ကုလသမဂ္ဂအဖွဲ့ကြီးနဲ့တကွ အမေရိကန်၊ ဗြိတိန်တို့လို ကမ္ဘာ့နိုင်ငံကြီးတွေ အသီးအသီးကလည်း အကူငွေ၊ အလှူငွေတွေ အံသြလောက်အောင် ထောက်ပံ့ပေးပို့ခဲ့ကြတဲ့အပြင် ပုဂ္ဂလိက အလှူ့ရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ဘက်က လှူဒါန်းခဲ့ကြတာပါပဲ။ ဒီအကူအညီတွေ၊ ပံ့ပိုးလှူဒါန်းမှုတွေကြောင့် မိဘဆုံးရှုံးမှု၊ သားသမီးဆုံးရှုံးမှု၊ ဆွေမျိုးသူငယ်ချင်းများဆုံးရှုံးမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုစတဲ့ ဆုံးရှုံးမှုဒွန္နယာထဲ တ၀ဲလည်လည်ဖြစ်ပြီး မျက်ရည်စက်လက်နဲ့ ခိုကိုးရာမဲ့ဖြစ်နေရှာသူတွေဟာ အတော်အတန်တော့ အားတက်သရော ဖြစ်လာကြမှာပါ။ အစားထိုးလို့မရနိုင်တော့တဲ့ မိဘနဲ့ညီအကို မောင်နှမတွေကလွဲရင် ဘ၀ကို အသစ်ပြန်စနိုင်လောက်တဲ့ အထောက်အပံ့တွေကို ကမ္ဘာက တာဝန်သိသိ၊ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ လက်ကမ်းပေးအပ်ခဲ့ပါတယ်။ ပေးအပ်နေဆဲလည်း ဖြစ်ပါတယ်။
အဲဒီလို စေတနာရှိရှိနဲ့ ပေးကမ်းလှူဒါန်းနေသူတွေဟာ အထက်မှာပြောခဲ့သလို နိုင်ငံအလိုက်၊ အသင်းအဖွဲ့လိုက်နဲ့ တစ်သီးပုဂ္ဂလဆိုပြီး အသီးအသီးရှိတဲ့နေရာမှာ တစ်သီးပုဂ္ဂလတွေထဲက တစ်ယောက်သောသူဟာ အလွန့်အလွန်ကိုပဲ အံ့သြစရာ ချီးကျူးလေးစားစရာကောင်းလှပါတယ်။ သူနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ရဲ့ ရံပုံငွေမြှင့်တင်ရေးဒါရိုက်တာတစ်ယောက်ဖြစ်သူ Michael Newsome က BBC မေးမြန်းခန်းမှာ အောက်ပါအတိုင်း မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
“ကျနော် ဒီအဖွဲ့ကြီးမှာတာဝန်ထမ်းလာတဲ့ သက်တမ်းတစ်လျှောက် ဒီလိုကလေးမျိုး တစ်ခါမှ မတွေ့မကြုံခဲ့ရဖူးပါဘူး၊ ဒီကလေးဟာ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ ကလေးတစ်ယောက်ပါပဲ”။
ဒီအံ့ဘွယ်ကလေးကတော့ အသက် (၇)နှစ်အရွယ်ရှိ Fulham မြို့သားလေး Charlie Simpson ပဲ ဖြစ်ပါတယ်။ ချာလီလေးဟာ နေ့စဉ်နဲ့အမျှ တီဗွီထဲပါနေတဲ့ ဟိန်တီနိုင်ရဲ့ ငလျင်သတင်းကို ကြည့်ပြီး အတော်ကြီးကို စိတ်ထိခိုက်နေခဲ့ရှာပါတယ်။ သူဘာလုပ်ပေးနိုင်သလဲ စဉ်းစားကြည့်ပြန်တော့ သူ့အသက်အရွယ်နဲ့ ဘာမှမတတ်နိုင်သလို မိဘတွေဆိုတာကလည်း အလုံးလိုက်အခဲလိုက် သူလိုသမျှပေးနိုင်လောက်အောင် ချမ်းသာသူများ မဟုတ်ပြန်။ ဒါပေမဲ့ သူ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းကိုယ်ချင်းစာတရားကို ဘယ်အရာကမှ တားဆီးလို့မရတာနဲ့အမျှ သူလုပ်လို့ ရတဲ့ အလုပ်တစ်ခုရှိတယ်ဆိုတဲ့ အသိတစ်ခုကိုလည်း ချက်ချင်းရလိုက်ပါတယ်။ အဲဒါကတော့ စက်ဘီးစီးပြီး ရံပုံငွေရှာရင် ရနိုင်တယ် ဆိုတဲ့ အသိပါ။ အဲဒီအသိရလိုက်ပြီးတဲ့နောက်မှာတော့ ချာလီလေးဟာ စက်ဘီးစီးပြီး ရံပုံငွေရှာဖို့အတွက် လုံးပန်းပါတော့တယ်။
