Wednesday, January 20, 2010

အယူမှားမှု သုံးမျိုး


ဦးရှင်/ဦးတင် ညီအကိုနှစ်ယောက်တို့ ရွာဦးကျောင်းက အပြန် ထုံးစံအတိုင်း ဘုရားကုန်းတော်ပေါ်သို့ တက်လာခဲ့ကြရာ အဘိုးကြီးနှစ်ယောက်တို့၏ မပြတ်သေးသော ဆွေးနွေးပွဲကို ဆက်လက်နားထောင်မှတ်သားရန် အားခဲထားသော ကျနော့်ခမျာ နောက်မှ အသာကပ်လိုက်ပါသွားခဲ့တော့သည်။ ကုန်းတော်ပေါ် ရောက်ရောက်ချင်း ညီဖြစ်သူ ဦးတင်က “အကိုကြီး အမေးကောင်းတာနဲ့ မနေ့ညနေက ငတ်တော့မလို့ဗျို့”။

ဦးရှင်။ ထမင်းလား?

ဦးတင်။ အာ၊ အကိုကြီးကလည်း ထမင်းမဟုတ်လို့ ဘာဖြစ်ရဦးမှာတုန်း။

ဦးရှင်။ သိဘူးလေကွာ၊ ငါလည်း ထမင်းအောက်မေ့လို့ မေးတာပါပဲ၊ ကဲ ဒါနဲ့ ဆက်စမ်းပါဦး မနေ့ကအကြောင်းလေး။ ဒုက္ခဖြစ်ပေါ်ရတဲ့ အကြောင်းလေးပေါ့။

ဦးတင်။ ဆက်ရမယ်ဆိုရင်တော့ ဒီလိုဗျာ့၊ မနေ့က ဒါနဲ့ပတ်သက်ပြီး အပိုင်းသုံးပိုင်းခွဲထားခဲ့တာ မှတ်မိတယ်နော်။

ဦးရှင်။ မှတ်မိပဲလားဗျာ၊ ဘ၀ရယ်၊ ကံရယ်၊ သံသရာရယ် ဆိုတာမဟုတ်လား။

ဦးတင်။ ဟုတ်လိုက်လေ အကိုကြီးရာ၊ ကျုပ်တပည့်တွေထဲတော့ အကိုကြီးက အတော်ဆုံးပဲဗျာ့။

ဦးရှင်။ ဟေ့ကောင် ပေါက်ကရပြောမနေနဲ့၊ မင်းဆီ တပည့်ခံနေတာမဟုတ်ဘူး၊ ဆွေးနွေးနေတာကွာ့။

ဦးတင်။ ဟားဟားဟား---အကိုကြီးကလည်း စိတ်ထွက်နေပြန်ပြီ။ စတာပါဗျာ့။ နားထောင်နေတဲ့ ကောင်လေးတွေ ပျင်းနေတာမှာ စိုးလို့။ ဆက်ကြဦးစို့၊ အဲဒီသုံးပိုင်းထဲမှာ ဘ၀ဆိုတဲ့ အပိုင်းနဲ့ သံသရာဆိုတဲ့အပိုင်းကို အကြမ်းဖျဉ်းပြောခဲ့ပြီးပြီနော်။ ဒီဆွေးနွေးပွဲမှာတော့ မလိုအပ်ရင် ထပ်မပြောတော့ဘူး။ အဓိကကျတဲ့ ကံပိုင်းကိုပဲ ပြောကြရအောင်။ ကားမောင်းတဲ့လူနဲ့တူတဲ့ ကံပေါ့ အကိုကြီးရ။

ဦးရှင်။ နေဦးကွာ၊ ဖြတ်ပြောရဦးမယ်။ ကံဆိုတာ ငါသိသလောက်တော့ အတိတ်ကံပဲ။ အတိတ်ဘ၀က ပြုခဲ့ဖူးတဲ့ ကောင်းမှု/မကောင်းမှုတွေပေါ့။ ငါတို့ဗုဒ္ဓဘာသာဝင်တွေ အများစုကတော့ အတိတ်ကံကို လက်ခံယုံကြည်ကြတယ်ကွာ့။

