ကျနော်နေထိုင်ကျက်စားရာ အလင်းတန်းရွာလေးတွင် ဦးရှင်နှင့် ဦးတင်ဆိုသော အဘိုးညီအကို နှစ်ယောက်ရှိရာ နှစ်ယောက်လုံးမှာ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ကြသော ရှေးခေတ်ဘုန်းကြီးကျောင်းသား ဟောင်းကြီးများပင် ဖြစ်ကြသည်။ ဘုန်းကြီးကျောင်းသားကြီးများပီပီ စကားပြောသောအခါ ဘုရားစာတရားစာလေသံများ ရောနှောကာ အာဘောင်အာရင်း သန်သန်ဖြင့် ငြင်းကြခုံကြလေ့ရှိသည်။ အကြီးဖြစ်သော အဘိုးဦးရှင်သည် ဘုန်းကြီးကျောင်းသားဆိုသော်ငြား ခေတ်ပညာကိုလည်း အတန်အသင့်လေ့လာဆည်းပူးခဲ့လေရာ စကားပြောရာတွင် ရံတစ်ခါ ဘိုသံညှပ်ရုံမက အနောက်တိုင်း ဒဿနများကိုပါ ထည့်သွင်းပြောကြားလေ့ရှိသဖြင့် များစွာ စိတ်ဝင်စားဘွယ် ကောင်းတော့သည်။
အဘိုးငယ်ဦးတင်မှာမူ ခေတ်ပညာကို သူ့အကိုကြီးလောက်မလိုက်စားသော်လည်း ဘုရားစာပေဘက်တွင် အတော်အတန် နှံ့နှံ့စပ်စပ်ရှိသဖြင့် စကားပြောသောအခါ တစ်ဘက်သားနားဝင်အောင် အချက်ကျကျ ပြောလေ့ရှိသူဖြစ်ရကား အကိုဖြစ်သူဦးရှင်၏ ပေါက်ကရလေးဆယ်မေးခွန်းများကို အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုရလောက်အောင် ဖြေဆိုနိုင်သူဖြစ်သည်။ ဘာသာရေးစိတ်ဝင်စားသော အလင်းတန်းရွာသားများသည် အဘိုးကြီးနှစ်ယောက် စကားပြောဟောဆွေးနွေးလေ့ရှိရာ ရွာထိပ်ဘုရားကုန်းပေါ်သို့ တကူးတက လာရောက် နားထောင်ကာ မှတ်သားနာယူလေ့ရှိကြသည်။
ယနေ့တွင်လည်း အဘိုးကြီးနှစ်ယောက်တို့မှာ ထုံးစံအတိုင်း ရွာဦးဘုန်းတော်ကြီးကျောင်းတွင် တရားနာရာက အပြန် အိမ်သို့ တန်းမသွားကြသေးပဲ အနီးရှိဘုရားကုန်းပေါ်သို့တက်သွားကြသည်ကို မြင်ရသဖြင့် စိတ်ဝင်စားသူ ရွာသားတစ်ချို့ နောက်မှ တကောက်ကောက်လိုက်ကာ ကုန်းတော်ပေါ်သို့ တက်သွားကြပြီး အဘိုးကြီးနှစ်ယောက်တို့၏ ဆွေးနွေးပွဲကို နားထောင်ရန် စိတ်ဝင်တစား စောင့်စားနေကြသည်။ ကျနော်လည်း စိတ်ဝင်စားသူများအနက် တစ်ယောက်ဖြစ်လေရာ လူကြီးသူမတို့ ပြောဆိုသည်များကို မှတ်သားတတ်သော အကျင့်ရှိသည့်အလျောက် အသင့်ပါလာသော ဗလာစာအုပ်လေးနှင့် ဘောလ်ပင်ထုတ်ကာ လိုက်မှတ်ရန် အသင့်ပြင်ထားလေတော့သည်။ အကိုဖြစ်သူ ဦးရှင်က စကားဝိုင်းကို အောက်ပါအတိုင်း စတင်လိုက်သည်။
ဦးရှင်။ အခုတစ်လော ဟိန်တီနိုင်ငံ မြေငလျင်ကြောင့် လူတွေ ထောင်သောင်းချီသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာသာရေးလောကသားတွေ အမျိုးမျိုးပြောဆိုနေကြပါလား မောင်တင်ရ။
ဦးတင်။ ပြောစရာရှိတော့လည်း ပြောကြမှာပေါ့ဗျာ့၊ ဒါက သတင်းပေပဲကိုး၊ အကိုကြီးက ဘာများကြားခဲ့လို့တုန်း။
