Monday, January 18, 2010

အခွင့်ပေးခြင်း


ဒို့နှစ်ယောက်ရဲ့ ဆုံခွင့်အတွက်
ကံပေးမည့်ရက်ကို တမ်းတရင်း
မျှော်လင့်ခြင်းအိမ်မက်တွေကို အဖေါ်ပြုလို့
ကြယ်ကြွေညတွေကို ဖြတ်သန်းခဲ့တယ်

မတူညီတဲ့ အရာနှစ်ခုကို ပေါင်းစည်းပေးဖို့
သင်္ချာနတ်ဖုရားထံ အသနားခံပေမဲ့
ညီမျှခြင်းက အတည်ပြုမပေးလေတော့
ဆက်ပြီး ဝေးနေရဦးမှာပေါ့

ရာနှုံးပြည့်တဲ့ ကိန်းဂဏန်းတွေအတွက်
ရလာဒ်က အပေါင်းဖြစ်နိုင်ပေမဲ့
ရာနှုံးပြည့်တဲ့ အချစ်နှစ်ခုအတွက်တော့
ရလာဒ်က မျှော်လင့်နေခြင်းတဲ့လား?

အချစ်ကို သင်္ချာနဲ့စဉ်းစားရင်း
အချင်းများရတဲ့ ငါ့ရဲ့ ဒဿနတွေက
အမြတ်မရတဲ့ လမ်းဘေးဈေးသည်လို
နေအ၀င်မှာ အိမ်ပြန်ခဲ့ရတယ်

ချစ်နေတာ အမှန်ဖြစ်ပေမဲ့
ဆုံခွင့်မှာ ကံသာ တရားရှင်မို့
ရာနှုံးကုန် မမျှော်လင့်စေဖို့
ချစ်သူသို့ အယူခံ ၀င်ရပြီ

မူမမှန် တစ်ယူသန် အစွဲတွေနဲ့
အသည်းကို ကျိန်စာ တိုက်ပါလို့
ကလိမ်စေ့ကိုလည်း ငြမ်းမဆင်
အမှန်ကို ပြောပြနေတာပါ

အတွယ်အတာလွင်ပြင်က ချစ်သူကို
အကွယ်အကာ မပေးနိုင်တဲ့ အဖြစ်ရယ်ကြောင့်
ကိုယ့်ကိုယ်ကိုတောင် မကျေနပ်
နေတတ်အောင်သာ နေပါတော့ကွယ်

ကြယ်တစ်ခါကြွေတိုင်း တောင်းခဲ့တဲ့ဆုတွေလဲ
ဘယ်သောအခါမှ ပြည့်လေမည်မသိ
မိုးမြင့်ယံ ကြယ်အကုန်ကြွေတောင်မှ
ဒို့နှစ်ယောက် ဆုံခွင့်ကြုံနိုင်မလား?

ကြယ်တွေလည်း တဝေေ၀ကြွေခဲ့ပြီ
လမင်းသမီးလဲ အကြိမ်ကြိမ် ငပုတ်ဖမ်းလို့
နေနတ်တောင် အခါခါ ကြပ်ပါရဲ့
ဒီတစ်ခါဆို မြေကမ္ဘာပျက်မည်ထင့်

ဒို့အချစ်က အခုထိ မနီးစပ်နိုင်သေး
ဝေးနေရင်းနဲ့ပဲ ဝေးလို့မဆုံးနိုင်တဲ့အဖြစ်မို့
အပြစ်လို့ မှတ်ယူလည်း သဘောပါပဲ
စောင့်မျှော်သူမေ့ကို မှာတမ်းမယ်

လာလမ်းမှာ ရေစင်တွေ့ခဲ့လျှင်
နေမ၀င် အမှောင်မခင်းမီမှာ
အာသာပြေ ရေကြည်တစ်ပေါက်
သောက်လိုက်တော့ကွယ်

1 comment:

ကြယ်ပြာ said...

ကောင်မလေးကသာ တကယ်ချစ်တာဆိုရင် အခွင့်ပေးတာကို ကြည်နူးပျော်ရွှင်နိုင်မယ်မထင်ဘူးနော် ... ဒါပေမယ့် မနီးနိုင်မှန်းသိလျက်နဲ့အခွင့်မပေးသူတွေထက်စာရင်တော့ အများကြီးကောင်းပါသေးတယ် ...