ဦးတင်။ အဲဒါ ခက်နေတာပေါ့ အကိုကြီးရ၊ ကံလိုပြောရင် လူတွေက အတိတ်ကံပဲ မှတ်နေကြတာ။ အဲဒါမျိုးကို အယူမှားတဲ့သူ လို့ ဘုရားစာထဲ ဖတ်ဖူးပါ့ဗျား။

ဦးရှင်။ ဟုတ်မှလဲ လုပ်ပါ ညီမောင်ရာ။ ဘယ်နှယ် အတိတ်ကံကို ယုံတဲ့လူတွေကို အယူမှားတဲ့သူတွေလို့ ပြောရတာလဲ။ ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကရပ်တည်ချက်က ဒီကံကို ယုံကြည်မှုအပေါ်ပဲ မဟုတ်လား?

ဦးတင်။ ကျုပ်ပြောတာ ရှင်းရှင်းလေးပါ အကိုကြီးရာ။ အတိတ်ကံကို ယုံတဲ့လူကို အယူမှားသူလို့ မဆိုလိုပါဘူး။ အတိတ်ကံကိုပဲ ယုံတဲ့လူကိုသာ ပြောတာပါဗျာ့။

ဦးရှင်။ မင်းဟာကလည်း နှစ်လုံးတည်းနဲ့ ကပ်ရှုပ် ဆိုသလိုဖြစ်နေပေါ့လား၊ လင်းစမ်းပါဦးဟ။

ဦးတင်။ ကျုပ်မှတ်မိသလောက် အယူမှားတဲ့သူတွေကို ခွဲလိုက်ရင် သုံးမျိုး သုံးစား ရှိသဗျား။ တစ်က အတိတ်ကံချည်းသက်သက် ယုံတဲ့သူ၊ အဲဒီလူမျိုးက သူ့ဘ၀မှာ ဘာပဲ ဖြစ်လာဖြစ်လာ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အတိတ်ကံကြောင့်ချည်းပဲလို့ လက်ခံထားတယ်။ အဲဒီလို ယုံတဲ့အတွက် သူက အမှားကျူးလွန်ရင်လဲ အတိတ်ကံကြောင့်၊ သူများက သူ့အပေါ်အမှားလုပ်မိရင်လဲ အတိတ်ကံကြောင့်၊ အဲဒီလိုကို ဖြစ်နေတော့တာ။ အဲလို လူမျိုးကို ဘုရားဟောစာပေတွေက မိစ္ဆာဒိဋ္ဌိ စာရင်းထဲ သွင်းထားတယ် အကိုကြီးရ။

ဦးရှင်။ အေးဗျာ၊ မင်းပြောမှ ငါနည်းနည်း သတိထားမိလာတယ်။ အဲဒီလို လူတွေ အတော်များများ တွေ့ဖူးတယ်။ တစ်ခါတစ်လေ ငါကိုယ်တိုင်တောင် အခုမင်းပြောတဲ့ အမျိုးအစားနဲ့ သိပ်မလွတ်ချင်ဘူး။ နောက် လူအတော်များများလည်း ဒီထဲပါနေကြတာပဲ။ ဒါပေမဲ့ အဲလို အတိတ်ကံကိုချည်း မယုံရင် ဘာကို ယုံရမှာလဲကွာ?