ဦးရှင်။ ထုံးစံအတိုင်းပေါ့ညီရ၊ ဒီလိုဖြစ်ရတာ ထာဝရဘုရားသခင်လက်ချက်ကြောင့်လား ဘာလားပေါ့။ စကော့တလန်နိုင်၊ ဂလာစကိုတက္ကသိုလ် ဒဿနိကဗေဒဌာနက ဆရာတစ်ယောက်ဆို ဒဿနဆရာကြီး David Hume (1776) ရဲ့ အဆိုတွေကိုတောင် ကိုးကားပြီး မေးခွန်းထုတ်ထားသေးပါလား။
ဦးတင်။ ဘာတဲ့လဲဗျား၊ လင်းစမ်းပါဦး။
ဦးရှင်။ ဒီလို မောင်တင်ရ၊ ဒေးဗစ်ဟူးက မေးခဲ့ဖူးသတဲ့။ ဘုရားသခင်ဟာ မကောင်းမှုတွေကို တားဆီးချင်စိတ်ရှိရက်သားနဲ့ မတားဆီးနိုင်တာလား? ဒီလိုဆိုရင် ဘုရားသခင်ဆိုတာ အစွမ်းအစမရှိတဲ့ ပုဂ္ဂိုလ်တစ်မျိုးပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် တားဆီးနိုင်ရက်သားနဲ့ မတားဆီးချင်တာလား? ဒါဆိုရင် မကောင်းမှုအားပေးတဲ့သူပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် တားလည်းတားဆီးနိုင်တယ်၊ တားဆီးချင်စိတ်လည်း ရှိသူဖြစ်သလား? ဒီလိုဆိုပြန်တော့ မကောင်းမှုဒုက္ခဆိုတာ ဘယ်က ရောက်လာတာလဲ? တဲ့။ အဲဒီလို မေးခဲ့ဖူးသဗျား။
ဦးတင်။ ဟားဟားဟားဟား၊ အကိုကြီးက လုပ်ရော့မယ်။ အဲဒါ ဘုရားသခင်ကို ယုံတဲ့လူတွေရဲ့ ပြဿနာကိုးဗျာ့။ ကျုပ်က ဖန်ဆင်းရှင်ဆိုတဲ့ ထာဝရဘုရားဆိုတာကို လက်မှ မခံတာ။ အဲဒါ ကျုပ်အတွက်တော့ ဆွေးနွေးစရာကိုး မဟုတ်ဘူး။ လူတွေက ခက်တယ်ဗျာ့၊ မရှိတာကြီးကို အတင်းလက်ခံပြီး ပြဿနာပေါ်လာတော့ အဲဒီသူတို့လက်ခံထားတဲ့အရာက ထပ်ပြီး ပြဿနာဖြစ်နေပြန်ရော့။ အဲဒါ ပြဿနာပေါ် ပြဿနာဆင့်ပြီး ထွက်ပေါက်ပိတ်နေတဲ့ လူတွေပေါ့ အကိုကြီးရ။
ဦးရှင်။ ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲလေ၊ ကမ္ဘာ့လူဦးရေ သန်းပေါင်းခြောက်ထောင်ကျော်ကျော်ရှိတဲ့အနက် အဲဒီဖန်ဆင်းရှင်ကို လက်ခံတဲ့လူတွေက သန်းပေါင်း လေးထောင်လောက်တောင် ရှိတယ်မဟုတ်လား။ သူတို့လက်ခံတာကိုလည်း မှားတယ်လို့ ကိုယ့်အမြင်သက်သက်နဲ့ ဘယ်ပြောလို့ ဖြစ်မလဲဗျာ့။ ကိုယ်က ငြင်းချက်ထုတ်ချင်ရင် ခိုင်လုံတဲ့ အထောက်အထားတော့ ပြနိုင်ရမှာပေါ့။ အများစုလက်ခံယုံကြည်နေတာ ထောက်ရင် တန်ဖိုးမရှိဘူးလို့ ဘယ်ဆိုနိုင်မလဲ။
ဦးတင်။ ကျုပ်ကလည်း တန်ဖိုးမရှိဘူးလို့ ပြောပါဘူးဗျာ။ သူ့တန်ဖိုးနဲ့ သူတော့ ရှိမှာပါပဲလေ။ ဒါပေမဲ့ ကျုပ်အမြင်တော့ လောကမှာ တန်ဖိုးကြီးတဲ့ အရာတွေကို လိုက်ကြည့်လိုက်မယ်ဆိုရင် ရှားပါးတဲ့ အရာတွေ၊ အသုံးကျတဲ့ အရာတွေ၊ တာရှည်ခံတဲ့အရာတွေပဲ များတယ်။ စိန်တွေ ပတ္တမြားတွေသာ လမ်းခင်းကျောက်လောက်ပေါရင် ဘယ်တန်ဖိုးရှိတော့မလဲ အကိုကြီးရ၊ ဒီတော့ ပေါများတိုင်း တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ မရပါဘူး။
