သွယ်ရှိတဲ့ သက်တန့်ရောင်တန်းဟာ မိုးတိတ်သွားအပြီးမှာ ထွက်လာတဲ့နေရောင်ချည်ရဲ့ မိုးစက်မိုးပေါက်လေးတွေအပေါ် ရောင်ပြန်ဟန့်မှုကြောင့် ဖြစ်ပေါ်လာရတယ်လို့ သိပံ္ပပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ သက်တန့်ရောင်စဉ်တန်းကြီးဟာ ဘယ်က စပြီး ဘယ်မှာ ဆုံးသလဲဆိုတဲ့ မေးခွန်းကိုတော့ ဆက်လက်မေးနေကြရဆဲပါ။
လူအတော်များများက၊ အထူးသဖြင့် အနောက်တိုင်းသားတွေဟာ သက်တန့်ရောင်စဉ်တန်းရဲ့အဆုံးကို သိချင်တဲ့နေရာမှာ ကျနော်တို့အရှေ့တိုင်းသားတွေထက်သာတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဆီမှာ ကျနော်အထက်မှာရေးခဲ့တဲ့ ကဗျာလေးထဲကလို သက်တန့်ရောင်စဉ်တန်းအဆုံးမှာ ရွှေအိုးရှိတယ် ဆိုတဲ့ ဒဏ္ဍာရီစကားရှိနေလို့ပါပဲ။ ဒီစကားဖြစ်ပေါ်လာရတဲ့အကြောင်းကို စဉ်းစားတဲ့အခါ ကျနော်တို့ ငယ်ငယ်က တွေးသလို သက်တန့်ရောင်စဉ်တန်းဟာ ဘယ်ကစဖြစ်ပေါ်ပြီး ဘယ်မှာသွားဆုံးသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ဆိုတဲ့ ကလေးအတွေးရှိနေကြသေးလို့ပါပဲ။ ဒါကြောင့် သက်တန့်ရောင်စဉ်တန်းရဲ့အဆုံးကို ဘယ်သူမှ တွေ့အောင်မရှာနိုင်ဘူး၊ တွေ့တဲ့လူဟာ အဲဒီရောင်စဉ်တန်းအဆုံးမှာ ရွှေအိုးကြီးကိုလဲ တွေ့ရလိမ့် ဆိုပြီး ပါးစပ်ရာဇ၀င် ထွင်ခဲ့ကြဟန်တူပါတယ်။
အခုတော့ အဲဒီပါးစပ်ရာဇ၀င်လဲ အဆုံးသတ်သွားခဲ့ပါပြီ။ သက်တန့်ရောင်စဉ်တန်းရဲ့အဆုံးကို ဓာတ်ပုံနှင့်တကွ တင်ပြလာနိုင်တဲ့နေ့ကို ရောက်ခဲ့ပါပြီ။ ဒါလဲ ကံအားလျှော်စွာတွေ့ပြီး ရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အပျော်တမ်းရိုက် ဓာတ်ပုံဆရာ Jason Erdkamp ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာလီဖိုးနီးယားပြည်နယ်၊ သြရိန်းဂ်ျ ခရိုင်ဘက်မှာ မိုးထဲလေထဲ ခရီးထွက်ရင်း မော်တော်ကားလမ်းမပေါ်မှာ ဓာတ်ပုံထဲမြင်ရတဲ့အတိုင်း ထိုးကျနေတဲ့ သက်တန့်ရောင်စဉ်တန်းကြီးကို မြင်တွေ့ပြီး သူ့ပါတဲ့ အိုင်ပေါ့ဖုန်းလေးနဲ့ ဓာတ်ပုံယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူ့အဆိုအရ အဲဒီအဆုံးမှာ ဘာရွှေအိုးမှ မရှိပါဘူးတဲ့၊ (တူးမကြည့်လို့နဲ့တူတယ်၊)။ ရွှေအိုးမရလိုက်ပေမဲ့ အဲဒီနေ့အိမ်ပြန်ရောက်တော့ သူထိုးထားတဲ့ ထီလက်မှတ်က (၂၅)ဒေါ်လာပေါက်နေဆိုပဲ။ အဲသလောက်ကတော့ ကျနော်တို့လဲ မကြာခဏပေါက်သဗျား။ သူပြောတဲ့စကားအရ သက်တန့်ရောင်တန်းဟာ တစ်နေရာမှာ ငါးမိနစ်လောက်ပဲ ရပ်တည်ပါတယ် တဲ့။ တိုက်ခတ်နေတဲ့လေပြင်းနဲ့အတူ တစ်နာရီမှာ မိုင်နှစ်ဆယ်ကနေ သုံးဆယ်လောက်အထိ ရွေ့ရှားနေတယ်ဆိုပဲ။