ဦးတင်။ အကိုကြီးက မန်လည်ဆရာတော်ကြီးရေးတဲ့ ကဗျာကျမ်းကြီး မဖတ်ဖူးဘူးနဲ့ တူတယ်။

ဦးရှင်။ ဖတ်ဖူးပါပကော မောင်ရာ။ ဟို မဃဒေ၀ အလင်္ကာကျမ်းကြီးပြောတာ မဟုတ်လား။ ငါတို့ဆီက လူကြီးလူငယ် အတော်များများ ဖတ်ဖူးကြတာချည်းပါပဲကွာ့။

ဦးတင်။ ဟုတ်မှာပါဗျာ့၊ ဒါပေမဲ့ ဖတ်ဖူးရုံသက်သက်တော့ အလုပ်မဖြစ်ဘူးလေ။ မှတ်ဖူးမှ ဖြစ်မှာပေါ့။ ဖတ်လည်း ဖတ်၊ မှတ်လည်း မှတ်ဆို ပိုကောင်းတာပေါ့။ အဲဒီကျမ်းထဲမှာ ဆရာတော်ကြီးက ကံနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေ အများကြီးပဲ။ ကျုပ်မှတ်မိတာလေးပဲ ရွတ်ပြမယ်ဗျား “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွါးရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း” တဲ့။ အဓိပ္ပါယ်နားလည်ရ မခက်ပါဘူး အကိုကြီးရ၊ ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာက အရင်းခံအကြောင်းတရားမို့ ပြောတာပါတဲ့၊ လူ့လောကမှာ ကြီးပွါးချမ်းသာဖို့၊ အသက်ရှည်ဖို့ဆိုရင်တော့ ကံနဲ့တင်မလုံလောက်ဘူး၊ ဉာဏ်ရော၊ ကျိုးစားမှုရော၊ နောက်ပြီး ပယောဂ လို့ ခေါ်တဲ့ ကာလဒေသအလိုက် ပြုမူနေထိုင်တတ်မှုတွေရော အရေးကြီးကြောင်း ပြောထားပြီးသားပါဗျာ့။

ဦးရှင်။ အေးကွာ၊ မင်းပြောတော့လည်း ဟုတ်နေတာပဲ။ ဒါဖြင့်ရင် ကံဆိုတာ ယုံတော့ယုံ၊ ပုံတော့မအပ်လိုက်နဲ့လို့ ဆိုလိုတာပေါ့ ဟုတ်လား?

ဦးတင်။ သိပ်ဟုတ်တာပေါ့။ အကိုကြီးက ဒီလိုကျတော့လည်း တော်သားပါဗျာ့။ ကျုပ်တို့မြန်မာစာပေမှာလည်း ကံနဲ့ ပတ်သက်ပြီး ဆိုရိုးတွေ စကားပုံတွေ ရှိနှင့်ပြီးသားပဲ မဟုတ်လား “ကံယုံ ဆူးပုံမနင်းရာ” တို့၊ “ကျားရဲရာ ကြမ္မာမယိုးသာ”တို့ ဆိုတာတွေဟာ ကံကိုချည်းယုံပြီး မိုက်ရူးရဲမလုပ်မိစေဖို့ ဆုံးမထားတာတွေပေါ့ဗျာ့။
နောက်ပြီး ဒီနေရာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ စာပိုဒ်တစ်ပိုဒ်ရှိသေးတယ် “မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မယိုးရာဘူး” တဲ့ဗျာ့။ သိပ်ကောင်းတဲ့ အဆိုအမိန့်ပဲ။ အဲဒီမကောင်းလည်းကံ၊ ကောင်းလည်းကံလို့ ယိုးမယ်ဖွဲ့တဲ့လူတွေကို အယူမှားသူတွေလို့ပြောတာပေါ့။

ဦးရှင်။ လင်းပါ့ဗျား။ ရွာနောက်က မကောက် နောက်မီးလင်းတာထက်တောင် လင်းသေးတယ်။ ဟုတ်တာပေါ့၊ ကံဆိုတာ မြင်နိုင်တဲ့အရာမှ မဟုတ်တာ၊ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ကံထမ်းလာတာ မမြင်နိုင်ဘူး၊ လှံထမ်းလာတာကိုသာ မြင်နိုင်တယ်” လို့ ဆိုရိုးပြုခဲ့ကြပေတာပဲ။ ဒါကြောင့် ကံကိုချည်း မယုံပဲ ဉာဏ်၊ ၀ီရိယနဲ့ ပယောဂဆိုတာတွေ လိုအပ်တာပေါ့။

