ဘာ့ကြောင့် သဘာဝအန္တရာယ်ကြီးတွေ ဖြစ်ပေါ်ပြီး လူတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးကြရသလဲ? ဒီလိုဖြစ်အောင် ဘယ်သူက ဖန်တီးနေသလဲ? ကမ္မ၀ါဒကို လက်ခံသူများအတွက် ဖန်ဆင်းရှင်က မလုပ်ဘူးဆိုရင် ဘယ်သူက လုပ်သလဲ? ဦးရှင်တစ်ယောက် နဖူးပေါ်လက်တင် စဉ်းစားရင်း တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ အရုဏ်ကျင်း အလင်းရောက်လုမှ မှေးကနဲ့ အိပ်ပျော်သွားတော့သည်။ နိုးလာလို့ နာရီကြည့်လိုက်တော့ မနက် (၉) နာရီပင် ခွဲတော့မည်။ သို့သော်လည်း ချက်ချင်း မထနိုင်သေး။ အဖြေမရသေးသော ပုစ္ဆာများက သူ့ကို ဒုက္ခပေးလျှက် ရှိကြဆဲ။ ဒါ ဘယ်သူ့လက်ချက်လဲ? ဆက်လက်စဉ်းစားနေသည်။ ဒီနေ့ညနေ ဘုရားကုန်းပေါ်ရောက်တဲ့အခါ သူ့ညီဆီက တစ်စုံတစ်ခုသော အဖြေကို ကြားရလိမ့်နိုး မျှော်လင့်နေသည်။ ဒီနေ့တော့ ဝေ့လည်ကြောင်ပတ် မောင်တင် အဖြေပေးတန်ကောင်းရဲ့။
အိပ်ယာထဲ ဆက်လက်မကွေးချင်တော့။ မျက်နှာထသစ်ပြီး ဘုရားဝတ်ပြုလိုက်သည်။ မနက်စာကို အဆာပြေရုံစားကာ အလင်းတန်းရွာလေးရဲ့နောက်ဘက်ရှိ ကမ်းခြေတန်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းဘေးဝဲယာတွင် အစီအရီပေါက်ရောက်နေသော သစ်ပင်အကြီးအငယ်များက သူ့ကို အဖြေတစ်စုံတစ်ရာ ပေးလိမ့်နိုး ဝေ့၀ဲကြည့်မိသည်။ ရွက်ဟောင်းများနေရာတွင် အစားထိုးဝင်ရောက်လာသော ရွက်နုများ၊ လေအဝေ့မှာ မြေပေါ်ကြွေကျနေသော ရွက်ယော်အိုများနှင့် ကာလကြာမြင့်သဖြင့် မြေဆွေးဘ၀သို့ပင် ကူးပြောင်းနေပြီဖြစ်သော ရွက်ဆွေးများကို သတိပြုမိသည်။ ရှေ့သို့ဆက်လက်လျှောက်သွားသောအခါ ခြေမခိုင်သဖြင့် လဲပြိုနေသော သပြေပင်ကြီးတစ်ပင်နှင့် သပြေပင်ပိသဖြင့် ကျိုးကြေနေသော သစ်ပင်လေးများကိုလည်း တွေ့ခဲ့ရသည်။ သို့သော် မြင်နေကျမြင်ကွင်းသည် သူ့ကို အဖြေတစ်စုံတစ်ရာမပေးလိုက်နိုင်ခဲ့။ သို့တည်းမဟုတ်၊ ယင်းမြင်ကွင်းမှ တစ်စုံတစ်ရာသော အဖြေကို သူထုတ်မယူနိုင်ခဲ့။ ကမ်းခြေသို့ ဆက်လက်ထွက်ခွါခဲ့သည်။
ကမ်းခြေသို့ရောက်သောအခါ တစ်နေ့ဝင် တစ်နေ့ထွက် ငါးဖမ်းလှေကလေးများ ကမ်းစပ်တွင် အသီးသီးဝင်ကပ်ကာ ဖမ်းမိသော ငါးများကို အကြီးအသေးရွေးပြီး ရောင်းချဖို့ ပြင်ဆင်နေကြသည်။ ရွာထဲမှ အမျိုးသမီး အကြီးအငယ်များ ဈေးချိုချိုဖြင့် ငါးများကို လာရောက်ဝယ်ယူနေကြသည်။ အချို့မှာ ၀ယ်စရာပိုက်ဆံမရှိသဖြင့် အလကားတောင်းနေသူများကိုလည်း တွေ့ရသည်။ အလကားတောင်းသူများမှာ ကြိုက်ရာကို ရွေးယူခွင့်မရှိ၊ လှေသားများပေးသည်ကိုသာ ယူကြရသည်။ သို့သော်လည်း ယင်းငါးများမှာ တစ်နပ်စာမက မိသားစုတစ်စု ၀၀လင်လင်စားနိုင်လောက်ပေသည်။ ဦးရှင် အတွေးတစ်ခု ၀င်လာသည်။ သတ္တ၀ါတစ်စု အသက်ရှင်ဖို့အရေးမှာ အခြားသတ္တ၀ါတစ်စုက သေပေးရသည်မှာ တရားပါ၏လော? သူ့မေးခွန်းအတွက် သူကိုယ်တိုင်လက်ခံနိုင်လောက်သောအဖြေ သူ့မှာမရှိ။ သူ့ညီစာသမားဦးတင်ကော ဖြေနိုင်ပါ့မည်လော? တွေးမိသည်။ ဖြေနိုင်မည် မထင်ပါ။ ဖြေသည်ထားဘိဦး၊ လက်ခံနိုင်လောက်မှာတဲ့လော?