ဦးရှင်။ ကဲပါလေ ထားပါတော့။ အရာရာတိုင်းမှာ သူ့ဘက် ကိုယ့်ဘက်အမြင်ဆိုတာတော့ ရှိစမြဲပါပဲ။ အမှန်အမှားဆိုတာလဲ လူအများစုက လက်ခံရင်မှန်တယ်၊ လက်မခံရင် မှားတယ် ဆိုပြီး ယေဘုယျသဘောရှိတယ်မဟုတ်လား။
ဦးတင်။ အဲဒါတော့ ကျုပ်လုံးဝကို လက်မခံနိုင်ဘူးဗျို့။ အများစုလက်ခံတာကို အမှန်ယူပြီး လက်မခံတာကို အမှားလို့ပြောရင် အတန်းထဲ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေ ဘယ်နှယ်လုပ်ကြမလဲ? ပေးထားတဲ့ သင်္ချာပုစ္ဆာတစ်ခုကို မှန်မှန်ကန်ကန် အဖြေပေးနိုင်တဲ့ကျောင်းသားက တစ်ယောက်တည်းရှိပြီး ကျန်ကျောင်းသူ/သား ကိုးယောက်လောက်က မဖြေနိုင်ဘူးဆိုရင် ဆရာက အဖြေမှန်တဲ့ ကျောင်းသားရဲ့အဖြေကို အမှားခြစ်ရမည့်ကိန်းပါလား။
ဦးရှင်။ ထားပါတော့လေ၊ ကိုယ့်ညီက ဘုရားသခင်ကို လက်မခံတဲ့လူမို့ ဒေးဗစ်ဟူးမေးတဲ့ မေးခွန်းသုံးခုထဲက ပထမ ဒုတိယမေးခွန်းတွေကိုတော့ မမေးတော့ပါဘူး။ နောက်ဆုံးမေးခွန်းကိုတော့ ကျုပ်လဲ ပြန်မေးချင်တယ်ဗျား။ မကောင်းမှုဒုက္ခဆိုတာ ဘယ်ကလာသလဲ? ဆိုတာပေါ့။
ဦးတင်။ အကိုကြီးကလည်း ဒါများ ကလေးကလား။ ကျုပ်တို့ရွာသားတွေ ဘယ်သူ့မေးမေးဖြေနိုင်တယ် ဒီမေးခွန်းမျိုး။ ကျုပ်တို့က ကံကိုယုံကြည်တဲ့လူတွေကပဲ။ ဒီတော့ ကိုယ်ပြုတဲ့ ကံကလာတာပေါ့ဗျာ့။ နောက်ပြီး အကိုကြီးမေးခွန်းက ရောနေသေးတယ်။ မကောင်းမှုဒုက္ခ မဟုတ်ပါဘူး အကိုကြီးရ၊ မကောင်းမှုက တစ်ခြား၊ ဒုက္ခက တစ်ခြားပါ။ မကောင်းမှုဒုက္ခဆိုတာ အကိုကြီးပြောမှပဲ ကြားဖူးတယ်။ တကယ်တော့ မကောင်းမှုလုပ်လို့ ဒုက္ခဖြစ်တာပါဗျာ့။ အကြောင်းနဲ့ အကျိုးတွေပါ။
ဦးရှင်။ အေးပါကွာ၊ ငါက မင်းလောက် ဘုရားစာမနှံ့လို့ပါ။ အဲဒီဒုက္ခဘယ်ကလာသလဲ? ဆိုတာ သိချင်တာကွာ့။ ဆိုလိုတာက အခုကမ္ဘာမှာ ဖြစ်နေတဲ့ နာဂစ်တို့၊ ဆူနာမီတို့၊ ငလျင်တို့လို သဘာဝဘေးဒဏ်ကြီးတွေကြောင့် လူပေါင်းထောင်သောင်းချီ သေဆုံးနေရတဲ့ ကိစ္စမှာ ဘာသာရေးခေါင်းဆောင်တွေအတွက် ခေါင်းခြောက်စရာကောင်းတယ်ကွာ့။ သူတို့ကို မေးရင်လဲ ကန့်သီးကန့်သတ်မေးတယ်ဆိုပြီး အပြောခံရသေးတယ်။ အဲဒီတော့ မင်းကိုပဲ မေးမယ် ညီလေးရာ၊ ဒီသဘာဝဘေးဒဏ်ကြီးတွေကြောင့် လူကြီးလူငယ် အရွယ်ရောက်သူရော၊ မရောက်သူရော၊ ဗိုက်ထဲကကလေးတွေရော အကုန်သေကြေကြရတာပဲ မဟုတ်လား၊ အဲဒီဒုက္ခရဲ့ အကြောင်းရင်းကို မေးတဲ့အခါ ဟိုလိုလို ဒီလိုလို ဖြေနေကြတာချည်းပဲ၊ မောင်တင်ရဲ့ အမြင်လေး ပြောစမ်းပါဦး။
ဦးတင်။ အကိုကြီးက ကံကို မယုံဘူးလား?
