ဗုဒ္ဓဘာသာဝင်တို့ နာယူမှတ်သားဖူးတဲ့တရားတွေထဲက အများဆုံးကြားဖူးနေကြတဲ့တရား တစ်ပုဒ်ကတော့ ဓမ္မစကြာတရားတော်ဖြစ်မယ်ထင်ပါရဲ့။ မြတ်ဗုဒ္ဓကိုယ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်ပြီးမကြာမီ ပဉ္စ၀ဂ္ဂီလို့ခေါ်တဲ့ ရဟန်းတော်ငါးပါးနဲ့ စကြာဝဠာတစ်သောင်းက လာရောက်နာယူကြတဲ့ နတ်ဗြဟ္မာတွေကို အဦးဆုံးဟောကြားခဲ့တယ်ဆိုတာလဲ အများသိပြီးသားပါ။ ဓမ္မစကြာတရားတော်ရဲ့ အနှစ်ချုပ်ကတော့
(၁) မဇ္ဈိမပဋိပဒါလို့ ထင်ရှားကျော်ကြားလှတဲ့ အစွန်းနှစ်ဘက်လွတ် အလယ်အလတ်ကျင့်စဉ်
(၂) ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်ဖြစ်တဲ့ မဂ္ဂင်းရှစ်ပါး အကျင့်တရား
(၃) ဆင်းရဲခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား၊ လွတ်မြောက်ခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား လို့ခေါ်တဲ့သစ္စာလေးပါး တို့ဖြစ်ကြောင်း မှတ်သားခဲ့ရဖူးပါတယ်။
အဲဒီတရားဟောစဉ်တွေအနက် သစ္စားလေးပါးထဲပါတဲ့ ဆင်းရဲခြင်းကို ဟောတဲ့အခါ “ယံပိစ္ဆံ န လဗ္ဘတိ၊ တမ္ပိ ဒုကံ္ခ=လိုတာမရခြင်းဟာလဲ ဆင်းရဲခြင်းပဲ” ဆိုတဲ့ အပိုဒ်လေးကို ကြားမိတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြန်သုံးသပ်မိပါရဲ့။ အလိုမကျမှုတွေနဲ့ ပြည့်စုံနေတဲ့ဘ၀၊ မပြည့်စုံမှုတွေကြောင့် အလိုမကျဖြစ်ရတဲ့ဘ၀မှာ ဒုက္ခဆိုတာ ချိုနဲ့လားလို့ မေးရအောင် ကိုယ့်ကိုလာမှန်တဲ့ ဒုက္ခတုံးအခဲတွေကို ရင်ဆိုင်နိုင်ဖို့ အင်းအားတစ်ခုတော့ လိုကြမှာပါ။ လူဆိုတာ တစ်ယောက်တည်းနေတဲ့အခါ အလိုမကျ ဖြစ်ရသလို အများနဲ့ နေတဲ့အခါ မျိုမကျဖြစ်ရပြန်တာ ဓမ္မတာပါ။ တစ်ခါတစ်ခါမှာတော့ အလိုမကျမှုတွေရော မျိုမကျမှုတွေပါ ရောထွေးပါလာတတ်တာတွေလဲ ရှိတတ်လေသေးရဲ့။
ပတ်ဝန်းကျင်နဲ့ မကင်းနိုင်တဲ့ လူ့ဘ၀တစ်ခုရဲ့ တိုတောင်းလှတဲ့ သက်တမ်းအတွင်း အလိုမကျမှုတွေ ဘယ်လောက်တောင် ဖြစ်မလဲ? အလိုမကျမှု တစ်ခုဖြစ်တိုင်း ဒုက္ခတစ်ခုလို့ ရေတွက်ပြီး စုထားမယ်ဆိုရင် ဒုက္ခအတုံးအခဲတွေရဲ့ အစုအပုံကို မြင့်မိုရ်တောင်ထိပ်ပေါ်က တက်ကြည့်ရင်တောင် ဒုက္ခပုံရဲ့ အစအနလောက်ပဲ တွေ့မြင်ရမှာပါ။ ဒါတောင် လူတစ်ယောက်ရဲ့ ဒုက္ခပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဟောဒီလောကကြီးထဲ ဒုက္ခကို တစ်ကယ်တွေ့တဲ့လူကို လိုက်ရှာကြည့်မယ်ဆိုရင် ရှာတဲ့လူလည်း သက်တမ်းစေ့ပြီး သေသွားရုံပဲရှိမှာပါ။ ဒီလောက်များပြားလှတဲ့ ဒုက္ခတောထဲမှာ ဒုက္ခကိုတွေ့တဲ့လူဆိုတာလဲ ကြာလေ ရှားလေပါပဲလေ။ အဲလို ရှားလှတာနဲ့အမျှ ဒုက္ခရဲ့အရသာဆိုတာလဲ ခါးသီးရမည့်အစား ပျားရည်စက်ပမာ ချိုမြတဲ့ အသွင်ဆောင်လာပါတော့တယ်။
ဒါပေမဲ့ လူဆိုတာ ဒုက္ခပျားရည်အိုးထဲ ရုန်းမရ၊ ကူးမနိုင်ဖြစ်ပြီး နစ်နေတဲ့ သနားစရာသတ္တ၀ါတစ်မျိုးဖြစ်ကြောင်း ဘယ်တော့မှ ကိုယ့်ကိုယ်ကို ခံယူလေ့မရှိပါဘူး။ အဲဒီလို မခံယူတတ်လို့လဲ နစ်ပြီးရင်း နစ်ရင်းနဲ့ နောက်ဆုံးထွက်သက်က နှုတ်ဆက်တော့မယ်ဆိုမှ အသိတရားဝင်လာပြီး “ဟာ---ငါ အသိနောက်ကျလေခြင်း” လို့ အတွေးပေါက်လာတတ်ပါတယ်။ ဒါပေမဲ့ “နောက်ကျခြင်းအားလုံးထဲမှာ အသိနောက်ကျခြင်းဟာ အဆိုးဝါးဆုံးသော နောက်ကျခြင်းတစ်ခုဖြစ်တယ်” ဆိုတဲ့ အသိမျိုး မရလိုက်ခင်မှာပဲ ထွက်သက်က သူ့ကို အပြီးအပိုင် နှုတ်ဆက်သွားပါပြီ။
ဆရာသမား တစ်ယောက်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါသေးတယ်။ “လူဆိုတာ သေဖို့လွယ်တယ်ကွာ့၊ ဒါပေမဲ့ နေဖို့တော့ ခက်တယ်” တဲ့။ အဲဒီတုန်းက သူ့စကားကို နားမလည်ခဲ့ရိုးအမှန်ပါ။ လူတိုင်းသေရမှာကြောက်နေတာ သိရက်သားနဲ့ ဘာဖြစ်လို့ ဒီစကားပြောရလဲလို့တောင် တွေးမိလိုက်ပါသေးတယ်။ အဲဒီတုန်းကပါ။ အခုတဖြေးဖြေးခြင်း တွေးကြည့်တော့မှ ဆရာ့စကားရဲ့ အဓိပ္ပါယ်လေးနက်မှုရှိပုံကို တရေးရေးမြင်ယောင်လာမိတော့တယ်။ သေတာ ဘာမှမဆန်းဘူး ဆိုတာ လူတိုင်းသိတယ်။ အဲဒီလို ဘာမှမဆန်းဘူးလို့မှတ်ယူထားလို့လဲ အချို့ဆို သေခြင်းအပေါ် ဒုက္ခလို့တောင် မမြင်ကြတော့ဘူး။ သစ်ပင်ပေါ်က သစ်ရွက်တစ်ရွက် ကြွေကျသလောက်ပဲ အောင့်မေ့လာတတ်ကြတယ်။ တကယ်တော့ သေတဲ့ကိစ္စကို ဆန်းတယ်လို့ မြင်တာ၊ သို့မဟုတ် တကယ့်ဒုက္ခလို့မြင်တာ တစ်ယောက်ပဲ သမိုင်းမှာပေါ်ဖူးတာပါ။ သိဒ္ဓတ္ထ။ ဒါကြောင့်လဲ ကျနော်တို့လို နောက်လူတွေမှတ်သားနာယူလို့ မကုန်ခမ်းနိုင်လောက်အောင်ကို သူ့တရားတွေက များပြားနေရတာပေါ့။