ကမ်းခြေမှာ တစ်နေကုန် လေညင်းခံရင်း နေ့လည်စာကို ဆိုင်တစ်ဆိုင်တွင် ၀ယ်စားလိုက်မည်ဟု စဉ်းစားကာ ခပ်လှမ်းလှမ်းရှိ စိမ်းပြာရိပ်စားသောက်ဆိုင်သို့ ၀င်လိုက်ရာ မထင်မှတ်ပဲ ဦးတင်တစ်ယောက် စားပွဲတစ်ခုတွင် ထိုင်နေသည်ကို တွေ့ရသည်။ ချိန်းမထားသော်ငြား တွေ့ချင်နေသော လူကိုတွေ့လိုက်ရသဖြင့် ဦးရှင်တစ်ယောက်ပျော်သွားသည်။
ဦးရှင်။ ။အတော်ပဲ ညီမောင်ရေ့၊ ငါ့မှာ မေးစရာတွေ တစ်ပုံကြီးရှိနေပြီကွာ့။
ဦးတင်။ ။တော်ပါဗျာ၊ ထမင်းကောင်းကောင်းစားစမ်းပါရစေ၊ မနေ့က မေးခွန်းကိုတောင် ဖြေလို့မပြီးသေးဘူးလေ၊ အဲဒါပြီးမှပဲ နောက်တစ်ခု မေးဗျာ။ အကိုကြီးကလည်း မေးမည်ဆိုတာချည်းပဲ။
ဦးရှင်။ ။ အေးပါကွာ၊ ငါကလည်း စားပြီးသောက်ပြီးမှပဲ မေးမှာပါ။ ဒါနဲ့ ဒီနေ့ဘုန်းကြီးကျောင်း သွားကြဦးမလားဟေ့။
ဦးတင်။ ။ရွာဦးကျောင်းဆရာတော် မြို့တက်သွားတယ်လို့ ကြားတယ်ဗျာ့၊ သူ့ကျောင်းက ဆွမ်းချိုက်လာဆွဲတဲ့ ကျောင်းသားလေးပြောတာပဲ။ ညကျိန်းမယ်ဆိုလားပဲ။ ဒါကြောင့် ဒီနေ့ ကမ်းခြေ အေးအေးဆေးဆေးလှည့်လာတာ၊ အကိုကြီးနဲ့တွေ့တော့ မနေ့က မပြီးသေးတဲ့ ကိစ္စ ဒီမှာပဲ ရှင်းကြတာပေါ့။
ဦးရှင်။ ။ငါလည်း အဲဒါပဲ မျှော်လင့်နေတာဟေ့၊ မနေ့ညကွာ စဉ်းစားရင်း တစ်ညလုံးအိပ်လို့တောင် မပျော်နိုင်ဘူး။ မနက်လင်းလုလင်းခင်ကျမှ မှေးကနဲပျော်သွားတာ။ ဒါကြောင့် လန်းလန်းဆန်းဆန်းရှိအောင်လို့ ဒီဘက်ထွက်လာရင်း မင်းနဲ့တွေ့တာပဲကွာ့။ အတော်ပဲ၊ ထမင်းစားကြတာပေါ့။ မှာကွာ၊ ငါရှင်းမယ်။ ပိုက်ဆံလည်း လုံလောက်အောင်ထည့်ခဲ့ပါတယ်ဟ။ တရားဟောမည့်လူဆိုတော့ အလှူဖြစ်တာပေါ့ကွာ။
ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း ကျွေးမယ်ဆိုလည်း အေးအေးကျွေးပါဗျာ၊ အလကားနေရင်း မျိုမကျအောင် မပြောစမ်းပါနဲ့၊ နောက်ပြီး ငရဲလည်း ကြီးနေပါဦးမယ်။
ဦးရှင်။ ။ဟ၊ လှူတာပဲ ငရဲကြီးစရာလားကွာ့၊ ဘယ်သူ့လှူလှူ၊ ကုသိုလ်ရတယ်ဆို မဟုတ်လား?