ဦးတင်။ သိပ်လိုအပ်တာပေါ့၊ ကံဆိုတာ မျိုးစေ့လိုပဲ အကိုကြီးရ၊ ဥပမာ၊ သရက်သီးမှည့်စေ့တစ်စေ့ဆိုပါတော့။ သူ့မှာ အပင်ပေါက်နိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ဒီအတိုင်းနေပူလေပူထဲပစ်ထားပြီး သရက်ပင်ပေါက်မည့်နေ့ကို ထိုင်စောင့်နေလို့ကတော့ အမျိုးပဲ ကန်းသွားမယ်၊ အပင်ပေါက်လာမှာ မဟုတ်ဘူး။ ဒီတော့ အပင်လိုချင်တဲ့လူက ဘာလုပ်ရလဲ၊ အဲဒီအစေ့ကိုယူ၊ အပင်ပေါက်လောက်တဲ့မြေနေရာမှာ သင့်တော်ရုံအတွင်းလေးတူး၊ လိုအပ်တဲ့မြေဆွေးတွေဘာတွေထည့်၊ လိုအပ်သလောက် ရေလောင်းပေး၊ အလင်းရောင်လဲ ရအောင်ထား။ ဒါဆို အပင်ပေါက်နိုင်တဲ့ အလားအလာများတာပေါ့။ အကိုကြီးက သရက်ခြံပိုင်ရှင်ပဲ၊ ပိုသိမှာပေါ့။ ဒီလိုပဲလေ၊ လူတိုင်းဟာ ကံနဲ့မွေးလာတာချည်းပဲကို၊ ဒါပေမဲ့ ဉာဏ်ကနည်းရတဲ့အထဲ၊ ပျင်းကပျင်းသေး၊ နေတော့လည်း ဘာမှ အတုယူစရာ အားကျစရာမရှိတဲ့နေရာမျိုးမှာနေ၊ ဒါဆိုသေချာပြီ။ အဲဒီလိုလူမျိုး ဘယ်လောက်ကံရှိရှိ၊ ဘယ်တော့မှ လူမွေးမပြောင်ဘူး၊ ကျုပ်ပြောရဲတယ်။ ဟိုနေပူထဲပစ်ထားတဲ့ သရက်စေ့လိုပဲ ကြီးပွါးနိုင်တဲ့ကံတွေ ခမ်းခြောက်ပြီး အမျိုးတုံးသွားရုံပဲ ရှိမယ်။

ဦးရှင်။ ကံနဲ့ပတ်သက်လို့တော့ အတော်အတန်နားလည်ပါပြီကွာ့၊ နောက်တစ်မျိုး အယူမှားတာက ဘာတဲ့လဲ?

ဦးတင်။ အဲဒါကတော့ ကမ္ဘာ့လူဦးရေအများစု လက်ခံထားတဲ့ ဖန်ဆင်းရှင်ဝါဒပဲဗျို့။ ကျုပ်တော့ ဘိုလိုမမှုတ်တတ်လို့ မှတ်ထားဖူးတဲ့ စကားလုံးပဲ သုံးပါရစေ။ အဲဒါကို “ဣဿရနိမ္မာနဟေတုဝါဒ” လို့ခေါ်တယ်ဗျား။ ဒီလိုဖန်ဆင်းရှင်ကို ယုံကြည်တဲ့လူတွေကလည်း ဘာပဲဖြစ်လာဖြစ်လာ ဖန်ဆင်းလိုဖြစ်လာတာဆိုပြီး ဇွတ်မှိတ်ယုံကြည်တော့တာပဲ။ အဲဒီတော့ မွေးတော့လည်း ဘုရားသခင်အလိုကျ၊ နေတော့လည်း ဘုရားသခင်အလိုကျ၊ သေတော့လည်း ဘုရားသခင်အလိုကျ ဖြစ်ရပြန်ရော။ နောက်ဆုံး ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ထမင်းကို စားတဲ့အခါတောင် ဘာမှမလုပ်ပေးနိုင်တဲ့ ဘုရားသခင်ဆိုတာကြီးကို လှမ်းပြီး ကျေးဇူးတင်လိုက်သေးတယ်။ ဟိုဟာဖြစ်တဲ့အခါတောင် ဘုရားသခင်အလိုကျ လို့ ပြောကြသေးလား မသိဘူး။ အခု အကိုကြီးပြောတဲ့ ဟိန်တီနိုင်ငံမှာ ငလျင်ကြောင့် လူတွေ ထောင်သောင်းချီသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာပြောကြသေးလဲ? ဘုရားသခင်အလိုကျပဲလား?