ဘာပဲပြောပြော၊ ရွှေအိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျနော့်အတွက်တော့ သက်တန့်ရောင်စဉ်တန်းမှာ အဆုံးရှိတယ်၊ အဲဒီအဆုံးကိုလဲ တွေ့နိုင်တယ်၊ ဆိုတဲ့ အသိတစ်ခုရခဲ့ပါပြီ။ အဲဒီအသိရလိုက်တာနဲ့တပြိုင်နဲ့ ကျနော်တို့ငယ်စဉ်တုန်းက ရှိခဲ့ဖူးတဲ့ ဟိုလိုလို ဒီလိုလို အယူအဆတွေဟာလဲ အလိုအလျောက်ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကျနော်တို့ရင်ထဲမှာ မိရိုးဖလာ စွဲကျန်နေတဲ့ ကြောက်ရွံ့မှုတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါတွေ တစ်ခုချင်းစီ ကွယ်ပျောက်ဖို့အတွက် လုံလောက်တဲ့ သက်သေတွေ ဆက်လက်ရှာဖွေကြရဦးမှာပါ။ ဒါသည်ပင် လူ့ဘ၀မဟုတ်ပါလား။
မှတ်ချက်။ http://www.dailymail.co.uk/news/article-1143482/Found-The-end-rainbow--theres-pot-gold.html သတင်းကို ကိုးကားရေးပါသည်။
Thursday, February 12, 2009
အဖိုးတန်ဆုံးသော လွတ်လပ်မှု
သိမှုသဘောတရား (၂)
နောက်ဆုံးအဆင့်ဖြစ်တဲ့ သိမှုသဘောတရားကတော့ knowledge သို့မဟုတ် Wisdom ခေါ် ပညာအသိဖြစ်ပါတယ်။ ဒီသိမှုမှာ
(၁) Recollection အာရုံကို ပြန်လည်စုဆောင်းခြင်းသဘောတရား
(၂) Reflection အာရုံကို ပြန်လည်သုံးသပ်ခြင်းသဘောတရား
(၃) Reasoning သက်ဆိုင်ရာအာရုံရဲ့ယုတ္တိကိုတွေးဆခြင်းသဘောတရား ဆိုတဲ့ R သုံးလုံးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ခုသောအာရုံကို ဂဂနနသိတယ်ဆိုတဲ့ အသိဟာ သညာအသိ၊ ၀ိညာဉ်အသိတွေတုန်းကလို အာရုံရရခြင်း ပစ္စပ္ပန်တည့်တည့်မှတ်သားမှု၊ သိမှုမျိုးမဟုတ်ပါဘူး။ သညာ၊ ၀ိညာဉ်တွေနဲ့ မှတ်သားထား၊ သိထားပြီးဖြစ်တဲ့ သာမန်အသိတွေကို ထပ်ဆင့်စိစစ်ပြီးမှ သိလာရတဲ့ အသိတစ်မျိုးဖြစ်ပါတယ်။ ဒီအသိကို နားလည်သဘောပေါက်မှုလို့ ဝေါဟာရဖလှယ်နိုင်ပါတယ်။ ဒါကြောင့် ပညာဆိုတာ နားလည်သဘောပေါက်ခြင်း understanding ကိုပြောပါတယ်။
ဒီလိုနားလည်တဲ့နေရာမှာလဲ စာပေမှာလာတဲ့အတိုင်း တင်ပြရရင် သုံးမျိုး သုံးဆင့်ကွဲပြားပါသေးတယ်။ အဲဒါတွေကတော့----
(၁) သုတမယဉာဏ်= understanding gained from general study
(၂) စိန္တာမယဉာဏ်= knowledge obtained from reasoning
(၃) ဘာဝနာမယဉာဏ်= wisdom possessed from experience
နံပါတ်တစ်ဖြစ်တဲ့ အသိဉာဏ်မျိုးကို စာပေလေ့လာမှုတွေ၊ သင်ယူမှုတွေကရပါတယ်။ ဒီအသိဟာ မိမိလေ့လာရတဲ့ အကြောင်းအရာဘာသာရပ်အလိုက် အမျိုးမျိုးရှိတဲ့အတွက် ခိုင်မာတဲ့အသိဉာဏ်အနေနဲ့ တထစ်ချမှတ်ယူလို့မဖြစ်နိုင်ပါဘူး။ အကြောင်းအရာတစ်မျိုးတည်းသည်ပင် တင်ပြသူကွဲပြားမှုကြောင့် ကွဲပြားနိုင်ပါသေးတယ်။ နောက်တစ်ခါ တင်ပြသူတစ်ဦးတည်းသည်ပင် သူ့အချိန်ကာလအားလျှော်စွာ ရရှိလာတဲ့ အသိပြောင်းလဲမှုကြောင့် ရှေ့နောက်တင်ပြပုံကွဲလွဲနိုင်ပါတယ်။ ဒါ့အပြင် တင်ပြသူ ကျမ်းဆရာရဲ့ အကိုးသာဓကတွေကွဲပြားမှုကြောင့် ဆရာတစ်ဦးတည်းပင်ဖြစ်လင့်ကစား ရှေ့နောက်အဆိုကွဲပြားနိုင်ပါတယ်။ ဒါကြောင့် စာပေအသိဟာ မခိုင်မာပါဘူး။ ဒီသဘောကို ပေါ်လွင်အောင် ရှေးဆရာများကလဲ “တစ်ကျမ်းတတ်ရုံ၊ ကျမ်းမစုံ၊ အာဂုံတယ်ပြီး မကိုးနဲ့” လို့ ဆိုခဲ့ကြပါတယ်။