သိဒ္ဓတ္ထကတော့ သေတာဆန်းတယ်လို့ တွေးမိတဲ့အတွက် မသေရာလမ်းစဉ်ကို သူကိုယ်တိုင် တွေ့အောင်ရှာပြီး သူများကိုလည်း ညွှန်ပြခဲ့တယ်။ ကျနော့်ဆရာသမားကတော့ “သေဖို့လွယ်တယ်၊ နေဖို့ခက်တယ်” လို့တွေးမိပြီး နေဖို့လမ်းစဉ်တစ်ခုကို သင်ပြပေးခဲ့တယ်။ အဲဒီလမ်းစဉ်ကတော့ “နေတတ်ရင် ကျေနပ်စရာဖြစ်တယ်” တဲ့။ ဟုတ်တယ်။ မကျေမနပ်နဲ့ ငြီးတွားနေတဲ့ လူတွေကို ကြည့်လိုက်ရင် မနေတတ်လို့ ဖြစ်နေတာ ရာခိုင်နှုံးအတော်များများ တွေ့နိုင်တယ်။ ဒါပေမဲ့ အဲလိုငြီးတွားနေတဲ့ လူတွေ အတော်များများဟာ “ဒီလိုဖြစ်ရတာ ကိုယ်ကိုယ်တိုင်ကြောင့်ပါလားရယ်” လို့ တွေးမိတဲ့လူ အတော်နည်းပါးလှပါတယ်။ ဖြစ်ပေါ်လာတဲ့ မကျေနပ်မှုအတွက် တရားခံကို ရှာတဲ့အခါ ကိုယ့်ကိုယ်ကို ချန်ထားမိတတ်ကြတယ်။ ကျနော့်ဆရာသမားပေးတဲ့ “ကျေနပ်အောင် နေနည်း” ကတော့ “ဖြစ်လာတဲ့ ပြဿနာအတွက် အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ တရားခံရှာပါ” တဲ့။
အဲဒီနည်းဟာ ကျင့်သုံးကြည့်လေလေ ထိရောက်မှုရှိလေလေ ဆိုတာကို တွေ့ရတယ်။ အကြောင်းအားလျော်စွာ ဖြစ်လာရတဲ့ပြဿနာတစ်ခုအတွက် အကြောင်းဆိုတာ သူများမဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်ပဲလို့ သိလိုက်တဲ့အခါ ပြဿနာရဲ့ ဘောင်ဟာ တော်တော့်ကို ကျဉ်းမြောင်းသွားတာ သိရတယ်။ အဲဒီလို သိလိုက်တာနဲ့ ကိုယ့်အနားက လူတွေအပေါ်မှာရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာပါ ထိုးချင်တင်တင်ဖြစ်နေတဲ့ လက်ညှိုးဟာ ကိုယ့်ဆီပဲ နောက်ဆုံးပြန်ရောက်လာပြီး ပြဿနာဟာလည်း ပြေလည်သွားတတ်တယ်။ တကယ်တော့ ပြဿနာဖြစ်တယ်၊ ပြဿနာဖြစ်တယ် ဆိုတာ အဲဒီပြဿနာကို သူများဆီလွှဲချလို့ ဖြစ်ရတာက ခပ်များများကလား။
ဖြစ်ပေါ်လာတဲ့ ပြဿနာအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး လက်ညှိုးထိုး သုံးသပ်လိုက်တဲ့အခါ---
(၁) ကိုယ့်ပတ်ဝန်းကျင်အပေါ် အမြင်စောင်းခြင်းလည်း နည်းပါးသွားမယ်၊
(၂) ကိုယ့်ချို့ယွင်းချက်ကို မြင်ပြီး နောက်တစ်ခါ မဖြစ်မိအောင် သတိထား လုပ်ဆောင်တတ်သွားမယ်၊