ဦးတင်။ ။ဟုတ်တော့ဟုတ်တာပေါ့ဗျာ့၊ ကျနော်က အကိုကြီးကို တရားမဟောပါဘူး၊ ဆွေးနွေးတာပါ။ ဒါကြောင့်ပြောတာ။
ဦးရှင်။ ။အေးပါကွာ၊ ငါသိပါတယ်။ ကဲ ကြာတယ်ကွာ။ မှာလိုက်တော့။ ငါ့အတွက်တော့ ပုဇွင်ကင်တစ်ပွဲနဲ့ ယိုးဒယားဟင်းချိုတစ်ပွဲမှာပေးကွာ၊ ကျန်တာတော့ မင်းသဘောပဲ။
သို့နှင့် ညီအကိုနှစ်ယောက် အလင်းတန်းကမ်းခြေရှိ စိမ်းပြာရိပ်စားသောက်ဆိုင်ကလေးတွင် ပင်လယ်အစားအစာများကို မှာယူကာ ထမင်းမိန်မိန်စားသောက်လိုက်ကြသည်။ ထမင်းစားပြီးနောက် လင်လယ်ကဗွီးပင်တန်းများအကြား အပန်းဖြေအလည်လာသူများ အနားယူရန်ဆောက်ပေးထားသော အုန်းလက်မိုး နောက်မှီ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုက်လိုက်ကြသည်။ ထို့နောက်---
ဦးရှင်။ ။မနေ့ကမင်းပြောခဲ့တာတွေ ငါပြန်စဉ်းစားကြည့်တယ် မောင်တင်ရ၊ ရှင်းတာလည်းရှိ၊ မရှင်းတာလည်း ရှိဆိုပါတော့ကွာ။
ဦးတင်။ ။ဘာမရှင်းတာလည်း အကိုကြီးက---
ဦးရှင်။ ။ကံပေါ့ကွာ့၊ ကံအကြောင်း စဉ်းစားရင် ခေါင်းမူးလွန်းလို့ဟေ့။
ဦးတင်။ ။မရှင်းတာပဲ ကောင်းပါတယ်ဗျာ။ မရှင်းချင်စမ်းပါနဲ့။ ကျုပ်တို့အဆင့်နဲ့ ကံအကြောင်းသွားစဉ်းစားလို့ကတော့ မရှင်းတဲ့အပြင် ရူးမသွားတာ တော်ဦးမယ်။ ကျုပ်ရှင်းပြတယ်ဆိုတာကလည်း ကျုပ်သိသလောက်ကို လက်တွေ့နဲ့ နိုင်းယှဉ်ပြီး ပြောပြတာပါပဲ။ တကယ်တော့ ဒီအတိုင်းပဲဖြစ်ပါတယ် လို့ ကျုပ်လည်း အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့အဖြေမတွေ့မချင်းတော့ ဒါကိုပဲ ကျုပ်တော့ လက်ခံထားတယ်။
ဦးရှင်။ ။မင်းပြောတာ ငါလည်း လက်ခံပါတယ်။ ဒါနဲ့ ဆက်ပါဦး၊ မင်း မနေ့ကပြောတော့ ကံတွေက လူတွေကို ဘယ်လိုစုပေးလိုက်တယ်ဆိုလား ဘာဆိုလား?
ဦးတင်။ ။ပြီးခဲ့တဲ့သဘာဝဘေးဆိုးကြီးတွေ ကမ္ဘာမှာရော မြန်မာမှာပါ ဖြစ်ခဲ့တာတွေ ကြည့်ပြီး လေ့လာသူတွေက မေးခွန်းအမျိုးမျိုးထုတ်နေကြတယ် မဟုတ်လား။ ဘယ်တော့မှ အဖြေမတွေ့မည့် မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေကို ဒီလိုဘေးဆိုးကြီးတွေ ပေါ်ပေါက်တိုင်းမေးခဲ့ကြတာပဲ။ ဘယ်သူက ဟုတ္တိပတ္တိ အဖြေပေးနိုင်ခဲ့လို့လဲ? ကျုပ်တို့ဆီက လူတွေလိုပဲနေမှာ၊ ဟိုလူကတစ်မျိုး၊ ဒီလူကတစ်မျိုး။
ဦးရှင်။ ။ကျုပ်တို့ဆီကလူတွေက ဘာဖြစ်နေလို့လဲ မောင်တင်ရ---