ဦးရှင်။ အဲလိုကြီး ဒဲ့တော့ မပြောဘူးပေါ့ ညီမောင်ရ၊ ဟို New York မြို့က John Sentamu ဆိုတဲ့ ဘစ်ရှော့ကြီးကတော့ ဒီလိုပြောလေရဲ့“I have nothing to say that makes sense of this horror - all I know is that the message of the death and resurrection of Jesus is that he is with us” တဲ့။

ဦးတင်။ မှုတ်ပြီ၊ မြန်မာလို လုပ်ပါဗျာ၊ နားမလည်ရတဲ့ အထဲ၊ တံထွေးက စင်သေးတယ်။

ဦးရှင်။ ပြောမှာပါကွာ့၊ မြန်မာလိုချည်းသက်သက်ဆို လုပ်ကြံပြောတယ်ထင်မှာ စိုးလို့ သူ့စကားအတိုင်း ၏/သည်/တယ် မလွဲ မှုတ်လိုက်တာ။ ဒီလိုတဲ့ “ဒီကြောက်မက်ဖွယ်အဖြစ်ဆိုးကြီးကို အဓိပ္ပါယ်ပေါက်အောင် ပြောစရာစကား ကျုပ်မှာမရှိပါဘူး၊ ကျုပ်သိတာကတော့ ဂျီးဇက်ရဲ့ သေဆုံးခြင်း/ရှင်သန်ထမြောက်ခြင်းဆိုတဲ့တရားတော်ဟာ သူကျုပ်တို့နဲ့ အတူရှိနေတယ်ဆိုတာပါပဲ”။ ကဲ မှတ်ပလား။

ဦးတင်။ မှတ်ပါပြီဗျား။ ဘာမှန်းတောင် နားမလည်လိုက်ဘူး။ အကိုကြီးဘာသာပြန်တာ မကောင်းလို့နဲ့တူတယ်။

ဦးရှင်။ လုပ်တော့မယ်။ မင်းဆိုတဲ့ကောင်ကတော့ ငါ့ဆို ဘယ်တော့မှ အထင်ကြီးမည့်လူစားမဟုတ်ဘူး။ ဒါတောင် ညီအကိုချင်းမို့သာ တော်တော့တယ်။ ဘုရားသခင်အလိုကျဖြစ်ပါတယ် လို့ ဖြေရင် ထမင်းငတ်သွားမှာပေါ့ကွာ့။ လူတွေဒီလောက်သေကြေပြီး ၀မ်းနည်းပက်လက်ဖြစ်နေရတဲ့ ကိစ္စမှာ ဒီအတိုင်းဒဲ့တိုးကြီး သွားဖြေလို့ ဘယ်ဖြစ်ပါ့မလဲ?

ဦးတင်။ သဘောပေါက်ပါပြီ အကိုကြီးရာ၊ မငေါက်ပါနဲ့။ နောက်တစ်ခုကျန်သေးတယ်ဗျာ၊ ဆက်ပြောမယ်။ အဲဒါကတော့ ဘာပဲဖြစ်လာဖြစ်လာ၊ ဖြစ်လာသမျှ သို့မဟုတ် ပျက်သွားသမျှတွေဟာ ဘာအကြောင်းမှ မရှိပဲ သူ့ဟာသူဖြစ်လာပြီး သူ့ဟာသူပဲပြန်ပျက်သွားတယ် ဆိုတဲ့ အယူမှားမှုမျိုး။ တိုအောင်ပြောရရင်တော့ အကြောင်းမဲ့ဝါဒပေါ့ အကိုကြီးရ။ ဒီဝါဒမျိုးကတော့ တော်တော့်ကို အန္တရာယ်ကြီးတယ်ဗျို့။ ဒီဝါဒသာ လူအတော်များများမှာရှိနေရင် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်တဲ့လူတွေ တော်တော် ခေါင်းခြောက်မည့်ကိစ္စ။