နှစ်နံပါတ်အသိဉာဏ်ကတော့ စဉ်းစားဆင်ခြင်မှုကို အခြေခံပါတယ်။ ဒီနေရာမှာ စဉ်းစားဆင်ခြင်မှုဆိုတာလဲ Form of Idea လို့ခေါ်တဲ့ အတွေးပုံသဏ္ဌာန်တစ်ခုလိုအပ်ပါတယ်။ အသားလွတ်ကြီးဘယ်သူမှ မစဉ်းစားတတ်ကြပါဘူး။
(၁) thinkable object= စဉ်းစားစရာအာရုံ တစ်ခုခုရှိခြင်း၊
(၂) ability to think= စဉ်းစားနိုင်စွမ်းရှိခြင်းနဲ့
(၃) to think= စဉ်းစားခြင်း တို့ရှိနေဖို့လိုပါတယ်။
စဉ်းစားစရာတော့ရှိတယ်၊ ဒါပေမဲ့ စဉ်းစားနိုင်စွမ်းမရှိဘူးဆိုရင် စိန္တာမယဉာဏ်အဆင့်မရောက်ပါဘူး။ အဲဒီအဆင့်ရောက်ဖို့ အင်္ဂါသုံးမျိုးစလုံးလိုအပ်ပါတယ်။ အဲဒီအင်္ဂါသုံးချက်နဲ့ညီရင် အဖြေတစ်ခုခုထွက်လာပါတယ်။ အဲဒီအဖြေဟာ စိန္တာမယဉာဏ်ရဲ့ ရလာဒ်ပါပဲ။
ဥပမာ၊ သုမေဓာသူဌေးသားက သူ့မိဘတွေကွယ်လွန်သွားတဲ့အခါ ကျန်ရစ်တဲ့ပစ္စည်းပုံကြီးကိုကြည့်ပြီး “ငါ့မိဘတွေဟာ ပစ္စည်းတွေကို ရှာရုံသာရှာတတ်ကြပြီး ယူမသွားတတ်ကြဘူး၊ ငါကတော့ ဒီပစ္စည်းအားလုံး ယူသွားမယ်” လို့စဉ်းစားပါတယ်။ အဲဒီစဉ်းစားမှုထဲက သူဌေးသားတောထွက်၊ ရသေ့ဝတ်သွားခြင်း ဆိုတဲ့ အဖြေတစ်မျိုးထွက်လာပါတယ်။ အသေးစိမ့်ကြည့်မယ်ဆိုရင် သူ့စဉ်းစားမှုထဲမှာ အောက်ပါအချက်အလက်တွေပါနေတာ တွေ့ကြရမှာပါ။
(၁) ငါ့မိဘနှစ်ပါးသေဆုံးသွားရှာပြီ။
(၂) ပစ္စည်းများစွာ ကျန်ရစ်ခဲ့ပြီ။
(၃) မိဘနှစ်ပါးသေသလို ငါလဲတစ်နေ့ သေရမည်။
(၄) ငါသေရင်လဲ ငါ့မိဘတွေလို ပစ္စည်းတွေကို ထားခဲ့ရမည်။
(၅)ဒီတော့ ဒီပစ္စည်းတွေကို အလှူပေးပစ်ပြီး ကုသိုလ်ကောင်းမှုတွေကိုပဲ ငါ့နဲ့အတူတမလွန်ကို ယူသွားမည်။
ဒီအတွေးဟာ သာမန်လူတွေမှာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့တော့ ခဲရင်းမယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တွေးတဲ့အဆင့်ခြင်းမတူညီလို့ပါပဲ။ ကျနော်တို့မှာလဲ ဒီလိုအတွေးမျိုးတွေ ရှိနေတာပါပဲ၊ အနည်းအများဆိုသလို တွေးလဲတွေးဖူးကြတာပါပဲ။ ဒါပေမဲ့ ကျနော်တို့တွေးတာက အားနည်းတယ်။ ဒါကြောင့် သိသာတဲ့ ရလာဒ်မပေါ်ဘူး။ သုမေဓာရဲ့အတွေးက အားကောင်းတယ်။ ဘယ်လောက်ထိကောင်းလဲဆိုရင် သူပိုင်ဆိုင်သမျှတွေ စွန့်လွှတ်ပြီး တောထွက်သွားရလောက်တဲ့အထိ ကောင်းတာ။ သုမေဓာရဲ့အဲဒီလိုအတွေးမျိုးကြောင့် ကျနော်တို့ဟာ သူဘုရားဖြစ်လာတဲ့အခါ ဟောကြားခဲ့တဲ့တရားတွေကို နာယူလို့မကုန်ဖြစ်နေကြရတာပါ။ ဒါဟာ စိန္တာမယဉာဏ်ရဲ့ရလာဒ်ပဲလို့ ကျနော်ကတော့ဆိုချင်ပါတယ်။ ဒီလိုတွေးပုံမျိုးကို အနောက်တိုင်းဖီလိုဆိုဖီမှာ