ဦးတင်။ ။ဘာဖြစ်ရမှာလဲ အကိုကြီးရ၊ လူတိုင်းတော့လည်း မဟုတ်ပါဘူး၊ ပညာဗဟုသုတနည်းပါးတဲ့ လူတွေကို ဆိုလိုတာပါ။ ဥပမာ၊ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဆေးသောက်ရမည့်အစား၊ ဆရာဝန်ဆီသွားရမည့်အစား၊ ဗေဒင်မေးလို့မေး၊ နတ်ကတော်မေးလို့မေး၊ ဘုန်းကြီးဆီ ရေမန်းတောင်းသောက်လို့ တောင်းသောက်နဲ့ ဘယ်လောက် သဘာဝမကျလဲ။ ဆိုလိုတာက အကျိုးအပြစ်တစ်ခုပေါ်လာရင် အဲဒါနဲ့ ဆီလျော်တဲ့ အကြောင်းကို မရှာ မလုပ်ပဲနဲ့ မဆီမဆိုင်တွေ ထထလုပ်ကြလို့ ကဲ့ရဲ့စရာတွေ ဖြစ်ကုန်တာပေါ့ဗျား။
ဦးရှင်။ ။ဒါတော့ ဟုတ်တယ်ဟေ့၊ ငါတို့ဆီလည်း အဲဒါမျိုးတွေ မကြာခဏကြားကြားနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မင်းကြည့်ပါလား၊ မပုသမီးလေး ဗိုက်နာတာကွာ၊ အဲဒါ အမေလုပ်တဲ့ မပုက သူ့သမီးကို ဆေးခန်းခေါ်မသွားပဲ ဗေဒင်သွားမေးတာ၊ စိတ်ကောင်းရှိတဲ့ ဗေဒင်ဆရာနဲ့တွေ့လို့သာ တော်တော့တယ်၊ နို့မို့ရင် ဆင်းရဲရတဲ့အထဲ ဗေဒင်ဟောခအတွက်ပါ ကုန်နေဦးမှာ။ ဗေဒင်ဆရာက ရိုးရိုးသားသား ပြောလိုက်သတဲ့၊ ဒီကိစ္စက ဗေဒင်နဲ့ ဘာမှ မဆိုင်ဘူး။ ဆေးခန်းသွားပြပြီး သူတို့ပေးတဲ့ဆေး သောက်ရင် သက်သာသွားလိမ့်မယ် လို့။ အဲဒီကျမှ မရွှေပုကြီးခမျာ နေမကောင်းဖြစ်တယ်ဆိုတာ ဗေဒင်ဆရာနဲ့ ဘာမှ မပတ်သက်မှန်း သိတော့သဗျား။ ဆရာတော်ကတောင် မပုကို ဆူလိုက်သေးသတဲ့၊ ညီးဒီလောက် တုန်းရသလားလို့။
ဦးတင်။ ။ကြားပါ့ဗျား။ မပုမို့သာ တော်တော့တယ်။ မရှည်ဆိုရင်တော့ ဒီကိစ္စ ဒီလောက် တိုတိုနဲ့ပြီးမည့်ပုံမရှိဘူး။ ကဲ အကိုကြီးရာ လိုရင်းပြောကြစို့ဗျာ။ ကမ္မ၀ါဒီတို့အလိုအရတော့ ကျုပ်တို့လူသားတွေ အပါအ၀င် သတ္တ၀ါတွေကို အဓိက ချယ်လှယ်နေတဲ့အရာကတော့ သူတို့ကိုယ်တိုင်ပြုထားတဲ့ ကောင်းကံ/မကောင်းကံတွေ ဖြစ်တယ်ဆိုတာ ယေဘုယျ လက်ခံထားပြီးသားနော်။ အစုလိုက် အပြုံလိုက်သေတဲ့ ကိစ္စမှာ ဒီသဘောကို ထည့်တွက်ရမယ်။ သံသရာဆိုတာကို အစမထင် ဆိုတဲ့ စကားလုံးနဲ့ အထူးပြုပြောဆိုကြတယ် မဟုတ်လား၊ အစမထင်သော သံသရာ ဆိုတာလေ။ အဲဒီအစမထင်တဲ့အကြောင်းကိုလည်း အစမထင်ဘူးဆိုတာကို သိတဲ့ ဉာဏ်မျိုးရှိမှ သိတာကလား။ သာမန်ပုဂ္ဂိုလ်တွေတော့ ဘယ်သိပါ့လဲ၊ ရဟန္တာတွေတောင် မသိနိုင်ဘူး လို့မှတ်ဘူးတယ်။ သံသရာအစမထင်ဘူးဆိုတာကို ဘုရားရှင်တို့ကိုယ်တိုင်ပဲ သိနိုင်သတဲ့။
ဦးရှင်။ ။ဟုတ်တယ်ကွာ့၊ မရှိတာကို မရှိဘူးလို့ သိတဲ့ဉာဏ်ဟာ တခြားဉာဏ်တွေထက်သာတယ်လို့ ငါတော့ ပြောရဲတယ်။ မရှိတာကို အရှိထင်ပြီးပြောဟောနေကြလို့ လူတွေ ဒုက္ခရောက်နေကြတာပေါ့ ညီမောင်ရ။