ဦးရှင်။ အခုလည်း ဘာထူးလဲ? ဟိုနား ၀ုန်း၊ ဒီနား ဒိုင်းနဲ့။ ဘယ်သူက ငြိမ်းချမ်းရေး လုပ်နိုင်လို့လဲ? ကုလသမဂ္ဂကြီးလဲ ခေါင်းခဲနေတာပဲ မဟုတ်လား?

ဦးတင်။ အကိုကြီးက အဲလို ၀ုန်း/ဒိုင်းကြဲနေတဲ့လူတွေကို အကြောင်းမဲ့ဝါဒီတွေလို့ ပြောချင်တာလား?

ဦးရှင်။ မဟုတ်ပါဘူးကွာ့။ အခုမင်းပြောတဲ့ အကြောင်းမဲ့ဝါဒီတွေနဲ့ တူတာကို ပြောတာပါ။ ဒီလူတွေ ဘယ်သူတွေဆိုတာ တစ်ကမ္ဘာလုံးက သိနေတာပဲဟာ။ သူတို့တွေလဲ ဖန်းဆင်းရှင်လက်ဝေခံတွေပဲလေကွာ။ ဒါပေမဲ့ အစွန်းရောက်ပြီး လုပ်သမျှ ဖန်ဆင်းရှင်အလိုကျ ဆိုပြီး အော်နေကြတာ။ ဒုတိယအမျိုးအစားထဲကပါပဲ။ ဒါနဲ့ အခု မင်းပြောတဲ့ တတိယ အမျိုးအစားက ယနေ့ကမ္ဘာမှာ ရှိသေးလို့လားကွာ့?

ဦးတင်။ သိပ်ရှိတာပေါ့ အကိုကြီးရ။ ကွန်မြူနစ်တွေဟာ ဒီသဘောသိပ်ရှိတယ်။ ဒါပေမဲ့ ယနေ့ကမ္ဘာမှာ ကုလသမဂ္ဂနဲ့ ဘာနဲ့ အဖွဲ့အစည်းကြီးတွေက ထိမ်းထိမ်းသိမ်းသိမ်းလုပ်ထားနိုင်လို့သာ ပရမ်းပတာ မလုပ်ရဲကြတာ။ ကြည့်ပါလားဗျား၊ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘောဒီးယားနိုင်မှာ ခမာနီကွန်မြူနစ်တွေ ဘယ်လောက်သောင်းကြမ်းခဲ့လဲ? တရုတ်လည်း သိပ်မထူးဘူး၊ နောက်ပြီး လက်ရှိ မြောက်ကိုရီးယား။ ဗိယက်နမ်ကတော့ အမေရိကန်ဆော်တာနဲ့ ပိုးကျိုးသွားလို့ ထားတော့။ နောက်ရှိသေးတယ်။ ရုရှား။ အဲဒီနိုင်ငံအစိုးရတွေဟာ ကုလသမဂ္ဂဆိုတာသာ မရှိရင် သူတို့ပြည်သူတွေလည်း မချမ်းသာသလို ပြင်ပနိုင်ငံတွေလည်း စိတ်အေးလက်အေးနေနိုင်မှာ မဟုတ်ဘူး။ ဖြစ်ပျက်သမျှ အကြောင်းမရှိဘူးလို့ လက်ခံလိုက်တော့ ပြီးပြီပေါ့၊ ဘာကြောက်စရာလိုသေးလဲ၊ လုပ်ချင်လုပ်ကြတော့တာပေါ့။ ဒါကြောင့် သိပ်ကြောက်စရာကောင်းတယ်လို့ပြောတာ။