ဦးရှင်။ ဟ၊ မင်းကလဲ? ဗုဒ္ဓဘာသာဝင်ပဲဟာ၊ ယုံတာပေါ့။ ဒါပေမဲ့ အဲလို မေးခွန်းတွေ မေးလာရင် ငါတော့ မဖြေတတ်ဘူး ညီလေးရ။ ဒါကြောင့် မင်းဖြေတာ နားထောင်ပြီး သူများကို ပြန်ဆရာလုပ်မလို့ပါကွာ့ ဟားဟား။
ဦးတင်။ ဒါဆို ကျုပ်လဲ ဆရာ့ဆရာဖြစ်ပြီပေါ့။ ဖြေမယ်ဗျာ။ ဒီလို အကိုကြီးရ၊ ဒီကိစ္စမှာ အပိုင်းသုံးပိုင်းခွဲပြီး ပြောရင် ကောင်းမယ်။ ပထမက ဘ၀ဆိုတဲ့ အပိုင်း၊ ဒုတိယက ကံဆိုတဲ့ အပိုင်း။ နောက်ဆုံးကတော့ သံသရာဆိုတဲ့ အပိုင်းပေါ့။ အဲဒီအပိုင်းတွေဟာ ပြောရရင် မော်တော်ကားမောင်းသူရယ်၊ မော်တော်ကားရယ်၊ လမ်းရယ်၊ အဲဒါတွေနဲ့ တူတယ်ဗျာ့။ ကံဆိုတာ မော်တော်ကားမောင်းသူနဲ့ တူပြီး ဘ၀ဆိုတာ မော်တော်ကားနဲ့ တူတယ်။ အဲ--သံသရာဆိုတာကတော့ မော်တော်ကားလမ်းပေါ့ဗျာ။ ကားမောင်းသူကြောင့် လမ်းပေါ်မှာ ကားသွားနေရသလို ကံကြောင့် ဘ၀ဆိုတာလည်း သံသရာမှာလည်နေရတာပေါ့ အကိုကြီးရ။
ဦးရှင်။ မင်းဥပမာက တယ်ဟုတ်ပါလား။ ဒါပေမဲ့ သိပ်တော့ မရှင်းသေးဘူး။ ငါက အဲလို တိုတိုတုတ်တုတ် ပြောရုံနဲ့ သိပ်နားလည်တာမဟုတ်ဘူး။ အကျယ်ပြောဗျာ။
ဦးတင်။ ပြောမှာပါ အကိုကြီးရ။ ကြားဖြတ်အစိုးရမလုပ်ပါနဲ့။ ရွေးကောက်ပွဲက လိုပါသေးတယ်။
ဦးရှင်။ ပြောမှာသာ ပြောစမ်းပါကွာ၊ ဘယ်က နိုင်ငံရေးတွေ ပါလာရပြန်တာတုန်း။ တော်ကြာ ဘုန်းကြီးကျောင်းတောင် ပုံမှန်မသွားရပဲ ဖြစ်နေပါဦးမယ်။
ဦးတင်။ ပြောတာပေါ့ဗျာ့၊ ဒီလိုရှိတယ်လေ၊ ဘ၀ဆိုတာကို အခုဘ၀ကိုသာ မမြင်ပဲ အရင်ဘ၀၊ အခုဘ၀၊ နောင်ဘ၀လို့ သုံးခုမြင်ထားမှ ဖြစ်မယ်။ ကံဆိုတာကတော့ အမျိုးမျိုး အစားစားရှိတာပေါ့။ စုစုပေါင်း (၁၂) မျိုးတောင်ရှိတယ်လို့ မှတ်သားဖူးတယ်။ နောက်ဆုံး သံသရာဆိုတာ နားလည်အောင်ပြောရရင် ဘ၀တစ်ခုတည်းမှာတင်ပဲ ရုပ်နာမ်သဘောတွေ မနားတမ်းဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ။ ကျုပ်တို့ဗုဒ္ဓဘာသာဝင် အတော်များများက သေလိုက်မွေးလိုက်ဖြစ်တာကိုပဲ သံသရာလို့ ထင်နေကြတယ်။ တကယ်တော့ ရှေ့က ပျက်ပျက်သွားတဲ့ ရုပ်နာမ်တွေနေရာမှာ နောက်ကမနားတမ်း အစားထိုးဝင်လာတဲ့ ရုပ်နာမ်တွေရဲ့ အစဉ်အတန်းကြီးပါပဲ။ ဥပမာပေးရရင်တော့ မြစ်ထဲ ဒလဟော စီးဆင်းနေတဲ့ ရေတွေလိုပဲတဲ့။