(၁)Deduction=(တြိယုတ္တိဆင်ခြေ) သုံးဆင့်တွေးနည်းနဲ့
(၂)Induction=(ဒွိယုတ္တိဆင်ခြေ) နှစ်ဆင့်တွေးနည်း လို့သုံးပါတယ်။
ဥပမာ---
(၁) လူသားမှန်သမျှ သေကြရမည်။ (ပထမအာဘော်)
(၂) ကိုမင်းထက်သည် လူသားဖြစ်သည်။(ဒုတိယအာဘော်)
-------------------------------------------
(၃) ထို့ကြောင့် ကိုမင်းထက်သည် သေရမည်။ (ကောက်ချက်)
တစ်နဲ့နှစ်ကို အခြေခံပြီးတော့ သုံးမှာအဖြေထုတ်တဲ့တွေနည်းပါ။ ဒီတွေးနည်းဟာ အခါခပ်သိမ်းမှန်ကန်တဲ့ တွေးနည်းတော့မဟုတ်ပါဘူး။ ယူဆပုံမှန်ပြီးတော့ ကောက်ချမှာ လွဲသွားတဲ့ တွေးနည်းတွေလဲ အများကြီးပါပဲ။
ဥပမာ---
(၁) မိန်းမမှန်သမျှ ပန်းကို ချစ်သည်။ (ပထမအာဘော်)
(၂) ခင်ခင်သည် မိန်းမတစ်ယောက်ဖြစ်သည်။ (ဒုတိယအာဘော်)
----------------------------------------------
(၃) ထို့ကြောင့် ခင်ခင်သည် ပန်းကိုချစ်သည်။ (ကောက်ချက်)
ဒီတွေးနည်းမှာ နံပါတ်တစ်ဖြစ်တဲ့ Premises အာဘော်ဟာ အရေးကြီးကြောင်း သတိထားမိမှာပါ။ တကယ်လို့ မိန်းမမှန်သမျှ ပန်းကိုချစ်သည် ဆိုတဲ့ အာဘော်သာ တထစ်ချမှန်တယ်ဆိုရင် မိန်းမတစ်ယောက်ဖြစ်တဲ့ ခင်ခင်ဟာ ပန်းကိုချစ်တယ်ဆိုတဲ့ ကောက်ချက်ဟာလဲ မှန်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အာဘော်ထိုးကတည်းက လွဲလာတဲ့အတွက်ကြောင့် ကောက်ချက်မှာလဲ လွဲသွားရတာပါ။ ဒါကို မှန်အောင် “မိန်းမအများစုသည် ပန်းကို ချစ်ကြသည်” လို့ ယေဘုယျသဘောပါစေပြီး ထိုးရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လောကမှာ သေခြင်းတရားတစ်မျိုးလောက်ပဲ သေချာပါတယ်။ ကျန်တာတွေကတော့ ယေဘုယျချည်းပါပဲ။ ဒါကြောင့် အမှန်တရားနဲ့နီးစပ်အောင်တွေးတောတဲ့အခါမှာ ယေဘုယျသဘောကို ထည့်ပြီး အာအော်ထိုးရပါတယ်။
ဒွိယုတ္တိလို့ခေါ်တဲ့ နှစ်ဆင့်တွေးနည်းကတော့ Premises လို့ခေါ်တဲ့ အာဘော်တစ်ချက်နဲ့ Conclusion လို့ခေါ်တဲ့ ကောက်ချက် တစ်ချက်ပါပဲ။ အဆိုတစ်ခုကိုကြည့်ပြီး အဖြေထုတ်တဲ့နည်းပါ။ ဥပမာ--
(၁) တွေ့သမျှ ကျီးကန်းအားလုံးသည် အမည်းချည်းသားဖြစ်သည်။ (အာဘော်)
--------------------------------------------------------------------
(၂) ထို့ကြောင့် ကျီးကန်းမှန်သမျှ အမည်းချည်းသာဖြစ်သည်။ (ကောက်ချက်)
