“ရှေ့လူတွေက မစားပဲနဲ့ စွန့်သွားကြလို့၊ နောက်လူတွေက မစွန့်ပဲ စားနေကြရတာပေါ့ဗျာ့” ဆိုတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ ဟောပြောခွေတစ်ခုထဲက စာသားလေး နားထဲမှာ ကြားယောင်နေမိတယ်။ စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ ဒါပေမဲ့ ပြည်သူတွေအများစုကတော့ ငတ်လျှက် ပြတ်လျှက်ပါပဲဗျာ။ ဘယ်သူတွေ စားနေကြလဲ ဆိုတာတော့ အားလုံးအသိပါ။ ရှေးက မစားပဲ စွန့်သွားကြတဲ့ အာဇာနီခေါင်းဆောင်ကြီးတွေကို စားနေရတဲ့ နောက်လူတွေက သတိမရတဲ့အပြင် သတိရတဲ့လူတွေကိုတောင် ဒုက္ခပေးနေတဲ့ အခုလို ခေတ်ဆိုးကြီးထဲမှာ သတိရယုံတင်မက ရဲရဲဝံ့ဝံ့ ဂုဏ်ပြု၊ အသိအမှတ်ပြုတတ်တဲ့ လူတွေလည်း အများအပြားရှိနေပါသေးတယ်။ အဲဒီအထဲ တစ်ဦးသော ပုဂ္ဂိုလ်ကတော့ စံပြလို့ ဆိုလောက်ပါတယ်။ သူက အခြားမဟုတ်ပါဘူး။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးပါ။
ကျနော် ဆရာတော်ဘုရားကြီးကို ချီးကျူးပြီးရေးမှာ မဟုတ်ပါဘူး။ ကျနော့်လို အညတြတစ်ယောက်မှာလည်း ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်တွေကို ချီးကျူးရလောက်အောင် အရည်အချင်းမရှိသေးပါဘူး။ ကျနော့်စာကြောင့် “လူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏” အဖြစ်မျိုးရောက်မှာလည်း စိုးလှပါတယ်။ ဒါပေမဲ့ ဒီစာကို ရေးခြင်းဟာ ရေးချင်လို့ကိုရေးတာပါ။ ရေးချင်တာကတော့ ရေးသင့်တယ်ထင်လို့ဆိုပါတော့။ ဘာ့ကြောင့်ထင်သလဲ ဆိုပြန်တော့ ကျနော်တို့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆက်စပ်မှုရှိနေလို့။ ဒါကြောင့် သိသလောက် ရေးဖြစ်တာပါ။ လေထွားထွားနဲ့ ပြောရရင်တော့ သမိုင်းကြီးတဲ့လူတစ်ယောက်ကို သမိုင်းကြီးမည့် လူတစ်ယောက်က ဂုဏ်ပြုတဲ့ပွဲကို သမိုင်းရေးတဲ့လူတစ်ယောက်က သမိုင်းကျန်အောင် မှတ်တမ်းတင်တဲ့ သဘောပဲဆိုပါတော့ဗျာ။
မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ အာဇာနီခေါင်းဆောင်ကြီးတွေဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ ထာဝရရှင်သန်နေကြပြီးဖြစ်ပါတယ်။ သမိုင်းဆိုတာ ဖျက်လေ ထင်ရှားလေပါပဲ။ သမိုင်းကို ဖျက်ဖို့ကျိုးစားတဲ့ လူတွေရဲ့ သမိုင်းတွေသာ မျက်နှာငယ်စွာနဲ့ နောက်တမ်းကျန်ရစ်ကြမှာပါ။ အများအကျိုး စွန့်စွန့်စားစား သည်ပိုးဆောင်ရွက်သွားကြတဲ့ လူတွေရဲ့ သမိုင်းကတော့ လူ့သမိုင်းရှင်သန်နေသမျှ ရှင်သန်နေဦးမှာပါပဲ။ “နာမဂေါတံ္တ န ဇီရတိ” တဲ့။ အမည်အမျိုးအနွယ်ဆိုတာ သေသွားရိုးမှ မရှိလေပဲ။ အထူးသဖြင့် ဗိုလ်ချုပ်တို့လို နာမည်မလိုချင်ပဲ အလုပ်လုပ်တဲ့ လူတွေရဲ့ အမည်တွေဆိုတာ ပိုပြီးတော့တောင်မှ သေရိုးမရှိသေး။ ဘာဖြစ်လို့လဲ? လူတွေစိတ်ထဲမှာ သူ့နာမည်က သူ့ကိုလေးစားမှုနဲ့ အတူတွဲပြီး ရှိနေနှင့်ပြီဖြစ်လို့ပါပဲ။
ပြီးခဲ့တဲ့ ဇန္န၀ါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနီခေါင်းဆောင်ကြီးများကို ရည်စူးပြီး သီတဂူဆရာတော်ကြီးနဲ့ သက်ဆိုင်ရာ ဒကာဒကာမများက ကောင်းမှုတစ်ခုပြုခဲ့ကြပါတယ်။ အဲဒီကောင်းမှုကတော့ ဗိုလ်ချုပ်မွေးရပ်မြေဖြစ်တဲ့ နတ်မောက်မြို့မှာ “သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတော်” အမည်နဲ့ မျက်စိအထူးကု ဆေးရုံကြီးတစ်ရုံဆောက်လုပ်လှူဒါန်းကြပါတယ်။ ဆေးရုံတော်ကို ဒီပင်္ကရာအမည်ရှိ ဘုန်းကြီးကျောင်းထဲမှာ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒီ ဘုန်းကြီးဟာလည်း ဗိုလ်ချုပ်နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတဲ့ ကျောင်းတစ်ကျောင်းပါ။ ဗိုလ်ချုပ်ကလေးဘ၀တုန်းက လေးတန်းအထိ တက်ခဲ့တဲ့ အစိုးရစာသင်ကျောင်းတစ်ကျောင်းဖြစ်ခဲ့ဖူးပြီး ဗိုလ်ချုပ်ကို မွေးတဲ့ အိမ်နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။
သီတဂူဆရာတော်ဘုရားဟာ ထေရ၀ါဒဗုဒ္ဓသာသနာမှာ အတော်အတန်လင့်လပ်လျှက်ရှိတဲ့ အများအကျိုးပြုလုပ်ငန်းကြီးတွေကို လုပ်တဲ့ နေရာမှာတော့ အများသူငါ စံထားအထိုက်ဆုံးပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ကြောင်း သံသယရှိစရာမလိုပါဘူး။ ဆရာတော်ကြီးဟာ သူနေထိုင်သီတင်းသုံးတော်မူရာဖြစ်တဲ့ စစ်ကိုင်းတောင်မှာ ရေအလှူတော်၊ ဆေးအလှူတော်နဲ့ ပညာအလှူတော်ကြီးတွေကို ပေးခဲ့တာ ဆယ်စုနှစ်တွေ ချီခဲ့ပါပြီး။ အဲဒီကာလတွေအတွင်း အခြားအခြားသော မြို့များမှာလဲ မျက်စိအထူးကုဆေးရုံကြီးတွေကို တစ်ခုပြီးတစ်ခု ဆောက်လုပ်လှူဒါန်းတော်မူခဲ့ပါတယ်။
မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမြို့စားအမှတ်တရအဖြစ် သီပေါမြို့မှာလည်း ဆေးရုံကြီးတစ်ရုံဆောက်လုပ်လှူဒါန်းတော်ခဲ့ပါတယ်။ ဒီဆေးရုံကိုတော့ သီပေါမင်းကို လေးစားလို့မဟုတ်သော်လည်း မြန်မာ့မင်းဆက်သမိုင်းကို အသိအမှတ်ပြုတော်မူလို့ လှူဒါန်းခဲ့တာလို့ ယူဆရပါတယ်။ နောက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကြီးကို ၁၉၆၁-ကနေ ၁၉၇၁-အထိ ဆယ်စုနှစ်တစ်ခုကြာအောင် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်းရတနာ ဦးသန့် မွေးဖွါးရာ ပန်းတနော်မြို့မှာလည်း မျက်စိအထူးကု ဆေးရုံတော်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုတွေကို သုံးသပ်လိုက်မယ်ဆိုရင် ဆရာတော်ဘုရားကြီးဟာ အများကောင်းကျိုးကို ဘယ်လောက်ထိ လိုလားတော်မူသလဲဆိုတာ သိနိုင်တဲ့အပြင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လောက်ချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတာလဲ ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် သမိုင်းကို ဖျောက်ချင်သူတွေကို အံတုပြီး လုပ်ရတဲ့အတွက် ရဲဝံ့စွန့်စားသော လုပ်ရပ်တစ်ခုလို့တောင် ယူဆနိုင်ပါတယ်။
အဲဒီဆေးရုံတွေအပြင် ကလေးမြို့စတဲ့ မြို့များစွာမှာလည်း ဆေးရုံတွေဆောက်လုပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရှိ ကြည်ညိုရပြန်ပါတယ်။ အထူးအဖြင့် နာဂစ်ကာလမှာ ဆရာတော်ဘုရားကြီးဟာ ဧရာဝတီနဲ့တစ်သားတည်းကျအောင် နေပြတော်မူခဲ့ပါတယ်။ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးပြိုကျသွာခဲ့ရရှာတဲ့ စာသင်ကျောင်းပေါင်းများစွာ၊ ဆေးရုံပေါင်းများစွာ၊ ဘုန်းကြီးကျောင်းပေါင်းများစွာနဲ့ ဘုရားစေတီအဆူဆူတို့ကို အသစ်ပြန်လည်မွန်းမံတည်ထားပေးရုံမက ဒုက္ခသည်ပေါင်း ရာထောင်ချီတို့ကိုလည်း တတ်စွမ်းသမျှ ကယ်ဆယ်မတည်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ ကောင်းမှုမှတ်တမ်းတွေဟာ တကယ်တော့ သူ့ရဲ့ သမိုင်းမှတ်တမ်းကြီးတွေပါပဲ။ ဟစ်တလာတို့လို လောကကို အဆိုးပြုဖို့ မွေးလာသူတွေ ရှိသလို ထောမတ်အယ်ဒီဆင်တို့လို လောကကို အကျိုးပြုဖို့အတွက် မွေးဖွါးလာတဲ့သူတွေလည်း အများအပြားပါပဲ။ ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ဘာသာအတွက်တော့ သီတဂူဆရာတော်ဘုရားကြီးဟာ လောကကို အကျိုးပြုဖို့မွေးဖွါးလာသူဖြစ်ကြောင်း အလွန်ထင်ရှားပါတယ်။ သူဟောတဲ့ တရားတွေကို နာဖူးသူတိုင်း ကြားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “လောကတ္ထစရိယ” တဲ့။ လောကအကျိုးကို ဆောင်ရွက်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။ အဲဒီစကားလုံးဟာ ဘုရားအလောင်းတော်ကြီးတွေရဲ့ ကျင့်စဉ်သုံးမျိုးထဲ တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်။
ဘုရားအလောင်းတော်တွေဟာ အများကောင်းကျိုးကို ပထမဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ဒါကို “လောကတ္ထစရိယ” လို့ ပြောပါတယ်။ အဲဒီနောက် အမျိုးကောင်းကျိုးကို ဒုတိယစဉ်းစားပါတယ်။ ဒါကိုတော့ “ဉာတတ္တစရိယ” လို ဆိုပါတယ်။ နောက်ဆုံးမှ မိမိအတွက် စဉ်းစားပါတယ်။ အဲဒါကိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ခေါ်ပါတယ်။ သီတဂူဆရာတော်ဘုရားရဲ့ လုပ်ရပ်တွေကို သုံးသပ်လိုက်မယ်ဆိုရင် ဒီကျင့်စဉ်တွေနဲ့ ကိုက်ညီနေတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားက သူ့ကိုယ်သူဘုရားလောင်းဖြစ်ကြောင်း ဘယ်သောအခါမှ အမိန့်မရှိခဲ့ဖူးဘူးလို့ အနည်းကပ်ကိုးကွယ်ဖွင့် ရသူတွေဆီက ကြားဖူးပါတယ်။
မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန္န၀ါရီလ (၄)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနီခေါင်းဆောင်ကြီးများအား ရည်စူးဂုဏ်ပြုလျှက် လှူဒါန်းခဲ့သော မျက်စိဆေးရုံတော်အလှူအပါအ၀င် လောကသားတို့၏ အကျိုးစီးပွါးကို လောကတ္ထစရိယစိတ်ထားဖြင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ဆောင်ရွက်လတံ့ဖြစ်သော ဆရာတော်ဘုရားကြီး၏ ကောင်းမှုအ၀၀ကို ဤနေရာမှ သာဓုခေါ်ပါသည်။ ဆရာတော်ဘုရားကြီးနှင့်တကွ အားလုံးသော မျိုးချစ်ကောင်းမှုရှင်များအား ထပ်မံ၍ လေးစားစွာ မှတ်တမ်းပြုအပ်ပါကြောင်း။
မှတ်ချက်။ နတ်မောက်ဆေးရုံဖွင့်ပွဲသို့ ဆရာတော်ဘုရားနှင့်အတူလိုက်ပါပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပေးပို့ခဲ့တဲ့ အမအား အထူးကျေးဇူးတင်ရှိပါသည်။
Rabindranath Tagore – Gītañjalī 35 (ပါဠိ)
-
Gītañjalī 35Rabindranath Tagoreပါဠိဘာသာပြန် – နတ္ထိ Ref: Tagore,
Rabindranath. (2012). Gitanjali, Song Offerings, A Collection of Prose
Translations. New D...
1 month ago
No comments:
Post a Comment