ဦးတင်။ ။အဲဒီတော့ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ဒီအစမထင်တဲ့ သံသရာဆိုတာကြီးထဲ ကျုပ်တို့တစ်တွေ ဘယ်ဘ၀က ဘာကံတွေ ပြုလုပ်ခဲ့ကြမှန်း ဘယ်သိနိုင်မလဲ? ကောင်းတာတွေရော မကောင်းတာတွေရော စုံလို့နေမှာပဲ။ အဲဒီကံတွေဟာ သံသရာမှာ လည်နေသေးသမျှတော့ တစ်ဘ၀မဟုတ် တစ်ဘ၀မှာ သွားအကျိုးပေးမှာ ဧကန်ပဲဗျာ့။ ဥပမာဗျာ---အကိုနဲ့ ကျနော်ပဲ ဆိုပါတော့။ ဒီဘ၀မှာ အတူလာဖြစ်ဖို့ အရင်ဘ၀က မချိန်းခဲ့တာတော့ သေချာတယ်။
ဦးရှင်။ ။ဘယ်ပြောလို့ ရမလဲကွာ့၊ ချိန်းရင် ချိန်းခဲ့မှာပေါ့။
ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း အရေးထဲ နောက်နေပြန်ပြီ။ အရှိန်မဖျက်စမ်းပါနဲ့။ အသာနားထောင်ပါဗျာ့။ အဲလိုမချိန်းခဲ့ပေမဲ့ ဒီဘ၀ရောက်စေလောက်တဲ့ အစွမ်းသတ္တိရှိတဲ့ ကံမျိုးကို အကိုကြီးရော ကျနော်ရော ပြုခဲ့ကြတယ်လို့ ခန့်မှန်းနိုင်တယ်။ အဲဒီလိုပြုတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အတူပြုတာလည်းဖြစ်နိုင်တယ်၊ တစ်ကွဲတစ်ပြားစီလည်းဖြစ်နိုင်တယ်။ တစ်ကွဲတစ်ပြားဆီဆိုတဲ့နေရာမှာ တစ်ဘ၀တည်းမှာတင် တစ်နေရာဆီ၊ တစ်မျိုးနွယ်ဆီဖြစ်ပြီး ပြုခဲ့တာလည်း ဖြစ်နိုင်သလို၊ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားတဲ့ဘ၀တွေမှာ ဖြစ်ပြီး ပြုခဲ့ကြတာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ပြုတဲ့အကြောင်းက တူနေတဲ့အတွက် အကျိုးပေးလာပြန်တော့လည်း ဘ၀တစ်ခုတည်းမှာ အတူတူဖြစ်ဖို့ ဖြစ်လာတယ်။ နို့ပေမဲ့ အတူတူသေမယ်/ မသေဘူးတော့ မပြောနိုင်သေးဘူး။ အကြောင်းဆိုတာကို ကံလို့ ပြောကြတာပဲ မဟုတ်လား? မြန်မာတွေက “အကြောင်းကံ” ဆိုပြီး တွဲတောင် သုံးနေကြသေးတာပဲ။
ဦးရှင်။ ။ဟုတ်တယ်။ အကြောင်းဟာ ကံပဲ။ “အကြောင်းကံ မကောင်းတော့လည်း မေရယ်၊ ပေါင်းရန်ခဲခက်ပေမဲ့ကွယ်၊ နောင်ဘ၀မှာကွယ်၊ ပေါင်းရစေသားလို့ ဆုပန်မယ်” ဆိုတဲ့ သီချင်းရှိသေးတယ်လေကွာ။
ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း ဘေးကလူတွေကြားရင် ပြောနေပါဦးမယ်၊ အကိုကြီးကို လူပျိုကြီးမှန်း တစ်ရွာလုံးက သိပါတယ်ဗျာ့။ ဒီရှေ့လည်း ရဖို့အကြောင်းမရှိတော့ပါဘူး။ အကိုကြီးရဲ့ ငယ်ချစ်ကြီး ဒေါ်မြမြသင်းတောင် အခုလောက်ဆို တွင်းထဲမှာ အရိုးဆွေးနေလောက်ပြီပဲ၊ လွမ်းပြမနေစမ်းပါနဲ့။
ဦးရှင်။ ။ငတင်၊ ငတင်၊ ပြောစရာရှိ ဆက်ပြောပါမောင်။ ငါ့ ငယ်ကျိုးငယ်နာတွေတော့ လာမဖေါ်နဲ့။ ငါက မင်းပြောလို့ အကြောင်းဆိုတာ ကံပဲ ဆိုတဲ့ သာဓကကို ထုတ်ပြတာ။ သိပြီလား။ အင်း မြမြ---မြမြ---လွဲရလေတယ် မြရယ်---