ဒီအဖြေဟာ ကျီးဖြူတစ်ကောင်ကောင်ကို မတွေ့ရမချင်း မှန်နေမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ဟောဒီကျယ်ဝန်းလှကမ္ဘာကြီးထဲမှာ ကျီးဖြူမရှိဘူးလို့ ဘယ်သူသိနိုင်မှာလဲ။ ဒီလိုအဆိုမျိုးကို တစ်ထစ်ချ မှတ်သားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိန္တမယဉာဏ်တစ်မျိုးဖြစ်တဲ့ ဒွိယုတ္တိဆင်ခြေဟာလဲ အားကိုးလောက်တဲ့ အသိမျိုးမဟုတ်သေးကြောင်း နားလည်နိုင်ပါတယ်။
နောက်ဆုံးအသိဉာဏ်အဆင့်ကတော့ ဘာဝနာမယဉာဏ်ဖြစ်ပါတယ်။ ကိုယ်တွေ့အသိလို့တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ ဒီအသိဟာလဲ “ခဲမှန်ဖူးသော စာသူငယ်” ဆိုတဲ့ ကိုယ့်တွေ့အသိမျိုးမှသည် သစ္စာလေးပါးကို သိတဲ့ကိုယ်တွေ့အသိတိုင်အောင် ကျယ်ဝန်းလှပါတယ်။ စာပေမှာတော့ တရားဘာဝနာရေးရာမှာပဲ သုံးတာများပါတယ်။ ဒါပေမဲ့ ဒီလိုပြောရင် ဒီအသိဟာ နေ့စဉ်ဘ၀နဲ့ မဆိုင်သလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကျနော်ကတော့ နေ့စဉ်ဘ၀မှာလဲ ဒီလိုကိုယ်တွေ့အသိမျိုးတွေရှိနေကြောင်း၊ အဲဒီအသိတွေကိုလဲ ဘာဝနာမယဉာဏ်လို့ ခေါ်ချင်ခေါ်နိုင်ကြောင်း တင်ပြလိုပါတယ်။ ဒီလိုယူဆလိုက်တဲ့အတွက် ဒီဉာဏ်ရဲ့ နယ်ပယ်ဟာ အတော်လေးကို ကြီးကျယ်သွားပါတယ်။
ဒီဉာဏ်ကို အတွေ့အကြုံကရတယ် လို့ ယေဘုယျနားလည်ထားဖို့လိုပါတယ်။ အဲဒီလို အတွေ့အကြုံက ရတဲ့အတွက် စာပေသင်ကြားမှုတွေ၊ ဆင်ခြင်စဉ်းစားမှုတွေနဲ့ အတော်များများ မသက်ဆိုင်တော့ပါဘူး။ အဲဒီတော့ ဘယ်သူမဆို ဒီအသိမျိုးကို သူတို့သက်ဆိုင်ရာဘ၀ထဲက ထုတ်ယူနိုင်ပါတယ်။ ဒီအသိဉာဏ်ရဲ့ နောက်ဆုံးအဆင့်ကတော့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းပါပဲ။ ဘယ်သောအခါမှ ပြောင်းလဲခြင်းမရှိတော့သောသိခြင်းဖြင့် သိသွားတယ် လို့ဆိုလိုပါတယ်။ ဒါကတော့ ဘာဝနာမယဉာဏ်ရဲ့အထွတ်အထိတ်အဆင့်ပါ။
ကျနော်တစ်ခုစဉ်းစားမိတာပြောရမယ်ဆိုရင် ဒီအသိမှာ အောက်ပါအချက်အလက်တွေ ပါဝင်နေတာတွေ့ရပါတယ်။
(၁) having experience=အတွေ့အကြုံရှိခြင်း
(၂) filtering knowledge out of it=ယင်းမှ အသိကို ထုတ်ယူခြင်း
(၃) unchangeablity= မပြောင်းလဲခြင်း စသည်ဖြစ်ပါတယ်။
တစ်ခါတလေ ကျနော်တို့နေ့စဉ်ဘ၀မှာ အတွေ့အကြုံကတော့ ရှိပါရဲ့။ သက်ဆိုင်ရာလူက သူ့အတွေ့အကြုံကို မထုတ်ယူတတ်ရင် သူ့အတွက် အဲဒီအတွေ့အကြုံဟာ အလကားပါပဲ။ ဒါကြောင့် သူဟာ အဲဒီအသိနဲ့ပတ်သက်ပြီး ပြောင်းလဲနိုင်တယ်။ အတွေ့အကြုံရှိပေမဲ့ အသိကိုမထုတ်ယူတတ်တဲ့အတွက် အသိပြောင်းလဲနေသေးသမျှ အဲဒီလူရဲ့အသိဟာ ဘယ်သောအခါမှ ဘာဝနာမယဉာဏ်အဆင့်မရောက်နိုင်ပါဘူး။ ဒါဖြစ်ရင် အဲဒီအသိကို ဘယ်လိုနာမည်ပေးမလဲ၊ ကျနော်ကတော့ အတွေ့အကြုံလို့ပဲခေါ်ချင်ပါတယ်။ လူတိုင်းမှာ အနည်းအများဆိုသလို ဘ၀အတွေ့အကြုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ ၉၀% ရာခိုင်းနှုံးလောက်သော