စက်ဘီးစီးတာ ဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ ချာလီလေးကတော့ ဖူဟန်မြို့မှာရှိတဲ့ South Park တစ်ဝိုက် (၈) ကီလိုမီတာ (ငါးမိုင်) ခရီးပေါက်တဲ့အထိ စီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ နဂိုရည်ရွယ်ချက်က စတာလင်ပေါင် (၅၀၀) ငါးရာလောက်ရရင် သူ့ရည်ရွယ်ချက် ထမြောက်ပါပြီ။ South Park တစ်ဝိုက်ကို ငါးမိုင်ခရီးစီးနင်းပြီးအဆုံးမှာတော့ “စက်ဘီးစီးပြီး သားခြေသလုံးတွေ အတော်လေးကို ယောင်လာတယ်၊ ဒါပေမဲ့ သားတကယ် ပျော်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ချာလီလေးဟာ သူ့ရဲ့ ရံပုံငွေရှာခရီးစဉ်မတိုင်မီ JustGiving ဆိုတဲ့ Website လေးတစ်ခုကို Unicef UK အကူအညီနဲ့ ဖွင့်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်တွေကို အကောက်အထည်ဖေါ်ပြီး (၂၄)နာရီအကြာမှာတော့ သူ့ဝက်ဘ်ဆိုဒ်ထဲ ၀င်လာတဲ့ ကမ္ဘာ့ဒေသအသီးအသီးက အလှူငွေတွေဟာ စတာလင်ပေါင် (၃၀၀၀) သုံးထောင်ကျော်ကျော်ရှိနေပါပြီ။ သူ့နဂိုရည်မှန်းထားတဲ့ ရံပုံငွေပမာဏထက် ငါးဆကျော်ကျော် ၀င်နေတာတွေ့လိုက်ရပါတယ်။
ဒီအတွက် ဗြိတိသျှအသံလွှင့်ဌာနကြီးဖြစ်တဲ့ BBC ကလည်း ချာလီလေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဘီဘီစီ မေးမြန်းခန်းမှာ ချာလီလေးက “သားက သတင်းတွေထဲ နေ့တိုင်းမြင်နေကြည့်နေရလို့ စိတ်မကောင်းဖြစ်ပြီး ဒီလိုလုပ်ဖို့ စိတ်ကူးမိတာပါ” တဲ့။ နောက်ပြီး အဲဒီငွေတွေကို သားက ဘယ်နေရာမှာ သုံးစေချင်တာလဲ လို့မေးတော့ ချာလီလေးက “အစားအစာ၊ ရေနဲ့ နေရာထိုင်ခင်းတွေဝယ်ဖို့ ခြမ်းဖို့ပါ” လို့ ဖြေခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သတင်းကြေညာသူက ချာလိအမေကို “သူဒီလိုလုပ်ဖို့ တစ်စုံတစ်ရာ တိုက်တွန်းခဲ့တာမျိုးရှိသလား” လို့ မေးတော့ “ကျမသူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူးရှင်၊ သတင်းတွေကြည့်ပြီး သူစိတ်မကောင်းဖြစ်နေတာတော့ သိတယ်၊ သူဒီလိုထလုပ်တော့ ကျမက မိခင်တစ်ယောက်အနေနဲ့ ပြောမပြတတ်အောင်ကို ဂုဏ်ယူမိပါတယ်” လို့ မိခင်ဖြစ်သူက ဖြေကြားခဲ့ပါတယ်။