ဦးတင်။ ။ဟားဟားဟား---အကိုကြီးက ဒေါ်မြမြပါလာတာနဲ့ ဆွေးသွားပြီလား။ အဲဒါလည်း အကြောင်းကံမပါလို့ မပေါင်းရတာပေါ့ဗျာ့။ ကျနော်ကတော့ အခုထိ အိမ်ကဟာကြီးနဲ့ ကောင်းတုန်းပဲ။ ဆက်ပြောမယ်ဗျာ၊ တော်ကြာ နေ၀င်သွားဦးမယ်။ ပြုခဲ့တဲ့ ကံတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြလေတော့ ကံအကျိုးပေးပုံဟာ လေးမျိုးလေးစားကွဲပြားသွားတယ် အကိုကြီးရ--
ဦးရှင်။ ။ဆိုစမ်းပါဦးဟ၊ ငါတော့ တစ်ခါမှာ မကြားဖူးသေးဘူး။ ဘယ်လိုလေးမျိုးလေးစားကွဲသွားတာလဲဆိုတာ သိရအောင်။
ဦးတင်။ ။ဒီလိုလေ အကိုကြီး၊ ဘ၀များစွာသံသရာမှာ သတ္တ၀ါအမျိုးမျိုးဖြစ်ရပြီး ကံတွေအမျိုးမျိုးကို ပြုခဲ့ကြတဲ့နေရာမှာ---
(၁) လူသာဖြစ်စေပြီး အတူမဖြစ်စေတဲ့ကံ
(၂) အတူသာဖြစ်စေပြီး လူမဖြစ်စေတဲ့ကံ
(၃) လူလည်းဖြစ်စေ အတူလည်းဖြစ်စေတဲ့ကံ
(၄) လူလည်းမဖြစ်စေ အတူလည်းမဖြစ်စေတဲ့ကံ ဆိုပြီးလေးမျိုးရှိတယ်ဗျာ့။
ဦးရှင်။ ။မင်းဟာက စိတ်ဝင်စားစရာပါလား။ လင်းစမ်းပါဦး အဲဒါတွေကို။
ဦးတင်။ ။အကိုကြီးနဲ့ ဒေါ်မြမြသင်းတို့ နှစ်ယောက်က အရင့်အရင်ဘ၀တွေက အတော်အတန်ကောင်းမှုရှိခဲ့ကြလို့ ဒီဘ၀မှာ လူတော့ လာဖြစ်ကြပါရဲ့၊ ဒါပေမဲ့ အတူမဖြစ်ကြရရှာဘူး မဟုတ်လား။ အဲဒါမျိုးကံပေါ့၊ ကျနော့်အထင်ပြောရရင်တော့ အတူဖြစ်ဖို့ဆိုတာ ကောင်းမှုပြုတဲ့အခါ ဆုတောင်းမှုတော့လိုလိမ့်မယ်ထင်တယ်။ ဆိုလိုတာက ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတော့ ရမှာပဲ။ ဒါပေမဲ့ ဦးတည်ချက်တော့ ထားသင့်တယ်။ အချို့ကျတော့ အတူဖြစ်ပေမဲ့ လူမဖြစ်ဘူး။ အကိုကြီးအိမ်မှာ မွေးထားတဲ့ ခွေးမ ဘုတ်ဘုတ်နဲ့ အကိုကြီးလိုပေါ့။ အကိုကြီးကလူဖြစ်ပြီး သူ့ခမျာ ခွေးမဘ၀နဲ့ပဲ အကိုကြီးမျက်နှာကို ငမ်းနေရရှာတယ်။
ဦးရှင်။ ။ဟေ့ကောင်၊ တခြားဥပမာပေးကွာ။ မင်းက မိန်းမရှိတယ်ဆိုပြီး ငါ့ကို နှိမ်နေတာလား။ ငါက မြမြကို ချစ်လွန်းလို့ ဒီအတိုင်းနေခဲ့တာကွာ့။ ငါယူမယ်ဆို ဟောဒီအလင်းတန်းက ကောင်မတွေ တစ်ယောက်မှတောင် လွတ်မှာမဟုတ်ဘူး။