ဦးရှင်။ အေးကွာ၊ တွေးကြည့်တော့ တရေးရေးမြင်ယောင် ဆိုသလိုပဲ။ မင်းပြောမှ ငါလည်း သဘောပေါက်တော့တယ်။ အစိုးရတစ်ခုခုမှာ အဲလို အယူမျိုးသာလွှမ်းမိုးနေလို့ကတော့ တိုင်းသူပြည်သားတွေ တော်တော် ထိခိုက်ဖို့ရှိတယ်။ ဒါနဲ့ ငါတို့စကား ဘေးထွက်သွားလိုက်တာ ဒုက္ခဖြစ်ရခြင်းအကြောင်းတောင် မရောက်တော့ဘူး။ ဒီနေ့ဆက်ပြောဦးမှာလား?

ဦးတင်။ ဘယ်ကလာ ဘေးထွက်ရမှာလဲ အကိုကြီးရ၊ အယူဝါဒသုံးမျိုးကို ပြီးအောင်ပြောနေတာနဲ့ အချိန်ကုန်သွားတာပါဗျာ့။ ဒီသုံးမျိုးကို အချုပ်မှတ်ထားချင်ရင်တော့၊ (၁) အတိတ်ကံသက်သက်ဝါဒ၊ (၂) ဖန်ဆင်းရှင်ဝါဒ နဲ့ (၃) အကြောင်းမဲ့ဝါဒ ဆိုပြီး မှတ်ထားနိုင်တယ်။ အဲဒီထဲမှာ ပထမဆုံးဖြစ်တဲ့ အတိတ်ကံသက်သက်ကို ယုံကြည်တဲ့ဝါဒသမားတွေက ကျန်လူတွေနဲ့ စာရင် နည်းနည်းတော်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကောင်းမှုမကောင်းမှုတွေရဲ့ အကျိုးရလာဒ်ကို ယုံကြည့်ကြတဲ့အတွက် သူများကို ဒုက္ခမပေးနိုင်ဘူး။ သူတို့ကိုယ်တိုင်အတွက်သာ အဆင်မပြေတာ။ နောက်နှစ်ခုကတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ အန္တရာယ်ရှိတဲ့ ယုံကြည်မှုမျိုးတွေပဲ။ တကယ်တော့ အဲဒီအယူဝါဒသုံးမျိုးလုံးဟာလဲ ဒုက္ခဖြစ်ရခြင်းရဲ့ အကြောင်းတွေချည်းပါပဲ။ဒါပေမဲ့ ကျနော်ပြောချင်တာက အဲဒါတွေမဟုတ်သေးဘူး။ အဲဒီထဲက တစ်ခုဆိုရင်တော့ မှန်မယ်။ ကျနော်တကယ်ပြောမှာက ကံတွေက သတ္တ၀ါတွေကို ဘယ်လိုစုပေးလိုက်သလဲ ဆိုတာကို ဆွေးနွေးချင်တာ။ အချိန်ယူပြောမှ ဖြစ်မှာမို့ ဒီနေ့တော့ ဒီမှာတင် တော်ရအောင် အကိုကြီးရာ။ နောက်ကျရင် သိတယ်မို့လား၊ ကျနော့် ကျေးဇူးရှင်အကြောင်း?

ဦးရှင်။ မောင်တင်ရာ--အိမ်ပြန်ချင်တိုင်း လျှောက်ပြောမနေစမ်းပါနဲ့၊ မင်းကျေးဇူးရှင်အကြောင်းလည်း သိတယ်၊ မင်းအကြောင်းလည်း သိတယ်၊ မိန်းမကြောက်တတ်မှန်း၊ တယ်---ငါပြောလိုက်ရ----။

1 comment:

ကြယ်ပြာ said...

စိတ်ဝင်စားဖို့ကောင်းတဲ့ပို့စ်လေးပါ ...