အခုတော့ ချာလိအမေတစ်ယောက်တည်း ချာလီလေးရဲ့လုပ်ရပ်အတွက် ဂုဏ်ယူနေတာမဟုတ်တော့ပါဘူး၊ ဗြိတိသျှနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကလည်း သူတို့တိုင်းပြည်မှာ ဒီလို ကလေးမျိုးရှိနေတာပါလား ဆိုတဲ့ အသိဝင်ပြီး ဂုဏ်ယူမဆုံးဖြစ်နေကြပါပြီ။ ဒီအလုပ်မျိုးဟာ အသိဉာဏ်ရှိတဲ့ လူကြီးတစ်ယောက်ထလုပ်ရင်တောင် ချီးကျူးဂုဏ်တင်ရမည့် အလုပ်မျိုးဖြစ်ပါတယ်။ (၇) နှစ်ဆိုတဲ့ အလွန်နူနယ်ငယ်ရွယ်သေးတဲ့ ကလေးတစ်ယောက်ရဲ့လုပ်ရပ်အနေနဲ့တော့ ချီးလည်းကျူးရသလို အံလည်း သြရပါတယ်။ ဒီထက် ပိုအံ့သြစရာကောင်းတာက ယနေ့ ချာလီလေးရဲ့ ၀က်ဘ်ဆိုဒ်ပေါ်က နောက်ဆုံးရံပုံငွေ အ၀င်စာရင်းဟာ အခုဒီစာကိုရေးနေတဲ့ (25/01/10. 19:25) အချိန်အတွင်းမှာကိုပဲ စုစုပေါင်း တစ်သိန်းကျော်နေပါပြီ၊ အတိအကျပြောရရင်တော့ စတာပေါင်ငွေ (၁၁၉၁၈၄.၁၈) တိတိ ၀င်ရောက်နေပါပြီ။
အဲဒီငွေတွေ အားလုံးဟာ ဟိန်တီနိုင်ငံထဲက လက်ရှိ ငလျင်ဒဏ်ခံ ဒုက္ခသည်ပေါင်းများစွာကို တစ်စုံတစ်ခုသော အတိုင်းအတာထိ အကူအညီပေးနိုင်မှာသေချာပါတယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့အကူအညီကိုပေးတတ်ခြင်းဟာ လူငယ်လူကြီးမရွေးချယ်၊ ကရုဏာစိတ်ရဲ့ အစွမ်းသတ္တိ တစ်မျိုးပင် မဟုတ်ပါလား? ဘုရားချီးမွမ်းတဲ့ အလုပ်၊ သူတော်သူမြတ်များ ကောင်းချီးပေးတဲ့အလုပ်မျိုးကို သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ရဲတဲ့ ချာလီလေးကို လေးစားဂုဏ်ပြုပါကြောင်း မှတ်တမ်းပြုရင်း ကမ္ဘာ့မိခင်တို့ဝမ်းဗိုက်ဝယ် ချာလီနဲ့တူတဲ့ ကလေးမျိုး များများမွေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
2 comments:
အမသာဆို ကူညီချင်ပေမယ့် Charlie Simpson လို စဉ်းစားမိမယ်မထင်ဘူး။ တော်လိုက်တာနော် ၇နှစ်နဲ့ မတန် တဲ့ဦးနှောက်ကလည်း ကြီးတာကိုး
ဒီကလေးအကြောင်းဖတ်ပြီး စိတ်ဓာတ်ကိုလေးစားမိပါတယ် ... ဒီလောက်အရွယ်လေးနဲ့ ဘာလို့ ဒီလောက်ထိ စဉ်းစားနိုင်သလဲလို့လဲတွေးကြည့်မိတယ် ... ပြီးတော့ ကိုယ့်စိတ်နဲ့ကိုယ်ပြန်ယှဉ်ကြည့်မိတယ် ... (အင်း ... ကလေးလောက်တောင်မစဉ်းစားခဲ့မိဘူး ဒီထက်ပိုဆိုးတာက ငလျင်သတင်းကို စိတ်ဝင်စားစွာတောင်မဖတ်ခဲ့မိဘူး .. ) ပြီးတော့ ပို့စ်လေးရဲ့ အောက်ဆုံးက ဆုတောင်းလေး ဖတ်ပြီး မြန်မာနိုင်ငံက ကလေးတွေအကြောင်းတွေးမိပြန်ရော ... ဒီလိုကလေးမျိုးမြန်မာနိုင်ငံမှာရှိရင်ရော ..... အင်း .... သိချင်လိုက်တာ ... သူတို့တွေ ဂုဏ်ယူမလား ... ဒါမှမဟုတ်အရင်လို ဒါမင်းတို့အလုပ်မဟုတ်ဘူးဆိုပြီး လိုက်ပိတ်ပင်မလားမသိဘူး .... ဘာရယ်မဟုတ်
ပို့စ်လေးကနေ အတွေးဖြန့်ကြည့်မိတာပါ ....
Post a Comment