ဦးတင်။ ။ဟားဟားဟာ အကိုကြီးကလည်း ပွက်နေပြန်ပြီ။ ဥပမာပေးတာများ စိတ်တိုနေရသေးဗျာ။ အကိုကြီးနဲ့ အနီးဆုံးဥပမာပေးမှ အကိုကြီးနားထဲ ဒိုင်းကနဲ ၀င်မှာပေါ့ဗျာ့။ ဒီတစ်ခါ ကျုပ်ကိုယ်ကျုပ်ပဲ ပေးတော့မယ်ဗျား။ တတိယအမျိုးအစားကတော့ ကျုပ်နဲ့ အိမ်က လှိုင်မေလိုပေါ့။ လူလည်းဖြစ်ကြ၊ အတူလည်းဖြစ်ကြ၊ ဘယ်လောက်ကောင်းလဲ။ အဲဒါ အရင်ဘ၀တုန်းက ကောင်းမှုပြုပြီး ဆုလေးဘာလေး တောင်းခဲ့လို့ဗျာ့ သိလား။ နောက်တစ်ခါ ကောင်းမှုပြုရင် ဆုတောင်းဖို့လည်း မမေ့နဲ့ဦး။ လူလည်းမဖြစ် အတူလည်းမဖြစ်တွေကတော့ ကျန်တာတွေပေါ့ဗျာ။ ဟိုဘက်အိမ်ကအောင်နက်ကြီးနဲ့ ကိုကြီးအိမ်က ဘုတ်ဘုတ်တို့လိုပေါ့။ ဒါပေမဲ့ တော်သလင်းရာသီရောက်ရင်တော့ ဘုတ်ဘုတ် ဒီဘက်မှာ အမြီးနပ်နေတာတွေ့ရင် အောင်နက်ကြီးခမျာ ခြံပေါက်တိုးရတာ အမော၊ ဟားဟားဟားဟား----------။
ဦးရှင်။ ။မင်းဆိုတဲ့ကောင်က ပြောတာနည်းနည်း၊ ရယ်တာများများ။ ငါ့လည်းမထိနဲ့၊ ဘုတ်ဘုတ်လည်း မထိနဲ့။ ကျန်တာ ကြိုက်သလောက်ပြောကွာ။
ဦးတင်။ ။အကိုကြီးကတော့ လုပ်ပြီ၊ ခွေးမထိတောင် မခံဘူး၊ လူမဆိုရင်တော့ ဘယ်နှယ်နေမယ်မသိဘူး။ ကောင်းပြီ၊ လူဖြစ်လာပြန်ကြတော့ကော? သေရတဲ့ပုံတွေက တစ်ယောက်နဲ့ တစ်ယောက်မတူကြပြန်ဘူး။ အသက်တမ်းကုန်လို့၊ ကံကုန်လို့၊ နှစ်မျိုးလုံးကုန်လို့၊ နောက်ဆုံး အသက်တမ်းနဲ့ကံတွေ မကုန်သေးပေမဲ့ ဘ၀တစ်ခုခုမှာ ပြုခဲ့ဖူးတဲ့ သူတစ်ပါးကို သတ်မှုဖြတ်မှုတွေလိုကံတွေက ရုတ်တစ်ရက်အကျိုးဝင်ပေးလာတဲ့အခါ သေကြရတာတွေလည်း တစ်ပုံကြီးပဲ။ ပြီးခဲ့တဲ့ နာဂစ်၊ ဆူနာမီ၊ တရုတ်၊ ဟီန်တီငလျင်တွေမှာ သေလိုက်ကြတာ နည်းလား။ အဲဒါတွေဟာ အခုနောက်ဆုံးပြောခဲ့တဲ့ ကံမျိုးကြောင့်သေရတယ်လို့ ကျနော်တော့ ယူဆတယ်။
ဦးရှင်။ ။ယူဆတာတော့ ဟုတ်ပါပြီ။ ဒီလောက်လူအများကြီးကို ဘယ်လိုလုပ် စုဖြစ်အောင် လုပ်ပေးလိုက်တာတုန်း။
ဦးတင်။ ။အကိုကြီးခြံထဲမှာ ဘာသရက်မျိုးတွေ ရှိသလဲ?
ဦးရှင်။ ။အစုံပေါ့ဟ၊ မချစ်စု၊ ရင်ကွဲ၊ အောင်ဒင်၊ သုံးလုံးတစ်တောင် အများကြီးပါပဲ။
ဦးတင်။ ။တကယ်လို့ အကိုကြီးရာ၊ သရက်ခြံထဲ သရက်ပင်အကြီးအငယ်တွေ ပန်းပွင့်တွေ တစ်လှိုင်လှိုင်ပွင့်နေတဲ့အချိန်မှာ မိုးလေ၀သဌာနကနေပြီးတော့ တစ်ပတ်အတွင်း မိုးရွာနိုင်တယ်လို့ကျေညာရင် အကိုကြီးဘာလုပ်လဲ?
ဦးရှင်။ ။သရက်ပန်းတွေ မိုးခါးထိပြီး ပိုးမကျအောင် ဆေးဖျန်းတာပေါ့၊ ဒါပေမဲ့ သရက်ခြံကကျယ်၊ အပင်တွေက များတော့ မချစ်စုတို့လို အမျိုးကောင်းတဲ့ အပင်တွေကို အရင်ကုန်အောင် ဖျန်းပြီးမှပဲ ကျန်တဲ့အပင်တွေကို ဖျန်းရတာ။ အကုန်တော့ မဖျန်းနိုင်ပါဘူး။ ဦးစားပေးစနစ်ပေါ့။
ဦးတင်။ ။အဲလိုဆေးဖျန်းတော့ရော လုံးဝပိုးမကျတော့ဘူးတဲ့လား? ဒါမဟုတ် ဆေးအဖျန်းမခံရတဲ့အပင်တွေအပေါ်က သရက်ပန်းမှန်သမျှကရော အကုန်ပျက်စီးရတာပဲလာ?