လူတွေဟာ ကိုယ့်အတွေ့အကြုံကို ပြန်လည်မသုံးချတတ်ကြပါဘူး။ ၁၀%ရာခိုင်နူံးလောက်ပဲရှိပါတယ်။ ဒါကြောင့် အဲဒီလောက်အရေအတွက်ရှိတဲ့လူတွေပဲ ဘ၀မှာ အထက်တန်းရောက်လာကြရတာပါ။ ဒါကို ဘာဝနာမယဉာဏ်ရဲ့ ရလာဒ်ပဲလို့ ကျနော်ကတော့ ဆိုချင်ပါတယ်။ ဒါကတော့ ကျနော်လေ့လာထားတဲ့အထဲက အနည်းငယ်မျှ ဆွေးနွေးကြည့်တာပါ။ စစ်မှန်တဲ့အသိဉာဏ်မျိုးပိုင်ဆိုင်နိုင်ကြပါစေ။
(ဆောရီးဗျာ၊ နည်းနည်းရှည်သွားတယ်။)
သိမှုသဘောတရား (၁)
ပြီးခဲ့တဲ့ အပတ်က ကျနော့်ဘလော့ကို အားပေးတဲ့ စာဖတ်သူတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ပလေတိုရဲ့ အသိဉာဏ်သဘောတရားကို ကျနော်ရှာဖွေရေးသားခဲ့ပါတယ်။ ဂရိစ်နိုင်ငံအပါအ၀င် အနောက်တိုင်းမှာပေါ်ခဲ့တဲ့ အတွေးအခေါ်ရှင်တွေရဲ့ဒဿနသဘောတရားတွေဟာ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ်လို့ တိတိကျကျယူဆပြောဆိုဖို့ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အနောက်တိုင်း ဒဿနိကဘေဒသမိုင်းတစ်လျှောက်မှာ တစ်ယောက်ရဲ့အဆိုကို နောက်တစ်ယောက်က ခြေဖျက်ပြီး သူ့အဆိုကို တင်ပြခဲ့ကြလို့ပါပဲ။
ထိုနည်းတူ ဧရိယာကျယ်ဝန်းသလောက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရောထွေးနေတဲ့ အင်ဒိယနိုင်ငံမှာလဲ ဗုဒ္ဓခေတ်မတိုင်မီကတည်းက ခေတ်အလိုက်ပေါ်ထွန်းခဲ့တဲ့ အတွေးအခေါ်အယူအဆတွေဟာ အမျိုးမျိုးအဖုံဖုံရှိနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ အရှေ့တိုင်း/အနောက်တိုင်းအတွေးခေါ်ရှင်ကြီးတွေရဲ့ ဒဿနသဘောတရားတွေအတော်များများဟာ မမြင်ရ မသိရတဲ့ ဗြဟ္မာကြီးနဲ့ ထာဝရဘုရားကို မဏ္ဍိုင်ပြုထားကြတာများပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားဆိုရလောက်အောင် ဒဿနသမိုင်းကို တုန်လှုပ်သွားစေတဲ့ အတွေးခေါ်ရှင်တစ်ဦးပေါ်ထွန်းခဲ့ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေဟာ လူကို မဏ္ဍိုင်ပြုတွေးထားတဲ့အတွက် လူနဲ့တူတဲ့၊ လူ့အသိရှိတဲ့ လူသားအများစုက ၀မ်းသာအားရလက်ခံကြိုဆိုကြပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ မြတ်ဗုဒ္ဓပါပဲ။
မြတ်ဗုဒ္ဓဟာ မဇ္ဈိမပဋိပဒါ (the Middle Way or Golden Means) လို့ခေါ်တဲ့ အလယ်လမ်းစဉ်ကို စတင်တွေ့ရှိပြီး သူရှာဖွေနေတဲ့ (Omniscience) သဗ္ဗညုတဉာဏ်တော်မြတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျင့်စရာမှန်သမျှအကျင့်တွေကို အကုန်ကျင့်သုံးပြီး သိစရာမှန်သမျှ အသိတွေကို အကုန်သိတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ မြောက်များလှစွာသော ဟောကြားချက်တွေထဲက ကျနော်အနည်းငယ်မျှ ဆွေးနွေးတင်ပြချင်ပါတယ်။ အဲဒါကတော့ အသိဉာဏ်သဘောတရားပါ။ အနောက်တိုင်းအယူအဆနဲ့ ဘယ်လိုကွာခြားမှုရှိသလဲဆိုတာ သိကြရမှာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ အသိဉာဏ်သဘောတရားကို ဘယ်သူကမှ မဟုတ်ပါဘူး/မမှန်ပါဘူးလို့ ငြင်းဆိုတာ မတွေ့ရသေးပါဘူး။ ဒီနေရာမှာ ကျနော်က ဗုဒ္ဓစာပေလာ အသိဉာဏ်သဘောတရားလို့ သုံးချင်ပါတယ်။