ဦးရှင်။ မင်းပြောတာ ဘဘာဝကျတယ်ကွာ့။ ဘီစီ (၅၀၀) စုလောက်မှာပေါ်ထွန်းခဲ့တဲ့ ဂရိခ်ဒဿနဆရာကြီး ဟီရာကလစ်တပ်စ်ကလည်း ပြောဖူးတယ်၊ “အရာရာတိုင်းဟာ အစဉ်မပြတ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်တန်းကြီးပဲ” တဲ့။ ဒါနဲ့ ဆက်ပါဦး၊ ခုနပြောခဲ့တဲ့ ဒုက္ခနဲ့ ဘယ်လို ဆက်စပ်မှုရှိလဲ? ဆိုတာ။ စိတ်ဝင်စားလာပြီ။
ဦးတင်။ ဆက်ရမှာပေါ့ အကိုကြီးရ၊ ဆက်ချင်လို့ ဘုရားကုန်းပေါ်တက်လာခဲ့တာပဲဟာ။ သိပ်တော့ မလောနဲ့လေ။ ဒါမျိုးက တဖြေးဖြေးချင်း ရှင်းမှ ဖြစ်မည့်ကိစ္စ မဟုတ်လား။ ဆက်ဆို နောက်နေ့မှ ဆက်ရအောင်ဗျား။ အခု မှောင်လာပြီ၊ ဗိုက်လဲ ဆာလာပြီ။ အိပ်ပြန်ကြဦးစို့။ တော်ကြာ အကို့ခယ်မက ကျုပ်ကို အိမ်အပြန်နောက်ကျလို့ ထမင်းမကျွေးပဲ ပစ်ထားမှာ စိုးရသေးတယ်။
ဦးရှင်။ မင်းလဲ မိန်းမကြောက်တဲ့ ကောင်ပဲ။ ပြောစရာရှိတာ အပြတ်ပြောတာ မဟုတ်ဘူး။ ငါ့ကို ဆန့်တငန့်ငန့်လုပ်ထားတယ်။ မင်း ၀ဋ်လိုက်ဦးမယ်။ မင့်အဖွါးကြီးကို မြှောက်ကို ပေးဦးမှာ။ ကြည့်နေ။
ဦးတင်။ အဲလိုကြီးတော့ မလုပ်ပါနဲ့ အကိုကြီးရာ။ ဒါလေးတော့ ချမ်းသာပေးပါ။ အရေးအကြောင်းဆို သူမှ တတ်နိုင်တာဗျာ့၊ ဟားဟားဟားဟား------။
3 comments:
အဟဲ ကိုမင်းထက်.. အရေးအကြောင်းဆို သူမှ တတ်နိုင်ဆိုပဲ။ ဘာအရေးအကြောင်းတွေလဲဗျ။
ရှင်းပါဦး လင်းပါဦး...စတာ စတာ။
ကိုမင်းထက်က အတော် ရေးတတ်သဗျ။ ဘုန်းကြီး ကျောင်းသားပီသပါပေ့။
ဘာပင်လေးနဲ့ စာရွက်လေးထုတ်ပြီး ၀င်နားထောင်သွားပါတယ် ... ဆက်ရန်ကိုမျှော်နေပါတယ် ..
ဆီပုံးမတွေ့လို့ မန့် တဲ့နေရာမှာပဲရေးသွားတယ်ခင်ဗျား။
မင်္ဂလာပါခင်ဗျား
Post a Comment