(၃) အလိုမကျမှုတွေကြောင့် ဖြစ်ပေါ်ရလာတဲ့ ဒုက္ခပုံကြီးလဲ တဖြေးဖြေး လျော့ပါးသွားမယ်။
စသဖြင့် စသဖြင့် ကောင်းကျိုးတွေ အများကြီးထွက်လာမှာပါ။ “နေတတ်ရင် ကျေနပ်မယ်” ဆိုတဲ့ စကားအပြင် ဆရာသမားက ဆက်ပြောသေးတယ် “သေတတ်ရင် နတ်ဖြစ်မယ်” တဲ့။ ဒီနောက်စကားရဲ့ အဓိပ္ပါယ်ဟာလဲ ဖွင့်ဆိုချင်သလို ဖွင့်ဆို ပြည့်ဝနေမှာပါ။ ဒါပေမဲ့ ဒီဘ၀မှာ နေတတ်အောင် နေနေတဲ့ လူတစ်ယောက်ဟာ သေတတ်အောင် ကျင့်ကြံနေတာနဲ့ အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်။ အဲဒီတော့ နေတတ်အောင် နေရင် ဒီဘ၀မှာလဲ ကျေနပ်မယ်၊ နောင်ဘ၀ဆိုတာရှိနေရင်လည်း အဲဒီနောင်ဘ၀မှာ လူကောင်းနတ်ကောင်းဖြစ်မှာ မလွဲဘူးဆိုတာ ယုံကြည်ပါတယ်။ အရေးကြီးဆုံးကတော့ “နေတတ်ရင် ကျေနပ်စရာပါပဲ”။

5 comments:
ကိုမင်းခက်ရေ...
အနှစ်သာရရှိတဲ့ သိပ်ရှိတဲ့ post လေးတစ်ပုဒ်အတွက် ကျေးဇူးပါ....။
ခင်မင်လေးစား ချစ်ခြင်းအားဖြင့်...
မှန်လိုက်လေဗျာ။
နေတတ်ရင် ကျေနပ်စရာပါ။ ပြီးတော့ အသေပါမြတ်ဦးမယ်။ နတ်ပြည်ရောက်ရမှာကိုး။
ဆောင်းမှာ နှင်းတွေကျတယ်။ အနွေးထည်မရှိရင် ချမ်းမယ်။ ချစ်သူအနားမှာရှိရင် အကောင်းဆုံး အနွေးထည်။ ။
နေတတ်ပြီးကျေနပ်နိုင်ပါစေဗျာ။ ဟဲ ဟဲ။ အိပ်ယာဝင်ခါနီး ၀င်နှောက်သွားတာ။...
မောင်လေးရေ တယ်ကောင်းတဲ့ပိုစ့်ပါလား။
အမလည်းအလိုမကျမှုတွေနဲ့ ဒုက္ခနွံထဲက လွတ်အောင်ကြိုးစားရအုံးမယ်။ မောင်လေးပြောသလို နေတတ်အောင်နေရမယ်။ နေတတ်ရင် ကျေနပ်စရာတွေ ချည်းပါပဲဆိုတာဟုတ်ပါတယ်။
ကိုပြုံးချို
တော်တော် ရေးတတ် နေတာဘဲ၊စာရေးဆရာကြီး နော်.၊နေတတ်ရင်ကျေနပ်စရာကြီးပေါ့ မနေတတ်ရင်တော့ ဘာဖြစ်မလဲ?။
သူငယ်ချင်း
မြတ်လေးငုံ
ပြဿနာဖြစ်တယ် ဆိုတာ အဲဒီပြဿနာကို သူများဆီလွှဲချလို့ ဖြစ်ရတာက ခပ်များများကလား။ ဖြစ်ပေါ်လာတဲ့ ပြဿနာအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး လက်ညှိုးထိုး သုံးသပ်လိုက်တဲ့အခါ--- ----
လိုက်နာသင့်တဲ့ အညွှန်းကလေးပါပဲ ။
ကျေနပ်စွာ နေတတ်အောင် ကြိုးစားရအုံးမယ် ...သားသားမင်းထက်ရေ ..
Post a Comment