မာဂဓီဘာသာ သို့မဟုတ် ပါဠိဘာသာကျမ်းဂန်တွေနဲ့ သင်္ဂါယနာလို့ခေါ်တဲ့ သံဃာ့အစည်းအဝေးကြီးတွေ အကြိမ်ကြိမ်လုပ်ပြီး မှတ်တမ်းပြုထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ဟောကြားချက်တွေကို ဗုဒ္ဓစာပေလို့ ကျနော်တို့မှတ်သားနားလည်ထားကြပါတယ်။ အဲဒီစာပေတွေထဲမှာ အသိသဘောကို အောက်ပါအတိုင်း အဆင့်သုံးဆင့် ခွဲခြားပြပါတယ်။
(၁) Perception မှတ်သားမှုခေါ် သညာအသိ
(၂) Awareness သိကာမျှဖြစ်မှုခေါ် ၀ိညာဉ်အသိ
(၃) Knowledge နားလည်သဘောပေါက်မှုခေါ် ပညာအသိ တွေဖြစ်ပါတယ်။
ဒီအဆင့်သုံးမျိုးအနက် ပထမဆုံးဖြစ်တဲ့ မှတ်သားမှုအဆင့်မှာလဲ
(၁) common sense ပုံမှန်မှတ်သားမှုခေါ် ပကတိသညာနဲ့
(၂) hallucination မှားယွင်းတဲ့မှတ်သားမှုခေါ် ၀ိပလ္လာသသညာ ဆိုပြီး နှစ်မျိုးနှစ်စားကွဲပြားပါသေးတယ်။ ဒီမှတ်သားမှုဆိုတဲ့ အဆင့်ဟာ သိမှုရေးရာမှာ အနုနယ်ဆုံးအဆင့်ပါပဲ။ ဘာ့ကြောင့်နုနယ်ရသလဲဆိုရင် မှတ်သားမှုမှာ reasoning လို့ခေါ်တဲ့ ယုတ္တိကို တွေးဆခြင်းသဘောမပါဝင်လို့ဖြစ်ပါတယ်။ ဒီသဘောကို ပညာရှင်တွေက လက်သမားတွေရဲ့ ခဲမှတ်သားမှု၊ ရွှေတုံးကိုမြင်တဲ့ကလေးပေါက်စတစ်ယောက်ရဲ့ အ၀ါရောင်ဖြစ်တယ်ဆိုတဲ့ အသိဖြစ်ပေါ်မှုအဆင့်နဲ့ နိုင်းယှဉ်ကြပါတယ်။
ဒီမှတ်သားမှုဟာလဲ အမှန်အမှားကွဲပြားသေးတဲ့အတွက် ဒီသဘောကိုလဲ အောက်ပါအတိုင်းပြောကြပါသေးတယ်။
လူတစ်ယောက်က ခန့်မှောင်မှောင်အရောင်ရှိတဲ့ ညနေဘက်အခါမျိုးမှာ တစ်တောင်သာသာရှိတဲ့ ကြိုးတစ်ချောင်းကို မြင်ရတဲ့အခါ ကြိုးတစ်ချောင်းဖြစ်တယ် လို့သိတဲ့အသိဟာ ပကတိသညာအသိဖြစ်ပြီး အဲဒီကြိုးကို မြွေလို့ထင်ရင်တော့ ၀ိပလ္လာသသညာအသိလို့ ခေါ်ပါတယ်။
ဒုတိယအဆင့်ဖြစ်တဲ့ အသိကတော့ ၀ိညာဉ်လို့ခေါ်တဲ့ စိတ်အသိပါပဲ။ တကယ်တော့ ဗုဒ္ဓအဘိဓမ္မာအရ သိမှုမှန်သမျှဟာ စိတ်ကလာတာချည်းပါပဲ။ စိတ်သက်သက်ဟာ ရေနဲ့တူပါတယ်။ အရောင်အဆင်းကင်းမဲ့ပြီး သန့်ရှင်းတဲ့သဘောရှိကြောင်း ဖွင့်ဆိုကြပါတယ်။ အဲဒီစိတ်သက်သက်ရဲ့ Function ခေါ် ကိစ္စကတော့ သိကာမျှဖြစ်မှုသဘောလေးပါပဲ။ စိတ်လမ်းကြောင်းပေါ်ရောက်သမျှ အသိခံအာရုံမှန်သမျှကို သိလိုက်တဲ့သဘောသက်သက်ပါ။ ဒီထက်ဘာမှမပိုပါဘူး။