ဦးရှင်။ ။အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အနည်းနဲ့များ ဆိုသလိုပေါ့။ ဆေးဖျန်းပေမဲ့ အချို့အသီးတွေမှာ ပိုးလိုက်နေတာတွေ အများကြီးတွေ့ရတယ်။ နောက်ပြီး ဆေးမဖျန်းပေမဲ့ မိုးခါးမထိတဲ့ အဖူးတွေဆိုလည်း အသီးတင်တာပဲလေ။
ဦးတင်။ ။ဒီအတိုင်းပဲ အကိုကြီးရ၊ ရုတ်တရက်သေဖို့ကံပါတဲ့လူတွေမှာလည်း တစ်ယောက်ချင်းသေဖို့နဲ့ အုပ်စုလိုက်သေဖို့်ဆိုပြီး သေပုံချင်းရာကွဲသေးတယ်။ အဲဒီလို ကွဲပြားမှုဟာလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး။ တူရာတူရာစုပြီးဖြစ်ပေါ်လာကြတာပဲ။ ဥပမာ--ပန်းခူး၊ သစ်သီးခူးတဲ့လူတွေဆိုပါတော့၊ ခြံထဲရှိတဲ့ပန်းတွေ သစ်သီးတွေကို ခြင်းကြီးတစ်လုံးထဲ အကုန်ရောထည့်ပြီး အိမ်ပြန်ရောက်တော့မှ တူရာတူရာ ရွေးပြီးခွဲထုတ်သလို ပြုခဲ့တဲ့ ကံတွေဟာလည်း အဲဒီကံပြုထားတဲ့လူတွေကို ဖြစ်ရာဘ၀မှာ တူရာတူရာစုပေးလိုက်ပြီး ကောင်းတဲ့ကံရှိတဲ့လူတွေကို ကောင်းတဲ့နေရာကို ပို့ပေးလိုက်တယ်၊ မကောင်းတဲ့ကံရှိတဲ့လူတွေကို မကောင်းတဲ့နေရာပို့ပေးလိုက်တာပေါ့ အကိုကြီးရ။
ဦးရှင်။ ။နေဦးကွာ့၊ ဟို ဘုရားလက်ထက်က အဲလို အစုလိုက်အပြုံလိုက် သေတာတွေ ရှိခဲ့ဖူးလား?
ဦးတင်။ ။သိပ်ရှိခဲ့တာပေါ့ဗျာ၊ ၀ိဍဍူဘဘုရင်အကြောင်း ကြားဖူးတယ်မဟုတ်လား? ကျွန်မနဲ့ရတဲ့သားလို့ အပြောခံရတာရှက်ပြီး ကပိလ၀တ်နန်းတော်ထဲကလူတွေ အကုန်သတ်ပစ်လိုက်တာ၊ နောက် အဲဒီကပြန်တော့ သူတို့စစ်တပ်စတည်းချတဲ့ နေရာကို ညဘက် စစ်သားတွေအိပ်မောကျနေတဲ့အချိန် ရုတ်တရက် မြစ်ရေကြီးလာပြီး အကုန်မျောပစ်လိုက်တာ။ အားလုံးသေကုန်တာပဲတဲ့။ အဲဒါမျိုးတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ အုပ်စုတစ်ခုက ရှေးကံကြောင့် သေရပြီး နောက်အုပ်စုတစ်ခုက အခုဘ၀မှာတင် ကြူးလွန်တဲ့ကံကြောင့် သေရတယ်လို့ မှတ်သားဖူးတယ်။ အဲဒီတော့ အတိတ်ကံချည်းသက်သက်ကြောင့်မဟုတ်ပဲနဲ့ ဒီဘ၀မှာ လုပ်တဲ့မကောင်းမှုကလည်း အင်အားသိပ်ကောင်းရင် ချက်ချင်း မကောင်းကျိုးပေးနိုင်တာပဲလေ။
ဦးရှင်။ ။ကျေးဇူးပဲ မောင်တင်ရာ၊ နေလုံးရေထဲ တစ်ဝက်မြုတ်နေပြီဟေ့၊ ပြန်ရအောင်ကွာ။ ဒါပေမဲ့ ငါ့ခေါင်းထဲ ကောင်းကောင်းတော့ မရှင်းသေးဘူး။ နောက်နေ့တွေ ထပ်ဆွေးနွေးကြသေးတာပေါ့။ အခုတစ်လော သတင်းတွေမှာ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ရှိသေးတယ်။ Mercy killing ဆိုတာ။ အဲဒါလဲ ဆွေးနွေးရဦးမယ်၊ ငါတို့ ကမ္မ၀ါဒရှုထောင့်က ဘယ်လိုမြင်လဲ? ဆိုတာပေါ့။
ဦးတင်။ ။အဲဒီပြဿနာကတော့ တော်ကြီးမားတဲ့ ပြဿနာမျိုးပဲ အကိုကြီးရေ့။ ဘာသာရေးစာပေတွေကို စိန်ခေါ်တဲ့ ပြဿနာကြီးပေါ့ဗျာ။ ကဲ နောက်တော့ ဆွေးနွေးတာပေါ့လေ။
2 comments:
နောက်ဆုံး သုံးလေးပိုဒ်ကို နောက်တစ်ခေါက်ပြန်ဖတ်ရဦးမယ် ... အာရုံများနေတာနဲ့ လိုက်မတွေးဖြစ်ဘူး ...
ကိုမင်းထက်ရေ ... ကံနှင့်လူသား ဦးတင် ဦးရှင် ဆွေးနွေးခန်းလေး သဘောကျပါတယ်။ နောက်မှ စာမူ အလှူခံရဦးမယ်။ ဘာသာရေး ဆောင်းပါးလေးတွေ လိုချင်လို့ပါ။ လှူနိုင်မယ် ဆိုရင်ပေါ့။
Post a Comment