လူတစ်ယောက်က ခင်ဗျားကိုမေးတယ်။ ကိုမင်းထက်ကို သိသလား လို့။ ခင်ဗျားရဲ့အဖြေက သိပါတယ်လို့ပဲဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမင်းထက်ဆိုတဲ့ တစ်ဘက်လူပါးစပ်ကထွက်လာတဲ့ အသံကိုကြားလိုက်တာနဲ့ ခင်ဗျားစိတ်က အဲဒီနာမည်ကို သိသွားပြီ။ ဒါကြောင့် သိပါတယ်ဆိုတဲ့အဖြေဟာ မှန်ကန်တဲ့အဖြေဖြစ်ပါတယ်။ ဘယ်လိုသိပါသလဲ ဆိုတဲ့မေးခွန်းကို ခင်ဗျားဖြေနိုင်ကောင်းမှ ဖြေနိုင်မယ်။ အဲဒီမေးခွန်းရဲ့ အဖြေဟာ စိတ်သိသိမှုသဘောကို လွန်ပြီး စိစစ်မှုသဘောပါသွားပြီ။ တစ်နည်းအားဖြင့် ပညာအဆင့်ရောက်သွားပြီ။ တကယ်တော့ ဒီဝိညာဉ်အသိခေါ် စိတ်အသိဟာ သညာအသိအခေါ်မှတ်သားမှုနဲ့ အမြဲတမ်းတွဲဖြစ်နေရတဲ့အတွက် လက်တွေ့အားဖြင့် လုံးလုံးခွဲခြားလို့မရနိုင်ပါဘူး။ သီအိုရီအနေနဲ့ပဲ ခွဲခြားလို့ရပါတယ်။
ဒါပေမဲ့ ပညာရှင်တွေက ဒီနှစ်မျိုးရဲ့သိပုံခြားနားချက်ကို အောက်ပါအတိုင်း ဥပမာပေးကြပါတယ်။ ရွှေတုံးကို မြင်တဲ့အခါ ကလေးလေးတစ်ယောက်ရဲ့ အ၀ါယောင်အတုံးလေးတစ်တုံးဖြစ်တယ်ဆိုတဲ့ မှတ်သားမှုဟာ သညာအသိဖြစ်ပြီး လူကြီးတစ်ယောက်ရဲ့ အဲဒီအတုံးဟာ ရွှေတုံးဖြစ်တယ်ဆိုတဲ့ အသိဟာ ၀ိညာဉ်သိမှုဖြစ်ပါတယ် တဲ့။ ဒီဥပမာအရဆိုရင် စိတ်သိခေါ် ၀ိညာဉ်အသိမှာ experience အတွေ့အကြုံ သဘောပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ရွှေကို မမြင်ဖူး၊ မသိဖူးရင် ရွှေဖြစ်ကြောင်းသိဖို့ ခက်ပါတယ်။ တစ်နည်းတော့လဲ စိတ်အသိဟာ သက်ဆိုင်ရာအာရုံကို အရှိအရှိအတိုင်းသိခြင်းလို့ နားလည်နိုင်ပါတယ်။ နောက်တစ်မျိုး ကျနော်စဉ်းစားမိတာက အာရုံတစ်ခုခုကို မြင်ခြင်း၊ ကြားခြင်း စသည်အားဖြင့် ရလာတဲ့အခါ ပထမဆုံးခဏမှာ မှတ်သားလိုက်တဲ့သဘောကို သညာလို့ခေါ်ပြီး အဲဒီကမှတစ်ဆင့်တက်လာတဲ့ နောက်ထပ်သိမှုကိုတော့ ၀ိညာဉ်လို့ခေါ်တယ်လို့ နားလည်နိုင်ပါတယ်။ ဒီစိတ်သိမှုမှာလဲ Reasoning ခေါ် ယုတ္တိကိုတွေးဆမှုသဘော နည်းနည်းမှမပါသေးပါဘူး။
Sunday, February 8, 2009
မွေးနေ့ဆုတောင်း
မင်္ဂလာပါ
နှုတ်ခွန်းဆို ချိုချိုဆက်ပါ၏
ချစ်သက်လည် ပျိုပျိုမွေးပါတဲ့
နေ့မြတ်မဟာ။
လဖေဖေါ်ဝါ
စောစွာတဲ့ န၀င်း
မြတ်ဆွေငယ် လူရယ်ဖြစ်လို့
လှိုင်ထက်ခေါင် လူ့ဘောင်လှမ်းတယ်
ဝမ်းမြောက်သတင်း။
သည်နေ့ ချိန်ခါ
သူဇာငယ် နတ်သမီး
နတ်မြို့ဆွေသဟာနှင့်
ဝတိံသာ နတ်ရွာပျင်းလို့
မယ့်သွင်ယူ လူ့ရွာဆင်းတယ်
လင်းပေါ့ခရီး။
Happy Birthday to You!
မြတ်ဆွေသူ အပျော်ဆက်ပါလို့
မေသက်ငယ် ဘယာဝေးစေဖို့
မင်္ဂလာသြဘာညွှန်းတွေနဲ့
ခွန်းချွေငဲ့ဆုမွန်။
ခုလဲပဲ ပျော်ပျော်
နောင်ခါလဲ မပျင်း
လမင်း အခါခါသာလို့
ရေဇလာနှင်းဝေ အေးမြသလို
ဘေးမခ ရန်မပြုစေဖို့
ပံသုမြေ ဆုချွေတောင်းလိုက်မယ်
ကောင်းစေတော့မင်း။